ဆရာတူအစ်ကိုကြီး၏ ပို့ချမှု
Vol. 1 Ch. 9
ချင်းယွင်ကျိသည် တာ၀န်ယူတတ်သောဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်မှာ သံသယရှိစရာပင် မလိုပေ။
သို့သော် သူသည်သူ့ပါရမီများအားလုံးကို ကျင့်ကြံခြင်းထဲတွင်သာ ထည့်ထားခြင်းကြောင့်သာ ဂိုဏ်းကလက်ရှိအခြေအနေသို့ ရောက်လာခဲ့ရခြင်းဖြစ်၏။
ယခုအခါ ဂိုဏ်းတွင် တပည့် ၈၀ကျော်ရောက်ရှိနေလေရာ ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သူမည်သို့ တံခါးပိတ်ကျင့်ကြံခြင်း၀င်နေနိုင်ပါမည်နည်း။
ထို့ကြောင့်လည်း သူဂိုဏ်းထဲရှိပြောင်းလဲမှုများကို အမြဲစောင့်ကြည့်နေကာ ဖြေရှင်းဖို့နည်းလမ်းကို ရှာနေခဲ့ခြင်း ဖြစ်သည်။
ကျန်းယန်၏ပြုပြင်ပြောင်းလဲရေးကိစ္စများတွင် သူ၀င်မပါဘူးဆိုသော်လည်း ဂိုဏ်းတွင်ကိစ္စတစ်ခုခုရှိလာလျှင်တော့ သူ၀င်ပါရမည်သာ။ နောက်ဆုံးတွင် သူသည် ဂိုဏ်းချုပ်တစ်ယောက်သာ ဖြစ်နေခဲ့၏။
ကျန်းယန် ဂိုဏ်းဆီပြန်လာကတည်းက ချင်းယွင်ကျိ သတိထားမိနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျန်းယန်က ထိုကဲ့သို့သောပစ္စည်းအများအပြားယူလာလိမ့်မည်ဟုတော့ သူထင်မထားခဲ့ပေ။
ထို့အပြင် ပိုအံ့ဩစရာကောင်းသည်မှာ စိတ်ဝိညာဉ်ကျောက်တုံးများဖြစ်ကြ၏။
ထိုအရာများကို မြင်ပြီး တခဏအကြာတွင်တော့ သူဒေါသထွက်သွားခဲ့ရသည်။
လူတိုင်းစိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ စီဝေစုရရှိရခဲ့ပြီး အဘယ်ကြောင့်ဘယ်သူမှ သူ့အကြောင်း မတွေးမိခဲ့ကြပါသနည်း။
အဇူရာတိမ်ဂိုဏ်းသည် မွဲတေနေတာကြာပြီဖြစ်ပြီး စိတ်ဝိညာဉ်ကျောက်တုံးအများကြီးတစ်ခါမှ မရှိခဲ့ဖူးပေ။ သူတို့ကျန်းယန်ကိုခေါ်လာခဲ့စဉ်တုန်းကပင် သူ့အတွက် အရင်းအမြစ်များကို လုပ်အားဖြင့်လဲယူခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကလည်း စိတ်ဝိညာဉ်ကျောက်တုံး မရှိခဲ့ပေ။
ထို့ကြောင့် သူအမြန်ပင်ခုန်ထွက်လာခဲ့ခြင်း ဖြစ်၏။
သူလည်း စိတ်ဝိညာဉ်ကျောက်တုံးများ လိုအပ်ပေသည်။
“ဆရာ!” ကျန်းယန် အနည်းငယ်အံ့အားသင့်သွားခဲ့၏။
“ဆရာ တံခါးပိတ်ကျင့်ကြံနေတာမဟုတ်ဘူးလား”
