တစ်ယောက်ယောက်က သတ္တုတွေခိုးတူးနေတယ်
Vol. 1 Ch. 5
လင်းယွမ်ကျိ ကျန်းယန်ကိုအကြိမ်အနည်းငယ်ကြည့်လိုက်ကာ မေးလိုက်သည်။
“မင်းစာရင်းစာအုပ်ကိုကြည့်ပြီးပြီပဲ မဟုတ်လား အဇူရာတိမ်ဂိုဏ်းဘယ်လောက်ချမ်းသာတာမင်းသိပါတယ် ရွာသားတွေ ဆေးရွက်တွေလာလဲတဲ့အခါ မင်းဘာနဲ့ပြန်ပေးမှာလဲ”
“ဆရာဦးလေး စိတ်မပူပါနဲ့ ဒါကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှိလာမှာပါ” ကျန်းယန် ပြုံးကာပြောလိုက်၏။
သူလင်းယွမ်ကျိကိုခေါ်လာရသည့် အကြောင်းအရင်းမှာ သူ့ကိုကာကွယ်ပေးဖို့နှင့် အဇူရာတိမ်ဈေးသို့သွားဖို့သာ ဖြစ်ပေသည်။
အဇူရာတိမ်ဈေးသည် အခွန်များကောက်နေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သော်လည်း ထိုအခွန်များက အဇူရာတိမ်ဂိုဏ်းဆီ တစ်ပြားတစ်ချပ်မှ ရောက်မလာခဲ့ပေ။ ဘယ်သူတွေက ထိုနေရာကို အုပ်ချုပ်နေလဲဆိုတာ သူမသိသော်လည်း ထိုသူများက သူ့ကိုရှင်းပြချက်တစ်ခုပေးဖို့တော့ လိုအပ်နေခဲ့ချေပြီ။
ထိုကိစ္စပြီးလျှင်တော့ ပိုက်ဆံကိစ္စဘာစိတ်ပူစရာလိုပါဦးမည်နည်း။
နောက်ပိုင်းတွင်လည်း ရွာတစ်ရွာတွေ့တိုင်း ကျန်းယန် တခဏဆင်းသွားပြီး အရင်ရွာကိုပြောခဲ့သလိုသာ လိုက်ပြောနေခဲ့သည်။
ရွာသားများလည်း အခြေအနေကို နားလည်သွားကြသောအခါ သူတို့ဆေးရွက်သို့မဟုတ်တန်ဖိုးကြီးတာတွေ့တိုင်း အဇူရာတိမ်ဂိုဏ်းဆီ လာရောက်လဲလှယ်မည်ဟု ပြန်ပြောခဲ့ကြ၏။
အဖြစ်အပျက်အားလုံးကို အကဲခတ်နေရင်း လင်းယွမ်ကျိအမူအရာကစိုးရိမ်လာခဲ့လေသည်။ သူတို့ရောက်ခဲ့သည့်ရွာအရေအတွက်မှာ ၇ ရွာ ၈ ရွာထိရှိလာပြီဖြစ်ပြီး အဇူရာတိမ်ဂိုဏ်းတွင် ထိုမျှငွေကြေးပမာဏ ဘယ်လိုလုပ်ရှိနိုင်ပါမည်နည်း။
သူကျန်းယန်ကို ခပ်တင်းတင်းသတိပေးလိုက်၏။
“ကောင်လေး ငါမင်းကိုသတိပေးလိုက်မယ် မင်းဘယ်လိုပဲ ပြုပြင်ပြောင်းလဲလဲ အဲ့ဒီသာမန်လူတွေကိုတော့ ထိခိုက်အောင်လုပ်လို့မရဘူး သူတို့ရှင်သန်နေထိုင်ရေးကတင် ခက်ခဲနေပြီ မင်းသူတို့ဆီက လုယက်ရဲရင် ပြုပြင်ပြောင်းလဲရေးမှာ ဘယ်သူမှမင်းနဲ့သဘောမတူတော့မှာကို ငါကြောက်မိတယ်”
အဇူရာတိမ်ဂိုဏ်းတွင် ထိုမျှပိုက်ဆံပမာဏမရှိသောကြောင့် ကျန်းယန်ထိုရွာသားများဆီက လုယက်တော့မည်ဟု သူအမှန်တကယ် သံသယရှိနေခဲ့ခြင်း ဖြစ်၏။
