ဇနီး : ယောက်ျား ကျွန်မ လုပ်နိုင်ပါတယ်_ ၆
Vol. 24 Ch. 331
ချန်ကျဲ့မှ ရှောင်ဟူကို ပြောသည်။
“မင်း ကျိုးချူနဲ့ အတူသွားပြီး သစ္စာစောင့်သိတဲ့လူ အယောက်၄၀သွားရွေးလိုက်ပါ။ အင်အားအရာမှာ နည်းနည်းလိုအပ်ချက်ရှိနေလည်း ကိစ္စမရှိဘူး။ သစ္စာစောင့်သိဖို့က အဓိကပဲ”
ရှောင်ဟူမှ ခေါင်းညိတ်သည်။
ထိုအချိန်၌ ချန်ကျဲ့သည် အိမ်တော်အတွင်း အသစ်ခန့်အပ်ထားသည့် အစေခံများအားလုံးကို စုဝေးလိုက်သည်။
စုစုပေါင်း ၁၀ယောက်ကျော်ခန့် ဖြစ်သည်။
အစေခံမိန်းကလေး ၄ဦး၊ အစေခံယောကျာ်းလေး ၄ဦး၊ စားဖိုမှူး ၁ဦး၊ ခြံဝင်းအလုပ်သမား ၅ဦးနှင့် မြင်းဇောင်းလုပ်သား ၁ဦးတို့ ဖြစ်ကြသည်။
ချန်ကျဲ့သည် ယခုတွင် မြင်းမွေးမြူရန် တတ်နိုင်သည့်လူတစ်ယောက် ဖြစ်သွားခဲ့လေပြီ။
မြင်းဇောင်းထဲတွင် ကျန်းချွမ်ကျန်ရစ်ခဲ့သည့် မြင်းသုံးကောင်ရှိ၏။ ထိုအထဲမှ တစ်ကောင်မှာ အတော်အသင့် ကောင်းမွန်သည့် စစ်မြင်းတစ်ကောင်ဖြစ်သည်။
ထို့ပြင် ရထားလုံးနှစ်စင်းလည်း ရှိ၏။ သို့ဖြစ်ရာ စူးယွင်ကျင်း၏ သွားလာရေးအတွက် အဆင်ပြေလိမ့်မည်။ သူတို့မိသားစုကို ရထားလုံးဖြင့် အိမ်ပြန်လိုက်ပို့ခဲ့သည့် တစ်ခေါက်က ၎င်းမြင်ကွင်းသည် တစ်ရွာလုံး၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ထိုအချိန်တုန်းက ရထားလုံးတစ်စီး ပိုင်ဆိုင်ရလိမ့်မည်ဟု မတွေးခဲ့ဖူးပေ။
ယခု၌ သူတို့၏အိပ်မက်သည် အမှန်တကယ် ဖြစ်လာခဲ့လေပြီ။ ရထားလုံးတစ်စီးတည်း မဟုတ်ဘဲ နှစ်စီးပိုင်ဆိုင်ခဲ့သည့်အပြင် စစ်မြင်းတစ်ကောင်ကိုလည်း ပိုင်ဆိုင်နေခဲ့လေပြီ။
ဤသည်မှာ သူတို့၏အဆင့်အတန်းသည် အဆက်မပြတ် ကွဲပြားလာနေကြောင်း ဖော်ပြနေပေသည်။
ထို့နောက် ချန်ကျဲ့မှ စူးယွင်ကျင်းကို ပြောသည်။
“ယွင်ကျင်း အခုက စပြီးတော့ မင်းအပြင်ထွက်တဲ့အခါ ရထားလုံးနဲ့ သွားလို့ရပြီ”
စူးယွင်ကျင်းမှ ပြောသည်။
“အဲ့လိုက အရမ်းကြီး ဝါကြွားလွန်းရာမကျလောက်ဘူးလား”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“ရှင်မ အခု မင်းရဲ့အဆင့်အတန်းက အရင်နဲ့ မတူတော့ဘူး။ မင်းက ကျားဖြူခန်းမရဲ့ အမှန်တကယ် ကြီးကြပ်သူ သခင်၅ရဲ့ ဇနီးပဲ။ ပြီးတော့ အမြင့်မှာ ရပ်တည်နေတဲ့သူပဲ.. ရှောင်ဟူ”
“ဟုတ်ကဲ့!”
