သစ်ပင်ခုတ်တဲ့ဓားပျံ
Vol. 1 Ch. 4
“ဆရာဦးလေး!”
ကျန်းယန် လင်းယွမ်နေထိုင်သော တောင်ထွတ်သို့ ရောက်ရှိလာခဲ့၏။
အဇူရာတိမ်မောင်နှမ၇ဖော်သည် ကိုယ်ပိုင်တောင်ထွတ်တစ်ခုစီတွင် နေထိုင်ကြပြီး သူတို့တွင် ကိုယ်ပိုင်ဘွဲ့ထူးများလည်း ရှိကြသည်။
အဇူရာတောင်ထွတ်တွင် လူအနည်းငယ်သာရှိသော်လည်း သူတို့ကို သွားအထင်သေးလျှင်တော့ မှားသွားပေလိမ့်မည်။
လင်းယွမ်ကျိ ထွက်လာပြီး စိတ်တိုနေဟန်ဖြင့် မေးလိုက်၏။
“မင်းဘာလိုချင်လို့လဲ”
ကျန်းယန်ပြုံးကာ ပြောလိုက်သည်။
“ကျွန်တော်ဆရာဦးလေးကိုတောင်းဆိုစရာရှိလို့ပါ ကျွန်တော် အဇူရာတိမ်နယ်မြေထဲမှာ ကင်းလှည့်ကြည့်ချင်တာ ဒါပေမယ့် ကျွန်တော့်ကျင့်ကြံခြင်းကနိမ့်တယ်လေ ကျွန်တော်က အမြုတေဖွဲ့စည်းခြင်းအဆင့်ပဲရှိသေးတာ တကယ်လို့ ကျွန်တော် အစွမ်းထက်သားရဲဒါမှမဟုတ်ကျူးကျော်သူနဲ့တွေ့ရင် ပြဿနာတက်သွားနိုင်တယ် အဲ့တာကြောင့် ဆရာဦးလေး ကျွန်တော်နဲ့အဖော်အဖြစ်လိုက်ခဲ့စေချင်တာပါ”
ကိစ္စကမကြီးမှန်း သိလိုက်ရသောကြောင့် လင်းယွမ်ကျိ ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။
“ဆရာဦးလေး ကျွန်တော်တို့မသွားခင် ကျွန်တော့်ကိုတစ်ခုလောက်ကူညီလို့ရမလား”
ကျန်းယန် ပင်မခန်းမကိုလက်ညှိုးထိုးပြလိုက်၏။
“သူတို့ကိုပဲ အားကိုးနေရင် နေစရာအိမ်ဆောက်ဖို့ နှစ်ရက်လုံးလုံးအချိန်ကုန်သွားလိမ့်မယ် ဆရာဦးလေး ဓားပျံသုံးပြီး သူတို့အိမ်တွေခြံတွေဆောက်ဖို့ သစ်ပင်နည်းနည်းလောက် ခုတ်ပေးလို့ ရမလား”
လင်းယွမ်ကျိ နှုတ်ခမ်းများတွန့်သွားခဲ့ပြီး ဘာပြန်ပြောရမလဲပင် မသိတော့ပေ။
ဝိညာဉ်အခြေတည်အဆင့် ဓားကျင့်ကြံသူတစ်ယောက်က သစ်ပင်ခုတ်ဖို့ ဓားပျံသုံးရခြင်း….
