လေ့ကျင့်ရေးနယ်ပယ်
Vol. 1 Ch. 10
ကျန်းယန်စကားလုံးများက အခုမှ အဇူရာတိမ်ဂိုဏ်းထဲ၀င်လာသော တပည့်များကို မသက်မသာဖြစ်သွားစေခဲ့သည်။
သူတို့အဇူရာတိမ်ဂိုဏ်းစစ်ဆေးမှုတွင်ပါ၀င်ဖို့ ရောက်လာခဲ့ကြကတည်းက ကျင့်ကြံခြင်းတွင်ပါရမီလိုမှန်း သိခဲ့ပြီးသား ဖြစ်၏။ သူတို့အားလုံးအဇူရာတိမ်ဂိုဏ်းထဲရောက်သွားသောကြောင့် စစ်ဆေးမှုကမရှိတော့ဘူးဟု ထင်ခဲ့ကြသော်လည်း မျှော်လင့်မထားဘဲ စစ်ဆေးမှုက အခုမှ စလာခဲ့သည်။
သို့သော် ကျန်းယန်နှစ်သိမ့်စကားကြောင့် သူတို့စိတ်တော့အေးသွားခဲ့ကြ၏။
ဘာပဲဖြစ်ဖြစ် သူတို့အတွက်က အဇူရာတိမ်ဂိုဏ်းထဲရောက်သွားလျှင် လုံလောက်နေချေပြီ။
“စီနီယာအစ်ကို ကျေးဇူးပြုပြီးကျွန်တော်တို့ပါရမီတွေကို စမ်းသပ်ပေးပါ” ၀မ်ပေ့လဲ့ရှေ့ထွက်လာကာ တက်ကြွစွာ ပြောလိုက်သည်။
ကျန်းယန်၀မ်ပေ့လဲ့ကိုတစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။
“မင်းတို့ကျင့်ကြံခြင်းမစခင် ငါမင်းတို့ကို ကျင့်ကြံခြင်းအဆင့်တွေနဲ့ ယေဘုယျနည်းလမ်းတွေအကြောင်း ရှင်းပြပေးမယ်
ကျင့်ကြံခြင်းမှာ အခြေခံအကျဆုံးအဆင့်ကို အခြေခံတည်ဆောက်ခြင်းအဆင့်လို့ခေါ်ပြီး အဲ့ဒီအဆင့်ကိုခြေချလိုက်တာနဲ့ မင်းတို့ကျင့်ကြံခြင်းလမ်းအပေါ် ခြေချမိပြီလို့ ပြောလို့ရတယ်
အခြေခံတည်ဆောက်ခြင်းအဆင့်ဆိုတာက ယေဘုယျအခေါ်အဝေါ်တစ်ခုပဲဖြစ်ပြီးတော့ သူ့မှာအဆင့်တွေအများကြီးရှိနေသေးတယ် အဲ့ဒီအဆင့်တွေက ချီစုဆောင်းခြင်း ခန္ဓာသန့်စင်ခြင်း ဝိညာဉ်ပင်လယ်ဖွင့်ခြင်းနဲ့တာအိုအညှောင့်ထွက်ခြင်းတွေပဲ
ချီစုဆောင်းခြင်းအဆင့်မှာ ကောင်းကင်နဲ့မြေပြင်က စိတ်ဝိညာဉ်စွမ်းအင်တွေကို အာရုံခံပြီး မင်းတို့ခန္ဓာထဲစုပ်ယူရတယ်
အဲ့ဒီအဆင့်မှာ ပါရမီကစပေါ်လာတယ်
အချို့လူတွေက ပါရမီကောင်းပြီး စိတ်ဝိညာဉ်ချီအပေါ် အားကောင်းတဲ့နားလည်သဘောပေါက်မှုရှိပြီးတော့ ချီစုဆောင်းခြင်းအဆင့်ကို အလွယ်တကူ၀င်ရောက်နိုင်ကြတယ် အချို့ပါရမီမကောင်းတဲ့လူတွေကတော့ ချီစုဆောင်းခြင်းအဆင့်ရောက်ဖို့တောင် အချိန်တွေအများကြီး ယူကြရတယ် အချို့အတွက်တော့ စိတ်ဝိညာဉ်ချီကိုလုံး၀ အာရုံမခံနိုင်ကြဘူး သူတို့ကတော့ ကျင့်ကြံဖို့မဖြစ်နိုင်ဘူး”
လူအုပ်ကြီး သူ့စကားများကို နားလည်သွားခဲ့ကြသည်။
လူတစ်ယောက်သည် စိတ်ဝိညာဉ်ချီကိုတောင် အာရုံမခံနိုင်လျှင် အမတကျင့်ကြံခြင်းလမ်းစဉ်ကို မည်သို့လျှောက်လှမ်းနိုင်ကြပါမည်နည်း။