သူအမှန်တကယ်ပင် ချင်းယွင်ကျိ တံခါးပိတ်ကျင့်ကြံနေသည်ဟု ထင်မှတ်နေခဲ့ခြင်းဖြစ်ပြီး ထို့ကြောင့်လည်း သူ့အတွက်စိတ်ဝိညာဉ်ကျောက်တုံးဝေစုကို တွက်မထားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် နောင်နှစ်၀က် ချင်းယွင်ကျိ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာချိန်တွင်ဆိုလျှင်လည်း အဇူရာတိမ်ဂိုဏ်းက စိတ်ဝိညာဉ်ကျောက်တုံး ကင်းမဲ့နေတော့မှာ မဟုတ်ပေ။
ချင်းယွင်ကျိ ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ကာ
“ငါကမင်းဆရာဆိုတာတော့မင်းမှတ်မိသေးတယ်ပေါ့ ငါ့စိတ်ဝိညာဉ်ကျောက်တုံးတွေဘယ်မှာလဲ”
ကျန်းယန်ရယ်မောလိုက်ပြီး ချင်းယွင်ကျိအပါအ၀င် အခြားသူများအားလုံးကို စိတ်ဝိညာဉ်ကျောက်တုံးများ ခွဲဝေပေးလိုက်လေသည်။
“ဆရာနဲ့ဦးလေးတို့အားလုံး စိတ်ဝိညာဉ်ကျောက်တုံးတွေရပြီးတာနဲ့ အမြန်ကျင့်ကြံခြင်းကို မြှင့်ကြတော့ နောက်ဆုံးတော့ အဇူရာတိမ်ဂိုဏ်းက ဆရာဦးလေးတို့ကိုမှီခိုနေရတာလေ ဒါပေမယ့် တံခါးပိတ်ကျင့်ကြံခြင်းတော့မ၀င်ကြနဲ့ဦး ဒါမှကျွန်တော်လိုရင် ခေါ်လို့ရမှာ
တိုးချဲ့စရာတွေအများကြီးရှိသေးလို့ လက်ကျန်စိတ်ဝိညာဉ်ကျောက်တုံးတွေကို ကျွန်တော်ပဲ စီမံထားလိုက်မယ် အဇူရာတိမ်ဂိုဏ်းရဲ့ ပြုပြင်ပြောင်းလဲမှု လုံး၀ပြီးသွားပြီဆိုရင် ကျွန်တော်တို့ အဲ့ဒီအချိန်ကျ ငွေကြေးစီမံခန့်ခွဲမှုအကြောင်း ဆွေးနွေးလို့ရပြီ စကားမစပ် ဆရာ ကျွန်တော်ဆရာ့အတွက် အမည်ခံတပည့်တစ်ယောက်ခေါ်လာတယ် အခုဆရာလည်း တံခါးပိတ်ကျင့်ကြံတာက ထွက်လာပြီဆိုတော့ သူ့ကိုမနက်ဖြန်တွေ့ပြီး ကျင့်စဉ်တစ်ခုလောက်သင်ပေးလိုက်လို့ ရမလား” ကျန်းယန် ချင်းယွင်ကျိကိုကြည့်ကာ မေးလိုက်၏။
ချင်းယွင်ကျိအပြုံးအေးခဲသွားခဲ့သည်။
သူအခုမှ စိတ်ဝိညာဉ်ကျောက်တုံးများ ရရှိခြင်းဖြစ်ပြီး ထိုတပည့်က တပည့်တစ်ယောက်ထပ်ခေါ်လာကာ ပြဿနာရှာပြန်ပြီလော။
ချင်းယွင်ကျိအမူအရာပြောင်းလဲသွားပုံကိုတွေ့သောအခါ ကျန်းယန် ရှင်းပြလိုက်၏။
“ဆရာ စိတ်မပူပါနဲ့ သူ့ကိုတွေ့ပြီး ကျင့်စဉ်တစ်ခုလောက်ပဲ သင်ပေးလိုက် ကျန်တာအကုန် တပည့်တာ၀န်ထား”
