← Chapters

ဘာ? မင်းက ဖိုးဖိုးချန်ရဲ့ အိပ်ရာပေါ်ကို တက်ချင်တယ်ပေါ့လေ?_၄

Vol. 24 Ch. 335

ဘာ? မင်းက ဖိုးဖိုးချန်ရဲ့ အိပ်ရာပေါ်ကို တက်ချင်တယ်ပေါ့လေ?_၄

Vol. 24 Ch. 335

စူးယွင်ကျင်းသည် ဟင်းပွဲများကို ကြည့်၍ မထိန်းချုပ်နိုင်စွာ စိတ်နာကျင်မိရလေသည်။ တစ်နေ့လျှင် ငွေနှစ်တုံးဟူသည် တစ်လလျှင် ငွေတုံး၆၀ကုန်ကျမည်ဟု ဆိုလိုသည်။ တစ်နှစ်လျှင် ငွေတုံး၇၀၀ကျော် ကုန်ကျလိမ့်မည်။ ကုန်ကျစရိတ် အလွန်ကြီးမားလွန်း၏။

တကယ်တမ်းတွင် ၎င်းသည် ကြီးမားလွန်းသည့် ကုန်ကျစရိတ်မဟုတ်ကြောင်း ချန်ကျဲ့သိသည်။

အဘယ်ကြောင့်ဆိုသော် ချန်အိမ်တော်သည် အစားအသောက် ထောက်ပံ့သည်။ ဤဟင်းပွဲ၁၂ပွဲပါဝင်သည့် ထမင်းစားပွဲသည် ရှောင်ဟူအပါအဝင် သူတို့မိသားစုလေးဦးအတွက်သာ ပြင်ဆင်ထားသည်ဟု ထင်ရသော်ငြား တကယ်တမ်းတွင် အစေခံမိန်းကလေး၄ဦး၊ အစေခံ၄ဦး၊ ခြံဝင်းလုပ်သားများနှင့် ချန်မိသားစု၏ အစောင့်များ ပါဝင်သည်။

ဟင်းပွဲ၁၂ပွဲတွင် မိသားစုများ ချုပ်တည်းရန်မလိုအပ်ဘဲ စိတ်တိုင်းကျ စားသုံးနိုင်သည့် အသားဟင်း၆ပွဲ ပါရှိသည်။

သို့သော် သူတို့သည် သေချာပေါက် ထိုဟင်းပွဲအားလုံးကို ကုန်စင်အောင် မစားနိုင်ပေ။ ကျန်ဟင်းများကို အစေခံမိန်းကလေးများ၊ အစေခံများနှင့် အခြားသူများသည် သေးငယ်သည့် အသားတစ်ပိုင်းဖြစ်စေ စားသောက်နိုင်ကြမည်ဖြစ်ပြီး အသီးအရွက်ဟင်းပွဲအချို့ကိုလည်း စားသောက်နိုင်ကြလိမ့်မည်။

ဆိုလိုသည်မှာ ချန်ကျဲ့တို့မိသားစုအတွက် တစ်နေ့စာ ဟင်းပွဲပြင်ဆင်ရာ၌ အစေခံမိန်းကလေးများ၊ အစေခံများကဲ့သို့ လူဒါဇင်ကျော်ပါဝင်သည့် အိမ်တော်တစ်ခုလုံးအတွက် ထည့်သွင်းစဉ်းစားရသည်။

ယခင်ကဲ့သို့ ဟင်းပွဲတစ်ပွဲသာ ပြင်ဆင်ထားပါက အစေခံများသည် ‌‌ေငးကြည့်နေ‌ကြရုံသာ တတ်နိုင်ကြလိမ့်မည်။

ထိုအချက်များကို ရှင်းပြလိုက်သောအခါ စူးယွင်ကျင်းသည် ဆက်လက်၍ စိတ်မကောင်းမဖြစ်တော့ပေ။

‌စူးယွင်ကျင်းသည် ခြိုးခြံချွေတာခြင်းနှင့် ကျင့်သားရနေပြီဖြစ်သော်ငြား သူမသည် လက်ရှိအချိန်တွင် အိမ်တော်၏ သခင်မတစ်ဦး ဖြစ်နေပြီဖြစ်၍ စိတ်နေသဘောထားကြီးမြင့်ရမည်ဖြစ်ကြောင်း သေချာသိသည်။