“ချီစုဆောင်းခြင်းအဆင့် အောင်မြင်တာနဲ့ နောက်တစ်ဆင့်က ချီကိုအသုံးပြုပြီးမင်းတို့ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်လို့ မင်းတို့ကိုယ်ရဲ့သန့်စင်မှုကို တိုးမြှင့်ပေးတာပဲ အဲ့ဒီအဆင့်ကသိပ်တော့အရေးမကြီးဘူး မင်းတို့ခန္ဓာကိုယ်ကို သန့်စင်ရာမှာ ကူညီပေးနိုင်တဲ့ ဆေးပင်တွေအများကြီးရှိတယ်
ခန္ဓာကိုယ်သန့်စင်သွားပြီဆိုရင် နောက်တစ်ဆင့်က ဝိညာဉ်ပင်လယ်ကိုဖွင့်ဖို့ပဲ
ဝိညာဉ်ပင်လယ်ကိုဖွင့်တဲ့နေရာမှာ နည်းလမ်းတွေအများကြီးရှိတယ်
အဲ့ဒီအဆင့်မှာ ဂိုဏ်းကနေမင်းတို့ကျင့်ကြံချင်တဲ့ ကျင့်စဉ်ယူလို့ရပြီး မင်းတို့ ကိုယ်ပိုင်ဝိညာဉ်ပင်လယ်ကို အဲ့ဒီကျင့်စဉ်နဲ့ဖွင့်နိုင်တယ်
ဝိညာဉ်ပင်လယ်ဖွင့်တာအောင်မြင်သွားရင်တော့ မင်းတို့ဝိညာဉ်ပင်လယ်ထဲမှာ တာအိုမျိုးစေ့အညေှာင့်ပေါက်လာပြီးတော့ အဲ့ဒီအချိန်ရောက်ရင် မင်းကအခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီလို့ ပြောလို့ရပြီ
အခြေခံတည်ဆောက်ခြင်းအဆင့်မှာတောင် အဲ့ဒီလိုခက်ခဲတဲ့ အဆင့် ၄ ဆင့်ပါ၀င်တယ်
အဲ့တာကြောင့် ငါမင်းတို့ကို သတိပေးချင်တာက မင်းတို့မှာသာ အားကောင်းတဲ့ လုံ့လဝီရီယနဲ့ယုံကြည်ချက်ရှိမနေရင် ကျင့်ကြံခြင်းကို စောစောစီးစီး လက်လွှတ်လိုက်တာ ပိုကောင်းမယ်ဆိုတာပဲ”
၀မ်ပေ့လဲ့ပြုံးကာ ပြောလိုက်၏။
“စီနီယာအစ်ကို ကျွန်တော်တို့က စစ်ဆေးမှုမှာပါ၀င်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ကျွန်တော်တို့မှာ ယုံကြည်ချက်နဲ့ဝီရိယရှိတာ သေချာပါတယ်”
“ဟုတ်ပါတယ် ကျွန်တော်တို့ စီနီယာအစ်ကိုကြီးကို စိတ်မပျက်စေရပါဘူး”
“ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုယုံကြည်ပေးပါ စီနီယာအစ်ကိုကြီး”
အသံများ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
ကျန်းယန်လူတိုင်းကို တိတ်တိတ်နေဖို့ လက်မြှောက်၍ အချက်ပြလိုက်ပြီး ဆက်ပြောလိုက်၏။
“ငါမင်းတို့ကို ဒါတွေပြောနေရတဲ့ အကြောင်းအရင်းက အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ကျင့်ကြံသူက များသောအားဖြင့် ကိုယ့်ကိုကိုယ်အားကိုးရလို့ပဲ ဂိုဏ်းကမင်းတို့ကို ခန္ဓာကိုယ်သန့်စင်တဲ့နေရာမှာ သုံးဖို့ ဆေးပင်အချို့နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် အတွေ့အကြုံတွေကိုတော့ထောက်ပံ့ပေးလို့ရတယ်
မင်းတို့ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုအောင်မြင်ပြီး ရွှေအမြုတေအဆင့်ထဲ စတင်၀င်ရောက်လာတဲ့အချိန်မှသာ ဂိုဏ်းကမင်းတို့ကို အထောက်အပံ့ကြီးတွေ ပေးနိုင်မှာ