ရှောင်ဟူရောက်လာသောအခါ ချန်ကျဲ့မှ ပြောသည်။
“အပ်ချုပ်ဆိုင်ဆီ လူတစ်ယောက်လွှတ်လိုက်။ နေ့လယ်ကျရင် အိမ်မှာ အဝတ်လာချုပ်ပေးဖို့ ခေါ်ခဲ့လိုက်ပါ”
“ဟုတ်ကဲ့”
ထို့နောက် ချန်ကျဲ့မှ စူးယွင်ကျင်းကို ပြောသည်။
“ရှင် နေ့လယ်ကျရင် အပ်ချုပ်ဆရာကို ကောင်းကောင်းပူးပေါင်းပေးလိုက်နော်။ အရင်ဆုံး အဝတ်၈စုံ၊ ၁၀စုံလောက် ချုပ်ထားလိုက်ပေါ့”
“ရွေ့ရွေ့လည်း လိုချင်တယ်!”
ထိုအခါ ရွေ့ရွေ့သည် ဘေးမှ အော်ပြောလာ၏။
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ။ ရွေ့ရွေ့အတွက်လည်း အဝတ်ချုပ်ကြမယ်”
ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။
“ယောက်ျား ရှင်က အခုမှ အင်အားအာဏာရလာစလေ၊ ဒီလိုမလုပ်သင့်ဘူး– လူတွေရဲ့ အမြင်စောင်းခံရနိုင်တယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဟား… ရှင်မ ဒီနေရာမှာ ထိုင်ပြီးမှတော့ ကိုယ့်ကို အမြင်စောင်းတဲ့သူ၊ မုန်းတီးတဲ့သူဆိုတာ ရှိနေမှာပဲ။ ဒါပေမဲ့ အဲဒီအကြောင်းအရင်းကြောင့်နဲ့တော့ မင်းအတွက် အဝတ်အစားအသစ်တချို့ မချုပ်ပေးတာမျိုး မဖြစ်နိုင်ဘူး”
“ယောက်ျား…”
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ ငြင်းမနေနဲ့တော့”
“မင်း ဒီအိမ်တော်ကို ထိန်းသိမ်းရမယ့်သူ အရှိန်အဝါမရှိလို့ မဖြစ်ဘူး။ မဟုတ်ရင် အစေခံတွေက မင်းခေါင်းပေါ်တက်နင်းကြလိမ့်မယ်”
စူးယွင်ကျင်းမှ ပြောသည်။
“ကျွန်မ နားလည်ပါပြီ”
ထိုအခါ ချန်ကျဲ့သည် ဘေးရှိ ရှောင်ဟူကို ပြောလိုက်သည်။
“ရှောင်ဟူ အစေခံမိန်းကလေးတွေနဲ့ ခြံဝင်းအလုပ်သမားတွေကို ခေါ်လိုက်ပါ”
“ဟုတ်ကဲ့”
ထိုအချိန်၌ ချန်ကျဲ့သည် အိမ်၏လှေကားထစ်များထက်သို့ တက်သည်။ ကျိုးချူသည် နောက်မှီဖြင့် ထည်ဝါဟန်ရှိသည့် ထိုင်ခုံတစ်လုံးကို ယူလာပြီး ပြောသည်။
“ထိုင်လိုက်၊ ဒီလိုက ပိုပြီး အဟန့်ကောင်းတယ်”
ချန်ကျဲ့ ရယ်မောလိုက်ပြီး ပြောသည်။
“မင်းလည်း တစ်ခုံယူလိုက်”
ကျိုးချူမှ ပြောသည်။
“မနောက်စမ်းပါနဲ့။ ခေါင်းဆောင်ဆိုတာ တစ်ယောက်ပဲ ရှိရမယ်။ ခေါင်းဆောင်ရဲ့အာဏာကို သဘာဝကျကျ ပြသဖို့လိုတယ်။ ငါတို့နှစ်ယောက်စလုံး ထိုင်နေရင် ဘယ်လိုပုံဖြစ်သွားမလဲ”
ထိုသို့ပြောပြီး ကျိုးချူမှ ဆက်ပြောသည်။
“မင်းက ထိုင်နေ။ သခင်မက သူ့ဘေးမှာ မတ်တပ်ရပ်နေလိုက်ပါ”
ထို့နောက် ကျိုးချူသည် ငါးဖမ်းကုန်သည်အဖွဲ့သားနောက်လိုက်များကို ပြောသည်။
“မတ်မတ်ရပ်ထား၊ မင်းတို့ရဲ့ အရှိန်အဝါကို ပြသကြစမ်း!”