အခြေအနေကိုရတနာမှန်မှစောင့်ကြည့်နေသော အခြားသူများကတော့ လင်းယွမ်ကျိအမူအရာကိုကြည့်ကာ ကြိတ်ရယ်ကုန်ကြလေသည်။
ကျန်းယန်တစ်ယောက်ယောက်ကို လာရှာတိုင်း ဘယ်တော့မှကောင်းသောအကြောင်းပြချက်ဖြင့် မလာတတ်မှန်း သူတို့သိ၏။
လင်းယွမ်ကျိ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပင်မခန်းမဆီ ပျံသန်းသွားခဲ့သည်။
သူလေထဲတွင်ရှိနေစဉ်တွင် သူ့ဓားပျံပေါ်လာပြီး ဓားစွမ်းအင်များက ပင်မခန်းမဘေးတွင် နှစ်ပေါင်းဘယ်လောက်ကြာအောင်တည်ရှိနေလဲမသိသော မိုးမျှော်သစ်ပင်ကြီးများကို ပိုင်းဖြတ်သွားခဲ့၏။
လင်းယွမ်ကျိ သူ့ဒေါသများကို သစ်ပင်များပေါ် ပုံချခဲ့လိုက်သည်။
ပင်မခန်းမရှေ့ရှိ လူများ အိမ်ဘယ်လိုဆောက်ရမလဲ မသိသောကြောင့် မျက်မှောင်များကြုံ့နေခဲ့ကြ၏။
ပို၍အရေးကြီးသည်မှာ သူတို့တွင် သစ်ပင်ခုတ်ရန် မည်သည့်ပစ္စည်းကိရိယာမှမရှိခြင်းဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ဓားစွမ်းအင်တစ်ခုက သစ်ပင်ကြီးတစ်ပင်ကို ပိုင်းဖြတ်သွားခဲ့ပြီး လူပေါင်းများစွာဖက်၍ရလောက်အောင်ကြီးမားသော အပင်ကြီးက သစ်သားပိုင်းများအဖြစ် ပြောင်းလဲသွားခဲ့၏။
သစ်ပင်များတစ်ပင်ပြီးတစ်ပင်လဲကျသွားပြီး သစ်ချောင်းများ အပုံလိုက်ပေါ်လာခဲ့သည်။
ကျန်းယန် ပျံသန်းလာပြီး ငေးကြောင်နေသော လူအုပ်ကြီးကိုကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်၏။
“ဘာရပ်လုပ်နေကြတာလဲ ဆရာဦးလေးလင်းယွမ်ကို ကျေးဇူးတင်လိုက်ကြလေ!”
လူအုပ်ကြီးလည်း သတိ၀င်သွားပြီး အမြန်ပြောလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ဆရာဦးလေးလင်းယွမ်!”
“မင်းတို့ဘာမှမစားရသေးဘူးလား တစ်ပြိုင်တည်းကျယ်ကျယ်အော်ကြ ၃ ၂ ၁ ကျေးဇူးတင်ပါတယ် ဆရာဦးလေးလင်းယွမ်!”
“ကျေးဇူးတင်ပါတယ် ဆရာဦးလေးလင်းယွမ်!”
လူအုပ်ကြီးက တစ်ပြိုင်နက်တည်းအော်လိုက်ကြပြီး အော်သံက အဇူရာတိမ်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ဟိန်းထွက်သွားခဲ့သည်။