ကျန်းယွမ်လင်းယွမ်ကျိကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။
“ဆရာဦးလေးကျွန်တော်တို့သိလာတာ ဆယ်နှစ်လောက်ရှိပြီ ကျွန်ဝောာ်သာမန်လူတွေကိုအနိုင်ကျင့်တာ မြင်ဖူးလို့လား”
“အဲ့လိုမျိုး မဖြစ်ဖူးဘူး” လင်းယွမ်ကျိ ခေါင်းညိတ်ပြလိုက်၏။
တစ်ခါတလေတွင် ကျန်းယန်က သာမန်လူများကိုကျင့်ကြံသူများထက်ပင် ပိုကောင်းကောင်းဆက်ဆံသည်ဟု သူခံစားရသေးသည်။
ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။
“ဒီနှစ်တွေအတွင်းမှာ အကြီးအကဲတွေက ပြဿနာကြီးတစ်ခုကို မျက်စိလျှမ်းနေခဲ့ကြတယ် အဇူရာတိမ်ဂိုဏ်းတိုးတက်ဖို့အတွက် စွမ်းအားကြီးကျင့်ကြံသူတွေအပေါ်ပဲ မှီခိုနေလို့ မလုံလောက်နိုင်ဘူး ဂိုဏ်းရဲ့ကိစ္စအ၀၀ကို ကိုင်တွယ်ဖို့ လူတွေလိုအပ်တယ် အဲ့တာကြောင့် ကျွန်တော့်ရဲ့ပြုပြင်ပြောင်းလဲရေး ပထမဆုံးအဆင့်က တပည့်တွေလက်ခံတာ ဖြစ်နေတာပဲ
အဇူရာတိမ်ဂိုဏ်းရဲ့ တပည့်တွေက ဘယ်နေရာကလာတာလဲ
အရင်ဆုံးအနေနဲ့ အဲ့ဒီလူတွေက အဇူရာတိမ်ဂိုဏ်းနယ်မြေမှာရှိတဲ့ ရွာတွေကရောက်လာကြတာပဲ
အဲ့ဒီလူတွေထဲက ပါရမီကောင်းတဲ့သူတွေကို ဂိုဏ်းရဲ့ထောက်တိုင်ဖြစ်အောင်ပျိုးထောင်ပေးလို့ရပြီးတော့ ပါရမီနည်းတဲ့သူတွေကိုတော့ ဂိုဏ်းဝေယျာ၀စ္စကိစ္စတွေမှာ တာ၀န်ပေးလို့ရတယ် အဲ့တာက သူတို့ရွာမှာနေ အသက်ကြီးပြီးသေသွားတာထက်တော့ သာနေသေးတယ်
အဲ့တာကြောင့် ကျွန်တော်တို့က ရွာသားတွေကို အနိုင်ကျင့်လို့မရရုံမကဘဲ ကာပါကာကွယ်ပေးသင့်တာပဲ
လမ်းစဉ်က လူတွေနဲ့ဝေးကွာလို့မရဘူး လူတွေမရှိရင် မဟာလမ်းစဉ်ကို ကျင့်ကြံဖို့ ခက်လိမ့်မယ်”
ကျန်းယွမ်၏ အကျိုးအကြောင်းသင့်သော စကားများကိုကြားသောအခါ လင်းယွမ်ကျိ အတော်လေးစိတ်အေးသွားခဲ့ရသည်။
ရုတ်တရက် သူ့စိတ်ထဲ အတွေးတစ်ချက်လက်သွားခဲ့၏။
လမ်းစဉ်က လူတွေနဲ့ဝေးကွာလို့ မရဘူးတဲ့လား!
ဤနှစ်များအတွင်း အဇူရာတိမ်ဂိုဏ်းက ကမ္ဘာ့ရေးရာကိစ္စများနှင့် ဝေးဝေးနေကာ တံခါးပိတ်ကျင့်ကြံခြင်း၌သာ အာရုံစိုက်နေခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ရာကျော်ကုန်ဆုံးသွားခဲ့ကာ နောက်ပိုင်းတွင် သူ့ကျင့်ကြံခြင်းအလျင်လျော့လာသည်ကို လင်းယွမ်ကျိ ခံစားမိနေခဲ့၏။
ထိုအရာက လူတွေနဲ့ဝေးကွာခြင်းကြောင့်ပေလော။
“လမ်းစဉ်က လူတွေနဲ့ဝေးလို့မရဘူး!”
