← Chapters

ဘာ? မင်းက ဖိုးဖိုးချန်ရဲ့ အိပ်ရာပေါ်ကို တက်ချင်တယ်ပေါ့လေ?_၃

Vol. 24 Ch. 334

ဘာ? မင်းက ဖိုးဖိုးချန်ရဲ့ အိပ်ရာပေါ်ကို တက်ချင်တယ်ပေါ့လေ?_၃

Vol. 24 Ch. 334

ချန်ကျဲ့၏စကားကို ကျိုးချူသည် အသာခေါင်းညိတ်၍ ထောက်ခံသည်။

“လောလောဆယ်တော့ ငါတို့ ဒီလိုပဲလုပ်နိုင်မယ်။ မွေးစားအဖေအတွက် စိုးရိမ်တာကြောင့်သာ မဟုတ်ရင် ငါတော့ ဖုန်းရွှမ်ကို အသေအကြေတိုက်ခိုက်ပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်မိမှာပဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အင်း မစိုးရိမ်ပါနဲ့။ အခုလောလောဆယ် ငါတို့ဘက်က အရေးသာနေပါသေးတယ်။ နောက်ရက်နည်းနည်းကြာရင်တော့ ငါတို့ဘက်က အရေးသာမှုက ပိုလို့တောင် အခြေအနေကောင်းလာလိမ့်ဦးမယ်”

ကျိုးချူသည် ချန်ကျဲ့၏ဆိုလိုရင်းကို နားမလည်ပေ။ သို့သော် သူ့တွင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်သည့် ဆေးညွှန်းရှိနေရာ ချန်ကျဲ့ကိုယ်တိုင်သည်တော့ ရှင်းရှင်းလင်းလင်း သိနေပါ၏။

ဆေးညွှန်းထဲတွင် ပါဝင်သည့် ဆေးဖက်ဝင်ပစ္စည်း၃၉မျိုးကို ရှာဖွေနိုင်ပါက စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို ဖော်စပ်နိုင်မည်ဖြစ်ပြီး စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းနိုင်မည်ဖြစ်သည်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိုင်သည်နှင့်တစ်ပြိုင်နက် အလွန်တရာ အင်အားကြီးမားခြင်းကို မဆိုထားနှင့် မျန့်ရွှေစီရင်စုရှိ သိုင်းပညာရှင်ကြီးများထံမှ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းလည်း ရှိလာပေလိမ့်မည်။

အထူးသဖြင့် သူ့တွင် ဝှက်ဖဲအဖြစ် “နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”လည်း ရှိထားပေသည်။

ထို့ကြောင့် လက်ရှိအချိန်၌ သူ‌လုပ်ဆောင်ရမည့်အရာ နှစ်ခုသာ ရှိသည်။ တစ်: အင်အားအာဏာကို အခြေခိုင်အောင် တည်ဆောက်ရန်၊ နှစ်: စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံး ဖော်စပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ‌ရှာဖွေရန် ဖြစ်သည်။

ထိုသို့တွေးပြီးနောက် ချန်ကျဲ့ ရှောင်ဟူကို ပြောလိုက်သည်။

“ရှောင်ဟူ၊ စာရွက်နဲ့ စုတ်တံ ယူပေးပါဦး”

ရှောင်ဟူမှ စာရွက်နှင့် စုတ်တံကို ချက်ချင်း ယူလာပေးသည်။ ချန်ကျဲ့သည် ဆေးစာရင်းတစ်ခုကို စာရွက်ပေါ်တွင် စတင်ချရေး၏။

စုစုပေါင်း အရန်ဆေးဖက်ဝင်ပစ္စည်း ၃၆မျိုး ပါဝင်သည်။

အချို့‌အရန်ဆေးများသည် အလွန်တရာ တန်ဖိုးကြီးမားသော်ငြား မရနိုင်သည့်အရာမျိုး မဟုတ်ပေ။ မြို့ထဲရှိ ဆေးဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်သည်။

