ငါမင်းတို့ကို အမတကျင့်ကြံခြင်း သင်ပေးမယ်
Vol. 1 Ch. 2
ချင်းယွင်ကျိ ညီလေး ၃ ကို ဒေါသတကြီး ကြည့်လိုက်ပြန်၏။ တကယ်လို့ သူသာ ပျင်းမနေခဲ့ဘူးဆိုလျှင် ဒီတစ်ကြိမ်လည်း ဘာပြဿနာမှ ရှိခဲ့မည် မဟုတ်ပေ။
ဘာကို ပြုပြင်ပြောင်းလဲမှာလဲ!
ဘာပဲဖြစ်ဖြစ် သူတို့သည် လက်ရှိအခြေအနေအတိုင်း ဂုဏ်သိက္ခာမပျက် နေနိုင်နေဆဲဖြစ်ပြီး ကျန်းယန်လုပ်ရမည်က သူတို့အားလုံးမရှိတော့မည့်အချိန်ကို စောင့်ရန်သာလိုခြင်းဖြစ်သည်။ ထိုအချိန်ရောက်လျှင်တော့ ကျန်းယန်တစ်ယောက်တည်း ကျန်ခဲ့မည်ဖြစ်ပြီး သူဘာလုပ်လုပ် ကိစ္စမရှိတော့ပေ။ သူတို့လည်း ဘာမှအလုပ်ရှုပ်တော့မှာ မဟုတ်ပေ။
အခုတော့ တာ၀န်များအားလုံးက သူတို့ပုခုံးပေါ် ကျလာခဲ့ချေပြီ။
စိတ်အားထက်သန်နေသော ကျန်းယန် ချင်းယွင်ကျိ ရှေ့သို့ရောက်ရန် ခြေလှမ်းအနည်းငယ်ရှေ့တက်လိုက်ပြီး သူ့ရှေ့တွင်ရပ်ကာ သူ့ဆရာကိုကြည့်ရင်း ပြောလိုက်၏။
“ဆရာ ဆရာ့နှလုံးသားက တာအိုကိုရှာဖွေတဲ့နေရာမှာပဲ မယိမ်းမယိုင်ရှိနေပြီး အမတနယ်ပယ်ကိုတက်လှမ်းဖို့က ဆရာအမြဲရည်မှန်းထားတဲ့ ပန်းတိုင်ဖြစ်မှန်း ကျွန်တော်သိပါတယ်
အခုဆရာဂိုဏ်းကိစ္စတွေအားလုံးကို ဘေးချိတ်ထားပြီး ကြိုးစားတာတောင် ဒီနှစ်တွေအတွင်း ဝိညာဉ်အခြေတည်အဆင့်ကိုပဲ ရောက်တာ ဘာလို့လဲ
ဘာလို့လဲဆိုတော့ ဆရာ့ပါရမီဘယ်လောက်ကောင်းကောင်း ဆရာဘယ်လောက်ကြိုးစားကြိုးစား ဆရာ့မှာ ကျင့်ကြံဖို့ အရင်းအမြစ်လစ်လပ်နေလို့ပဲ
တကယ်လို့ ဆရာ့မှာသာ လုံလောက်တဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးဝါးတွေရှိနေမယ်ဆိုရင် ဆရာအခုအချိန် ပေါင်းစည်းခြင်းအဆင့်ကိုတောင် ရောက်နေမှာမဟုတ်လား
တကယ်လို့ ပြုပြင်ပြောင်းလဲပြီးတဲ့အခါ ဆရာကျင့်ကြံဖို့ လုံလောက်တဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေ ဆေးဝါးတွေရှိလာမယ်ဆိုရင်ရော ဆရာ ပြုပြင်ပြောင်းလဲချင်ဦးမှာလား”
ချင်းယွင်ကျိ၏ တည်ငြိမ်လာတာကြာပြီဖြစ်သော တာအိုနှလုံးသား အနည်းငယ်လှုပ်ခတ်သွားခဲ့သည်။ သို့သော် သူဘာမှမပြောခဲ့ပေ။
သူသည် ရှင်သန်နေထိုင်လာတာ နှစ်ရာချီကြာမြင့်နေပြီဖြစ်ပြီး အဘယ်သို့ အလွယ်တကူဖြင့် သူ့နေထိုင်မှုပုံစံကို ပြောင်းလဲပစ်နိုင်မည်နည်း။
ကျန်းယန် သူ့ညာဘက် ထိပ်ဆုံးရှိ အစိမ်းရောင်၀တ်စုံ၀တ်လူကို မေးလိုက်ပြန်၏။
