ဆရာတူအစ်ကို ကျန်းယန်
Vol. 1 Ch. 1
ဖြာကျနေသော နေခြည်နွေးများဖြင့် တောက်ပသောမနက်ခင်းတစ်ခုတွင် အမျိုးသမီးရော အမျိုးသားများပါ ပါ၀င်သော လူများစွာသည် အဇူရာတိမ်ဂိုဏ်း၏ ဂိတ်တံခါး၀တွင် စောင့်ဆိုင်းနေခဲ့ကြသည်။ ထိုလူငယ်များသည် နယ်ပေါင်းစုံမှ ရောက်လာကြသူများ ဖြစ်ကြပြီး အဇူရာတိမ်ဂိုဏ်း၏ စစ်ဆေးပွဲတွင် ပါ၀င်ကာ ဂိုဏ်းကို၀င်ခွင့်ရဖို့ မျှော်လင့်နေခဲ့ကြ၏။
“ကလောင်….”
ထိုစဉ် အဇူရာတိမ်များကြားမှ ခေါင်းလောင်းသံတစ်သံ ဟိန်းထွက်လာလေရာ စောင့်ဆိုင်းနေသူများအားလုံး စိတ်လှုပ်ရှားကုန်ကြသည်။ သူတို့ကိုယ်ဟန်များကို အလိုလို မတ်လိုက်မိကြပြီး အဇူရာတိမ်တောင်ထွတ်သို့ တောင့်တမှုများပြည့်နေသော မျက်၀န်းများဖြင့် မျှော်လင့်တကြီး ကြည့်ရှုနေခဲ့ကြ၏။
ထိုစဉ် တောင်ထွတ်မှ အဖြူရောင်၀တ်စုံ၀တ် လူတစ်ယောက် အသရေတင့်စွာ ဆင်းသက်လာခဲ့ပြီး ချက်ချင်းဆိုသလို သူတို့ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
ဤပုဂ္ဂိုလ်သည် ယခုအကြိမ် အဇူရာတိမ်ဂိုဏ်းစစ်ဆေးမှုအတွက် တာ၀န်ရှိသောသူသာဖြစ်မှန်း လူအုပ်ကြီးသိရှိခဲ့ကြ၏။
လူတိုင်း လည်တဆန့်ဆန့်ဖြင့် စစ်ဆေးသူ၏ ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
ပြောကြသည်မှာ အဇူရာတိမ်ဂိုဏ်း၏ ဂိုဏ်း၀င်ခွင့်စစ်ဆေးမှုက အတော်လေးခက်ခဲလှပြီး ဂိုဏ်းက တပည့်များလက်ခံရာတွင် အတော်လေးစည်းကမ်းတင်းကြပ်လှသည်ဟု ဆိုကြ၏။ လွန်ခဲ့သောနှစ်တစ်ရာအတွင်း သူတို့သည် ဂိုဏ်းတံခါးကို ငါးကြိမ်သာ ဖွင့်လှစ်ခဲ့ပြီး ဂိုဏ်းသား ၃ ယောက်ကိုသာ လက်ခံခဲ့သည်။
ဤတစ်ကြိမ်တွင်ရော မည်သူ ကံကောင်းသွားပါဦးမည်နည်း။
“မင်းတို့အားလုံး စစ်ဆေးမှုကိုအောင်မြင်တယ် ဂိုဏ်းထဲ၀င်ပြီးတာနဲ့ မင်းတို့က အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေဖြစ်လာကြလိမ့်မယ်” ၀တ်စုံဖြူနှင့်လူ နွေးထွေးစွာပြုံးကာ ပြောလိုက်၏။
“ငါကမင်းတို့ရဲ့ စီနီယာအစ်ကိုပဲ ငါ့ကိုမင်းတို့ ကျန်းယန် လို့ခေါ်နိုင်တယ်”
“ဘယ်လို!”
စစ်ဆေးမှုအတွက်စောင့်နေသောလူတိုင်း ကြောင်အသွားခဲ့ကြလေသည်။
သူတို့ဤအရာကို မယုံကြည်နိုင်ကြဘဲ ထိုလူက အဇူရာတိမ်ဂိုဏ်းကရော ဟုတ်ရဲ့လားလို့တောင် သံသယရှိသွားခဲ့ကြ၏။
စစ်ဆေးမှုက စတောင်မစရသေးဘဲ သူတို့အားလုံး အောင်မြင်သွားကြပြီတဲ့လား!