လင်းယွမ်ဓားကိုကိုင်ဆွဲထားကာ လူအုပ်ကြီး၏စွမ်းအင်ကိုခံစားရင်း သူတို့အမူအရာကိုမြင်သောအခါ သူ့ရင်ထဲက မကျေနပ်ချက်များ များစွာပြေလျော့သွားခဲ့၏။
ထို့နောက်တွင်တော့ သူ့ဓားချက်ကိုသာ အာရုံစိုက်ပြီး သစ်ပင်တစ်ဒါဇင်လောက် ထပ်ခုတ်ပေးလိုက်သည်။
“ဆရာဦးလေး လုံလောက်ပါပြီ ထပ်ခုတ်ဖို့မလိုတော့ပါဘူး” ကျန်းယန် သူ့ကိုရပ်တန့်အောင် အော်ပြောလိုက်၏။
ထိုအခါ လင်းယွမ်ကျိ သူ့ဓားကိုပြန်သိမ်းလိုက်ပြီး လက်နောက်ပစ်၍ ရပ်နေလေရာ သူ့ကိုယ်မှ ဆရာသခင်တစ်ပါး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေခဲ့သည်။
အဇူရာတိမ်ဂိုဏ်း၏ တပည့်သစ် ၈၀ ကျော်ကတော့ သူ့ကို လေးစားအားကျသောမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့ကြ၏။
အရင်ကသူတို့တွင် အမတဖြစ်လိုစိတ် အနည်းငယ်ရှိတယ်သည်ဟု ပြောလို့ရလျှင် ယခုအခါ လင်းယွမ်ကျိကိုမြင်ပြီးနောက် သူတို့၏ အမတဖြစ်လိုစိတ်က အမြင့်ဆုံးထိ ထောင်တက်သွားခဲ့ချေပြီ။
“လူတိုင်း လုပ်ကြတော့ တစ်ယောက်နဲ့တစ်ယောက်ကူညီကြ မင်းတို့အိမ်ကိုအမြန်တည်ဆောက်ကြ” ကျန်းယန် ညွှန်ကြားလိုက်ပြီးနောက် လင်းယွမ်ကျိကို ပြောလိုက်သည်။
“ဆရာဦးလေး သွားကြစို့”
သူအဇူရာတိမ်နယ်မြေဆီသို့ အရင်ပျံသန်းသွားခဲ့ပြီး လင်းယွမ်ကျိလည်း သူ့နောက်မှလိုက်ပါသွားခဲ့၏။
အဇူရာတောင်ထွတ်ရှိ ထိုမြင်ကွင်းကို ကြည့်ရှုနေသော သူများကတော့ အတွေးနွံနစ်သွားခဲ့ကြသည်။
တခဏတိတ်ဆိတ်ပြီးနောက် ချင်းယွင်ကျိ ခပ်အေးအေးပြောလိုက်၏။
“ငါတံခါးပိတ်ကျင့်ကြံတော့မယ် နှစ်၀က်ကြာရင်ပြန်တွေ့မယ် မင်းတို့အားလုံးကတော့ အဲ့ဒီကလေးတွေကို ကူညီလိုက်ကြ အဇူရာတိမ်ဂိုဏ်းထဲရောက်လာပြီဆိုမှတော့ ငါတို့သူတို့ကို ပစ်ထားလို့မဖြစ်ဘူး”
ထို့နောက် သူထွက်သွားခဲ့လေသည်။
ကျန်ငါးယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ဘာပြောရမှန်းမသိ ဖြစ်နေခဲ့ကြ၏။
သူတို့ကူညီချင်လျှင်တောင် ဘယ်ကစရမလဲ မသိကြပေ။
သူတို့အိမ်ဘယ်လိုဆောက်ရလဲဆိုတာကိုလည်း မသိခဲ့ကြပေ။
နောက်ဆုံးတော့ ကိုယ့်အိမ်ကိုယ်သာပြန်သွားကြပြီး ကျန်းယန်သူတို့ကို လာခေါ်မည့်အချိန်ကိုသာ စောင့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