အမှန်တကယ် ရရှိရန် ခက်ခဲသည့်အရာမှာ အဓိကပါဝင်ပစ္စည်း၃မျိုး ဖြစ်ပေသည်။

“သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့၊ စိတ်ဝိဉာဉ်ပြောင်းလဲမြက်၊ နှစ်၅၀၀သက်တမ်းရှိသော သွေးလင်ဇီး”

၎င်းပါဝင်ပစ္စည်းသုံးမျိုးသည် အလွန်တရာ ချမ်းသာကြွယ်ဝလျှင်သော်မှ ဝယ်ယူရန် ခက်ခဲပေသည်။

အရန်ဆေးဖက်ဝင်ပစ္စည်း၃၆မျိုးစာရင်းကို အပြီးသတ်ရေးသားပြီးနောက် ချန်ကျဲ့ ရှောင်ဟူကို ပြောလိုက်သည်။

“ရှောင်ဟူ၊ လောင်ကျိုး၊ မင်းတို့နှစ်ယောက်စလုံး ဒီရက်တွေအတွင်း ပင်ပန်းသွားခဲ့ကြပြီ။ ငါ့ကို ဆေးဆိုင်တွေ ပတ်သွားပြီး ဒီဆေးလေးတွေ ရှာပေးပါဦး”

ရှောင်ဟူမှ ပြန်ပြောသည်။

“ဟုတ်ကဲ့”

ကျိုးချူမှ ပြောသည်။

“ကောင်းပြီ။ ငါ့ကို အရင် ဝယ်ရမယ့်စာရင်း ပြဦး”

ဆေးစာရင်းကို ဖတ်ကြည့်ပြီးနောက် ကျိုးချူ ရုတ်ချည်း လန့်သွား၏။

“ဒီဆေးတွေက လုံးဝ ဈေးမပေါဘူးနော်”

“ဘယ်လောက်ကုန်ကျနိုင်လဲ”

ကျိုးချူမှ ပြန်ဖြေသည်။

“ငါခန့်မှန်းတွက်ကြည့်သလောက်ဆို အနည်းဆုံး ငွေတုံး၇ထောင်၊ ၈ထောင်လောက် ကုန်ကျလိမ့်မယ်”

“ဈေးကြီးလိုက်တာ!”

ရှောင်ဟူလည်း အံ့အားသင့်စွာဖြင့် ပြောလာသည်။

ထိုစဉ် ကျိုးချူသည် ဆေးတစ်မျိုးကို ညွှန်ပြလာသည်။

“ဒီနှစ်တစ်ရာသက်တမ်းဂျင်ဆင်းတစ်ခုတည်းတင် ငွေတုံးတစ်ထောင်ကုန်ကျနိုင်တယ်။ ကျန်တဲ့ဟာတွေ အားလုံးပေါင်းလိုက်ရင် ၇ထောင်၊၈ထောင်ဆိုတာက လျှော့‌တွက်ထားတယ် ပြောလို့ရတယ်”

ထိုအခါ ရှောင်ဟူမှ အံ့အားသင့်စွာ ပြောသည်။

“ဘုရားရေ!”

ကျိုးချူမှ ပြောသည်။

“ကိစ္စမရှိပါဘူး။ ဒီရက်တွေအတွင်း မင်းရော ကျိုစစ်ရော အတော်လေး ငွေရှာနိုင်ခဲ့ကြတာပဲလေ။ ကျိုစစ် မင်းမှာ ဘယ်လောက်ရှိလဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ငါ့မှာ ငွေလက်မှတ်နဲ့ ငွေတုံးငါးထောင်လောက်ရှိတယ်”

“ကျွန်တော့်မှာက ငွေတုံးနှစ်ထောင်ပြည့်ဖို့ နည်းနည်းပဲ လိုတယ်။ အဲဒီတော့ ငွေတုံး၇ထောင်နီးပါးပေါ့။ သက်တမ်းနည်းနည်းနုတာ ထည့်ဝယ်မယ်ဆို လုံလောက်နိုင်တယ်”

ချန်ကျဲ့မှ ပြောသည်။

“မဖြစ်ဘူး။ ဆေးတွေရဲ့သက်တမ်းက လျော့လို့မရဘူး။ ပိုက်ဆံနည်းနည်းလိုတာအတွက်နဲ့လေ?”