“ဆရာဦးလေး လင်းယွမ် ဆရာဦးလေးက ဓားကျင့်ကြံသူတစ်ယောက်ပါ ဓားကျင့်ကြံသူတစ်ယောက်အတွက် အရေးကြီးဆုံးအရာက ဓားသိုင်းလေ့ကျင့်ဖို့ပဲ ဆရာဦးလေးက ဆရာဦးလေးရဲ့ဓားပျံကို အရမ်းတန်ဖိုးထားတယ် ဆရာဦးလေးရဲ့ဓားပျံက ဆရာဦးလေးရဲ့ ဇနီးမယားတစ်ယောက်လိုပဲ ဒါပေမယ့် ဒီနှစ်တွေမှာ ဆရာဦးလေးရဲ့ ဒုတိယဇနီးကဆိုးရွားလွန်းတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတယ် သူ့အတွက် ဝါးမြိုဖို့ဘယ်ရှားပါးတဲ့ ရတနာမှမရခဲ့ဘူး အဲ့ဒီအဖြစ်အပျက်က ဆရာဦးလေးရဲ့ နှလုံးသားကို မနာကျင်စေဘူးလား”
အစိမ်းရောင်၀တ်လူ လက်ချောင်းများကိုသာပွတ်နေပြီး အမူအရာကင်းမဲ့နေခဲ့သည်။
“ဆရာဦးလေး ၃ ဆရာဦးလေးရဲ့ ဆေးတာအိုအတွက် တည်ငြိမ်တဲ့စိတ်ဝိညာဉ်ဆေးရွက်အထောက်အပံ့တွေ မလိုချင်ဘူးလား”
ကျန်းယန် ဆရာဦးလေး ၃ ကို ပြုံး၍ကြည့်ကာ ပြောလိုက်၏။
ဆရာဦးလေး ၃ ပြုံးဖြဲဖြဲလုပ်လိုက်လေသည်။ သူသည် ဆေးတာအိုအပေါ် သူ၏အရာအားလုံးမြှုပ်နှံထားသူဖြစ်ပြီး မဟုတ်လျှင် ကျမ်းသစ္စာကျိန်ဆိုပွဲလို အခမ်းအနားမျိုးကို ကျန်းယန်ကိုပေးလိုက်မည် မဟုတ်ပေ။
“ဆရာဒေါ်လေး ၄ ကျွန်တော်ကြားတာတော့ ဆရာဒေါ်လေးရဲ့ နုပျိုမှုကို ထိန်းသိမ်းပေးထားနိုင်တဲ့ နုပျိုဆေးမျိုးရှိတယ်တဲ့ ကံဆိုးစွာနဲ့ အဲ့တာကဈေးကြီးတယ် ဆေးတစ်လုံးကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းလောက်ကုန်ကြနိုင်တယ်” ကျန်းယန် အစိမ်းရောင်ဂါ၀န်၀တ်အမျိုးသမီးကိုကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။
အစိမ်းရောင်ဂါ၀န်၀တ်အမျိုးသမီး သက်ပြင်းချလိုက်ကာ ချင်းယွင်ကျိကို မကျေနပ်သောအကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်၏။
ချင်းယွင်ကျိ မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။ သူတို့ အဇူရာတိမ်ဂိုဏ်းက ဆင်းရဲလွန်းလေရာ အဘယ်သို့ နုပျိုဆေးလိုဆေးမျိုးကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းပေး၍ ၀ယ်နိုင်ပါမည်နည်း။
သူကျန်းယန်ကိုသာ ဒေါသတကြီးကြည့်လိုက်ပြီး ထိုကောင်စုတ်လေးကို တပည့်အဖြစ်လက်ခံမိခဲ့တာကို နောင်တရနေခဲ့သည်။
ကျန်းယန် အနက်ရောင်၀တ်လူထံ ချဉ်းကပ်သွားခဲ့ပြီး စားပွဲကိုတစ်ချက်ရိုက်လိုက်ကာ မေးလိုက်ပြန်၏။
“ဆရာဦးလေး ၅ ဆရာဦးလေးက နေ့တိုင်း တစ်နေကုန် အဆောင်စာရွက်တွေရအောင် ဖင်ညောင်းတဲ့ထိထိုင်ဆွဲနေရတာ ဆရာဦးလေးရော စိတ်ဝိညာဉ်အဆင့် အဆောင်စုတ်တံတစ်ချောင်းနဲ့ မထိုက်တန်ဘူးလား”
သူ့အပြုအမူများက သူသည် ဦးလေး ၅ နှင့်ရင်းရင်းနှီးနှီးဆက်ဆံလေ့ရှိကြောင်း ပြသနေခဲ့သည်။