အခုငါမင်းတို့ရဲ့ အနာဂတ်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့အတွက် ရွှေအမြုတေအဆင့်အကြောင်း အကြမ်းဖျင်းကြိုပြောပြမယ်
ရွှေအမြုတေအဆင့်မှာလည်း အဆင့်သုံးဆင့်ရှိတယ် အမြုတေဖွဲ့စည်းခြင်း အမြုတေသန့်စင်ခြင်းနဲ့ အမြုတေပျိုးထောင်ခြင်းတို့ပဲ
အမြုတေဖွဲ့စည်းခြင်းအဆင့်ဆိုတာကတော့ မင်းတို့ရဲ့ တာအိုမျိုးစေ့ကို အမြုတေဖြစ်လာအောင် သိပ်သည်းရတာပဲ
အမြုတေဖွဲ့စည်းခြင်းအဆင့်အောင်မြင်သွားရင် မင်းတို့ကောင်းကင်နဲ့မြေပြင်ရဲ့ နိယာမတွေကို နားလည်နိုင်ပြီး လေကိုဖြတ်လို့ ခရီးသွားနိုင်လိမ့်မယ်
အမြုတေဖွဲ့စည်းခြင်းအောင်မြင်သွားရင်တော့ မင်းသက်တမ်းကလည်းပိုရှည်သွားပြီး သက်တမ်းရာချီနေနိုင်ဖို့က ပြဿနာမဟုတ်တော့ဘူး
အမြုတေဖွဲ့စည်းခြင်းက တကယ်တော့ အဲ့လောက်မခက်ပါဘူး ငါလည်းအမြုတေဖွဲ့စည်းခြင်းအဆင့်ဆိုတော့ လူတိုင်းအတွက် မျှော်လင့်ချက်ရှိတယ်”
လူအုပ်ကြီး၏မျက်လုံးများ ထွက်ကျလာတော့မတတ် ပြူးကျယ်သွားခဲ့ကြ၏။
အနားတွင်ရပ်နေသော ကျန်းကျစ်ချိုးကတော့ ကြောင်အသွားပြီး အမြုတေဖွဲ့စည်းရတာ အဲ့လောက်လွယ်လားဟု ခပ်တိုးတိုးရေရွတ်နေခဲ့လေသည်။
သူသည် အမြုတေဖွဲ့စည်းခြင်းေအာင်မြင်ရန်သက်သက်ကိုပင်နှစ်ပေါင်း ၂၀ ကျော်အသုံးပြုခဲ့ရ၏။
သူ့ရုပ်ရည်ကငယ်ရွယ်နေသေးသော်လည်း တကယ်တော့ သူကအသက် ၁၀၀ကျော်နေပြီဖြစ်ပြီး သူ့သက်တမ်း၏ ၅ ပုံတစ်ပုံကို အမြုတေဖွဲ့စည်းရာ၌ အသုံးပြုခဲ့ရသည်။
“ရွှေအမြုတေအဆင့်ပြီးရင် ဝိညာဉ်အခြေတည်အဆင့် နတ်ဝိညာဉ်အဆင့် တာအိုပေါင်းစည်းခြင်းအဆင့်နဲ့ နှောင်းပိုင်းကပ်ဘေးဖြတ်ကျော်ခြင်း အဆင့်ဆိုပြီး ရှိကြတယ် အဲ့တာတွေကတော့ ငါတို့လက်ရှိအခြေအနေနဲ့ တွေးကြည့်ဖို့ ဝေးလွန်းပါသေးတယ်
အို့ မင်းတို့ကိုအခု မင်းတို့ စီနီယာအစ်ကိုကျန်းကျစ်ချိုးနဲ့မိတ်ဆက်ပေးမယ် သူကလည်း ဂိုဏ်းသားသစ်ပဲ ဒါပေမယ့် သူ့ကျင့်ကြံခြင်းကတော့ ငါ့ထက်တောင်မြင့်တယ် သူကအမြုတေသန့်စင်ခြင်းအဆင့်ကိုတောင် ရောက်နေပြီ”
ကျန်းယန် ထိုအခွင့်အရေးကိုယူကာ ကျန်းကျစ်ချိုးနှင့်လူတိုင်းကိုမိတ်ဆက်ေပးလိုက်လေသည်။
“မင်းတို့စီနီယာအစ်ကိုကိုလာနှုတ်ဆက်ကြ သူကအတော်လေးလည်းချမ်းသာတယ် သူစိတ်ကြည်နေရင် မင်းတို့ကိုစိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးရင်ပေးလိမ့်မယ် စိတ်ဝိညာဉ်ကျောက်တုံးထဲက စိတ်ဝိညာဉ်ချီတွေက မင်းတို့ချီစုဆောင်းတဲ့နေရာမှာ အထောက်အကူပြုနိုင်တယ်”
“တွေ့ရတာ၀မ်းသာပါတယ် စီနီယာအစ်ကို!”