ချင်းယွင်ကျိ စိတ်အေးသွားကာ ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို မနက်ဖြန် နဂါးအချိန်မှာ သူ့ကိုပင်မခန်းမထဲမှာတွေ့မယ် ကောင်းပြီ စိတ်ဝိညာဉ်ကျောက်တုံးတွေရှိနေပြီဆိုတော့ အားလုံးပဲ သွားကျင့်ကြံကြတော့”
ပြောပြီးသည့်နောက် သူအရင်ထွက်သွားခဲ့၏။
လင်းယွမ်ကျိမှအပ အခြားအဇူရာတိမ်မောင်နှမ ၇ ဖော်လည်း ထွက်ခွာသွားခဲ့လေသည်။
ကျန်းယန်က နောက်ဆုံးမှထွက်သွားသူဖြစ်ပြီး ဂိုဏ်းချုပ်၏တပည့်ဖြစ်သောကြောင့် သူ့အိမ်ကအဇူရာတိမ်တောင်ထွတ်တွင် ရှိခြင်း ဖြစ်၏။
အဇူရာတောင်ထွတ်သို့ရောက်သောအခါ ကျန်းယန် တံခါးပိတ်လိုက်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများနှင့်စတင်ကျင့်ကြံတော့သည်။
စိတ်ဝိညာဉ်ကျောက်တုံးများနှင့်ဆိုပါက အကျိုးသက်ရောက်မှုက ချီသန့်စင်ခြင်းထက်ပို၍ကောင်းပေသည်။
ကျန်းယန် အတွင်းထဲရှိသူ့ဒန်ထျန်ကိုကြည့်နေရင်း ပဲစေ့အရွယ် ရွှေအမြုတေကိုအကဲခတ်နေကာ ထိုအရာပိုသန်မာလာစေရန် စိတ်ဝိညာဉ်ကျောက်တုံးမှစိတ်ဝိညာဉ်ချီများကို ဆက်လက်စုပ်ယူနေခဲ့၏။
စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးမှ စိတ်ဝိညာဉ်ချီသည် ချီသန့်စင်ခြင်း ၅ ရက်သန့်စင်တာနှင့် ညီမျှပေသည်။
“ဒါကမှ တကယ့်အမတကျင့်ကြံခြင်းဆိုတာပဲကွ!”
ကျန်းယန်စိတ်ကျေနပ်စွာ ပြုံး၍ ပြောလိုက်၏။
……
နောက်တစ်နေ့မနက်တွင် နေရောင်က အဇူရာတိမ်ဂိုဏ်းပင်မခန်းမဆီ ထိုးကျနေခဲ့သည်။
ခန်းမအပြင်ဘက်ရှိမြေကွက်လပ်ထဲတွင် ၈၇ ယောက်သောတပည့်များ ထိုင်နေခဲ့ကြ၏။
ယနေ့သည် သူတို့၏ သင်ကြားရေးပထမဆုံးနေ့ဖြစ်သောကြောင့် လူတိုင်းကအလေးအနက်ထားကာ အစောကြီးလာစောင့်နေခဲ့ကြသည်။
သူတို့အနီးတွင်တော့ ကျန်းကျစ်ချိုး ရပ်နေခဲ့၏။
ထိုအခိုက်တွင် ကျန်းကျစ်ချိုးအနည်းငယ်စိတ်ညစ်နေသလို ခံစားနေခဲ့ရသည်။
ကျန်းယန်က သူ့ကိုအဇူရာတိမ်ဂိုဏ်းဆီ၀င်ခွင့်ပေးမည်ဟု ကတိပေးခဲ့သော်လည်း သူကအခုထိ တရား၀င်ဂိုဏ်းသား မဖြစ်သေးပေ။
နောက်ထပ်စိတ်ပူစရာတစ်ခုမှာ အဇူရာတိမ်ဂိုဏ်းသို့၀င်ပြီးချိန်တွင် ဂိုဏ်းက သူ့ကိုကျင့်စဉ်ထောက်ပံ့ မပံ့ ဟူသော ကိစ္စပင်ဖြစ်၏။