လင်းယွမ်ကျိစိတ်၀င်တစားမေးလိုက်သည်။
“မင်းအဲ့လောက်များတဲ့အသိပညာတွေကို ဘယ်ကသင်လာတာလဲ”
ကျန်းယန်ပုံမှန်အတိုင်း ဖြေလိုက်၏။
“ဆရာဦးလေး ကျွန်တော်က အဇူရာတိမ်ဂိုဏ်းက အဇူရာတိမ်ဈေးကိုခဏခဏသွားတဲ့ တစ်ဦးတည်းသောသူလေ ဟုတ်တယ်မလား အဲ့ဒီအသိအမြင်တွေကလား ဒါပေါ့ အဲ့တာတွေကို ကျွန်တော့်ဖာသာ အဖြေရှာထားတာ”
သူ့စိတ်ထဲတွင်တော့ ဆေးတာအိုနှင့်တာအိုကျမ်းများအားလုံးကို ဖတ်ချင်သလိုဖတ်နိုင်သည့် သတင်းအချက်ပေါက်ကွဲမှုအားကောင်းသောခေတ်ကို တွေ့ကြုံခံစားဖူးရင် ဆရာဦးလေးလည်းအဲ့တာတွေကို သိနေမှာပဲဟု တွေးနေခဲ့သည်။
လင်းယွမ်ကျိခေါင်းညိတ်ပြခဲ့၏။
“ဘာပဲဖြစ်ဖြစ် ငါတို့သာမန်လူတွေကိုတော့ အနိုင်ကျင့်လို့ မဖြစ်ဘူး”
“စိတ်ချပါ!” ကျန်းယန်ကတိပေးလိုက်ကာ ရုတ်တရက် အရပ်မျက်နှာတစ်ခုသို့ လက်ညှ်ိုးထိုးလိုက်ပြီး မေးလိုက်လေသည်။
“ဆရာဦးလေး ဒီနယ်မြေကလည်း အဇူရာတိမ်ဂိုဏ်းပိုင်တာမဟုတ်လား”
“ဒီနေရာက အဇူရာတိမ်ဂိုဏ်းနဲ့ မိုင်၂၀၀ပဲဝေးတာဆိုတော့ ငါတို့နယ်မြေဆိုတာ သေချာတယ်” လင်းယွမ်ကျိဖြေလိုက်သည်။
ကျန်းယန် အံ့အားသင့်ဟန်ဖြင့် ရေရွတ်လိုက်၏။
“ဒါဆိုဘာလို့ လူအချို့က အဇူရာတိမ်ဂိုဏ်းနယ်မြေထဲမှာ သတ္တုလာတူးနေကြတာလဲ”
ဤအရာက အဇူရာတိမ်ဂိုဏ်း၏ မြေအောက်အရင်းအမြစ်များကို ခိုးယူနေခြင်းမဟုတ်ပါလော။
မည်မျှရဲတင်းလိုက်သနည်း။
လင်းယွမ်ကျိ ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်သည်။
“ဘာပြဿနာရှိလို့လဲ အနီးနားက ရွာသားတွေ သတ္တုထွက်တာတွေ့ပြီး လာတူးနေတာဖြစ်နိုင်တယ်”
ကျန်းယန် သူ့ကိုမျက်လုံးလှန်ကြည့်လိုက်ပြီး ဤအကြီးအကဲများက သူတို့ဦးနှောက်ကိုပါ ပြောင်းဆန်ပြုတ်အဖြစ်ပြောင်းလဲသွားအောင် ကျင့်ကြံထားတာပဲဖြစ်ရမည်ဟု တွေးလိုက်မိ၏။
ရွာသားများက ဤနေရာလို တောရိုင်းထဲတွင် သတ္တုလာတူးပါမည်လော။
သူတို့တောင်ပေါ်တွင် ဆေးပင်ခူးချိန်၌ပင် သားရဲများအန္တရာယ်ကို စိတ်ပူရသေးပြီး မိစ္ဆာသားရဲတစ်ကောင်ကပင် သူတို့ရွာတစ်ရွာလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
ထို့အပြင် သတ္တုတူးဖော်ခြင်း၌ အထူးကိရိယာများနှင့်ငွေကြေးအထောက်အပံ့ပါလိုအပ်ပြီး ပုံမှန်အားဖြင့် ရွာသားများက ထိုမျှတတ်နိုင်ကြမည် မဟုတ်ပေ။