ဤအိမ်တော်၏ အစေခံများအားလုံးသည် လူသစ်များဖြစ်ကြသည်။ ပထမဆုံးအကြိမ်တွင် မိမိတို့၏ အခွင့်အာဏာကို တည်ဆောက်ရန် ကျရှုံးသွားခဲ့ပါက ကောက်ကျစ်စဉ်းလဲသော အစေခံများမှ သခင်အနီး ခစားရန်အတွက် အခွင့်ကောင်းယူသွားနိုင်သည်။
ကျိုးချူသည် မိသားစုကြီး၏အိမ်တော်တွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။ သို့ဖြစ်ရာ ဤသို့ကိစ္စရပ်များတွင် ဗဟုသုတ အပြည့်အဝရှိသည်။
ခမ်းနားကြီးကျယ်သည့် အရှိန်အဝါဖြင့် ချန်ကျဲ့ ထိုင်လိုက်သည်။ စူးယွင်ကျင်းသည် သူ၏ဘေးတွင် ရပ်နေသည်။
ကျိုးချူနှင့် အခြားသူများသည် အောက်ဘက်တွင် လူနှစ်တန်းစီ၍ အရှိန်အဟုန်ကြီးစွာေသာ ဟန်အမူအရာတို့ဖြင့် ရပ်နေကြသည်။ ဟန့်လူမျိုးအမျိုးသားနှစ်ဦး မျက်လုံးအကြည့်ဆုံနေခြင်းသည် အတော်လေး ခံ့ညားပေသည်။
ထိုစဉ် ရှောင်ဟူသည် အစေခံများကို အထဲခေါ်လာသည်။
သူတို့လည်း တန်းစီလိုက်ကြသည်။ အစေခံမိန်းကလေးများနှင့် အစေခံများမှာ သူတို့၏စိတ်ထဲ အခြားအတွေးများ မဝင်ရောက်နိုင်မီတွင် ဤမြင်ကွင်းကြောင့် ကြောက်ရွံ့ရိုသေစိတ်များ ဖြစ်ပေါ်လာရသည်။
ကြည့်ရတာ ဒီသခင်က လွယ်လွယ် အပြစ်မပြုသင့်တဲ့သူပဲ။
ချန်ကျဲ့သည် မတ်မတ်ထိုင်နေလျက် မျက်လုံးများတွင် ခမ်းနားထည်ဝါသည့် အရှိန်အဝါများ ပြည့်နှက်နေသည်။ ကွန်ဖြူးရှပ်က ပြောခဲ့ဖူးသည်: အမျိုးသမီးတွေနဲ့ သေးနုပ်တဲ့လူတေွကသာ ဂရုစိုက်ဖို့ ခက်ခဲကြတာ။ ရင်းနှီးလာသည်နှင့် တောင်းဆိုချက်များ ပိုမိုများပြားလာလိမ့်မည်။ ဝေးဝေးထားပြန်ရင်လည်း မကျေမနပ်ဖြစ်ကြလိမ့်မည်။
အမျိုးသမီးများကို ခဏထားပြီး သေးနုပ်သည့်လူများအကြောင်း အရင်ပြောကြမည်– သေးနုပ်သည့်လူများဟူသည် ယုတ်ညံ့သူများကို ဆိုလိုခြင်းမဟုတ်ဘဲ ဤသို့အစေခံများကို ရည်ညွှန်းခြင်းဖြစ်သည်။
သူတို့ကို အချိန်အတော်ကြာ ကောင်းမွန်စွာ ဆက်ဆံခဲ့ပါက သင့်ကို အလေးအနက်ထားတော့မည် မဟုတ်ပေ။
သို့သော် သူတို့နှင့် အကွာအဝေးထိန်းထားပြီး တင်းမာတည်ကြည်လွန်းပါကလည်း သခင်နှင့် ဆက်ဆံရေးကောင်းမွန်ရန် ခက်ခဲလွန်းသည်ဟု ပြောကြလိမ့်မည်။
သို့ဖြစ်ရာ သခင်တစ်ယောက်ဖြစ်ရခြင်းမှာလည်း မလွယ်ကူပေ။
ထို့ပြင် ပထမဆုံးအကြိမ်တွေ့ဆုံမှုသည် ပို၍ အရေးကြီး၏။ သူတို့ကို မထိန်းချုပ်ပါက သူတို့၏သခင်မှာ အားနည်းပြီး လွယ်လွယ် အနိုင်ကျင့်ရသည်ဟု အတွေးရောက်ကာ သခင်ကို လှည့်စားနိုင်သည်။ အချို့အစေခံများသည် သခင်၏ခေါင်းပေါ်တက်၍ သူတို့၏လုပ်ငန်းကို လုပ်ဆောင်ခြင်းများအထိ ဖြစ်လာနိုင်သည်။