ဦးလေး ၅ ခပ်ဟဟရယ်မောလိုက်ကာ ကျန်းယန်ကိုယ်ပေါ် လက်တင်လိုက်ပြီး ပြောလိုက်၏။
“ငါ့ကို အဆောင်စုတ်တံကောင်းတာလေးတွေ ပေးမယ်ဆိုရင်ရော ကောင်စုတ်လေး ပြောတော့လွယ်တယ်ကွ အဇူရာတိမ်ဈေးမှာ အညံ့ဆုံးအဆောင်စာရွက်တောင် တစ်ရွက်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ ကျတယ်ကွ ဒါပေမယ့် အညံ့ဆုံးအဆောင်စာရွက်ရဖို့တောင် ငါစာရွက်အကြမ်းဘယ်လောက်ကုန်မယ်ထင်လဲ”
စာရွက်ကြမ်းများပေါ်တွင် ဆွဲသော အဆောင်စာရွက်များကပင် သာမန်လူများအတွက်တော့ သက်ရောက်မှုအချို့ ရှိနေသေးပေသည်။
သို့သော် ဈေးကတော့မကောင်းလှပေ။
ကျန်းယန်ခေါင်းကိုသာ ယမ်းလိုက်မိ၏။ သူ့ဆရာဦးလေး၅ က အဇူရာတိမ်တောင်အတွက် ငွေရှာပေးနေခြင်းကို သူသိပေသည်။ လူပေါင်းများစွာက လူတစ်ယောက်တည်း၏ ငွေကြေးကိုသာ မှီခိုနေလေရာ သူတို့အဘယ်သို့ မဆင်းရဲဘဲ နေပါတော့မည်နည်း။
“အဲ့တာကြောင့် ကျွန်တော်တို့ ပြုပြင်ပြောင်းလဲဖို့ လိုနေတာပဲ”
ကျန်းယန်ခေါင်းညိတ်ကာ ပြောလိုက်ပြီး သူ့အကြည့်က ကျန်ရှိသော ဆရာဦးလေး ၂ယောက်ကို သိမ်းကြုံးကြည့်လိုက်ပြီးနောက် ချင်းယွင်ကျိ ဆီပြန်သွားခဲ့လိုက်သည်။
“ဆရာ အဇူရာတိမ်တောင်ရဲ့ ပြဿနာတွေက အရေးပေါ်ဖြစ်နေပြီ ပြုပြင်ပြောင်းလဲဖို့က အရမ်းအရေးကြီးနေပြီ”
လူတိုင်း၏မျက်လုံးများ ချင်းယွင်ကျိဆီလှည့်လိုက်ကြ၏။
ချင်းယွင်ကျိ သူ့မေးစေ့ကိုသာပွတ်နေပြီး တိတ်ဆိတ်နေကာ ငြင်းလည်းမငြင်းသလို သဘောလည်းမတူခဲ့ပေ။
ကျန်းယန် အလောတကြီးထပ်ပြောလိုက်ပြန်သည်။
“ဆရာ ဆရာအဆုံးထိကျင့်ကြံနိုင်ပြီးတော့ အမတနယ်မြေဆီကို အောင်အောင်မြင်မြင် တက်လှမ်းသွားတဲ့အချိန် အဲ့ဒီမှာ ဘိုးဘေးတွေနဲ့တွေ့တဲ့အခါ သူတို့က လက်ရှိအဇူရာတိမ်ဂိုဏ်းအကြောင်းမေးရင် ဘယ်လိုဖြေမလဲ အငယ်မျိုးဆက်တွေက အရမ်းဆင်းရဲပြီး တပည့်တွေတောင်လက်မခံနိုင်တော့ဘူးလို့ ဆရာဖြေမှာလား နှစ်ထောင်ချီအမွေအနှစ်တွေနဲ့ ဂိုဏ်းတစ်ဂိုဏ်းက အခုလို လူနည်းနည်းလေးပဲ ကျန်ခဲ့တဲ့အထိ ဆုတ်ယုတ်သွားရတော့မှာလား
ဆရာအဲ့လိုပြောနိုင်လို့လား
တကယ်လို့ ဆရာအမတနယ်မြေဆီတက်လှမ်းမသွားနိုင်ဘဲ သေဆုံးသွားရမယ်ဆိုရင်တောင် ဘိုးဘေးတွေနဲ့ မြေအောက်ကမ္ဘာမှာတွေ့ရင် ဆရာသူတို့ကို ဘယ်လိုပြောမှာလဲ
လက်ရှိဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဆရာ့မှာ ဒီဂိုဏ်းရဲ့အဆင့်အတန်းမြင့်မားလာရေးအတွက် လုံး၀တာ၀န်ရှိပါတယ်