ချန်ကျဲ့ ခြံဝင်းထဲရှိ ကြာကန်ကို ကြည့်လိုက်သည်။ ‌ထို့နောက် ရှောင်ဟူနှင့် ကျိုးချူကို ပြောသည်။

“မင်းတို့ ရေကူးတော်ကြလား”

ရှောင်ဟူမှ မေးသည်။

“ဟားဟား… အစ်ကိုကျိုစစ် နောက်နေတာလားဗျာ။ ကျွန်တော်တို့က ရေဘေးမှာ နေလာတဲ့သူတွေလေ။ ကျွန်တော်တို့ရဲ့ ရေကူးစွမ်းရည်က ဘယ်လိုလုပ်ပြီး ဆိုးရွားနိုင်ပါ့မလဲ”

ကျိုးချူမှ ပြောသည်။

“ဟုတ်ပ ကျိုစစ်၊ မင်းကတော့ ငါတို့ကို နောက်နေပြန်ပြီ။ ငါတို့က ငါးဖမ်းကုန်သည်အဖွဲ့သားတွေလေ။ ငါးဖမ်းကုန်သည်အဖွဲ့သားတွေက ရေကူးမတော်ဘူးဆိုရင် အဲဒါက လူတွေ လှောင်ပြောင်စရာဖြစ်ကုန်မယ် မဟုတ်ဘူးလား”

ချန်ကျဲ့မှ ပြောသည်။

“ဒါဆိုကောင်းပြီ။ ငါ မင်းတို့ကို အကူအညီတောင်းစရာရှိတယ်…”

…

ဖူး~

“ကျိုစစ် ရှာတွေ့ပြီ!”

ရှောင်ဟူသည် ရေအောက်မှ ပြန်ထွက်လာပြီး ရေကန်အောက်ခြေကို ညွှန်ပြလျက် ပြောသည်။ လက်ရှိတွင် ဤအနောက်ခြံဝင်းတစ်ခုလုံးကို ငါးဖမ်းကုန်သည်အဖွဲ့သားများမှ စောင့်ကြပ်နေပြီး အခြားမည်သူမျှ မရှိပေ။

ထို့နောက် ကျိုးချူမှ ပြောသည်။

“သေတ္တာက အတော်ကြီးတယ်။ ငါ အသက်ဝဝရှူလိုက်ဦးမယ်။ ဟူဇစ် ငါတို့ ပြန်ဆင်းပြီး သေတ္တာကို ဆွဲတင်ကြရအောင်”

“ဟုတ်!”

ထိုသို့ပြောလျက် သူတို့နှစ်ဦးသည် ရေကန်ထဲသို့ ပြန်ဆင်းသွားကြသည်။ မကြာမီတွင် သစ်သားသေတ္တာကြီးတစ်လုံးနှင့်အတူ ရေပေါ်သို့ ပြန်ထွက်လာကြသည်။

သေတ္တာကို ဖယောင်းဖြင့် သေသေချာချာ ချိတ်ပိတ်ထားသောကြောင့် အတွင်းထဲသို့ ရေမဝင်ပေ။

သေတ္တာကို သယ်ထုတ်ပြီးနောက် သုံးဦးသားသည် သေတ္တာကို ဖွင့်ကြည့်လိုက်ကြရာ ပြုံးရယ်ချင်နေသည့်စိတ်ကို ထိန်းချုပ်မရနိုင်ဘဲ ဖြစ်သွားကြရ၏။ အထဲတွင် ငွေဒင်္ဂါးများပြည့်နှက်နေသည့် သေတ္တာကြီးတစ်လုံး တည်ရှိနေကာ အပေါ်တွင် ငွေလွှာတစ်ထပ်၊ ထို့နောက် ရွှေလွှာတစ်ထပ်ဖြင့် ဖုံးအုပ်ထားသည်။ အထဲရှိ ပစ္စည်းများကို တွက်ချက်ကြည့်လိုက်သော် ငွေတုံးတစ်သောင်းတိတိ တန်ကြေးရှိပေသည်။