လူတိုင်း၏ ပထမဆုံးတုန့်ပြန်မှုက တစ်ခုခုကတော့ မှားနေပြီ ဆိုတာပင်။
ဘယ်တုန်းက အဇူရာတိမ်ဂိုဏ်း၏စစ်ဆေးမှုက အခုလောက် လွယ်သွားပါသနည်း။
ကျန်းယန် ပြုံးကာ မေးလိုက်လေသည်။
“မင်းတို့တွေ အဇူရာတိမ်ဂိုဏ်းကို မ၀င်ချင်ကြဘူးလား”
“ကျွန်တော် ၀င်ချင်ပါတယ်” ခပ်၀၀ကောင်လေးတစ်ယောက် ချက်ချင်းလက်မြှောက်ကာ ပြောလိုက်သည်။
အခြေအနေက မှားမှားမှန်မှန် ဘယ်သူက ဂရုစိုက်ပါမည်နည်း။ အရေးကြီးဆုံးက အရင်ဆုံးသဘောတူထားဖို့သာဖြစ်ပြီး အထူးသဖြင့် သူတို့တွင် ရွေးစရာမရှိသောအချိန်တွင် ဖြစ်၏။
တစ်ယောက်သဘောတူလိုက်သည်နှင့် အခြားသူများလည်း နောက်ကလိုက်ကာ သဘောတူကုန်ကြပြီး သူတို့ အဇူရာတိမ်ဂိုဏ်းထဲ ၀င်ချင်ကြောင်း ထုတ်ဖော်ကုန်ကြလေတော့သည်။
သူတို့ ဤစစ်ဆေးမှုသို့ ရောက်လာရသည့်အကြောင်းအရင်းမှာ အဇူရာတိမ်ဂိုဏ်းထဲ ၀င်ချင်ကြ၍ဖြစ်ပြီး အခုလို ဂိုဏ်းကအခွင့်အလမ်းကြီးတစ်ခုပေးနေသောအခါ အရင်ဆုံးသဘောတူလိုက်ဖို့က အကောင်းဆုံးပဲဟု သူတို့အားလုံး တွေးနေခဲ့ကြ၏။
အဇူရာတိမ်ဂိုဏ်းသည် ဂုဏ်သိက္ခာကြီးမားသော လမ်းမှန်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး အကယ်၍ ကိစ္စတစ်ခုခုရှိနေလျှင်တောင် အရမ်းတော့ မဆိုးဝါးလောက်ပေ။
“မင်းတို့အားလုံးအဇူရာတိမ်ဂိုဏ်းထဲ၀င်ဖို့ သဘောတူလိုက်ကြတာကို ငါ၀မ်းသာပါတယ်”
ကျန်းယန်ပြုံးကာ ခေါင်းညိတ်၍ ပြောလိုက်ပြီး တောက်ပနေသော ကျောက်စိမ်းပြားတစ်ပြားကိုထုတ်လိုက်လေသည်။
“ဒါက ငါတို့ဂိုဏ်းရဲ့ တပည့်စာရင်းမှတ်တမ်းပဲ မင်းတို့တစ်ယောက်ချင်းလာပြီး ဒီကျောက်စိမ်းပြားပေါ် မင်းတို့သွေးစက်ချရမယ် ပြီးရင်တော့ မင်းတို့ကအဇူရာတိမ်ဂိုဏ်းရဲ့ တပည့်အဖြစ် စာရင်းသွင်းပြီးသွားပြီပဲ”
ခပ်၀၀ကောင်လေး တုန့်ဆိုင်းနေခြင်းမရှိဘဲ ရှေ့သို့အမြန်တိုးလာကာ သူ့လက်ချောင်းကို ကိုက်လိုက်ပြီး သွေးများပေနေသော လက်ချောင်းဖြင့် ကျောက်စိမ်းပြားပေါ် ဖိချလိုက်၏။ ထိုအခါ ကျောက်စိမ်းပြားက အလင်းတစ်ချက်လက်သွားပြီး ဖက်တီးလေး၏ ပုံရိပ်က ကျောက်စိမ်းပြားပေါ် ပေါ်လာကာ စာရင်းသွင်းခြင်း အောင်မြင်သွားခဲ့သည်။