ရွေ့ရွေ့သည် အစားအသောက်များကို အားရပါးရစားသောက်ရင်း လက်ရှိအချိန်ကို မွေ့လျော်နေသည်။ သူမသည် တူဖြင့် အသားလုံးကြီးကြီးကို ညှပ်ယူကာ စိတ်အားထက်သန်စွာ ကိုက်ဝါးစားသောက်၏။ ဟင်းရည်များသည်တော့ အရပ်လေးမျက်နှာသို့ လွင့်စင်ကုန်လေသည်။

“အင်း အရမ်းစားကောင်းတာပဲ”

ရွေ့ရွေ့သည် စိတ်လှုပ်ရှားပျော်ရွှင်စွာ ပြောဆိုရင်း စားပွဲပေါ်ရှိ ကြက်ကင်ကို လက်ညှိုးညွှန်ပြသည်။

“မမ ရွေ့ရွေ့ ကြက်ခြေထောက်စားချင်တယ်”

ထိုအခါ စူးယွင်ကျင်းသည် မတ်တပ်ရပ်လိုက်ပြီးနောက် ချန်ကျဲ့မှ ကြက်ခြေထောက်စားချင်သလောဟု အရင် အကဲခတ်ကြည့်သည်။ အိမ်ထောင်ဦးစီးကို ဦးစားပေးရမည်ဖြစ်၏။

ချန်ကျဲ့ ခေါင်းခါပြလိုက်ပြီးနောက် ရှောင်ဟူကို ကြည့်သည်။

ရှောင်ဟူလည်း ခေါင်းခါသည်။

ထိုအခါမှသာ စူးယွင်ကျင်းသည် ကြက်ခြေထောက်တစ်ချောင်းကို ဖဲ့၍ ရွေ့ရွေ့၏ ပန်းကန်ထဲသို့ ထည့်ပေးခဲ့သည်။

စူးယွင်ကျင်း ပြန်ထိုင်လိုက်ချိန်တွင် ယင်ဟုန်မိန်ကို ရုတ်တရက် သတိထားမိသွား၏။ သူမ၏စိတ်ထဲတွင် ထိုကလေးမလေးသည် ရိုးသားဖြူစင်၍ သနားချင့်စဖွယ်ဖြစ်သည်။

အခြားအစေခံမိန်းကလေးများသည် ၁၆နှစ်၊ ၁၇နှစ်များဖြစ်ကြသော်ငြား သူမသည် ပိန်ပိန်ရှည်ရှည်ခန္ဓာကိုယ်ရှိ‌သည့် ၁၂နှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်သည်။ အချိန်အတော်ကြာ ကြမ်းတမ်းရက်စက်စွာ ဆက်ဆံခံခဲ့ရသောကြောင့် သူမ၏ အသားအရေသည် အနည်းငယ် ဝါဖန့်ဖန့်ဖြစ်နေခဲ့သည်။

စူးယွင်ကျင်း မတ်တပ်ရပ်လိုက်ပြီး ပြောသည်။

“ဟုန်မိန် မင်း အတူလာစားလှည့်!”

ယင်ဟုန်မိန်သည် ခေါင်းခါရမ်းသည်။ အနီးကပ်အစေခံ၏တာဝန်သည် အစားအသောက်များ တည်ခင်းပေးခြင်းနှင့် ဟင်းရည်ထပ်ဖြည့်ပေးခြင်းတို့ဖြစ်သောကြောင့် သူမသည် စားပွဲဝိုင်းတွင် ဝင်မထိုင်သင့်ပေ။ ထိုသို့ပြုမူခြင်းသည် စည်းကျော်လိုက်ခြင်းဖြစ်၏။

စူးယွင်ကျင်းလည်း ယင်ဟုန်မိန်မှာ သူမ၏ ကိုယ်ပိုင်စည်းမျဉ်းများရှိကြောင်း သိနေရာ ချန်ကျဲ့ကို လှည့်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

