အဇူရာတိမ်ဈေး
Vol. 1 Ch. 6
အဇူရာတိမ်ဂိုဏ်းဟူသော နာမည်ကိုကြားသောအခါ ရှောင်ကျန့် ကြောင်အသွားခဲ့သည်။
ထိုနေရာသည် မည်သို့သောနေရာဖြစ်ပါသနည်း။
သူထိုနာမည်ကိုတစ်ခါမှ မကြားခဲ့ဖူးပေ။
ဤနှစ်များအတွင်း အဇူရာတိမ်ဂိုဏ်းသည် သာမန်လူများကြားပေါ်မလာတော့သလို တပည့်လက်ခံခြင်းကိုလည်း ရပ်လိုက်တာကြာပြီဖြစ်သောကြောင့် သူတို့နာမည်က ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်။
ရှောင်ကျန့်ထိုနာမည်ကို ကြားဖူးနေလျှင်သာ ထူးဆန်းနေလိမ့်မည်။
သို့သော် သူဂရုမစိုက်ဘဲတော့ မနေရဲပေ။ ကောင်းကင်မိုးကြိုးဂါထာကို အသုံးပြုနိုင်သော လူတစ်ယောက်က သူအပြစ်ပြု၍ရနိုင်သောသူမျိုး မဟုတ်ပေ။
“အမတအရှင် စိတ်ချပါ ကျွန်တော်ဒီကိစ္စကို ချက်ချင်းသတင်းပို့လိုက်ပါ့မယ်” ရှောင်ကျန့် ရိုကျိုးစွာပြောလိုက်ပြီး လုံး၀မမောက်မာရဲတော့ပေ။
ကျန်းယန်ခေါင်းညိတ်ပြလိုက်သည်။
“ငါမင်းတို့မိသားစုခေါင်းဆောင်ရဲ့ဖြေရှင်းချက်ကို စောင့်နေမယ်”
ထို့နောက် ကျန်းယန် ကြေးနီရိုင်းများ ပေါင်သောင်းနှင့်ချီကာ စုပုံထားသောနေရာသို့ တိုက်ရိုက်သွားခဲ့လိုက်၏။ သူ့လက်ကိုတစ်ချက်ဝေ့ယမ်းလိုက်ပြီးနောက် ထိုကြေးနီရိုင်းများအားလုံးက သူ့သိုလှောင်လက်စွပ်ထဲ ၀င်သွားခဲ့လေသည်။
ရှောင်ကျန့် အလိုလိုရေရွတ်မိသွား၏။
“ဒါက ကျွန်တော်တို့ ကြေးနီရိုင်း…”
သူ့စကားမဆုံးခင် သူရပ်လိုက်ပြီး သူ့နှဖူးမှချွေးအေးများပင် စီးကျလာခဲ့သည်။
သူတို့သည် ဤတောရိုင်းထဲတွင် အချိန်များငွေကြေးများ များစွာသုံးကာ ကြေးနီရိုင်းများတူးဖော်ခဲ့သော်လည်း ထိုေကြးနီရိုင်းများကို ယခုလို ဆုံးရှုံးလိုက်ရပြီလော။
ကျန်းယန် ရှောင်ကျန့်ကိုတစ်ချက်ကြည့်လိုက်ကာ ခပ်အေးအေးပြောလိုက်၏။
“မင်းတို့ ရှောင်မိသားစုက ရှင်းလင်းတဲ့ဖြေရှင်းချက်တစ်ခုမပေးနိုင်ခင်အထိ သတ္တုတူးဖော်တာကို ရပ်ထား မဟုတ်ရင် အကျိုးဆက်တွေကိုရင်ဆိုင်ရလိမ့်မယ်! ဆရာဦးလေးသွားကြစို့”
သူပျံသန်းထွက်ခွာသွားခဲ့လေသည်။
“တူးတာကို ရပ်လိုက်!” လင်းယွမ်လည်း တူးဖော်နေသူများကိုကြည့်ကာ သတိပေးလိုက်ပြီး ကျန်းယန်နောက်မှ လိုက်သွားခဲ့၏။