သူတကယ်ပဲ အဇူရာတိမ်ဂိုဏ်းထဲ၀င်နိုင်သွားသည်ကို တွေ့သောအခါ ဖက်တီးလေးနှလုံးသားထဲ ပေါ့ပါးသွားခဲ့ပြီး ပျော်ရွှင်စွာ မပြုံးဘဲ မနေနိုင်ခဲ့ပေ။
ထိုအရာက အမှန်တကယ်ပင် အဇူရာတိမ်ဂိုဏ်း၏ တပည့်စာရင်းမှတ်တမ်းမှန်း သိသွားကြသောအခါ အခြားသူများလည်း အလျင်အမြန်ပင် တိုးဝှေ့လာကြပြီး ကျောက်စိမ်းပြားပေါ် သူတို့သွေးစက်များ ချကုန်ကြတော့သည်။
စာရင်းမှတ်တမ်းတွင် ပုံရိပ်များတစ်ခုပြီးတစ်ခုပေါ်လာသောအခါ ထိုအဖြစ်အပျက်ကို တံခါးပိတ်ကျင့်ကြံနေသော ဂိုဏ်းချုပ် ချင်းယွင်ကျိ သတိထားမိသွားခဲ့၏။
“ကျန်းယန်!”
ကျယ်လောင်ကာ ကြောက်စရာကောင်းသောအသံကြီး အဇူရာတိမ်တောင်ထွတ်ပေါ်မှ ဒီရေလှိုင်းတစ်ခုလို တိုးထွက်လာပြီး လူတိုင်း၏နားထဲတွင် မိုးကြိုးသံကြီးလို ဟိန်းထွက်သွားခဲ့လေသည်။
“ဆရာ!”
ကျန်းယန်မျက်နှာပေါ်ရှိ အပြုံး အေးခဲသွားခဲ့၏။
“ဒီကိုအခုချက်ချင်း လာခဲ့!”
အသံကိုနားထောင်ရင်းပင် ချင်းယွင်ကျိ အံကိုကြိတ်ကာ ပြောနေခြင်းဖြစ်မှန်း လူတိုင်းကြားနိုင်ပေသည်။
ကျန်းယန် အမြန်ပြောလိုက်၏။
“ဆရာ သောကေရာက်မနေပါနဲ့ ဒီမှာစာရင်းသွင်းတာပြီးဖို့ လူနည်းနည်းကျန်နေသေးတယ် သူတို့ပြီးသွားရင် ကျွန်ဝောာ်ချက်ချင်း လာခဲ့မယ် အမြန်လုပ်ကြ အမြန်လုပ်ကြ ဘယ်သူစာရင်းသွင်းဖို့ ကျန်နေသေးတာလဲ မင်းတို့ဒီအခွင့်အရေးကိုလွတ်သွားရင် င့ါကိုအပြစ်မတင်နဲ့နော်”
ဤအခြေအနေနှင့်ပတ်သက်ပြီး တစ်ခုခုတော့မှားနေမှန်း အခြားသူများ သတိထားမိသော်လည်း ဤအရာက အမှန်တကယ်ပင် အဇူရာတိမ်ဂိုဏ်းကို၀င်ဖို့ အခွင့်အလမ်းကြီးတစ်ခု ဖြစ်နေခဲ့သည်။
ထို့ကြောင့် စာရင်းမသွင်းရသေးသောလူများ အလျင်အမြန်ပင် တိုးဝှေ့ပြီး မှတ်တမ်းတင်ခြင်း ပြီးဆုံးစေရန် လောကုန်ကြတော့သည်။
အားလုံးပြီးဆုံးသွားသောအခါ ကျန်းယန် ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ပြီး လူတိုင်းကို ပြောလိုက်၏။
“မင်းတို့ကအခု အဇူရာတိမ်ဂိုဏ်းရဲ့ တပည့်တွေ ဖြစ်သွားကြပြီ မင်းတို့အရင်ဆုံးလုပ်ရမယ့် အလုပ်က တောင်တက်လမ်းအတိုင်းအပေါ်ကို တက်လာကြဖို့ပဲ ငါမင်းတို့ကို ဂိုဏ်းရဲ့ ပင်မခန်းမထဲမှာစောင့်နေမယ်”
ပြောပြီးသည်နှင့် သူတောင်ထွတ်ပေါ် ခုန်တက်သွားခဲ့လေသည်။
