← Chapters

ဘာ? မင်းက ဖိုးဖိုးချန်ရဲ့ အိပ်ရာပေါ်ကို တက်ချင်တယ်ပေါ့လေ?_၂

Vol. 24 Ch. 333

ဘာ? မင်းက ဖိုးဖိုးချန်ရဲ့ အိပ်ရာပေါ်ကို တက်ချင်တယ်ပေါ့လေ?_၂

Vol. 24 Ch. 333

ဒါပေမဲ့ ဘာမှမဖြစ်နိုင်ပါဘူးလေ။

ထိုသို့တွေးလျက် ချန်ကျဲ့ ပြောလိုက်သည်။

“အင်း ရပါတယ်။ မင်းက ဒီအိမ်တော်ကို ထိန်းသိမ်းရမယ့်သူပဲ။ မင်းဆန္ဒရှိသလိုလုပ်ပါ”

စူးယွင်ကျင်းမှ ချက်ချင်း ‌ပြန်ပြောသည်။

“ကျေးဇူးပါပဲ ယောက်ျား။ ရှင်တို့ ဆက်ဆွေးနွေးနှင့်ကြပါ။ ကျွန်မ သူ့ကို အရင် ခေါ်သွားလိုက်ဦးမယ်”

စူးယွင်ကျင်းမှ ပြောသည်။

“ဟုန်မိန် သွားစို့”

ယင်ဟုန်မိန်သည် ဦးညွှန်အရိုအသေပြု၍ စူးယွင်ကျင်းနောက်မှ လိုက်ထွက်သွားခဲ့သည်။ အခြားသော အစေခံမိန်းကလေးများအားလုံးသည် သူမကို မနာလိုအားကျသော အကြည့်များဖြင့် ကြည့်နေခဲ့ကြ၏။

သူက ပထမဆုံးနေ့မှာပဲ သခင်မရဲ့ နှစ်ခြိုက်မှုကို ရပြီး သခင်မရဲ့ အနီးကပ်အစေခံဖြစ်သွားပြီပဲ။

ကံကောင်းလိုက်တဲ့ မိန်းကလေးပဲ။

သို့သော် သူတို့သည် အကြမ်းဖျင်းမျှသာ ကြည့်ပြီးနောက် အိမ်ခန်းမကြီးဆီသို့ ခေါင်းပြန်လှည့်သွားကြသည်။

အစေခံမိန်းကလေးများထဲမှ အလွန်လှပကြောင်း ထင်ရှားသည့် မိန်းကလေးတစ်ဦး၏ မျက်လုံးများထဲတွင် မတူကွဲပြားသည့် အကြည့်တို့ တည်ရှိနေသည်။

အဲဒီမိန်းကလေးက ဘယ်လိုလုပ် ငါ့ကိုကျော်ပြီး သခင်မရဲ့ နှစ်ခြိုက်မှုကို ရသွားရတာလဲ။

မဟုတ်သေးဘူး။ သခင်ကြီးရဲ့ နှစ်ခြိုက်မှုကို ရတာကသာ အထက်ကိုတက်နိုင်မယ့် လှေကားအစစ်ပဲ။

၎င်းအစေခံမိန်းကလေး၏ နာမည်မှာ ချွေ့ကျူဖြစ်သည်။

သူမသည် မူလဇာစ်မြစ်သည် အရာရှိငယ်တစ်ဦး၏အိမ်တော်မှ ဖြစ်သည်။ သူမ၏ မိခင်သည် သခင်ဖြစ်သော အရာရှိငယ်၏ အနီးကပ်အစေခံမှသည် ကြင်ယာတော်ဖြစ်လာခဲ့ကာ သူမကို မွေးဖွားခဲ့သည်။

သူမ၏အဆင့်အတန်းသည် ရုတ်ချည်း မြင့်မားသွားခဲ့၏။

နောက်ပိုင်းတွင် အရာရှိရေးရာ ကိစ္စရပ်အချို့ကြောင့် သူမ၏ဖခင်သည် ကွပ်မျက်ခံခဲ့ရပြီး ပိုင်‌ဆိုင်မှုများကိုလည်း တိုင်းပြည်ဘဏ္ဍာအဖြစ် သိမ်းယူခံခဲ့ရသည်။ အမျိုးသမီးမိသားစုဝင်များသည် ကျွန်အဖြစ် သွတ်သွင်းခံခဲ့ရသည်။