လင်းယွမ်ကျိ၏ ခုနကအခြေအနေအရ ကျန်းယန်သာ သူတို့ကို လိုအပ်လာလျှင် ထိုကောင်လေးက သူတို့ဆီရောက်လာမည်သာ။
ထိုစဉ် လင်းယွမ်ကျိ ကျန်းယန်ကို စိတ်ရှုပ်ထွေးစွာမေးလိုက်၏။
“မင်းဘယ်သွားဖို့ စီစဉ်နေတာလဲ”
ကျန်းယန် ဘယ်သွားချင်နေသလဲဆိုတာ သူစဉ်းစားမရခဲ့ပေ။
ကျန်းယန်ပြုံးကာ ပြောလိုက်သည်။
“ဆရာဦးလေး ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းက လုံး၀မဆင်းရဲပါဘူး ကျွန်တော်တို့က ဘယ်လိုအသုံးချရမလဲဆိုတာသာ မသိတာပါ”
“အသုံးချဖို့လား” လင်းယွမ်ကျိ ပဟေဠိဖြစ်သွားခဲ့၏။
အဇူရာတိမ်ဂိုဏ်းတွင် အသုံးချစရာ ဘာရှိပါသနည်း။
ကျန်းယန် ခပ်ဟဟရယ်မောလိုက်ကာ အောက်ဘက်ရှိကျယ်ပြန့်လှသော နယ်မြေကြီးကို ညွှန်ပြလိုက်သည်။
“ဒီမိုင်သုံးရာပတ်လည်နယ်မြေက အဇူရာတိမ်ဂိုဏ်းအပိုင်ပဲ ဒီနေရာမှာရှိတဲ့အရာတိုင်းက ကျွန်ဝောာ်တို့အပိုင်ဖြစ်သင့်တယ် ဒါပေမယ့် ဒီနှစ်တွေအတွင်းမှာ ကျွန်တော်တို့က အဲ့ဒီအရင်းအမြစ်တွေကို မထိခဲ့ဘူး”
လင်းယွမ်ကျိ စတင်နားလည်လာကာ ကျန်းယန်ကို တစ်ချက်ကြည့်လိုက်၏။
“ဆိုတော့ မင်းကအဲ့ဒီအရင်းအမြစ်တွေကိုဖော်ထုတ်ဖို့ တပည့်အများကြီးလက်ခံလိုက်တာလား”
ကျန်းယန်ခေါင်းယမ်းလိုက်ကာ
“အဲ့တာေကြာင့်တင်မဟုတ်ဘူး ကျွန်တော်အရင်က အဇူရာတိမ်ဂိုဏ်းနယ်မြေဘယ်လောက်ကျယ်သလဲ မသိခဲ့ဘူး အို့ ရှေ့မှာရွာတစ်ရွာရှိနေတာပဲ အဲ့ဒီကိုဆင်းကြည့်ရအောင်”
…….
ရွာဆီသို့တစ်ယောက်ယောက်ဦးတည်ပြီးပျံသန်းလာသည်ကို တွေ့သောအခါ ရွာသားများ တခဏကြောင်အသွားခဲ့ကြပြီး ထို့နောက်တွင်တော့ ဒူးထောက်ကာ အော်ခေါ်ကြတော့သည်။
“အမတအရှင်!”
ကျန်းယန် သူတို့ကို အမြန်ဆွဲထူလိုက်ပြီး ပြောလိုက်၏။
“ကျေးဇူးပြုပြီးထပါ လူတိုင်းပဲ ကျေးဇူးပြုပြီးထကြပါ”
ရွာသားများ ကျန်းယန်ကိုတောင့်တမှုနှင့်အကြောက်တရားများ ရောပြွန်းနေသောအကြည့်ဖြင့် ကြည့်နေခဲ့ကြသည်။
သူတို့ အမတများရှိကြောင်း ကြားဖူးသော်လည်း လူကိုယ်တိုင်တော့ တစ်ခါမှမတွေ့ခဲ့ဖူးပေ။