အခြားသူများလည်း အကြည့်ခြင်းဖလှယ်လိုက်ကြပြီး တောင်တက်လမ်းအတိုင်း အတူတူပြေးလွှားတက်ကုန်ကြ၏။
ကျန်းယန် အမျိုးသမီးရော အမျိုးသားပါပါ၀င်သော လူခုနှစ်ယောက် ထိုင်နေသည့် ပင်မခန်းမထဲသို့ ပျံသန်းလာခဲ့သည်။ ခန်းမအလယ်တွင်တော့ ချင်းယွင်ကျိ ထိုင်နေခဲ့၏။
ထိုအခိုက်တွင် ချင်းယွင်ကျိ သူ့ဘယ်ဘက်တွင်ထိုင်နေသည့် ရှုပ်ပွနေသောဆံပင်များနှင့်လူကို ဒေါသတကြီးကြည့်လိုက်ကာ ဆူလိုက်လေသည်။
“တတိယညီလေး ငါမင်းကို ဒီကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တာ၀န်ယူဖို့ တာ၀န်ပေးထားခဲ့တာ မင်းကဘယ်လိုလုပ် ဒီလောက်အရေးကြီးတဲ့ကိစ္စကို အဲ့ဒီကောင်စုတ်လေးကို ကိုင်တွယ်ခိုင်းလိုက်ရတာလဲ”
တတိယညီလေးမကျေမနပ်ပြန်ကြည့်လိုက်ကာ
“ကျွန်တော် ဆေးတစ်သုတ်ဖော်နေရင်း ခက်ခဲတဲ့အဆင့်ကိုရောက်နေပြီးတော့ အလုပ်ရှုပ်နေခဲ့တာ အဲ့တာနဲ့ ကျွန်တော် ကျန်းယန်ကို ကျွန်တော့်အစားသွားပေးဖို့ ပြောခဲ့တာလေ ကျွန်တော်သူ့ကို ဂိုဏ်းကဒီတစ်ကြိမ်ဘယ်တပည့်ကိုမှ လက်မခံဘူးနော်လို့တောင် သတိပေးခဲ့သေးတယ် ကျွန်တော်မေးချင်ပါတယ် စီနီယာအစ်ကိုဂိုဏ်းချုပ် ကျွန်တော်တို့အကုန်လုံးကို ဒီခေါ်ရလောက်အောင် ဘာများဖြစ်ခဲ့လို့လဲ”
အဇူရာတိမ်ဂိုဏ်းတစ်ခုလုံးကို စုဝေးပြီဆိုကတည်းက ကြီးမားသောကိစ္စတစ်ခုခုကတော့ ဖြစ်သွားခဲ့ချေပြီ။
တစ်ယောက်ယောက်က အဇူရာတိမ်ဂိုဏ်းကို တိုက်ခိုက်ပြီး ဂိုဏ်း၏ရှင်သန်ရေးကို ခြိမ်းခြောက်နေခြင်းပေလော။
“ဘာဖြစ်ခဲ့လို့လဲ တဲ့လား” ချင်းယွင်ကျိ ပျံသန်းလာသော ကျန်းယန်ကိုတွေ့သောအခါ တုန်ရီလာပြီး သူ့ကိုလက်ညှုိးထုိးလိုက်ကာ ပြောလိုက်၏။
“သူ့ကိုမေးကြည့် သူဘာလုပ်ခဲ့လဲ သူ့ကိုမေးကြည့် ကောင်စုတ်လေး စာရင်းမှတ်တမ်းကိုထုတ်ပြီး သူတို့ကိုပြလိုက်စမ်း”
“ကျွန်တော် တပည့်နည်းနည်းပဲ လက်ခံခဲ့တာပါ” ကျန်းယန် ခပ်တိုးတိုးရေရွတ်လိုက်ပြီး စာရင်းမှတ်တမ်းကိုထုတ်ကာ အသက်သွင်းလိုက်လေသည်။
စာရင်းမှတ်တမ်းမှ ပုံရိပ်များတစ်ခုပြီးတစ်ခုပေါ်လာသောအခါ လူတိုင်းတုန်လှုပ်သွားကြပြီး တတိယညီလေးကို ဒေါသတကြီး ဆူကုန်ကြ၏။