အခု ကျွန်တော်က ဆရာ့တာ၀န်ကိုယူပြီး အဇူရာတိမ်ဂိုဏ်းကို ပြုပြင်ပြောင်းလဲပြီး ကယ်တင်ချင်တာတောင် ဆရာက သဘောမတူသေးဘူးလား”
ကျန်းယန် အထက်စီးမှနေကာ သူ့ဆရာကို ရက်စက်သောစကားလုံးများဖြင့် ပြောသတ်နေခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူ့တွင် ရွေးချယ်စရာမရှိသောကြောင့်ပင်။
ချီသန့်စင်ခြင်းကို နေ့တိုင်းကျင့်ကြံနေရင်း သူ့ကျင့်ကြံခြင်းက ခရုတစ်ကောင်လို နှေးကွေးနေခဲ့သည်။ သူကျင့်ကြံလေလေ ပိုပြီးစိတ်တိုလာလေလေပင်။
ဤနှုန်းဖြင့်ဆိုပါက သူနှစ်ပေါင်းရာချီ ချီသန့်စင်နေလျှင်တောင် ဘာမှအောင်မြင်လာမည်မဟုတ်ဘဲ အသက်ကြီးပြီးသာ သေဆုံးသွားရပေလိမ့်မည်။
ပို၍အရေးကြီးသည်မှာ ချင်းယွင်ကျိနှင့်အခြားအကြီးအကဲများက ရှင်းလင်းစွာပင် သူ့ကိုနောက်တက်မည့် ဂိုဏ်းချုပ်ဖြစ်စေချင်နေကြခြင်း ဖြစ်သည်။
ထိုအဖိုးကြီးများ အမတနယ်မြေသို့ တက်လှမ်းသွားပြီး သို့မဟုတ် သေဆုံးသွားပြီးလျှင် အဇူရာတိမ်ဂိုဏ်းထဲတွင် သူတစ်ယောက်တည်းသာ ကျန်ရှိမည်ဖြစ်ပြီး ထိုကဲ့သို့ အထီးကျန်ရမည့်အဖြစ်မျိုးကို တွေးမိရုံနှင့်ပင် သူ့ကျောရိုးများ အေးစိမ့်သွားခဲ့ရ၏။
ထိုအချိန်ရောက်လျှင် ပြုပြင်ပြောင်းလဲခြင်းက သူ့အလိုကျဖြစ်လာမည်ဖြစ်သော်လည်း သူသည် နှစ်ပေါင်းရာနှင့်ချီကာ အချိန်ဖြုန်းပြီးသားလည်း ဖြစ်နေပေလိမ့်မည်။
နောက်ထပ်ကိစ္စတစ်ခုမှာ ပြုပြင်ပြောင်းလဲရာတွင် ထိုအဖိုးကြီးများ၏ ကျွမ်းကျင်မှုများကို ထည့်မသုံးလျှင် နှမြောစရာဖြစ်နေပေလိမ့်မည်။
အခြား စီနီယာအစ်ကိုများညီမလေးများကတော့ ကျန်းယန် ချင်းယွင်ကျိကိုထိပ်တိုက်ရင်ဆိုင်နေသည်ကို ကြည့်ကာ အနည်းငယ်အံ့အားသင့်နေခဲ့ကြပြီး ချင်းယွင်ကျိ၏ အမူအရာကို အကဲခတ်နေခဲ့ကြသည်။
သူတို့ဂိုဏ်းချုပ် စီနီယာအစ်ကိုတွင် မည်ကဲ့သို့သော စွမ်းရည်များရှိမှန်း သူတို့ကောင်းကောင်းသိကြပြီး အကယ်၍သူသာ ဒေါသထွက်လာလျှင် သူတို့လည်း ကိုင်တွယ်နိုင်ကြမည်မဟုတ်ပေ။
ချင်းယွင်းကျိ အမူအရာကင်းမဲ့နေသော်လည်း သူ့ဆုပ်ထားသော လက်သီးပေါ်ရှိ ထောင်ထွက်နေသောသွေးကြောကြီးများက သူ့စိတ်အတွင်းထဲက ကသောင်းကနင်းဖြစ်နေမှုကို ဖော်ပြနေခဲ့သည်။
သူ့စိတ်ထဲတွင် ကြိတ်၍ ကျိန်ဆဲနေခဲ့၏။ ဤကောင်စုတ်လေးသာ ထိုအချိန်က အလွန်ရိုကျိုးတတ်သောအမူအရာမျိုးမပြခဲ့ဘူးဆိုလျှင် သူမည်ကဲ့သို့ ထိုကောင်စုတ်လေးကို တောင်ပေါ်ခေါ်ခဲ့ပါမည်နည်း။
ငါပြဿနာရှာတတ်တဲ့တပည့်တစ်ယောက်ခေါ်လာမိတာပဲ!
