ငါ့စိတ်ဝိညာဉ်ကျောက်တုံးဘယ်မှာလဲ
Vol. 1 Ch. 8
ကျန်းယန် ကျန်းကျစ်ချိုးဆီမှပြန်လာခဲ့ပြီးနောက် စိတ်လှုပ်ရှားနေခဲ့၏။
နောက်ဆုံးတော့ ငါ့မှာကျင့်ကြံစရာ စိတ်ဝိညာဉ်ကျောက်တုံး ရပြီကွ!
တကယ်တော့ ထိုစိတ်ဝိညာဉ်ကျောက်တုံး ၁၅၀၀၀၀ ကအဇူရာတိမ်ဂိုဏ်းအပိုင်သာ ဖြစ်ပေသည်။
သို့သော် သူလည်းထိုထဲမှ ဝေစုရမည် မဟုတ်ပါလော။
စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ဆိုရင် ငါ့ကျင့်ကြံခြင်းက ပိုမြန်လာလိမ့်မယ်!
ပိုပြီးအရေးကြီးသည်မှာ ဤတစ်ကြိမ်တွင် သူဆေးပင်များလည်း ရလာခဲ့ပြီး ထိုဆေးပင်များကိုသာ ဆရာဦးလေး၃ ကဆေးတာအိုသုံးကာ ဆေးဖော်စပ်လိုက်လျှင် သူ့ကျင့်ကြံခြင်းက ပိုတိုးလာမည် မဟုတ်ပါလော။
စိတ်ဝိညာဉ်ကျောက်တုံးတွေရပြီဆိုတော့ အခုက ဈေး၀ယ်ထွက်ဖို့ အချိန်ပဲ!
ဆေးပင်များ ပစ္စည်းများ အဆောင်စာရွက်များနှင့် ကျင့်ကြံခြင်းအတွက် လိုအပ်သောအရာများအပြင် ကျန်းယန် ဆန်များ ဂျုံများ အသားများနှင့် ပေါင်မုန့်များပင် ၀ယ်လာခဲ့သေးသည်။
အခုမှဂိုဏ်းထဲရောက်လာသော တပည့် ၈၀ကျော်ကသာမန်လူများသာ ဖြစ်ကြသောကြောင့် သူတို့အတွက်က အစာစားပေးဖို့ လိုအပ်နေသေး၏။
ကျန်းယန် သူတို့ကို ပထမ၂ရက်အတွက် ဂရုမစိုက်ခဲ့ခြင်းမှာ သူတို့တွင် စစ်ဆေးမှု၀င်ဖြေရန်အတွက် အိမ်မှယူလာသော အစာများရှိနေသေး၍ ဖြစ်ပြီး ၂ရက်လောက်နှင့်တော့ သူတို့ငတ်သေမသွားနိုင်ပေ။
ရူးသွပ်စွာ ၀ယ်ခြမ်းပြီးသည့်နောက်တွင်တော့ ကျန်းယန် သိုလှောင်လက်စွပ်ထဲတွင် ပစ္စည်းများဖြင့်ပြည့်သွားပြီး သူတို့နှစ်ယောက် ကျန်းကျစ်ချိုးကို တောင်ပေါ်သို့ခေါ်သွားရန် ပြန်လာရှာခဲ့ကြသည်။
တစ်နေ့ခင်းလုံးစောင့်နေသော ကျန်းကျစ်ချိုးလည်းချက်ချင်းပင် ကျန်းယန်တို့နှင့်အတူ လိုက်ပါလာခဲ့၏။
ထို့နောက် သူတို့သုံးယောက် အဇူရာတိမ်ဂိုဏ်းဆီပျံသန်းလာခဲ့ကြသည်။
အဇူရာတိမ်ဂိုဏ်းသို့ရောက်သောအခါ ပင်မခန်းမရှေ့ရှိ ဖရိုဖရဲဖြစ်ေနေသာ မြင်ကွင်းကြောင့် ကျန်းကျစ်ချိုး ကြောင်အသွားခဲ့၏။ ထိုနေရာတွင် ထူးဆန်းသောပုံစံများဖြင့် သစ်သားများရှိနေပြီး လက်သမားများလည်း ရှိနေခဲ့ကြသည်။
အဇူရာတိမ်ဂိုဏ်းသည် ကျော်ကြားသောဂိုဏ်းတစ်ဂိုဏ်းမဟုတ်ပါလော။ အဘယ်ကြောင့် အခုလိုပုံစံဖြစ်နေရပါသနည်း။
“သူတို့အားလုံးက အဇူရာတိမ်ဂိုဏ်းရဲ့ တပည့်အသစ်တွေပဲ” ကျန်းယန် အကြမ်းဖျင်းရှင်းပြလိုက်ပြီး ပင်မခန်းမရှေ့တွင် ဆင်းသက်လိုက်လေသည်။
ကျန်းယန်ပေါ်လာသည်ကိုမြင်သောအခါ တစ်ယောက်ယောက် အမြန်အော်ပြောလိုက်၏။
“စီနီယာအစ်ကို ပြန်လာပြီ!”