အကြိမ်‌ပေါင်းမြောက်များစွာ ပြောင်းရွှေ့ခံခဲ့ရပြီးနောက်တွင် သူမသည် မျန့်ရွှေစီရင်စုသို့ ရောက်လာခဲ့ကာ ဖန့်ဖူ၏ ဝယ်ယူခြင်း ခံခဲ့ရသည်။

ဖန်းရှစ်ကျုံးမှ ချန်ကျဲ့အတွက် ဝယ်ပေးသည့် အစေခံများအားလုံးသည် အရည်အသွေးမြင့်မားသူများဖြစ်ကြပြီး အမျိုးမျိုးသော အရည်အချင်းများကို ကျွမ်းကျင်ကြသည်။ ထို့ကြောင့် ဤမိန်းကလေးသည်လည်း ချန်ကျဲ့အတွက် ဝယ်ယူခံခဲ့ရခြင်းဖြစ်သည်။

သို့သော် ချွေ့ကျူကဲ့သို့ အစေခံမိန်းကလေးသည် အစေခံမိန်းကလေးအဖြစ် တစ်သက်လုံးနေထိုင်သွားရခြင်းကို အဘယ်သို့များ ကျေနပ်နိုင်ပါမည်နည်း။ သူမသည် အိမ်တော်၏သခင်ကို ပစ်မှတ်ထားနေခဲ့သည်။

သူမအနေဖြင့် သခင်၏အိပ်ရာပေါ်သို့ တက်သွားနိုင်ပြီး သခင်၏နှစ်ခြိုက်မှုကို ရယူနိုင်ခဲ့ပါက အနာဂတ်တွင် သခင်အတွက် သားသမီးတစ်ယောက်တစ်လေ မွေးဖွားပေးနိုင်ကောင်း၏။ သို့ဖြစ်ပါက သူမ၏ အဆင့်အတန်းသည် သခင်၏ ကြင်ယာတော်အဖြစ်သို့ တက်လှမ်းသွားနိုင်လိမ့်မည် မဟုတ်ပါလော။

ကြင်ယာတော်ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် သူမ၏ နည်းဗျူဟာများသည် ရိုးကုပ်သည့်နောက်ခံမှ ဆင်းသက်လာသော သခင်မကို အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည်။ သခင်မအား သူမ စိတ်တိုင်းကျ လှည့်စားလုပ်ဆောင်နိုင်လိမ့်ပေမည်။

ရိုးကုပ်တဲ့ သာမန်အိမ်တစ်အိမ်က မိန်းမတစ်ယောက်က အိမ်တော်ကြီးတွေရဲ့ ရက်စက်ဆိုးသွမ်းတဲ့ ပြိုင်ဆိုင်မှုတွေကို တစ်ခါမှ ကြုံတွေ့ခဲ့ဖူးမှာ မဟုတ်ဘူး။

ငါကတော့ အမေ့ဆီကနေ အိမ်တော်ကြီးတွေရဲ့ ညစ်ညမ်းတဲ့လှည့်ကွက်တွေကို သင်ယူခဲ့ဖူးတယ်။ အချိန်ကျလာရင် ဟားဟား…

ဒါတွေအားလုံး‌က ငါ့အပိုင်ဖြစ်လာမှာ၊ ငါ့အပိုင်ဖြစ်လာတော့မှာ!