“မင်းကတကယ်ပဲမျှော်လင့်ချက်မရှိတော့ဘူး ဂိုဏ်းရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားလို ကိစ္စမျိုးကို ကျန်းယန်လက်ထဲအပ်လိုက်ရအောင် မင်းဆေးတွေက ဘယ်လောက်အရေးကြီးနေလို့လဲကွ”
တတိယညီလေး သူ့ရင်ဘတ်သူဆုပ်ကိုင်ထားကာ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
ချင်းယွင်ကျိ သက်ပြင်းမောကြီးတစ်ချက်ချလိုက်ပြီး
“နှစ်သုံးရာနီးနီးအတွင်းမှာ ငါတို့ အဇူရာတိမ်ဂိုဏ်းက တပည့် ၇ ယောက် ၈ ယောက်ပဲ လက်ခံခဲ့တယ် ဒီတစ်ကြိမ်တော့ တစ်ကြိမ်တည်းနဲ့ တပည့် ၈၀ ကျော်လက်ခံခဲ့တယ်…ကောင်းကင်က ငါတို့အဇူရာတိမ်ဂိုဏ်းအပေါ် ကပ်ဘေးကြီးတစ်ခု ကျရောက်စေခဲ့ပြီပဲ!”
“ဆရာ ဦးလေးတို့ ဒီကိစ္စက အဲ့လောက်လည်း အသည်းအသန်ဖြစ်စရာမလိုပါဘူး” ကျန်းယန် အမြန်ပြောလိုက်၏။
“ကောင်စုတ်လေး မင်းနားမလည်ပါဘူး တပည့်တွေလက်ခံတယ်ဆိုတာက သူတို့အတွက် ကျင့်ကြံခြင်းအရင်းအမြစ်တွေလည်း ထောက်ပံ့ပေးရမယ်လို့ ဆိုလိုတယ်ကွ” ချင်ယွမ်ကျိ စိတ်ပူနေသောအမူအရာဖြင့် ပြောလိုက်သည်။
“ငါတို့ အဇူရာတိမ်ဂိုဏ်းက ဆင်းရဲတယ်ကွ လက်ရှိအရင်းအမြစ်တွေနဲ့ဆိုရင် ငါတို့အတွက်လောက်ပဲ လုံလောက်တာ…တကယ်လို့ ဂိုဏ်းမှာဘယ်သူမှမရှိတော့မှာကိုသာ ကြောက်စရာမလိုရင် လွန်ခဲ့တဲ့ဆယ်နှစ်က ငါတို့မင်းကိုတောင် တပည့်အဖြစ်လက်ခံခဲ့မှာ မဟုတ်ဘူး
အခုမင်းက တောင်ပေါ်ကို လူတွေအများကြီးခေါ်လာတယ် ငါတို့သူတို့ရဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေအတွက် ဘယ်လိုထောက်ပံ့မှာလဲ
တပည့်တွေလက်ခံတယ်ဆိုတာ လက်ခံရုံနဲ့မရဘူးကွ သူတို့အတွက်တာ၀န်ယူပေးဖို့လည်းလိုတယ်”
သူတို့ ခုနှစ်ယောက်အတွက် ကျန်းယန်ကိုဘယ်လိုပျိုးထောင်ပေးရမလဲဆိုတာကိုတောင် ခေါင်းကိုက်နေရချိန်တွင် ယခုအခါ တောင်ပေါ်သို့ လူပေါင်းများစွာရောက်ရှိလာလေရာ လူတိုင်း သူတို့မျက်လုံးရှေ့ရှိ အမှောင်ထုကြီးကို ခံစားလိုက်ကြရ၏။
“အကြီးအကဲတို့ ကျွန်တော်ပြောပါရစေဦး”
ကျန်းယန် သူ့အသံကို မြှင့်လိုက်လေသည်။
“ကျွန်တော်တို့ဂိုဏ်းက ဆင်းရဲနေတယ်ဆိုမှတော့ ဂိုဏ်းကို ကျွန်တော်တို့ ပြန်ပြီးတည်ဆောက်ရမယ် တကယ်လို့မလုပ်ဘူးဆိုရင် အနှေးနဲ့အမြန်ဂိုဏ်းကပျက်ဆီးသွားရမှာပဲ နောက်ပြီးတော့ ဒီပြုပြင်ပြောင်းလဲမှုကို ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားနဲ့ စတင်ရမယ်”