ရှောင်ကျန့် ပျံသန်းသွားသောသူနှစ်ယောက်ကို ငေးကြောင်စွာ ကြည့်နေခဲ့မိသည်။ တခဏကြာမှ သူအမြန်အော်ပြောလိုက်၏။
“ရပ်ကြ အားလုံးရပ်ကြ! လူတိုင်းရပ်ကြ! အဖိုးကြီးတောက် လူတိုင်းကိုနားခိုင်းထား ငါပြန်မလာခင်အထိ ဘယ်သူမှ ပြန်မတူးကြနဲ့”
ပြောပြီးသည်နှင့် သူပစ္စည်းများထုပ်ပိုးကာ ထွက်ခွာသွားခဲ့လေသည်။ ဤသတင်းကို သူအမြန်ပြန်ပို့ပေးရမည် ဖြစ်၏။
ဤတစ်ကြိမ်တွင် ရှောင်မိသားစုသည် တကယ်ပင်ဒုက္ခတွင်းကြီးထဲ ကျသွားခဲ့သည့်ပုံပင်။
တစ်ဖက်တွင် လင်းယွမ်ကျိ ကျန်းယန်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ကာ
“သူတို့ ကြေးနီရိုင်းတွေကို ယူလိုက်တာက သင့်တော်ပါ့မလား”
“ယူလိုက်တာတဲ့လား” ကျန်းယန် လင်းယွမ်ကျိကိုကြည့်လိုက်လေသည်။
“အဲ့ဒီကြေးနီရိုင်းတွေက ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းပိုင်တာလေ ကျွန်တော်က အဲ့တာကို ပြန်ယူရုံပါ ဆရာဦးလေး ကျွန်တော်ဆရာဦးလေးတို့အားလုံးကို အပြစ်ပြောတာတော့ မဟုတ်ပါဘူး ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းနယ်မြေထဲမှာ ဒါမျိုးအခြေအနေတွေ ရှိနေဦးမှာပဲ ဆရာဦးလေးတို့တွေအားလုံး တစ်ခါလောက်တော့ အပြင်ထွက်ပြီး စစ်ဆေးသင့်တယ်လို့ ကျွန်တော်ထင်တယ် အဲ့တာတွေက ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းအပိုင်တွေလေ သူများကိုပေးလိုက်လို့မဖြစ်ဘူး ဆရာဦးလေးတို့က ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ထားလွန်းတော့ ကိုယ့်အိမ်ကပစ္စည်းခိုးခံနေရတာတောင် မသိကြတော့ဘူး”
လင်းယွမ်ကျိ တိတ်ဆိတ်နေခဲ့သည်။
ကျန်းယန်ခေါင်းကိုအကြိမ်ကြိမ်ခါယမ်းလိုက်ကာ
“ဆရာဦးလေးကျွန်တော်တို့ ဒီကြေးနီရိုင်းတွေကနေ အဆင့်မြင့်ပစ္စည်းအချို့ရအောင်သာ သန့်စင်နိုင်ခဲ့ရင် ကျွန်တော်တို့ အဲ့တာကို ဆရာဦးလေးရဲ့ဓားပျံပိုသန်မာလာအောင် ဓားပျံဆီကျွေးလို့ရတယ် အဲ့တာတွေက ရတနာတွေပဲ ဆရာဦးလေးတို့က အဲ့တာတွေကို လျစ်လျူရှုထားကြတယ်”
လင်းယွမ်ကျိ ပြတ်ပြတ်သားသားပြောလိုက်၏။
“ငါပြန်ရင် သူတို့အားလုံးကိုတစ်ခါလောက်ထွက်ကြည့်ဖို့ ပြောရမယ် ငါတို့ စစ်ဆေးရေးတစ်ခေါက်လောက်ထွက်ဖို့ လိုနေပြီ”
ကျန်းယန် ပြောစရာစကားမဲ့သွားခဲ့ရသည်။
…..