လှပသည့်အစေခံမိန်းကလေး၏ မျက်လုံးများတွင် ရည်မှန်းချက်ဟူသော မီးလျံတစ်ခု ‌အရှိန်ပြင်းစွာ တောက်လောင်နေခဲ့သည်။

ချန်ကျဲ့သည် သူမ၏ သားကောင်ဖြစ်သည်။

တတိယသခင်မလေးဟွား ပြောခဲ့သည့်အတိုင်းပင်.. အမျိုးသားတစ်ယောက် ချမ်းသာကြွယ်ဝပြီး အင်အားအာဏာရှိလာသည့်အခါတွင် မီးကိုတိုးသည့် ပိုးဖလံများကဲ့သို့ မြောက်များစွာသော အမျိုးသမီးများသည် ထိုအမျိုးသားကို စွဲလမ်းငေးမျှော်ကြလျက် လုယူရန် ကြိုးပမ်းကြလေသည်။

ဤသည်မှာ ဤကမ္ဘာ၏ သဘာဝအစစ်အမှန်ဖြစ်၏။ အမျိုးသမီးများသည် အင်အားအာဏာကို တပ်မက်ကြသည်။ လုံလောက်သည့် အင်အားအာဏာရှိသည့် အမျိုးသားတစ်ဦးအတွက် အမျိုးသမီးတစ်ဦး‌ကို ပိုးပန်းရခြင်းသည် ထမင်းတစ်နပ်စားသည့်အလား လွယ်ကူရိုးရှင်းပေသည်။

အားနည်းနုံချာသည့် အမျိုးသားများကိုမူ အမျိုးသမီးများသည် ဒုတိယအကြိမ် အကြည့်တစ်ချက်ပင် စွန့်ကြဲလာလိမ့်မည် မဟုတ်ပေ။

အမျိုးသားတစ်ဦး၏ အင်အားကြီးမှု၊ အားနည်းမှုကို အဘယ်အရာက ဖော်ပြသနည်း။

အာဏာ၊ ငွေကြေးဥစ္စာနှင့် ဤကမ္ဘာ၏ အဓိကဖြစ်သော သိုင်းပညာကျင့်ကြံမှုအဆင့်တို့ ဖြစ်ကြသည်။

ချန်ကျဲ့၏ မဆုတ်မနစ်သော အားစိုက်ထုတ်မှုများသည် ချန်ကျဲ့ကို ရွံရှာမုန်းတီးဖွယ် လောင်းကစားသမားတစ်ဦးမှသည် မျန့်ရွှေစီရင်စု၏ အထင်ကရပုဂ္ဂိုလ်တစ်ဦးအထိ ဖြစ်လာစေခဲ့သည်။

ဤသို့ဖြစ်စဉ်တစ်လျှောက်၌ ပိုမိုများပြားသော အမျိုးသမီးများသည် ချန်ကျဲ့အား အလိုအလျောက်ပင် စိတ်ဝင်စားနှစ်ခြိုက်လာခဲ့ကြသည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ထိုအမျိုးသမီးများ နှစ်ခြိုက်သည့်အရာသည် ချန်ကျဲ့မဟုတ်ဘဲ ချန်ကျဲ့၏ အာဏာနှင့် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းများ ဖြစ်လိမ့်မည်။

ကိစ္စမရှိဘူး။ ဒီလူမှုအဖွဲ့အစည်းရဲ့ အဆင့်အတန်းတက်လှမ်းနိုင်မယ့် လှေကားပေါ်ကို ကိုယ့်ရဲ့ခန္ဓာကိုယ်ကို အသုံးချပြီး ခြေလှမ်းတက်ချင်တဲ့ အမျိုးသမီးတွေက ပိုပိုပြီး များလာနေမှာပဲ။ ဒါပေမဲ့ ငါချွေ့ကျူက ပထမဆုံးပဲဖြစ်လိမ့်မယ်။ သေချာပေါက် နောက်ဆုံးမဖြစ်နိုင်ဘူး။

ဤအရာအားလုံးကို ချန်ကျဲ့သည် သတိမထားမိပါချေ။ သေချာပေါက်ပင် ချန်ကျဲ့ သိရန်လည်း မလိုအပ်ပါချေ။

ချန်ကျဲ့ လုပ်ရမည့်အရာမှာ လိုအပ်သည့်အချိန်၌ မိမိ၏လိုအင်ဆန္ဒကို ဖော်ပြခြင်း သို့မဟုတ် စိတ်မဝင်စားကြောင်း ဖော်ပြရန်တို့သာ ဖြစ်၏။