ကျန်းယန်သူတို့ကိုကြည့်ကာ မေးလိုက်၏။
“ရွာလူကြီး ဘယ်မှာလဲ”
ထိုစဉ် ခဲရောင်ဆံပင်များဖြင့်အဖိုးကြီးတစ်ယောက် ရှေ့တက်လာပြီး ကျန်းယန်ကိုမကြည့်ရဲသောကြောင့် ခေါင်းငုံ့ထားရင်း ဖြေလိုက်သည်။
“ကျွန်တော်က ရွာလူကြီး လီဖုကွေး ပါ အမတအရှင်မှာ ဘာလမ်းညွှန်ချက်များ ရှိပါသလဲ”
“အရမ်းယဉ်ကျေးနေစရာမလိုပါဘူး အကြီးအကဲ”
ကျန်းယန်ပြုံးကာ ပြောလိုက်၏။
“ကျွန်တော်တို့က အဇူရာတိမ်ဂိုဏ်းကပါ ဒီရွာကနေ မိုင် ၇၀ ၈၀လောက်ဝေးတဲ့နေရာမှာနေတာဆိုတော့ ကျွန်တော်တို့က အိမ်နီးခြင်းတွေလို့ ပြောလို့ရပါတယ်”
“အဇူရာတိမ်ဂိုဏ်း!” ရွာလူကြီး လီဖုကွေး အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ “ကျွန်တော်ကြားဖူးပါတယ် ဒါပေမယ့် အမတအရှင်တို့က အဲ့ဒီဂိုဏ်းကဖြစ်မယ်လို့တော့ ကျွန်တော်တစ်ခါမှ မတွေးခဲ့ဖူးဘူး စကားမစပ် ကျွန်တော်တို့ရွာက ကလေးတစ်ယောက်လည်း အဇူရာတိမ်ဂိုဏ်းကို ၀င်ခွင့်စစ်ဆေးပွဲဖြေဖို့ သွားခဲ့သေးတယ်…အဖိုးကြီး ၉..လီတဂေါင် မင်းကလေးက အဇူရာတိမ်ဂိုဏ်း ၀င်ခွင့်စစ်ဆေးပွဲကို သွားခဲ့တာ ဟုတ်တယ်မလား”
လူထွားကြီးတစ်ယောက် ခေါင်းကုတ်ကာ ရှေ့ထွက်လာခဲ့ပြီး ကြောင်အအခေါင်းညိတ်ပြလိုက်ကာ
“ကျွန်တော့်ကလေးက နည်းနည်းသာမန်မဟုတ်တဲ့ပုံစံနဲ့ မွေးလာလို့ သူ့ကံကိုစမ်းလို့ရအောင် အဇူရာတိမ်ဂိုဏ်း၀င်ခွင့်ဖြေဖို့ လွှတ်လိုက်တာပါ သူထွက်သွားတာ အတော်ကြာပြီ အခုထိပြန်မလာသေးပါဘူး…အမတအရှင် ကျွန်တော့်ကလေးရဲ့ နာမည်က လီအာပါ သူစစ်ဆေးပွဲအောင်သွားခဲ့လား ကျွန်တော့်ကလေးက တကယ်သဘောကောင်းတဲ့ကလေးပါ ကျေးဇူးပြုပြီး သူ့ကို သက်ညှာပေးပါ…”
ကျန်းယန် ပြုံး၍ ခေါင်းညိတ်လိုက်ကာ
“သူက အဇူရာဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်နေပါပြီ”
၀င်ခွင့်မအောင်သည့်သူ မည်သူရှိပါမည်နည်း။
သူလီအာ၏အမည်ကိုလည်း အမှန်တကယ် တွေ့ခဲ့ရသည်။
လီတဂေါင်ကြောင်အသွားပြီးနောက် ဒူးမထောက်ဘဲမနေနိုင်တော့ဘဲ သူ့မျက်နှာပေါ်တွင်လည်း မျက်ရည်များစီးကျလာကာ
“ကျေးဇူးတင်ပါတယ် အမတအရှင်!”