နောက်နေ့၀က်တွင် သူတို့ရွာပေါင်းများစွာကို စစ်ဆေးခဲ့သော်လည်း သူတို့ရောက်ရှိခဲ့သည်က နယ်မြေ၏ ငါးပုံတစ်ပုံပင် မရှိခဲ့ပေ။
“ဆရာဦးလေး ကျွန်တော်တို့ပြန်ဖို့လိုတယ်!” ကျန်းယန် လင်းယွမ်ကျိကို ပြောလိုက်၏။
“ကျွန်တော်သူတို့နဲ့သဘောတူထားတဲ့ နှစ်ရက်ကပြည့်တော့မယ် ကျွန်တော်ပြန်ပြီး ကိစ္စတွေကို စီစဉ်ရဦးမယ်”
လင်းယွမ်ကျိ ကြေးနီရိုင်းများကြောင့် အတော်လေးတက်ကြွနေကာ ပြောလိုက်သည်။
“ငါတို့မှာ နေ့တစ်၀က်အချိန်ကျန်သေးတယ်မဟုတ်လား”
ကျန်းယန်ပြုံးလိုက်၏။
“ကျွန်တော်တို့ အဲ့ဒီနေ့တစ်၀က်ကို အဇူရာတိမ်ဈေးမှာ အချိန်ဖြုန်းဖို့ လိုသေးတယ်”
ထို့နောက် သူအဇူရာတိမ်ဈေးဘက်သို့ လှည့်ပြန်သွားခဲ့လေသည်။
လင်းယွမ်ကျိ နားလည်သွားခဲ့၏။
“ငါတို့ ပစ္စည်းအချို့၀ယ်ဖို့ အဇူရာတိမ်ဈေးကို သွားရဦးမှာပဲ တောင်ပေါ်က လူ၈၀ကျော်က သာမန်လူတွေပဲဆိုတော့ သူတို့စားဖို့ လိုနေသေးတယ်”
စားစရာ၀ယ်ဖို့ကလည်း သွားလိုရင်းကိစ္စထဲပါသော်လည်း ကျန်းယန် သူ့အဓိကရည်ရွယ်ချက်ကိုတော့ ရှင်းပြမနေတော့ပေ။
အဇူရာတိမ်ဈေးကို တည်ထောင်ခဲ့သည်က နှစ်ပေါင်းရာချီကြာမြင့်နေခဲ့ပြီး ဖြစ်သည်။
အရင်က အဇူရာတိမ်ဂိုဏ်းကတပည့်များကို ပုံမှန်အတိုင်းလက်ခံခဲ့၏။
ထိုအခါ ဂိုဏ်း၀င်ခွင့်လာရောက်ဖြေဆိုသော သူများအတွက် အနားယူရန်နေရာတစ်ခု လိုလာခဲ့သည်။ ၀င်ခွင့်ဖြေဆိုပွဲကျင်းပနေစဉ်တွင် အခြားသူများအတွက် နေစရာ စားစရာ သောက်စရာများလိုအပ်သောကြောင့် ထိုလိုအပ်ချက်အရ အဇူရာတိမ်ဈေးက ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။
နောက်ပိုင်းနှစ်များတွင်ပင် လူအချို့က အဇူရာတိမ်ဂိုဏ်း၀င်ခွင့်စာမေးပွဲဆီလာခဲ့ကြပြီး ဂိုဏ်းထဲ၀င်ခွင့်ရဖို့ မျှော်လင့်နေခဲ့ကြသေးသည်။
ထို့အပြင် ဤနှစ်များအတွင်း ဤနယ်မြေပတ်၀န်းကျင်ရှိရွာများမှ လူများက အဇူရာတိမ်ဈေးဆီ ပြောင်းရွှေ့နေထိုင်ခဲ့ကြသောကြောင့် အဇူရာတိမ်ဈေးက ပိုမိုစည်ကားလာခဲ့၏။ ယခုအခါ ထိုနေရာက လူထောင်ချီနေထိုင်သော မြို့ငယ်လေးတစ်ခုပင် ဖြစ်နေခဲ့ချေပြီ။
အစကတော့ အဇူရာတိမ်ဈေးက အုပ်ချုပ်သူကင်းမဲ့ကာ ဖရိုဖရဲဖြစ်နေခဲ့သည်။
လွန်ခဲ့သော နှစ်၂၀ကမှ ကျင့်ကြံသူတစ်ယောက်ရုတ်တရက်ပေါ်လာခဲ့ပြီး လူတစ်စုကိုခေါ်ကာ ဈေးကိုစတင်အုပ်ချုပ်ခဲ့ပြီး အခွန်များလည်း စတင်ကောက်ခဲ့၏။