ချန်ကျဲ့၏အဆင့်အတန်းမှာ အမျိုးသမီး ရှားပါးနိုင်ပါမည်လော။

လက်ရှိအချိန်၌ ချန်ကျဲ့သည် မိမိ၏ အလုပ်အကိုင် ဖြောင့်ဖြူးရန်အတွက်သာ အာရုံစိုက်ထား၏။ အမျိုးသမီးများသည်တော့… အမျိုးသမီးများနှင့် ရင်ဆိုင်ဆက်ဆံရခြင်းသည် သခင်မဟွမ်နှင့် ဆက်ဆံရခြင်းကဲ့သို့ သူ၏အလုပ်အကိုင် တိုးတက်မှုအတွက် အထောက်အကူမဖြစ်သ၍ အချိန်ပေးလိမ့်မည် မဟုတ်ပေ။

အိမ်ထဲ၌ ချန်ကျဲ့နှင့် ကျိုးချူ၊ ရှောင်ဟူတို့သည် နောင်ဆက်လုပ်မည့် အရာများကို ‌စတင်ဆွေးနွေးနေကြသည်။

သူတို့သည် အခြေခံအကြမ်းဖျင်းအစီအစဉ်များကို ဆွေးနွေးပြီးဖြစ်သော်ငြား လာမည့်အလုပ်တာဝန်များသည် အသေးစိတ်ဆွေးနွေးလုပ်ဆောင်ရန် လိုအပ်သည်။

ယခု ချန်ကျဲ့၏ ဦးစားပေးအလုပ်မှာ သူ၏ ဩဇာလွှမ်းမိုးမှုကို ကျယ်ပြန့်စေရန်ဖြစ်ပြီး အရေးအကြီးဆုံးအချက်မှာ သူ့တွင် သစ္စာခံနောက်လိုက်များ နည်းပါးနေခြင်းဖြစ်သည်။

ချန်ကျဲ့သည် ဟိုဟိုသည်သည် စဉ်းစားသုံးသပ်ပြီးနောက် ရှောင်ဟူကို ညွှန်ကြားသည်။

“နောက်ရက်နည်းနည်းကြာရင် မင်းတို့သွားပြီး ကျန်းချွမ်နဲ့ အစ်ကို၄ရဲ့ အရင်က နောက်လိုက်အင်အားတွေကို စုခဲ့လိုက်။ သူတို့ပေါင်းလိုက်ရင် လူသုံးရာလောက် ရှိလိမ့်မယ်။ ဒါပေမဲ့ တချို့က အစ်ကိုကြီး‌ဆီ ရောက်သွားပြီးလောက်ပြီ။ အဲဒီတော့ လူနှစ်‌ရာလောက် စုဆောင်းနိုင်ရင်ပဲ ငါတို့အတွက် လုံလောက်ပြီ”

“အဲဒီလူနှစ်ရာကို စုဆောင်းပြီးရင် အဲဒီထဲက သစ္စာစောင့်သိမယ့်လူတချို့ ကြိုးစားရှာပြီး ရာထူးတိုးပေးမယ်”

“ပြီးရင် ယုံချန်လမ်းမ၊ အသီးအရွက်ဈေးလမ်းမကြီးနဲ့ နန်ရေကန်ဆားနယ်မြေတွေကို သေချာထိန်းချုပ်ပြီး အင်အားတည်ဆောက်မယ်။ အစ်ကိုကြီးက ငါတို့ကို တစ်နေ့နေ့မှာ တိုက်ခိုက်လာလိမ့်မယ်လို့ ငါခံစားနေရတယ်”

ထိုအခါ ကျိုးချူမှ ပြောသည်။

“ကျိုစစ်၊ ကျန်းချွမ်ဖြစ်သွားခဲ့တဲ့ပုံစံအရ အစ်ကိုကြီးက အဆိပ်ပြင်းတဲ့‌ မြွေတစ်ကောင်ပဲ။ ငါတို့ အစ်ကိုကြီးကို သတိကြီးကြီးထား ကာကွယ်ရမယ်”