လူအုပ်ကြီး၏အကြည့်အောက်တွင် တောင်ထွတ်များမှ ပုံရိပ်များ ခန်းမကြီးထဲသို့ ဆင်းသက်လာခဲ့ကြသည်။
သူတို့လေဟုန်စီးနေကြသည်ကိုကြည့်ရင်း သာမန်တပည့်များ၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာခဲ့ကြ၏။
ကျန်းကျစ်ချိုးပင် စိတ်လှုပ်ရှားမှုကိုခံစားလိုက်ရသည်။
အဇူရာတိမ်ဂိုဏ်းသည် နှစ်ပေါင်းထောင်ချီသောသက်တမ်းရှိသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်လေရာ သူတို့တွင် သူလက်လှမ်းမမီနိုင်သော ကျွမ်းကျင်သူ မည်မျှရှိနေနိုင်ပါမည်နည်း။
ချင်းယွမ်ကျိနှင့်အခြားသူများ ခန်းမထဲသို့၀င်သွားကြပြီး ထိုင်လိုက်ကြချိန်တွင် ကျန်းယန် သာမန်တပည့်များကို ညွှန်ကြားလိုက်၏။
“လူတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ်ထိုင်ပြီး စောင့်နေကြပါ”
ကျန်းကျစ်ချိုးကိုတော့ လက်ဟန်ပြ၍ ခန်းမထဲလိုက်ခဲ့ဖို့ အချက်ပေးလိုက်သည်။
ခန်းမထဲတွင် လူတိုင်းက လန်းဆန်းတက်ကြွနေပုံ ပေါက်နေခဲ့၏။
ရှင်းလင်းစွာပင် မနေ့ညက စိတ်ဝိညာဉ်ကျောက်တုံးများနှင့်ကျင့်ကြံခဲ့ခြင်းက သူတို့အတွက်အတော်လေးအကျိုးရှိခဲ့ကြပုံပင်။
ကျန်းကျစ်ချိုး၀င်လာသည်ကိုမြင်သောအခါ ချင်းယွင်ကျိပြုံးကာ ပြောလိုက်သည်။
“ငါမင်းအကြောင်းကို ကျန်းယန်ဆီကကြားပြီးပြီ မင်းကိုအမည်ခံတပည့်တစ်ယောက်အဖြစ် လက်ခံချင်တယ် မင်းကငါ့တပည့်ဆိုပေမယ့် တပည့်စာရင်းထဲမှာတော့ မထည့်သေးဘူး မင်းကျင့်ကြံခြင်းမှာ အောင်မြင်မှုရတဲ့အခါမှသာ မင်းကငါ့တပည့်ရင်းတစ်ယောက်ဖြစ်လာလိမ့်မယ်”
အကယ်၍ ကျန်းယန်ကသာ သူ့အစားလက်မခံခဲ့ဘူးဆိုရင် သူကျန်းကျစ်ချိုးကိုတပည့်အဖြစ်လက်ခံမည် မဟုတ်ပေ။
သူသည်အလွယ်တကူတပည့်လက်ခံတတ်သောလူမဟုတ်ပေ။
ကျန်းကျစ်ချိုး လေးလေးနက်နက်ဦးညွတ်လိုက်ကာ
“ကျန်းကျစ်ချိုး ဆရာနဲ့ဆရာဦးလေးတို့အားလုံးကို နှုတ်ဆက်ပါတယ်”
အမည်ခံတပည့်တစ်ယောက်ဆိုလျှင်တောင် နောက်ဆုံး၌ သူ့တွင်နောက်ခံရှိလာခဲ့ချေပြီ။
ချင်းယွင်ကျစ် လက်မြှောက်ကာ ပြန်ရပ်ဖို့အချက်ပြလိုက်ပြီး ပြောလိုက်၏။