ဒါပေါ့ ထိုအချိန်ကတည်းက အဇူရာဈေးကပိုပြီး အစီအစဉ်တကျဖြစ်လာခဲ့သည်။
အဇူရာဈေးကိုမကြာခဏလာတတ်သော ကျန်းယန်တစ်ယောက် ထိုနေရာကအခြေအနေများကို ကောင်းကောင်းကြီး သတိထားမိ၏။
သူမဖြေရှင်းနိုင်သည့် တစ်ခုတည်းသော ကိစ္စမှာ အဇူရာတိမ်ဈေးအုပ်ချုပ်သူ၏ ကျင့်ကြံခြင်းသာ ဖြစ်ပြီး ထို့ကြောင့်လည်း လင်းယွမ်ကျိကိုခေါ်လာခဲ့ခြင်း ဖြစ်သည်။
ကျန်းယန်နှင့်လင်းယွမ်ကျိတို့ အဇူရာတိမ်ဈေးအလယ်ရှိ တောင်ကုန်းငယ်လေးတစ်ခုဆီ ရောက်ရှိလာခဲ့ပြီး အိမ်တစ်လုံးရှေ့တွင် ရပ်လိုက်ကြ၏။ ကျန်းယန် အိမ်ရှေ့ရှိ အစောင့်နှစ်ယောက်ကို ပြောလိုက်သည်။
“ကျေးဇူးပြုပြီး အဇူရာတိမ်ဂိုဏ်းက ကျန်းယန် အလည်ရောက်လာပါတယ်လို့ မြို့တော်၀န်ကိုသတင်းပို့ပေးပါ”
အတင်းအကြပ်မလုပ်ခင်တွင် အရင်ဆုံးပျူငှာဖို့သာ ကျန်းယန် ဆုံးဖြတ်ထားခဲ့၏။
ဤနေရာကို သူငွေရှာရန်ရောက်ရှိလာခဲ့ခြင်းသာ ဖြစ်သည်။
အဇူရာတိမ်ဈေး၏ အုပ်ချုပ်သူက အဇူရာတိမ်ဂိုဏ်းအပြစ်ပြုလို့မရလောက်အောင် စွမ်းအားကြီးမနေလျှင် သူတို့ ထိုလူ့ဆီမှ အခွန်အခအချို့တော့ ပြန်တောင်းကို တောင်းရပေလိမ့်မည်။
ထိုသူအလွန်စွမ်းအားကြီးနေမည့် ဖြစ်နိုင်ချေကလည်းအတော်လေးနည်းပါးလှသည်။ ထိုသူက ထိုမျှစွမ်းအားကြီးနေလျှင် အဘယ်ကြောင့် အဇူရာတိမ်ဈေးထဲ လာပုန်းနေပါမည်နည်း။
အစောင့်နှစ်ယောက် ကြန့်ကြာမနေရဲဘဲ အစောင့်ထဲမှတစ်ယောက်ချက်ချင်း သွားသတင်းပို့လိုက်၏။
တခဏအကြာတွင် အစောင့်အမြန်ပြန်လာကာ ကျန်းယန်ကိုပြောလိုက်သည်။
“ဂုဏ်သရေရှိဧည့်သည်တော်တို့ကို ဖိတ်ခေါ်ပါတယ်”
ကျန်းယန်ခေါင်းညိတ်ပြလိုက်ပြီး လင်းယွမ်ကျိကိုပြောလိုက်၏။
“ဆရာဦးလေး သွားကြစို့”
ကျန်းယန်တို့ အိမ်ထဲ၀င်သွားခဲ့ကြပြီး အဇူရာတိမ်ဈေးအုပ်ချုပ်သူ ကျန်းကျစ်ချိုးနှင့်တွေ့ဆုံခဲ့သည်။
ကျန်းကျစ်ချိုးသည် အစိမ်းရောင်၀တ်စုံကို၀တ်ဆင်ထားပြီး လူချမ်းသာတစ်ဦး၏မျက်နှာမျိုးရှိကာ ကျန်းယန်တို့ကို အရိုအသေပေးလိုက်၏။
“မိတ်ဆွေတို့ကိုတွေ့ရတာ၀မ်းသာပါတယ် ဒီကိုဘာကိစ္စကြောင့်ရောက်လာကြလဲ သိပါရစေ”
ကျန်းယန် တည့်တည့်သာ ပြောလိုက်လေသည်။
“အဇူရာတိမ်တောင်ထွတ်ရဲ့ မိုင်သုံးရာပတ်လည်က အဇူရာတိမ်ဂိုဏ်းရဲ့ အပိုင်ပဲ ခင်ဗျားဒါကို သိလား”
ကျန်းကျစ်ချိုး၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ ပြုံး၍ခေါင်းယမ်းလိုက်ပြီး