ချန်ကျဲ့မှ ခေါင်းညိတ်သည်။

“အစ်ကိုကြီးက တကယ်ပဲ ငါတို့အတွက် ဒုက္ခများတယ်။ ဒါပေမဲ့ အရင်ဆုံး အခြေအနေကို စောင့်ကြည့်ပြီး တည်တည်ငြိမ်ငြိမ် ကစားကြတာပေါ့”

ကျိုးချူမှ ပြောသည်။

“ငါတို့ဘက်က အရင်တိုက်ခိုက်လို့ မရဘူးလား”

ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“အခုနေ လှုပ်ရှားတာက ငါတို့အတွက် အရေးမသာနိုင်ဘူး။ ငါတို့မှာ ကျားဖြူခန်းမတစ်ခုလုံးကို ထိန်းချုပ်ဖို့ လုံလောက်တဲ့ နောက်လိုက်အရေအတွက် မရှိသေးတော့ အရမ်း ဖိအားများလွန်းသွားလိမ့်မယ်။ ပြီးတော့ အစ်ကိုကြီးက အဆိပ်ပြင်းတဲ့မြွေဆိုတာကို ငါတို့သိထားပြီး တိုက်ပွဲကလည်း ရှောင်လွှဲလို့ မရနိုင်တာ မှန်ပေမဲ့ မွေးစားအဖေကိုကျ ဘယ်လိုရှင်းပြကြမလဲ”

ကျိုးချူလည်း ထိတ်လန့်သွားခဲ့ကာ ပြောသည်။

“အင်း၊ အဖိုးကြီးက သားနှစ်ယောက်ကို ရှေ့ဆင့်နောက်ဆင့်ဆုံးရှုံးထားတာ မကြာသေးဘူး။ အရမ်း ဝမ်းနည်းနာကျင်နေမှာပဲ။ ငါလည်း မွေးစားအဖေကို ကြည့်လိုက်ရင် ‌အတော်လေး စိတ်မကောင်းဖြစ်ရတယ်”

ဖန်းရှစ်ကျုံးသည် အမှန်တကယ်ပင် အစ်ကို၂နှင့် အစ်ကို၄တို့၏ သေဆုံးမှုကြောင့် သက်ရောက်မှုကို အတော်လေး ခံစားနေရ၏။

သိသိသာသာ အရွယ်ကျသွားခဲ့၏။ နောက်ထပ် မွေးစားသားတစ်ယောက်ယောက် ထပ်မံသေဆုံးခဲ့ပါက ဖန်းရှစ်ကျုံး ခံနိုင်ရည်မရှိတော့မည်ကို စိုးရိမ်ရတော့ပေမည်။

ထို့ပြင် လက်ရှိ၌ ချန်ကျဲ့တွင် ဖုန်းရွှမ်နှင့် ရင်ဆိုင်တိုက်ခိုက်ရမည့် အကြောင်းပြချက် မရှိပေ။ အကယ်၍ ဖုန်းရွှမ်မှ အခွင့်အရေးကောင်းယူ၍ ဖန်းရှစ်ကျုံးကို တိုင်ကြားလိုက်ပါက ချန်ကျဲ့၊ ကျိုးချူနှင့် သူတိူ့၏နောက်လိုက်များမှာ ဖြောင့်မတ်သူများမှသည် ဆိုးယုတ်သူများအဖြစ်သို့ ပြောင်းလဲသွားကြလိမ့်မည်။

ထို့ပြင် လက်ရှိအချိန်တွင် ဖုန်းရွှမ်ကို တိုက်ခိုက်ပါက အောင်နိုင်ရန်အတွက် အာမခံချက်မရှိပေ။

ချန်ကျဲ့မှ ပြောသည်။

“အခု ငါတို့လိုအပ်တာက ကိုယ့်ရဲ့အခြေခံအုတ်မြစ်ကို ခိုင်မာစေဖို့ပဲ။ ပြီးတော့မှ အစ်ကိုကြီးရဲ့ အားနည်းချက်ကို ဖမ်းဆုပ်ဖို့ နည်းလမ်းရှာရမယ်။ အစ်ကိုကြီးက ငါတို့အတွက် ‌ပြင်ဆင်ထားမယ့် ထောင်ချောက်တွေကိုလည်း သတိထားရမယ်”

All Chapters