“မင်းကျင့်ကြံခြင်းက ကျန်းယန်ထက်မြင့်တယ် ရွှေအမြုတေအလယ်အဆင့်ကိုတောင် ရောက်နေပြီ ဒါပေမယ့် ကျန်းယန်ကမင်းထက်ဂိုဏ်းထဲကိုအရင်၀င်ခဲ့တဲ့အပြင် နောက်တက်မယ့် ဂိုဏ်းချုပ်အလောင်းအလျာလည်းဖြစ်တာကြောင့် မင်းသူ့ကို စီနီယာအစ်ကိုလို့ ခေါ်သင့်တယ်
အဇူရာတိမ်ဂိုဏ်းထဲမှာ ဘာကိစ္စပဲရှိရှိ မင်းသူ့ဆီသွားလို့ရတယ် ပြီးရင် သူ့အတွက်သင့်တော်တဲ့ ကျင့်စဉ်တစ်ခုရွေးဖို့ ကျမ်းစာတိုက်ထဲခေါ်သွားပေးလိုက် ဒါပေမယ့် ငါမင်းကိုသတိပေးချင်တာတစ်ခုက အဇူရာတိမ်ဂိုဏ်းထဲ၀င်ပြီးကတည်းက မင်းကဂိုဏ်းစည်းကမ်းကို လိုက်ကိုလိုက်နာရမယ် ဂိုဏ်းသားအချင်းချင်း ရဲဘော်ရဲဘက်စိတ်ထားပြီး အတွင်းပိုင်းပဋိပက္ခတွေမဖြစ်အောင် ရှောင်ရှားရမယ် မဟုတ်ရင်တော့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်”
“ကျွန်တော်ဂိုဏ်းစည်းကမ်းတွေကို လိုက်နာမယ်လို့ လုံး၀ကတိပြုပါတယ်” ကျန်းကျစ်ချိုး အမြန်တုန့်ပြန်လိုက်လေသည်။
“ကောင်းတယ်” ချင်းယွင်ကျစ် ခေါင်းညိတ်ပြလိုက်၏။
“ကျင့်ကြံခြင်းမှာ ဘာပြဿနာပဲရှိရှိ မင်းငါ့ကိုအဇူရာတိမ်တောင်ထွတ်မှာ လာရှာလို့ရတယ် အခြားဆရာဦးလေးတွေကိုလည်း သွားရှာလို့ရတယ် ဒါပေမယ့် လတ်တလောတော့ ငါတို့အလုပ်ရှုပ်နေသေးတယ်”
“ကျေးဇူးတင်ပါတယ် ဆရာနဲ့ဆရာဦးလေးတို့” ကျန်းကျစ်ချိုး ထပ်မံကျေးဇူးတင်လိုက်ပြန်သည်။
မိတ်ဆက်ပွဲအခမ်းအနားပြီးသွားသည့်အချိန်တွင်တော့ ချင်းယွင်ကျစ်နှင့်အကြီးအကဲများ သူတို့အိမ်များဆီသို့သာ အသီးသီးပြန်သွားခဲ့ကြ၏။
တကယ်တော့ ကျန်းကျစ်ချိုးတွင်သာ မည်သည့်ကျွမ်းကျင်မှုမှမရှိလျှင် သူတို့သူ့ကိုတွေ့ဆုံမည်မဟုတ်ဘဲ ကျန်းယန်နှင့်သာလွှဲပေးထားခဲ့မှာ ဖြစ်သည်။
ယခုအခါ သူတို့တွင် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် အရင်းအမြစ်များရှိနေပြီဖြစ်သောကြောင့် အကြီးအကဲများ သူတို့ကျင့်ကြံခြင်းကို တိုးမြှင့်ရန် အလျင်လိုနေခဲ့ကြ၏။
ထွက်ခွာသွားသော အကြီးအကဲများကိုကြည့်ပြီးနောက် ကျန်းကျစ်ချိုး ကျန်းယန်ဘက်လှည့်ကြည့်လိုက်ပြီး
“စီနီယာအစ်ကို လမ်းညွှန်ပြသေပးဖို့ တောင်းဆိုပါတယ်!”