အချိန်တခဏကြာပြီးနောက် ချင်းယွင်ကျိ အံကြိတ်ရင်းထွက်လာသော အသံမျိုးဖြင့် သူ့ပါးစပ်ထဲမှ စာကြောင်းတစ်ကြောင်းထွက်ကျလာခဲ့လေသည်။
“ဒီပြုပြင်ပြောင်းလဲမှုက…”
ကျန်းယန်ပြတ်ပြတ်သားသား လက်ယမ်းပြလိုက်ကာ
“ဆရာ ဆရာဘာကိုမှစိတ်ပူစရာမလိုပါဘူး ဆရာ့တံခါးပိတ်ကျင့်ကြံခြင်းမှာသာ အာရုံစိုက်ထား နောက်တစ်ကြိမ်ဆရာပြန်ထွက်လာရင် ရလဒ်တွေကို မြင်ရလိမ့်မယ်”
“ကောင်းပြီ ငါတံခါးပိတ်ကျင့်ကြံခြင်းတစ်နှစ်၀င်မယ်!”
ချင်းယွင်ကျိ အံကိုကြိတ်လိုက်ကာ
“တကယ်လို့ တစ်နှစ်အတွင်း ငါရလဒ်တွေကိုမမြင်ရဘူးဆိုရင် ငါမင်းကိုဘယ်လိုအပြစ်ေပးမလဲဆိုတာကိုသာ စောင့်နေလိုက်တော့”
ကျန်းယန်မျက်ခုံးပင့်ကြည့်လိုက်ကာ
“တစ်နှစ်လား ဆရာပြုပြင်ပြောင်းလဲခြင်းရဲ့ ရလဒ်တွေကို နှစ်၀က်အတွင်းသိရလိမ့်မယ်”
“ငါနှစ်၀က်တံခါးပိတ်ကျင့်ကြံမယ်!”
ချင်းယွင်ကျိ ပြောပြီး လှည့်ထွက်သွားခဲ့လေသည်။
“နေပါဦး” ကျန်းယန် အလောတကြီးလှမ်းခေါ်လိုက်၏။
“အခုရော ဘာကိစ္စလဲ” ချင်းယွင်ကျိ ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်သည်။
ကျန်းယန်ပြုံးလိုက်ကာ ချင်းယွင်ကျိဆီလက်ဖြန့်လိုက်ပြီး
“ဆရာ ပြုပြင်ပြောင်းလဲရေးအောင်မြင်ဖို့အတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို ဂိုဏ်းချုပ်တံဆိပ်ပြားပေးပါ ကျွန်တော်အဇူရာတိမ်ဂိုဏ်းထဲမှာ အမြင့်ဆုံးအာဏာရှိဖို့ လိုတယ်လေ!”