ချန်ကျဲ့မှ ပြောသည်။

“မင်းက အိမ်တော်သခင်မပဲ။ အိမ်တော်ရဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်တယ်”

ထို့နောက်တွင် ချန်ကျဲ့သည် ညစာကိုသာ ဆက်စားနေလိုက်သည်။

ဒီနေ့ ပုစွန်ကြော်က စားကောင်းတာပဲ။ စားဖိုမှူးက အရည်အချင်းရှိတယ်။

ထို့နောက် စူးယွင်ကျင်းသည် နောက်တစ်ကြိမ် ထရပ်လိုက်ပြီး ကြက်ခြေထောက်တစ်ချောင်းကို ဖဲ့ယူကာ ယင်ဟုန်မိန်သို့ ကမ်းပေးသည်။

“စားလိုက်ပါ”

“သခင်မ ကျွန်မ မစားတော့ပါဘူး”

စူးယွင်ကျင်းမှ ပြောသည်။

“ခေါင်းမာလိုက်တဲ့ ကလေးမ၊ ဒီနေရာမှာ ငါနဲ့ ပြိုင်ငြင်းမနေစမ်းနဲ့။ မင်းက ငါ့ကို သခင်မလို့ ခေါ်နေတယ်ဆိုပေမဲ့ ငါ့ကို မင်းရဲ့အစ်မလို့ သဘောထားလို့ရတယ်၊ အဲဒါကို မြဲမြဲမှတ်ထား”

ထိုသို့ပြောလျက် စူးယွင်ကျင်းသည် ယင်ဟုန်မိန်၏လက်ထဲသို့ ကြက်ခြေထောက်ကို ထိုးထည့်ပေးလိုက်သည်။

ယင်ဟုန်မိန်သည် ဘာမျှမပြောဘဲ ကြက်ခြေထောက်ကို ကြည့်နေခဲ့၏။

“စားလေ”

စူးယွင်ကျင်းမှ ပြောသည်။

ယင်ဟုန်မိန်သည် ခေါင်းငုံ့လျက် ပြောလာသည်။

“ကျွန်မ ပြန်သွားပြီး နောက်မှ စားလိုက်ပါ့မယ်”

“ဒါဆိုလည်း ကောင်းပြီ”

စူးယွင်ကျင်းမှ ပြန်ပြောသည်။ ဤကလေးမလေးကို အတင်းအကြပ်လုပ်ခြင်းငှာ အသုံးမဝင်ကြောင်း စူးယွင်ကျင်း သိပါ၏။

ထိုစဉ် သူမ၏ကြက်ခြေထောက်ကို စားနေဆဲဖြစ်သော ရွေ့ရွေ့မှ ပြောသည်။

“မမဟုန်မိန် ကြက်ခြေထောက်တွေက အရမ်းစားကောင်းတာ‌‌ကို မမက ဘာလို့ မစားတာလဲ”

ယင်ဟုန်မိန်မှ ပြောသည်။

“မမက နောက်မှ ဖြည်းဖြည်းချင်း စားမလို့ပါ”

ထို့နောက် ယင်ဟုန်မိန်သည် ကြက်ခြေထောက်ကို အဝတ်စဖြင့် ထုပ်သိမ်းလိုက်သည်။

စူးယွင်ကျင်းသည် ဆက်လက်ပြောဆိုခြင်းမပြုဘဲ ညစာကိုသာ ဆက်စားနေလိုက်သည်။

ဗိုက်ပြည့်သောအခါ ချန်ကျဲ့ စားပွဲဝိုင်းမှ ထွက်ခွာသွားခဲ့သည်။ စူးယွင်ကျင်းလည်း ရွေ့ရွေ့ကို ခေါ်၍ ထွက်သွားခဲ့သည်။ ထိုအခါ အစေခံများသည် စားပွဲကို စတင် ရှင်းလင်းကြသည်။