“တစ်ချက်လောက်သွားကြည့်ရအောင်”
ကျန်းယန် ပြောလိုက်ပြီး မြေပေါ်ဆင်းသက်သွားကာ သတ္တုတွင်းနား ချဉ်းကပ်သွားခဲ့၏။
သူတို့ လုပ်ငန်းနယ်မြေနှင့်နီးကပ်လာသောအခါ အ၀တ်အစားအစုတ်အပြတ်များ၀တ်ဆင်ထားသော သာမန်လူများသည် တွင်းထွက်ပစ္စည်းများကို ခြင်းတောင်းများဖြင့် သယ်နေကြသည်ကို တွေ့လိုက်ရလေသည်။ သူတို့ပတ်ပတ်လည်တွင် ကြာပွတ်ကိုင်ထားသော လူထွားကြီးများရှိနေပြီး သတ္တုလုပ်သားများကို ခိုင်းေစနေကြ၏။
“အသုံးမကျတဲ့ ဆန်ကုန်မြေလေးကောင်တွေ အမြန်လုပ်ကြစမ်း ဒီလိုပဲနှေးနေရင် မင်းတို့အကုန်လုံးကို သေတဲ့ထိရိုက်သတ်ပစ်မယ် မင်းတို့အလုပ်အမြန်မလုပ်ရင် ဒီညအတွက် ညစာမစားရဘူး လူတိုင်း ဒီနေ့အတွက် နောက်ထပ် ပေါင် ၃၀၀ ထပ်တူးရမယ် မဟုတ်ရင် မင်းတို့ကို ဝံပုလွေစာကျွေးပစ်မယ်”
သတ္တုတူးဖော်ရေးလုပ်ငန်းကိုမြင်သောအခါ လင်းယွမ်ကျိ မျက်ခုံးများ တွန့်ကွေးသွားခဲ့လေသည်။
ကျန်းယန်ကတော့ သတ္တုတွင်းတစ်ဝိုက်ကိုသာ လေ့လာစစ်ဆေးကြည့်နေပြီး တခဏအကြာတွင် မေးလိုက်၏။
“ဆရာဦးလေး ဒီနားမှာ ပညာရှင်တစ်ယောက်ယောက်ရှိလား”
ဤနေရာတွင် သတ္တုတွင်းကို ကြီးကြပ်နေသော ဆရာသခင်တစ်ယောက်ယောက်ရှိနေပြီး သူတို့အကုန် ရှင်းခံလိုက်ရမှာကို သူစိတ်ပူနေခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်ကျိ စိတ်မရှည်ဟန်ဖြင့် ဖြေလိုက်၏။
“အသန်မာဆုံးလူက ပိုးသား၀တ်စုံ၀တ်ထားတဲ့သူပဲ သူက ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ခြေချကာစပဲရှိသေးတယ် မင်းတောင်သူ့ကို ကိုင်တွယ်နိုင်တယ်”
ကျန်းယန် နားလည်သွားပြီး သတ္တတွင်းဆီသို့လမ်းလျှောက်သွားလိုက်ကာ အော်လိုက်လေသည်။
“လူတိုင်းရပ်ကြစမ်း! ရဲတင်းလိုက်တာ ငါတို့ တွင်းထွက်တွေကို ခိုးရဲတယ်လား”
အစောင့်များ ကြောင်သွားကာ ပိုးသား၀တ်စုံနှင့်လူကို လှည့်ကြည့်လိုက်ကြ၏။
ပိုးသားဝတ်စုံနှင့်လူလည်း ငေးကြောင်သွားပြီး ပြောလိုက်သည်။
“ဒီလိုစွန့်ပစ်တောနက်ကြီးထဲမှာ ပိုင်ရှင်ရှိတယ်လို့လည်း ငါတစ်ခါမှမကြားဖူးပါဘူး ဘယ်လိုလုပ် တွင်းထွက်တွေခိုးတယ်လို့ လာပြောနေတာလဲ ကြည့်ရတာ မင်းလည်း ဒီကြေးနီရိုင်းတွေကို လိုချင်နေတာလား ဒါဆိုရင်တော့ မင်းမှားသွားပြီ ငါကဘယ်သူ့ကိုမှမကြောက်တဲ့ အန်းချင်းမြို့ ရှောင်မိသားစုကပဲ”