လူအုပ်ကြီးလည်း ပင်မခန်းမရှေ့သို့ ရောက်ရာနေရာမှ အမြန်ပြေးလာကြလေတော့သည်။
၀မ်ပေ့လဲ့လူအုပ်ကြီးရှေ့သို့ ထွက်လာကာ ခေါင်းကိုကုတ်လိုက်ပြီး တုံးအအဟန်ဖြင့် မေးလိုက်၏။
“စီနီယာအစ်ကိုကြီး ကျွန်တော်တို့မှာ အစာခြောက်နည်းနည်းကျန်သေးပေမယ့် ရေကတော့ ကုန်လုနီးပါးဖြစ်နေပြီ ကျွန်တော်တို့ တောင်ထွတ်ပေါ်က အကြီးအကဲတွေကိုလည်း မနှောင့်ယှက်ရဲဘူး ကျွန်တော်တို့ကို ရေအရင်းအမြစ်ရှာဖို့ ကူညီပေးလို့ရမလား”
ကျန်းယန် ပင်မခန်းမနောက်သို့ ညွှန်ပြလိုက်ကာ
“တစ်မိုင်လောက်ဝေးတဲ့နေရာမှာ မင်းတို့သောက်လို့ရတဲ့ တောင်စမ်းချောင်းလေးတစ်ခုရှိတယ် အခုကစပြီး မင်းတို့ရေကိုအဲ့ကယူလို့ရတယ် နောက်ပြီး ဒီ၂ရက်အတွင်းမှာ ငါမင်းတို့ ရှင်သန်နိုင်စွမ်းအရည်အချင်းကို စမ်းသပ်ခဲ့တာ ကြည့်ရတာ မင်းတို့မှာ အဲ့ဒီအရည်အချင်း နည်းပါးပုံပဲ ဘာပဲဖြစ်ဖြစ်ပါ ၂ရက်တာ စမ်းသပ်မှုက ပြီးသွားပြီ အခုလာပြီး အစားအစာတွေလာယူကြတော့”
လွန်ခဲ့သော ၂ ရက်ကဆိုလျှင် သူတို့တွင် လူပေါင်းများစွာကို ကျွေးစရာပင်ဘာမှမရှိခဲ့ဘူးဟု သူဘယ်တော့မှ ပြောမည် မဟုတ်ပေ။
များပြားလှသော ပေါင်မုန့်များ အသားများ သူတို့ရှေ့တွင် ပေါ်လာသောအခါ ၀မ်ပေ့လဲ့တို့ ငေးကြောင်သွားခဲ့ကြ၏။
ထို့နောက် သူတို့သတိ၀င်သွားပြီး အော်ဟစ်ရင်း ရှေ့သို့ ပြေးတက်လာကြလေတော့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
အစာခြောက်များက အဆာတော့ပြေနိုင်သော်လည်း အသားနဲ့တော့ယှဉ်၍ မရပေ။
လူတိုင်းအသည်းအသန်စားသောက်နေကြသည်ကို ကြည့်နေရင်း ကျန်းယန် ပြုံးကာ ပြောလိုက်၏။
“အခုက စပြီး ၇ရက်တစ်ခါ မင်းတို့ဂိုဏ်းမှာအစားအသောက်လာယူလို့ ရတယ် ဗိုက်ဆာမှာကို စိတ်ပူစရာမလိုဘူး စားပြီးရင်အမြန်အနားယူကြတော့ မနက်ဖြန်မနက်ကျ ငါမင်းတို့ကို ကျင့်ကြံခြင်းအကြောင်းရှင်းပြမယ်”
“ကျေးဇူးပါ စီနီယာအစ်ကို!” လူတိုင်း သူ့ကိုနောက်တစ်ကြိမ်ကျေးဇူးတင်လိုက်ကြပြန်သည်။
သူတို့သည် အဇူရာတိမ်ဂိုဏ်းကို အမတလမ်းစဉ်ကျင့်ကြံဖို့ ရောက်လာခြင်းဖြစ်ပြီး မနက်ဖြန်တွင် ထိုအရာက စတင်နိုင်ခဲ့ချေပြီ။
လူတိုင်းကို နေရာချထားပေးပြီးသည့်နောက် ကျန်းယန် ကျန်းကျစ်ချိုးကိုပြောလိုက်၏။