“ပြုပြင်ပြောင်းလဲဖို့လား”
အကြီးအကဲများ စိတ်ရှုပ်ထွေးသွားဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
သူတို့ကျန်းယန်ကိုတောင်ပေါ်ခေါ်လာပြီးကတည်းက ကျန်းယန်ဆီမှ ထိုကဲ့သို့သော စကားလုံးအသစ်အဆန်းများ ကြားရတတ်ခဲ့သည်။
သို့သော် ထိုစကားလုံးများက နားလည်ရလည်းမခက်ခဲ့ဘဲ ဆိုလိုရင်းကို သူတို့အလွယ်တကူပင် ဖမ်းဆုပ်နိုင်ခဲ့၏။
“ဆရာ ကျွန်တော်အဇူရာတိမ်မှတ်တမ်းကို ဖတ်ပြီး အဇူရာတိမ်ဂိုဏ်းရဲ့ သမိုင်းကို သင်ယူခဲ့ပါတယ် လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ကျွန်တော်တို့ဂိုဏ်းက ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ခဲ့တာ ဂိုဏ်းရဲ့အထွတ်အထိပ်အချိန်တုန်းကဆိုရင် တပည့်တစ်ထောင်နဲ့ ကျယ်ပြန့်လွန်းတဲ့နယ်မြေတွေကို ပိုင်ဆိုင်ခဲ့တယ် အခုတော့ အကြီးအကဲတို့အားလုံးနဲ့ ကျွန်တော်အပါအ၀င်မှ လူရှစ်ယောက်ပဲ ရှိတော့တယ် တကယ်လို့ ဘိုးဘေးတွေသာ အဇူရာတိမ်ဂိုဏ်းဒီလောက် ကျဆင်းသွားခဲ့မှန်းသိရင် အခေါင်းထဲကနေတောင် ဒေါသတကြီးခုန်ထွက်လာကြလောက်တယ် ဘာလို့ကျွန်တော်တို့ရဲ့ ကြီးမြတ်တဲ့ အဇူရာတိမ်ဂိုဏ်းက ဒီအခြေအနေထိ ကျဆင်းသွားခဲ့ရတာလဲ
ပထမဆုံးအကြောင်းပြချက်ကတော့ လူမရှိလို့ပဲ
လူသာရှိနေရင် ကိစ္စတွေကို ပြီးမြောက်သွားေစနိုင်တယ်
အဲ့တာကြောင့် ပြုပြင်ပြောင်းလဲရေးရဲ့ ပထမဆုံးအဆင့်က တပည့်တွေလက်ခံဖို့ပဲ”
ကျန်းယန် စိတ်အားထက်သန်စွာ ပြောလိုက်ပြန်သည်။
“ကျွန်တော်ဒီကိစ္စကို ဟိုးအရင်ကတည်းက လုပ်ချင်နေခဲ့တာ ဒါပေမယ့်အကြီးအကဲတို့က တစ်ခါမှ ခွင့်မပြုခဲ့ဘူး ဒီတစ်ကြိမ်တော့ ကျွန်တော် ပြုပြင်ပြောင်းလဲရေးရဲ့ ပထမအဆင့်ကိုအကောင်အထည်ဖော်ဖို့ အခွင့်အရေးရခဲ့တယ် တပည့်ဒါဇင်နဲ့ချီ လက်ခံပြီးတော့ အဇူရာတိမ်ဂိုဏ်းက ကြွယ်၀လာလိမ့်မယ်!”
အဇူရာတိမ်သားတော် ၇ ပါး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး တွေးနေမိ၏။
ကြွယ်ဝဖို့လား!
လုံး၀ပျက်ဆီးသွားဖို့နဲ့ ပိုတူနေတယ်နော်!