ဤစားပွဲမှ ကျန်ရစ်သည့်ဟင်းများသည် သူတို့၏ ညစာဖြစ်သည်။

အိမ်တော်အတွင်းအစေခံများသည် အိမ်တော်သခင်မိသားစု၏ ကြွင်းကျန်သည့် အစားအသောက်များကို စားသောက်ရသည်။ သို့သော် အပြင်အစေခံများဖြစ်သော ခြံဝင်းလုပ်သားများသည် ဤသို့အခွင့်အရေးမျိုး မရရှိပေ။ များသောအားဖြင့် မီးဖိုဆောင်မှ အကြွင်းအကျန်များကိုသာ ရရှိကြပြီး အသားဟင်းပါဝင်သည်မှာ အလွန်ရှားပါးသည်။

အိမ်တော်ကြီးများ၌ အစေခံများအတွက် သီးသန့်ချက်ပြုတ်သည့် လုပ်ရိုးလုပ်စဉ် မရှိကြပေ။

သို့သော် အကြွင်းအကျန်များမှာ အစေခံများ၏ ညစာဖြစ်လိမ့်မည်ကို သိထားသော ကြင်နာတတ်သည့် စူးယွင်ကျင်းသည် တမင်ရည်ရွယ်၍ အသီးအရွက်ဟင်းပွဲများကို များများစားခဲ့ပြီး အသားဟင်းများကို များများချန်ထားခဲ့သည်။ အစေခံများသည်လည်း ခက်ခဲပင်ပန်းသည့် ဘဝကို ရှင်သန်နေရခြင်းဖြစ်သောကြောင့် စူးယွင်ကျင်းသည် သူတို့ကို အသားနည်းနည်းဖြစ်ဖြစ် ပိုစားရစေချင်သည်။

ချန်ကျဲ့သည် အိမ်တော်အရေးကိစ္စများကို အရေးမစိုက်ပေ။ ယခုလည်း ရှောင်ဟူကို အနောက်ခြံဝင်းသို့ ခေါ်၍ ဦးလေးဖူထံမှ မည်သည့်အရာများ သင်ယူခဲ့သနည်းဟု မေးမြန်းနေခဲ့သည်။

“ကျွန်တော် ‌စည်း‌ချိုးဖျက်ကျားငါးကောင်တစ်ဖက်သွားဓားသိုင်းကို သင်ယူခဲ့ရပါတယ်”

ရှောင်ဟူမှ ပြန်ပြောသည်။

ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ဟူဇစ် လက်နက်ကျွမ်းကျင်မှုအတွက်တော့ ‌စည်း‌ချိုးဖျက်ကျားငါးကောင်တစ်ဖက်သွားဓားသိုင်းနဲ့ လုံလောက်တယ်။ ဒီနေ့ ငါမင်းကို လက်ဝါးသိုင်းတစ်ခု သင်ပေးမယ်”

“ရေထိန်းချုပ်လက်ဝါးသိုင်း!”

ချန်ကျဲ့သည် ရေထိန်းချုပ်လက်ဝါးသိုင်း ဖြည်းဖြည်းချင်း သရုပ်ဖော်ပြသရင်း ပြောသည်– စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာ– လက်ရှိ ရှောင်ဟူအတွက် သင့်တော်၏။

ရှောင်ဟူသည် သူ့အပေါ် အပြည့်အဝ သစ္စာစောင့်သိသည်။ သို့ဖြစ်ရာ ပျိုးထောင်ဆဲဖြစ်သည့် လူယုံတစ်ဦးအတွက် အရည်အသွေးမြင့်သည့် သိုင်းကျင့်စဉ်တချို့ကို အဘယ်သို့များ သင်ကြားမပေးဘဲ ထားလိုက်ရပါမည်နည်း။

ချန်ကျဲ့သည် မူလက ရေထိန်းချုပ်လက်ဝါးသိုင်းထက် ပို၍ တိုက်ခိုက်စွမ်းရည်မြင့်မားသည့် သံမဏိလက်ဝါးသိုင်းကို ရှောင်ဟူအား သင်ပေးချင်ခဲ့သည်။ သူ့တွင် နဂါးနိုင်လက်ဝါးသိုင်းကျမ်းရှိနေပြီဖြစ်ရာ ချန်ကျဲ့အတွက်မူ သံမဏိလက်ဝါးသိုင်းသည် တစ်ပါးသူကို သင်ကြားမပေးနိုင်သည့် လျှို့ဝှက်သိုင်းကျင့်စဉ် မဟုတ်တော့ချေ။ သို့ဖြစ်ရာ သူ့အနေဖြင့် ရှောင်ဟူကို သင်ပေးနိုင်၏။ သို့သော် ဤကျင့်စဉ်၏‌ ဖော်ဆောင်သည့်အဓိပ္ပာယ်မှာ ထူးခြားနေသည်။