“အရင်ဆုံး ငါမင်းကိုအဇူရာတိမ်ဂိုဏ်းတပည့်မှတ်တမ်းမှာ စာရင်းသွင်းပေးမယ် မနက်ဖြန်ကျ ငါမင်းကို ဂိုဏ်းကကျင့်စဉ်တစ်ခုရွေးဖို့ ခေါ်သွားပေးမယ်”
ကျန်းကျစ်ချိုး အဇူရာတိမ်ဂိုဏ်းကို၀င်ပြီးနောက် အလိုအပ်ဆုံးအရာကို ကျန်းယန်သိပြီး ထိုအရာအတွက် ကတိပေးရန် သူတုံ့ဆိုင်းမနေခဲ့ပေ။
“ကျေးဇူးတင်ပါတယ်…စီနီယာအစ်ကို!” ကျန်းကျစ်ချိုးလည်း သူ့ကျေးဇူးတင်မှုကို ဖော်ပြလိုက်၏။
ကျန်းယန် ကျန်းကျစ်ချိုးကို ကျင့်ကြံဖို့တစ်နေရာရှာရန် ညွှန်ကြားလိုက်ပြီး သူကတော့ လင်းယွမ်ကျိ၏တောင်ထိပ်သို့ လိုက်ပါလာခဲ့လေသည်။
“ဆရာဦးလေး ကျေးဇူးပြုပြီး အခြားဆရာဦးလေးတွေကိုလည်း ခေါ်လိုက်ပါဦး!” ကျန်းယန် ပြုံးကာ ပြောလိုက်၏။
လင်းယွမ်ကျိ သူ့ဓားပျံကို တောင်ထွတ်များဆီလွှတ်လိုက်ပြီး သတင်းရပြီးသည့်နောက် လူများစွာ လင်းယွမ်တောင်ထွတ်ဆီ ပျံသန်းလာခဲ့ကြလေသည်။
သူတို့ထိုင်ပြီးသည်နှင့် ဆရာဒေါ်လေး ၇ လှောင်ပြုံးပြုံးကာ မေးလိုက်၏။
“ဘယ်လိုနေလဲ အဇူရာတိမ်ဂိုဏ်းရဲ့ ငွေစာရင်းတွေကိုကိုင်တွယ်ရတာ မလွယ်ဘူးမလား မင်းနည်းလမ်းတစ်ခုအမြန်တွေးထားတာ ကောင်းလိမ့်မယ် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ကျော်နဲ့ လူအများကြီးကို အကြာကြီးကျွေးထားလို့ မရဘူး”
တတိယဆရာဦးလေး အကူအညီမဲ့စွာခေါင်းယမ်းလိုက်ကာ
“လူတိုင်းပဲ မနက်ဖြန် ငါ့အတွက်ဆေးရွက်နည်းနည်းလောက်ရှာပေးကြပါဦး ငါငွေရအောင် ဆေးနည်းနည်းရောင်းဖို့ သန့်စင်လိုက်မယ်”
တတိယဆရာဦးလေး ခါးသက်စွာ ခပ်ဟဟရယ်မောလိုက်ကာ
“ဒါဆိုရင်တော့ ငါလည်း အဆောင်စာရွက်တွေပိုရေးရတော့မှာပဲ အဲ့တာတွေက သာမန်အဆောင်တွေပဲဆိုရင်တောင် များများရေးရင် ငွေနည်းနည်းတော့ ပိုရမှာပါ”
“စိတ်မပူပါနဲ့ တူလေး မင်းက လူတွေအများကြီးခေါ်လာပြီး ပြဿနာရှာရင်တောင် ငါတို့ကမင်းကို ပစ်မထားပါဘူး” ဆရာဦးလေး ၆ ခပ်တည်တည်ပြောလိုက်၏။
လင်းယွမ်ကျိတစ်ယောက်တည်းသာ အားလုံးကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ရှုနေခဲ့လေသည်။
သူပြောချင်နေခဲ့၏။
“လူတိုင်းပဲ မင်းတို့စိုးရိမ်စရာမလိုဘူး အဇူရာတိမ်ဂိုဏ်းက အနာဂတ်မှာချမ်းသာလာတော့မှာကွ!”