“အဟွတ် အဟွတ်…”

ထိုစဉ် ကျိုးချူမှ ‌ရွှင်ပျစွာ ပြုံးလျက် ပြောသည်။

“ကျိုစစ် ဒီရေကန်ထဲမှာ ငွေတွေရှိနေတာကို မင်းဘယ်လိုသိတာလဲ”

ချန်ကျဲ့ ရယ်လိုက်သည်။

“အစ်ကို၂က ငါ့ကို အိပ်မက်ထဲမှာ လာရှာတယ်လေ။ သူ့ငွေတွေကို မသုံးရသေးဘဲ‌ သေသွားရတာမို့လို့ အဲဒီအတွက် သူစိတ်မကောင်းဖြစ်မိတယ်တဲ့။ အဲဒါကြောင့် ငါ့ကို သူ့အစား သုံးပေးပါဆိုပြီး အကူအညီတောင်းသွားတာ”

“ဟားဟား အစ်ကို၂က အရမ်း မစေ့စပ်လွန်းဘူးလား ဟမ်? ငါလည်း သူ့ရဲ့ညီပဲကို သူက ဘာလို့ ငါမဟုတ်ဘဲ မင်းကိုမှ အိပ်မက်ထဲ လာရှာရတာလဲ”

ချန်ကျဲ့မှ ပြောသည်။

“မင်းက မယားကြောက်ဆိုတာကို အစ်ကို၂က သိတယ်လေ။ အဲ့တော့ သူ့ငွေတွေ မင်းလက်ထဲရောက်သွားရင် မင်းမိန်းမဆီ တန်းရောက်သွားမှာ စိုးရိမ်လို့တဲ့”

“ပေါက်ကရတွေ ငါဘယ်တုန်းက မိန်းမကြောက်လို့လဲ။ ငါက ‌အိမ်ရဲ့အိမ်ထောင်ဦးစီးယောက်ျားပဲ။ ငါ့စကားက ဥပဒေပဲ!”

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ငါမှားတာပါ။ ငါတို့ရဲ့ ‘မျက်လုံးမဲ ဝက်ဝံ’သူရဲကောင်းကြီးက အိမ်မှာ အရမ်းကိုမှ အဆင့်အတန်းမြင့်မားပြီး အာဏာရှိပါတယ်!”

ချန်ကျဲ့သည် ကျန်းချွမ်၏ငွေများကို မြင်တွေ့ရသည်တွင် စိတ်အခြေအနေကောင်းမွန်နေခဲ့သည်။

ကျိုးချူသည် ချန်ကျဲ့ကို စူးစိုက်ကြည့်၍ ရွဲ့စောင်းပြောဆို၏။

“အေး ဆက်ပြောနေလိုက်တော့”

“ဒါနဲ့ ကျိုစစ်၊ အခု ငွေတုံးတစ်သောင်းရပြီ‌ဆိုတော့ ‌‌မင်းလိုအပ်တဲ့ဆေးတွေ ဝယ်ဖို့အတွက် ပြဿနာမရှိတော့ဘူးပဲ”

ချန်ကျဲ့မှ ပြောသည်။

“ကဲ မြန်မြန်သွားဝယ်ရအောင်။ ဒါနဲ့ ဆေးတွေဝယ်တဲ့အခါ တခြားဆေးတွေ နည်းနည်းရောဝယ်ခဲ့လိုက်။ ငါ့ကို စာရင်းစာရွက်ပေး”