“အန်းချင်းမြို့ ရှောင်မိသားစုကလား” ကျန်းယန် ငေးကြောင်သွားခဲ့၏။ သူအန်းချင်းမြို့ကို သိပေသည်။ ထိုမြို့သည် အဇူရာတိမ်ဂိုဏ်းနှင့် မိုင်၃၀၀ကျော်ဝေးသော နေရာတွင်ရှိသည့် မြို့ကြီးတစ်မြို့ဖြစ်၏။
“ငါဘယ်သူလဲ မင်းသိလား” ကျန်းယန် မေးလိုက်သည်။
ပိုးသား၀တ်စုံနှင့်လူ ထေ့ငေါ့လိုက်၏။
“မင်းဘယ်သူလဲ ငါဂရုမစိုက်ဘူး မင်းငါ့ရှောင်မိသားစုကို ပြဿနာရှာရဲရင်တော့ သေဖို့သာပြင်ထား လူတိုင်းတိုက်ခိုက်ကြ ဒီကောင့်ကိုဖမ်း တောရိုင်းထဲပစ်ပြီး ဝံပုလွေစာကျွေးပစ်”
ပတ်ပတ်လည်ရှိလူထွားကြီးများ ချက်ချင်း ကျန်းယန်ကိုဝိုင်းလိုက်ကြသည်။
“သေချင်နေတာပဲ” ကျန်းယန် သူ့လက်ကိုဝေ့ယမ်းလိုက်ရာ နားကွဲလုမတတ် မြည်သံကြီးနှင့်အတူ ကောင်းကင်မိုးကြိုးတစ်စင်း မြေပြင်ပေါ် ကျဆင်းလာခဲ့လေသည်။
နောက်ဆုံးတွင် သူသည် ပျံသန်းနိုင်သော ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ရှိ စစ်မှန်သည့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဤသာမန်လူများ ယှဉ်နိုင်သောလူတစ်ယောက် မဟုတ်ပေ။
ပိုးသား၀တ်စုံနှင့်လူကျန်းယန် မိုးကြိုးဂါထာသုံးလိုက်သည်ကို တွေ့သောအခါ အံ့အားသင့်သွားပြီး အော်ပြောလိုက်၏။
“မတိုက်ခိုက်ကြနဲ့ ဒီနေရာမှာ အထင်လွဲမှုတစ်ခုရှိနေတာ သေချာတယ် ကျွန်တော်က ရှောင်မိသားစုက ရှောင်ကျန့်ပါ ကျွန်တော်တို့ မိသားစုခေါင်းဆောင်က သန့်စင်သောလေဂိုဏ်းက တာအိုပညာရှင်ချင်းဖုန်နဲ့မိတ်ဆွေကောင်းတွေပါ”
မိုးကြိုးဂါထာအသုံးပြုနိုင်သူမှာ အမတကျင့်ကြံသူတစ်ယောက်သာ ဖြစ်မည်မှန်း သူကောင်းကောင်းကြီးသိသည်။
ထို့ကြောင့် သူချက်ချင်းသူ့နောက်ခံကို ထုတ်ပြောခဲ့ခြင်း ဖြစ်၏။
“သန့်စင်သောလေဂိုဏ်းလား ဘာဂိုဏ်းပဲဖြစ်ဖြစ်ကိစ္စမရှိဘူး မင်းတို့ငါ့ဂိုဏ်းရဲ့ တွင်းထွက်ပစ္စည်းတွေကိုတော့ ခိုးလို့မရဘူး” ကျန်းယန်အမူအရာက လေးနက်သွားကာ
“ဒါက အဇူရာတိမ်ဂိုဏ်းရဲ့နယ်မြေပဲ ဒီနယ်မြေမှာရှိသမျှအရာအားလုံးက အဇူရာတိမ်ဂိုဏ်းအပိုင်ပဲ မင်းမိသားစုခေါင်းဆောင်ဆီ သွားသတင်းပို့လိုက် တစ်လအတွင်း အဇူရာတိမ်ဂိုဏ်းကို ပြန်လာပြီး ဖြေရှင်းချက်တစ်ခုနဲ့ လျော်ကြေးပေးရမယ် မဟုတ်ရင် ငါတို့ကအရေးယူရလိမ့်မယ် မင်းတို့ကို သတိမပေးခဲ့ဘူးလို့ မပြောနဲ့နော်”