ကျန်းယန်ဆရာဦးလေးတစ်ယောက်ချင်းစီကို ကျေးဇူးတင်လိုက်ပြီး ပြောလိုက်သည်။
“ဆရာဦးလေးတို့အားလုံး အတူတူသာကြိုးစားမယ်ဆိုရင် အဇူရာတိမ်ဂိုဏ်းရဲ့ ပြုပြင်ပြောင်းလဲရေးက အောင်မြင်မှာသေချာပါတယ် ဆရာဦးလေး ၃ ကျွန်တော်ဆရာဦးလေးကိုဆေးနည်းနည်းသန့်စင်ပေးဖို့ ဒုက္ခပေးရတော့မယ် ဒီေဆးပင်တွေကိုသံုးပြီး ကျင့်ကြံခြင်းတိုးလာအောင် ဘယ်လိုေဆးေဖာ်လုိ့ရမလဲ ဆရာဦးလေးတစ်ချက်ကြည့်လိုက်ပါ အထူးသဖြင့် ဆရာဦးလေးတို့ရဲ့ ကျင့်ကြံခြင်း အဲ့တာက အမြန်တိုးကို တိုးတက်လာရမယ်”
သူ့အမြင်တွင် သူ့ဆရာဦးလေးများက အရင်းအမြစ်ကင်းမဲ့နေ၍သာ အဆင့်ချိုးဖြတ်ဖို့ တားဆီးခံနေရခြင်း ဖြစ်၏။
အနာဂတ်တွင် အဇူရာတိမ်ဂိုဏ်း တိုးတက်လာစေရန် ပညာရှင်များကိုလိုအပ်လာမှာ သေချာပေသည်။
ဆရာဦးလေး ၃ ခေါင်းယမ်းလိုက်ပြီး ခြောက်ကပ်ကပ်ပြုံးလိုက်ကာ
“ဒါပေမယ့် စိတ်ဝိညာဉ်ဆေးပင်တွေမရှိဘူးလေ…”
သူပြောပြီးသည်နှင့် သူ့ရှေ့တွင် စိတ်ဝိညာဉ်ဆေးပင်အပုံလိုက်ပေါ်လာခဲ့ကာ ရှားပါးသော စိတ်ဝိညာဉ်ဆေးများပါ၀င်သည့် သေတ္တာများလည်း ပေါ်လာခဲ့လေသည်။
သူ့မျက်လုံးများ ပြူးကျယ်သွားပြီး အမြန်ပင်သေတ္တာများကို ဖွင့်ကြည့်လိုက်ကာ အံ့ဩတကြီးရေရွတ်လိုက်မိ၏။
“နှလုံးသန့်စင်ကြာ ဝိညာဉ်တည်ငြိမ်ဆေးရွက် ကျောက်စိမ်းအရိုးပန်း…ဒါတွေအားလုံးက အဆင့်မြင့်ဆေးတွေ ဖော်စပ်ဖို့အတွက် လိုအပ်တဲ့ အရာတွေပဲ မင်းဒါတွေကို ဘယ်ကရလာတာလဲ”
“ဒါတွေက အသုံး၀င်လား” ကျန်းယန် စိတ်၀င်တစားမေးလိုက်သည်။
တန်ချန်ကျိ အကြိမ်ကြိမ်ခေါင်းညိတ်ပြလိုက်ကာ
“အရမ်းအသုံး၀င်တယ် ဒီဆေးပင်တွေနဲ့ဆိုရင် ငါစိတ်အညစ်အကြေးလွှာတွေကို ဖယ်ရှားပေးနိုင်တဲ့ နှလုံးသန့်စင်ဆေးတွေ ဖော်စပ်ပေးနိုင်တယ် ငါတို့ ကျင့်ကြံခြင်းကရပ်နေတာကြာပြီဆိုတော့ စိတ်အညစ်အကြေးအလွှာတွေကလည်း အရေးကြီးတယ် အခုငါတို့မှာ အဆင့်ချိုးဖြတ်ဖို့ မျှော်လင့်ချက်ရှိနေပြီ ငါစိတ်ဝိညာဉ်တည်ငြိမ်ဆေးတွေလည်း ဖော်စပ်ပေးနိုင်တယ် အဲ့တာက ကျန်းယန် မင်းရဲ့ရွှေအမြုတေကို တည်ငြိမ်အောင်လုပ်ပေးနိုင်တယ်”