သခင်အပေါ် အခွင့်ကောင်းယူ အမြတ်ထုတ်ခြင်းဖြစ်ရပ်များကို မကြားဖူးသည် မဟုတ်ပေ။
ချန်ကျဲ့ လူအုပ်ကို အကဲခတ်ကြည့်လိုက်သည်။ ထိုအခါ ရင်းနှီးနေသည့် မိန်းကလေးငယ်တစ်ဦးကို မြင်တွေ့လိုက်၏။
ထိုအချိန်တွင် ချန်ကျဲ့သည် တန့်နေခဲ့ပြီး စကားမဆိုပေ။
ထို့နောက် ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်၍ ပြောသည်။
“ယွင်ကျင်း ဒါက ကျိုးချူပေးထားတဲ့ စွင်းမိသားစုရဲ့ စည်းမျဉ်းတွေပဲ။ အိမ်တော်မှာ စည်းမျဉ်းတွေ ချမှတ်ဖို့အတွက် မင်း ဒါကို ဖတ်လိုက်”
ထိုအခါ စူးယွင်ကျင်းသည် အနည်းငယ် စိတ်လှုပ်ရှားလျက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူမအတွက် အိမ်တော်တစ်ခုကို ထိန်းသိမ်းရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သော်ငြား စူးယွင်ကျင်းသည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
“ယောက်ျား ကျွန်မ လုပ်နိုင်ပါတယ်”
ထို့နောက် စူးယွင်ကျင်းသည် ရှေ့ထွက်ရပ်လိုက်ပြီး ပြောသည်။
“အားလုံးပဲ ချန်မိသားစုအတွက် အလုပ်လုပ်ဖို့ ရောက်လာပေးကြတဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်မတို့က ကြမ်းတမ်းခက်ထန်တဲ့ သခင်တွေ မဟုတ်ပေမဲ့ အလွယ်တကူ အနိုင်ကျင့်ဆက်ဆံနိုင်တဲ့ သခင်တွေလည်း မဟုတ်ပါဘူး။ ချန်မိသားစုက အလုပ်လုပ်ရာမှာ သစ္စာစောင့်သိမှုကို လက်ကိုင်ထားပြီး အပြုအမူလုပ်ဆောင်မှုတွေမှာ ရိုးသားမှုကို အလေးထားတယ်”
“သေချာပေါက် ဒီစကားတွေကို စကားချည်းပဲသက်သက် ပြောလို့တော့ လက်ခံလိုက်နာကြမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အားလုံးလိုက်နာဖို့အတွက် အိမ်တော်စည်းမျဉ်း၈ခုကို ထုတ်လိုက်တယ်။ ဒီစည်းမျဉ်းတွေကို လိုက်နာသ၍ ပြဿနာမရှိနိုင်ပါဘူး”
“တစ်: ချန်မိသားစုအစေခံအားလုံးသည် အပြင်လူများနှင့် သီးသန့်ဆက်ဆံခြင်း မပြုရ၊ အိမ်တော်အကြောင်း အချက်အလက်တွေကို အပြင်လူတွေထံ မျှဝေခြင်း မပြုရ…”
…
“ရှစ်: ပစ္စည်းဥစ္စာတွေကို မခိုးဖွက်ရ၊ သခင်၏ ပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း မပြုရ… ဒါတွေက ချန်မိသားစုအိမ်တော်ရဲ့ စည်းမျဉ်း၈ခုပဲ။ စည်းမျဉ်းချိုးဖောက်သူတွေဟာ သေးငယ်တဲ့အပြစ်အတွက် အလုပ်သမားစည်းမျဉ်းအရ အပြစ်ပေးခြင်းကို ခံယူရမှာဖြစ်ပြီးတော့ ကြီးလေးတဲ့ပြစ်မှုတွေအတွက် လျော့ပေါ့စဉ်းစားပေးခြင်း မရှိဘဲ သေဒဏ်အထိ စီရင်နိုင်တယ်!”