လက်ဆင့်ကမ်းသင်ကြားပေး၍ မဖြစ်ချေ။

စည်းမျဉ်းများအရ ကျားဖြူခန်းမ၏ ဆက်ခံသူသာလျှင် သံမဏိလက်ဝါးသိုင်းကို သင်ကြား‌နိုင်သည်။

ထို့ကြောင့် ရှောင်ဟူအား ရေထိန်းချုပ်လက်ဝါးသိုင်းကိုသာ သင်ကြားပေးနိုင်သည်။

ချန်ကျဲ့သည် ရှောင်ဟူအား ထိန်ချန်ခြင်းမရှိဘဲ ရေထိန်းချုပ်လက်ဝါးသိုင်း၂၄ကွက်စလုံးကို သင်ကြားပေးခဲ့သည်။ ရှောင်ဟူသည် မူလဇာစ်မြစ်ကပင် ချန်ကျဲ့ထက် ပါရမီထူးကဲသူဖြစ်ရာ သင်ယူနှုန်းသည် အလွန်လျင်မြန်၏။

သေချာပေါက်ပင် ချန်ကျဲ့၏အင်အားသည် သိုင်းပညာအရာ၌ ပါရမီထူးကဲမှုအပေါ် မှီခိုခြင်း မဟုတ်ပါချေ။

သို့ဖြင့် ချန်ကျဲ့သည် ရှောင်ဟူကို ရေထိန်းချုပ်လက်ဝါးသိုင်းအား ဆက်လက်သင်ကြားပေးနေခဲ့ပြီး အိမ်ထဲတွင်တော့ စူးယွင်ကျင်းသည် ရွေ့ရွေ့ကို စာရေးနည်း သင်ကြားပေးနေခဲ့သည်။

‌ကလေးမလေးသည် တစ်နေ့လုံး လျှောက်ပတ်ဆော့ကစားခြင်းဖြင့် အချိန်ကုန်နေခဲ့သဖြင့် အိမ်ပြန်ရောက်ချိန်တွင် လွတ်သွားသည့် သင်ခန်းစာများကို ပြန်သင်ယူရခြင်းမှာ သဘာဝကျ၏။

အနီးကပ်အစေခံဖြစ်သော ယင်ဟုန်မိန်သည် တစ်ချိန်လုံး သူတို့နှင့်အတူ အဖော်ပြုပေးနေခဲ့သည်။

ရွေ့ရွေ့ကို အချိန်ခ‌ဏကြာ သင်ကြားပေးပြီးနောက် စူးယွင်ကျင်းသည် အနီးတွင် စောင့်ကြည့်နေသည့် ယင်ဟုန်မိန်ကို သတိထားမိသွား၍ ပြော၏။

“ဟုန်မိန် မင်း စာရေးတတ်ဖတ်တတ်လား”

ယင်ဟုန်မိန်မှ ခေါင်းခါရမ်းသည်။

စူးယွင်ကျင်းသည် အချိန်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောသည်။

“လာ ထိုင်လိုက်၊ ငါ မင်းကို သင်ပေးမယ်”

“သခင်မ ကျွန်မ…”

“ထိုင်လိုက်ဆို”

စူးယွင်ကျင်း၏ အပြုံးသည် ယင်ဟုန်မိန်ကို နာနာခံခံဖြင့် ထိုင်စေခဲ့သည်။ ထို့နောက် စူးယွင်ကျင်းမှ ပြောသည်။

“ဒီနေ့က စပြီးတော့ ရွေ့ရွေ့နဲ့ ငါနဲ့ စာရေးစာဖတ်သင်တဲ့အခါ မင်းလည်း အတူသင်ရမယ်”

All Chapters