“ဒါဆို ကျွန်တော်ဒါတွေကိုဆရာဦးလေး၃အတွက် ထားခဲ့တော့မယ် ဆရာဦးလေး ၃ လူတိုင်းသုံးဖို့အတွက် အမြန်သန့်စင်လိုက်တော့” ကျန်းယန် တန်ချန်ကျိကိုအကုန်ယူသွားဖို့ လက်ဟန်ပြလိုက်၏။
တန်ချန်ကျိ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားပြီး အမြန်သိမ်းဆည်းလိုက်လေသည်။
လူတိုင်း ကျန်းယန်ကို ထူးဆန်းသောမျက်လုံးများဖြင့်ကြည့်ရှုနေခဲ့ကြပြီး သူထိုအရာများကိုဘယ်ကရလာသလဲ သိချင်နေခဲ့ကြ၏။
“ဆရာဦးလေး ၆ ကျွန်တော်ဒီသတ္တုပစ္စည်းတွေကိုတော့ ဆရာဦးလေးဆီပဲ လက်လွှဲထားလိုက်တော့မယ်” ကျန်းယန် သတ္တုပစ္စည်းများနှင့် ပေါင်သောင်းချီသော ကြေးနီရိုင်းများကို ဟော်လင်းကျိ ဆီပေးအပ်လိုက်သည်။
တန်ချင်ကျိ၏ သာဓကကြောင့် လူတိုင်းသတ္တုပစ္စည်းများလည်းပေါ်လာဖို့ မျှော်လင့်ထားပြီးဖြစ်သောကြောင့် သိပ်တော့မအံ့ဩသွားခဲ့ကြပေ။
သို့သော် ဤပစ္စည်းများဘယ်ကလာသလဲဆိုတာကိုတော့ သူတို့ စိတ်၀င်စားနေခဲ့ကြ၏။
“ဆရာဦးလေး ၅ ကျွန်တော်ဆရာ့ကို အဆောင်စာရွက်တွေယူလာပေးဖို့ ကတိပေးခဲ့တယ်နော် အခုကျွန်တော်ယူလာခဲ့ပြီ!” ကျန်းယန် အဆောင်စာရွက်တစ်ထပ် ဆရာဦးလေး ၅ ဆီပေးလိုက်လေသည်။
“နောက်ပြီးကျွန်တော်အဆင့်မြင့်အဆင့် စုတ်တံ၂ချောင်းလည်း ၀ယ်လာခဲ့သေးတယ် ဆရာဦးလေး ဒါတွေကိုသုံးပြီး အစွမ်းထက်အဆောင်တွေရေးဆွဲနိုင်ဖို့ မျှော်လင့်ပါတယ် ဆရာဦးလေးဆွဲတဲ့ အဆောင်တွေက ကျွန်တော်တို့ကို ငွေရှာပေးလိမ့်မယ်”
အဇူရာတိမ်ဈေးက ယခုအခါ ငွေသိပ်မရှိသေးသောကြောင့် ထိုနေရာတစ်ခုတည်းကိုသာ မှီခိုနေ၍ မဖြစ်ပေ။ သူတို့ငွေရှာရန် နည်းလမ်းအသစ်များလည်း ရှာကိုရှာရမည် ဖြစ်သည်။
ဆရာဦးလေး ၅ လှိုက်လှိုက်လှဲလှဲရယ်မောလိုက်ကာ
“မင်းကငါ့ရဲ့ကြင်နာမှုကို မေ့ပစ်မှာမဟုတ်တာကို ငါသိပါတယ် စိတ်မပူပါနဲ့ ငါမင်းအတွက်အဆောင်စာရွက်တွေ ဆွဲပေးမယ်!”