စူးယွင်ကျင်း၏ အသံသည် တည်ငြိမ်လေးနက်သည်။ အိမ်တော်စည်းမျဉ်းများကို ရှင်းပြရာတွင်လည်း အလွန်ရှင်းလင်းပြတ်သားသည်။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ ချောမွေ့သေသပ်ကာ အိမ်တော်သခင်မတစ်ဦး၏ အရှိန်အဝါများကို ထုတ်ဖော်ပြသနေခဲ့သည်။
သည်းခံတတ်ပြီး အလွယ်တကူ အနိုင်ကျင့်ခံရနိုင်သည့် သူမ၏ပုံစံလေးမှသည် ယခုကဲ့သို့ ပြောင်းလဲသွားသည့် စူးယွင်ကျင်းကို ကြည့်နေခဲ့ရင်း ချန်ကျဲ့မှာ ဝမ်းသာပီတိဖြစ်မှုကြောင့် မထိန်းချုပ်နိုင်စွာ ပြုံးရယ်နေမိခဲ့ပေသည်။
သူကိုယ်တိုင်သည် တိုးတက်နေခဲ့ပြီး သူ၏ဇနီးလေးသည်လည်း ထို့အတူပင်။
ခုနက အချိန်တစ်ခုအတွင်း စူးယွင်ကျင်းသည် ၎င်းစည်းမျဉ်းများကို ချရေးထားခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဤမျှ ကျွမ်းကျင်ရှင်းလင်းစွာ ပြောနိုင်ခဲ့မည် မဟုတ်ပေ။
ကျိုးချူသည် ချန်ကျဲ့ကို တစ်ချက်မော့ကြည့်လျက် လက်မထောင်ပြ၏။
“သူက ငါ့ဇနီးထက် ပိုပြီး သခင်မတစ်ယောက်ရဲ့ အပြုအမူပုံစံမျိုး ရှိတယ်”
ချန်ကျဲ့၏အပြုံးမှာ ပို၍ပင် ရွှင်ပျသွားခဲ့တော့သည်။
…
ဟူး… ဟူး…
ချန်ကျဲ့ အိမ်တော်အသစ်သို့ ပြောင်းရွှေ့နေချိန်၌
ဖုန်းရွှမ်အိမ်တော်၏ လျှို့ဝှက်ခန်းထဲတွင် ဖုန်းရွှမ်သည် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့ကာ အဖြူရောင် အခိုးအငွေ့များကို အဆက်မပြတ် မှုတ်ထုတ်နေသည်။ ၎င်းအငွေ့သည် မြားတစ်စင်းသဏ္ဍာန်ဖြင့် တစ်မီတာအဝေးသို့ ပျံသန်းသွား၏။
ထို့ပြင် သူ၏ အသက်ရှူသွင်းချိန်မှာလည်း ကြာမြင့်သည်။
ထိုအခါ ဘေးတွင် ကာကွယ်စောင့်ကြပ်ပေးနေသည့် စစ်ရှီးမှ ပြောသည်။
“သခင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းသွားပြီလား”
ဖုန်းရွှမ်၏ မျက်နှာထက်တွင် အပြုံးတစ်စ ဖြစ်တည်လာသည်။
“အင်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်ပဲ။ နောက်ဆုံးတော့ အဆင့်တက်လှမ်းနိုင်ခဲ့ပြီ!”