ကျန်းယန် ခေါင်းညိတ်ပြလိုက်ကာ
“ငါအရင်ဆုံး အပြင်ကတပည့်တွေကို မိန့်ခွန်းပြောလိုက်ဦးမယ် ပြီးရင်မင်းကိုကျင့်စဉ်တစ်ခုရွေးဖို့ ခေါ်သွားပေးမယ်”
“လောစရာမလိုပါဘူး စီနီယာအစ်ကို အေးအေးဆေးဆေးလုပ်ပါ!” သူ အဇူရာတိမ်ဂိုဏ်းထဲရောက်သွားပြီဖြစ်သောကြောင့် လောနေစရာမလိုတော့ပေ။
ကျန်းယန် ခန်းမအပြင်သို့ထွက်လာသောအခါ လူတိုင်းခါးများမတ်သွားပြီး သူ့မိန့်ခွန်းကို စောင့်မျှော်နေခဲ့ကြသည်။
ကျန်းယန်သူတို့ကိုတစ်ချက်ကြည့်လိုက်ကာ လေးလေးနက်နက်ပြောလိုက်၏။
“ဘယ်ဂိုဏ်းကမှ တပည့်တွေကို ဘာရွေးချယ်မှုမှမလုပ်ဘဲ လက်မခံတတ်ဘူး ဒီတစ်ကြိမ်မင်းတို့ အဇူရာတိမ်ဂိုဏ်းကို၀င်ခွင့်ရခဲ့တာ ကံကောင်းတယ် ဘာလို့လက်မခံလဲဆိုတာ မင်းတို့သိကြလား”
ကျင့်ကြံခြင်းကိစ္စများနှင့်မရင်းနှီးသောကြောင့် လူတိုင်းခေါင်းယမ်းလိုက်မိကြသည်။
ကျန်းယန် လေးလေးနက်နက်ဆက်ပြောလိုက်၏။
“အမတကျင့်ကြံခြင်းမှာ ပါရမီလိုတယ် ကျင့်စဉ်တွေဘယ်ေလာက်ကောင်းကောင်း အရင်းအမြစ်တွေဘယ်လောက်ပေါပေါ ပါရမီမရှိရင် အားလုံးကအလကားပဲ ဂိုဏ်းတိုင်းရဲ့ စစ်ဆေးမှုတွေဆိုတာ ပါရမီကိုအကဲဖြတ်တာပဲ
မင်းတို့အားလုံးက အရင်ကလည်းတစ်ခါမှ စစ်ဆေးမှုမျိုးမခံရဖူးဘူးဆိုတော့ အချို့မှာ ပါရမီလစ်လပ်နေတာမျိုး ရှိနေနိုင်တယ်
ဒါပေမယ့် ငါမင်းတို့ကို နှစ်သိမ့်ပေးနိုင်တာကတော့ မင်းတို့ပါရမီကဘယ်လောက်ပဲဆိုးဆိုး မင်းတို့အဇူရာတိမ်ဂိုဏ်းထဲမှာ ရှိနေနိုင်တယ်ဆိုတာပဲ အခုအဇူရာတိမ်ဂိုဏ်းက လူတွေလိုနေတဲ့အချိန်ဖြစ်ပြီး နောက်ပိုင်းမှာ ဂိုဏ်းအတွက် မင်းတို့အကျိုးဆောင်ပေးလို့ရမယ့်နေရာတွေ သေချာပေါက်ရှိလာလိမ့်မယ်”