အဆောင်စာရွက်များဆွဲခြင်းက သူ့အတွက် ကျင့်ကြံခြင်းသာဖြစ်ပြီး ရောင်းချ၍ ငွေရခြင်းကတော့ အပိုဆုသာ ဖြစ်၏။
သာမန်အဆောင်စာရွက်များက စိတ်ဝိညာဉ်စွမ်းအင်မပါသောကြောင့် သူ့အတွက်ကျင့်ကြံရာ၌ အသုံးမ၀င်ခဲ့ပေ။ ထိုအရာများကတော့ ငွေရှာရန်သာ သူရေးဆွဲခဲ့ရခြင်း ဖြစ်ပေသည်။
အခြားသူများလည်း ကျန်းယန်ကို စိတ်အားထက်သန်စွာကြည့်လိုက်ကြပြီး သူတို့အတွက် ဘာအကျိုးအမြတ်ရှိနေမလဲ သိချင်နေခဲ့ကြ၏။
ကျန်းယန် ခြောက်ကပ်ကပ်ပြုံးလိုက်ကာ
“ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ဆရာဦးလေးအချို့အတွက်ပဲ အသုံး၀င်တဲ့ပစ္စည်းတွေရခဲ့တယ် အခြားသူတွေအတွက် အသုံး၀င်တာတွေရရင်လည်း ကျွန်တော်ယူလာပေးပါ့မယ် ဒါပေမယ့် ကျွန်တော် ဈေး၀ယ်ထွက်ပြီးတဲ့အခါမှာ ကျွန်တော့်ဆီမယ် စိတ်ဝိညာဉ်ကျောက်တုံး ၁၂၀၀၀၀ ကျန်နေသေးတယ် ၅၀၀၀၀ကိုတော့ ဂိုဏ်းအတွက်လိုတာသုံးဖို့ ထားလိုက်မယ် ကျန်တဲ့ ၇၀၀၀၀ကို ကျွန်တော်တို့ခွဲယူလို့ရတယ်ဆိုတော့ တစ်ယောက်ကို ၁၀၀၀၀ စီရလိမ့်မယ်”
“အဲ့လောက်တောင်များတယ်လား” လူတိုင်း ကြောင်အသွားခဲ့ကြသည်။
အထူးသဖြင့် ဆရာဒေါ်လေး ၇ ဖြစ်ပြီး သူ့ပါးစပ်က ကြက်ဥတစ်လုံး၀င်လို့ရအောင်ထိ ဟသွားခဲ့၏။
ဘယ်အချိန်တုန်းက အဇူရာတိမ်ဂိုဏ်းသည် ထိုမျှချမ်းသာသွားပါသနည်း။
နောက်ပြီး တစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ စီပေးမှာက…အဲ့တာက များလွန်းတယ်!
လူတိုင်း ပျော်ရွှင်စွာအောင်ပွဲခံလိုက်ကြလေသည်။
“အမြန် အမြန် စိတ်ဝိညာဉ်ကျောက်တုံးတွေ အမြန်ခွဲေပးတော့!”
ထို့နောက်တွင်တော့ မကျေမနပ်အသံတစ်သံထွက်ပေါ်လာခဲ့၏။
“ကျေးဇူးမသိတတ်တဲ့ တပည့် မင်းမှာစိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိတာကို မင်းဆရာငါ့ကိုခွဲမပေးဘူးပေါ့ နောက်ပြီး မင်းတို့အားလုံး စိတ်ဝိညာဉ်ကျောက်တုံးတွေရှိနေတာကို မင်းတို့စီနီယာအစ်ကိုကြီးငါ့ကိုမေ့နေကြတယ်လား”
တံခါးပိတ်ကျင့်ကြံခြင်း၀င်သွားသော ချင်းယွင်ကျိ ရုတ်တရက် လူတိုင်းရှေ့တွင် ပေါ်လာခဲ့လေသည်။