သာမန်မိသားစုတစ်ခုအတွက် အမတအရှင်တစ်ပါးရှိနေခြင်းမှာ ဂုဏ်ယူစရာသာ ဖြစ်၏။
ကျန်းယန် လီတဂေါင်ကိုအမြန်ဆွဲထူလိုက်ပြီး
“အနာဂတ်မှာ အဇူရာတိမ်ဂိုဏ်းက ဆယ်နှစ်တစ်ကြိမ် တပည့်တွေအများကြီးထပ်လက်ခံဦးမှာ အသက် ၁၅ အောက်ဘယ်သူမဆို ဂိုဏ်း၀င်စာမေးပွဲ၀င်ဖြေနိုင်တယ် ဂိုဏ်းကသူတို့ကို ကြိုဆိုနေမှာပါ ကျွန်တော့်မှာ လူတိုင်းကို သတင်းပေးစရာလည်းရှိတယ် တကယ်လို့ ရွာသားတွေက အဖွဲ့အစည်းတစ်ခုခုရဲ့ အနိုင်ကျင့်မှုကိုခံရလို့ဖြစ်ဖြစ် အခြားကိစ္စရှိရင်ပဲဖြစ်ဖြစ် အဇူရာတိမ်ဂိုဏ်းကို အကူအညီလာတောင်းနိုင်တယ်
နောက်ပြီးတော့ အကြီးအကဲတို့ တောင်ပေါ်မှာ ဘယ်စိတ်ဝိညာဉ်ဆေးရွက်ဖြစ်ဖြစ် ဆေးပစ္စည်းတွေပဲဖြစ်ဖြစ် ရှာတွေ့ရင် အဇူရာတိမ်ဂိုဏ်းကို ပို့ပေးလို့ရတယ် ကျွန်တော်တို့က အကြီးအကဲတို့ကို မျှမျှတတလဲလှယ်မှာပါ အကြီးအကဲတို့ လိုအပ်တဲ့ ဆေးဝါးတွေ အဆောင်တွေနဲ့တောင် လဲပေးနိုင်တယ်”
ရွာသားများ အပျော်လွန်သွားကာ စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“အမတအရှင် တကယ်ကြီးလား”
သာမန်ရွာသားများအတွက် ဤအရာက သတင်းကောင်းတစ်ခုသာ ဖြစ်ပေသည်။
ဈေးတွင်ကုန်သွယ်ရခြင်းထက် အဇူရာတိမ်ဂိုဏ်းနှင့်တိုက်ရိုက်ကုန်သွယ်ရခြင်းက သူတို့အတွက် ပိုအကျိုးရှိမှာ သေချာ၏။
ထို့ကြောင့်လူတိုင်းစိတ်လှုပ်ရှားနေခဲ့ကြသည်။
“အမှန်ပါပဲ” ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။
“အကြီးအကဲတို့ အဇူရာတိမ်ဂိုဏ်းကိုရောက်တဲ့အခါ ကျွန်တော့်နာမည် ကျန်းယန် ကိုသာပြောလိုက်ပါ”
“ကျေးဇူးတင်ပါတယ် အမတအရှင်ကျန်းယန်!” ရွာသားများ သူ့ကိုကျေးဇူးထပ်တင်လိုက်ကြပြန်သည်။
“တကယ်လို့ လူကြီးမင်းတို့ ဘာမှန်းမသိတာတစ်ခုခုတွေ့ပြီး အဲ့တာက တန်ဖိုးကြီးတယ်လို့ ထင်မိရင်လည်း အဇူရာတိမ်ဂိုဏ်းဆီယူလာလို့ရတယ် ကျွန်တော်က လူကြီးမင်းတို့ကို တန်ဖိုးဖြတ်ပေးပြီးတော့ လဲလှယ်ဖို့ကိုတော့ ဘာနဲ့လဲမလဲ လူကြီးမင်းတို့ ဆုံးဖြတ်နိုင်ပါတယ်” ကျန်းယန်သူတို့ကို တစ်ကြိမ်ထပ်သတိပေးလိုက်ပြီးနောက် လင်းယွမ်ကျိနှင့်အတူ ပျံသန်းထွက်ခွာသွားခဲ့၏။
ရွာသားများကတော့ ပျံသန်းသွားသော လင်းယွမ်ကျိနှင့်ကျန်းယန်ကိုအားကျသောမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့ပြီး ထို့နောက်တွင်တော့ ဆေးပစ္စည်းများရှာရန် တောင်ပေါ်သို့ အပြေးအလွှားဦးတည်ကုန်ကြတော့သည်။