“ကျွန်တော် ဒီအကြောင်းတကယ်ပဲမသိခဲ့ပါဘူး”
“အခု ခင်ဗျားသိပြီ!” ကျန်းယန် ကျန်းကျစ်ချိုးကို ခပ်တည်တည်ကြည့်ကာ ပြောလိုက်၏။
“ခင်ဗျားက အဇူရာတိမ်ဈေးထဲမှာ နှစ်ပေါင်းများစွာ အခွန်ကောက်လာခဲ့တာ အခုကျုပ်တို့ဂိုဏ်းက အဲ့ဒီအခွန်တွေရဲ့ တစ်၀က်ကိုလိုချင်တယ်”
ကျန်းကျစ်ချိုးအတွက် တစ်၀က်ချန်ထားပေးပြီး သူညှာတာပေးခဲ့ခြင်း ဖြစ်သည်။
ကျန်းကျစ်ချိုး၏မျက်နှာချက်ချင်းပြောင်းလဲသွားကာ ဒေါသတကြီးမေးလိုက်၏။
“မင်းတို့က င့ါကိုဓားပြတိုက်ဖို့ ကြိုးစားနေတာလား”
သူသည် မကောင်းသောကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ဤနှစ်များအတွင်း အခွန်များကောက်ခံရရှိခဲ့ခြင်းကြောင့် သူ့၀င်ငွေက ဂိုဏ်းကြီးများ၏ တပည့်များအောက် မလျော့နိုင်သောပမာဏမျိုး ရရှိနေခဲ့သည်။ ထို၀င်ငွေက တချို့ဂိုဏ်းများ၏ဂိုဏ်းသားများထက်ပင် သာနေသေး၏။
ယခုအခါ သူ့ထို၀င်ငွေများကို တစ်ယောက်ယောက်က တစ်၀က်ခွဲလိုချင်နေလေရာ သူမည်သို့ လက်ခံနိုင်ပါမည်နည်း။
“ဓားပြတိုက်တယ်တဲ့လား” ကျန်းယန် ထေ့ငေါ့လိုက်သည်။
“အဇူရာတိမ်ဈေးက ကျုပ်တို့အဇူရာတိမ်ဂိုဏ်းနယ်မြေထဲမှာရှိနေတာ အဇူရာတိမ်ဈေးဖြစ်တည်လာရတာလည်း ကျုပ်တို့အဇူရာတိမ်ဂိုဏ်းကြောင့်ပဲ ခင်ဗျားလိုအပြင်လူတစ်ယောက်က ဒီနေရာမှာ နှစ်ပေါင်းများစွာ အခွန်ကောက်ပိုင်ခွင့် ဘာလို့ရှိမှာလဲ အဲ့တာကြောင့် ကျုပ်ခင်ဗျားကို တစ်၀က်ပဲတောင်းတာကတောင် ယဉ်ကျေးတယ်လို့ ပြောလို့ရနေပြီ တကယ်လို့ ခင်ဗျားသာ ဒီနှစ်တွေမှာ အဇူရာတိမ်ဈေးကို တည်ငြိမ်အောင်လုပ်မပေးခဲ့ရင် ခင်ဗျားကိုတစ်၀က်မဟုတ်ဘူး အားလုံးတောင်းမှာ”
ကျန်းကျစ်ချိုး လှောင်ပြောင်လိုက်ကာ
“ကောင်းတယ် ကောင်းတယ် ကောင်းတယ် ငါကအလွယ်တကူအနိုင်ကျင့်လို့ရမယ့် သူလို့ မင်းတို့ထင်နေတာလား ငါ့မှာမင်းတို့ကို စိတ်ဝိညာဉ်ကျောက်တုံးတွေတော့ ပေးစရာအကြောင်းမရှိဘူးကွ မင်းကိုပဲသတ်ပြီး ဒီနေ့ အဇူရာတိမ်ဈေးကထွက်သွားမယ်!”
စိတ်ဝိညာဉ်ချီများ သူ့ကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်၏။
သို့သော် သူချက်ချင်းရပ်တန့်လိုက်ရသည်။
သူ့နှဖူးရှေ့တွင် အေးစက်စက်အလင်းရောင်များတောက်နေသော ဓားပျံတစ်လက်ရောက်ရှိနေကာ သူ့ခေါင်းကို တိုက်ရိုက်ဦးတည်၍ ချိန်ထားခဲ့ချေပြီ။