ချန်ကျဲ့ ခဏမျှစဉ်းစားပြီးနောက် ဈေးမကြီးသည့် ဆေးအမျိုး၂၀ကို ထပ်ပေါင်းရေးလိုက်သည်။ သို့နည်းဖြင့် ဆေးစာရင်းအား ကွဲလွဲသည့်အဓိပ္ပာယ်သို့ ပြောင်းလဲဖော်ဆောင်စေသည်။

စိတ်ဝိဉာဉ်ပြောင်းလဲဆေးညွှန်းသည် အလွန်ရှားပါးပြီး တန်ဖိုးကြီးမားသည်ဖြစ်ရာ အမှုမဲ့အမှတ်မဲ့ဖြင့် ပေါက်ကြားသွားခွင့်မပြုနိုင်ပေ။

ဆေးအချို့ ထပ်ပေါင်းလိုက်ခြင်းဖြင့် ငွေတုံးတစ်ရာ၊နှစ်ရာခန့် ပို၍ကုန်ကျသွားနိုင်သော်ငြား ဆေးညွှန်းအမှန်ကိုတော့ လျှို့ဝှက်ထားနိုင်ပေလိမ့်မည်။

ခြုံငုံလိုက်သော် ဆေးညွှန်းတစ်ခုတွင် ဆေးတစ်မျိုး ပိုခြင်း၊ လျော့ခြင်းမျှသည်ပင် လုံးလုံးလျားလျား ကွဲပြားခြားနားသည့် ရလဒ်ကို ထွက်ပေါ်စေနိုင်သည် မဟုတ်ပါလော။

ဆေးအမျိုးနှစ်ဆယ်ထပ်ပေါင်းလိုက်သောအခါ မူလက ဆေး၃၆မျိုးသည် လုံးဝ ရောထွေးသွားခဲ့သည်။

ထို့ပြင် ၎င်းထပ်ပေါင်းရေးလိုက်သည့် ဆေးများတွင်လည်း သူတို့၏ အသုံးဝင်မှုများ ရှိကြ၏– ညိုမဲဒဏ်ရာများအတွက် လိမ်းဆေးဆီပြုလုပ်နိုင်သည့် ဆေးလည်း ပါဝင်သကဲ့သို့ အအေးမိခြင်းနှင့် အခြားရောဂါများကို ကုသနိုင်သည့် ဆေးများလည်း ပါဝင်သည်။

အားလုံးကို မှန်မှန်ကန်ကန် ရောစပ်လိုက်ပါက အိမ်တစ်အိမ်တွင် မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများဖြစ်သွားကြလိမ့်မည်။

ချန်ကျဲ့သည် ဆေးစာရင်းကို သေချာစီစဉ်ပြီးနောက် ရှောင်ဟူနှင့် ကျိုးချူတို့ကို ပြန်ပေးလိုက်သည်။

“ဝယ်လို့ရပြီ”

“ဟုတ်”

နှစ်ဦးသည် တစ်ပြိုင်နက်တည်း ပြန်လည်တုံ့ပြန်ပြီးနောက် ဆေးများကို စတင်ဝယ်ယူကြတော့သည်။

ညနေစောင်းအထိ အလုပ်များဖြင့် ရှုပ်ယှက်ခတ်နေခဲ့ပြီး‌ နောက်ဆုံးတွင်တော့ မိသားစုအတူထိုင်၍ ညစာစားကြသည်။

ဒီနေ့ညစာသည် အလျှံပယ်ဖြစ်၏။ ဟင်းပွဲပေါင်း၁၂ပွဲ တည်ခင်းထားပြီး တစ်ပွဲချင်းစီတိုင်းမှာ ပါဝင်သည့်ပမာဏလည်း များပေသည်။

ဤတစ်နပ်စာသည်ပင် အနည်းဆုံး ငွေနှစ်တုံးကုန်ကျနိုင်၏။

All Chapters