အဇူရာတိမ်ဂိုဏ်းက ဆင်းရဲသော်လည်း ဂိုဏ်းတွင် အုတ်မြစ်ကတော့ ရှိနေသေးသည်။
ဤအုတ်မြစ်ကို စီမံဖို့က ဂိုဏ်းချုပ်တံဆိပ်ပြားလိုအပ်၏။
ချင်းယွင်ကျိ အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး သာမန်အတိုင်းတံဆိပ်ပြားတစ်ပြားကို ပစ်ပေးလိုက်ကာ ပျောက်ကွယ်သွားခဲ့လေသည်။
သူဂိုဏ်းချုပ်တံဆိပ်ပြားကို ကျန်းယန်ဆီတိုက်ရိုက်လွှဲပြောင်းပေးလိုက်၏။
အခြားသူများကတော့ တစ်ယောက်ကိုတစ်ယောက်သာ ကြည့်လိုက်မိကြသည်။ ခုနကဖြစ်သွားသောအရာက အာဏာလွှဲပြောင်းခြင်းပေလော။
ကျန်းယန်ကတော့ မကြောက်လန့်သွားခဲ့ပေ။ တံဆိပ်ပြားကိုသာ အေးအေးဆေးဆေးသိမ်းထားလိုက်၏။ ထို့နောက် အစွန်တွင်ထိုင်နေသော အဖြူရောင်၀တ်စုံ၀တ်အမျိုးသမီးကို ပြုံးပြလိုက်ကာ
“ဆရာဒေါ်လေး ၇ ကျွန်တော်အဇူရာတိမ်ဂိုဏ်းရဲ့ ဘဏ္ဍာရေးမှတ်တမ်းကို ကြည့်ချင်ပါတယ်”
ဂိုဏ်း၏ ဘဏ္ဍာရေးကို ဆရာဒေါ်လေး ၇ က စီမံခြင်း ဖြစ်ပေသည်။
ဆရာဒေါ်လေး ၇ အားရပါးရရယ်မောလိုက်ပြီး ငွေစာရင်းစာအုပ်များကို ကျန်းယန်ဆီသို့ အာလူးပူတစ်လုံးလို ပစ်ပေးလိုက်၏။
“ဒီမှာပဲ ငါလည်းဒီအရှုပ်ထုပ်ကြီးကို မကိုင်ချင်တော့ဘူး နေ့တိုင်းရတဲ့ စိတ်ဝိညာဉ်ကျောက်တုံးလေးကမှ နည်းနည်းလေးနဲ့ မကျေမနပ်ဖြစ်တာက ခံရသေးတယ်”
ထိုအခိုက်တွင် ခန်းမအပြင်မှ ဆူညံသံများ ထွက်ပေါ်လာခဲ့လေသည်။
အဇူရာတိမ်ဂိုဏ်းက အမြဲတိတ်ဆိတ်နေတတ်ပြီး ဧည့်သည်များလည်း လာလေ့မရှိသောကြောင့် အကြီးအကဲများ တခဏ ငေးကြောင်သွားခဲ့ကြ၏။
ထို့နောက်တွင်မှ တောင်ဂိတ်တံခါးမှ ပင်မခန်းမဆီသို့ အပြေးအလွှားရောက်လာကြသော အသစ်ခန့်လိုက်သည့် တပည့်များကို သတိရသွားခဲ့ကြသည်။
“မင်းခန့်လိုက်တဲ့လူတွေ မင်းပဲကိုင်တွယ်လိုက်!”
အကြီးအကဲခြောက်ယောက်လုံး တညီတညွှတ်တည်း ပြောလိုက်ကြကာ ကျန်းယန်တစ်ယောက်တည်းထားခဲ့ပြီး လျင်မြန်စွာ အသီးသီးပျောက်ကွယ်သွားခဲ့ကြလေသည်။
ကျန်းယန်ခန်းမအပြင်ဘက်သို့ ထွက်လာခဲ့ကာ မြေကွက်လပ်ထဲတွင်ရောက်နေပြီဖြစ်သော လူအနည်းငယ်ကို ကြည့်ကာ ထူးဆန်းစွာပြုံးလိုက်ပြီး
“ဆယ်နှစ် ငါဆယ်နှစ်လုံးလုံးစောင့်နေခဲ့တာ နောက်ဆုံးတော့ ငါ့စစ်မှန်တဲ့အမတကျင့်ကြံခြင်းခရီးလမ်းက စတင်တော့မယ်!”
တောရိုင်းထဲမှာနေ တရားထိုင် ချီသန့်စင် အဲ့တာကမင်းတို့ခေါ်တဲ့ အမတကျင့်ကြံခြင်းဆိုတာလား!
အဲ့တာက လူရိုင်းဘ၀ပဲကွ!
တကယ့် အမတကျင့်ကြံခြင်းအစစ်အမှန်ကဘာလဲဆိုတာ မင်းတို့ကို ပြပါရစေ!