၀မ်ပေ့လဲ့အမြန်နှုတ်ဆက်လိုက်ပြီး အခြားသူများလည်း သူ့နောက်ကလိုက်၍ နှုတ်ဆက်လိုက်ကြပြီး ကျန်းကျစ်ချိုးကို စိတ်အားထက်သန်သောအကြည့်များဖြင့် ကြည့်ရှုနေခဲ့ကြ၏။
“တွေ့ရတာ၀မ်းသာပါတယ် ဂျူနီယာညီလေး ညီမလေးတို့” ကျန်းကျစ်ချိုးအမြန်တုန့်ပြန်လိုက်ပြီး အားလုံးကို စိတ်ဝိညာဉ်ကျောက်တုံး ၅ တုံးဆီပေးလိုက်လေသည်။
သူ့တွင်စိတ်ဝိညာဉ်ကျောက်တုံးသောင်းချီရှိသောကြောင့် ရာဂဏန်းလောက်သုံးစွဲရခြင်းက သူ့အတွက် ဘာမှမဟုတ်ခဲ့ပေ။
စိတ်ဝိညာဉ်ကျောက်တုံးရရှိသူများကတော့ ပျော်ရွှင်သွားခဲ့ကြပြီး ကျန်းကျစ်ချိုးအပေါ်ပိုပြီးပင် အားကိုးချင်စိတ်ဖြစ်သွားခဲ့ကြ၏။
အဇူရာတိမ်ဂိုဏ်းထဲ ၀င်ပြီးပြီးချင်းပင် ကျန်းကျစ်ချိုး သူပိုင်ဆုိင်ေသာ စီနီယာအစ်ကိုရာထူးကို စတင်ခံစားလာခဲ့ရသည်။
ထိုအရာကလည်း ကျန်းယန်လိုချင်သောအရာသာ ဖြစ်၏။
မဟုတ်လျှင် တပည့်များကို သူကိုယ်တိုင်စိတ်ဝိညာဉ်ကျောက်တုံးနည်းနည်းပေးလိုက်ရခြင်းကလည်း သူ့အတွက် ပြဿနာမရှိပေ။
“စိတ်ဝိညာဉ်ကျောက်တုံးတွေ ရပြီးပြီဆိုတော့ အားလုံးပဲအဲ့တာတွေသုံးပြီး စိတ်ဝိညာဉ်ချီစုဆောင်းရာမှာ အောင်မြင်ဖို့ ကြိုးစားကြတော့!” ကျန်းယန်လူတိုင်းကို သတိပေးလိုက်လေသည်။
“ဒါပေမယ့် ကျင့်ကြံခြင်းအပြင်ဂိုဏ်းအတွက်မင်းတို့ကူညီပေးရမယ့် ကိစ္စလေးတွေရှိသေးတယ် အရင်ဆုံး မင်းတို့အိမ်တွေဆောက်ဖို့လိုတယ် နောက်ပြီး ဂိုဏ်းကဖရိုဖရဲဖြစ်ပြီး ရှုပ်ပွနေတယ် အဲ့တာတွေကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ရှင်းကြရမယ်
နောက်ပြီးမင်းတို့ဆေးပင်တွေရှာပြီး ဂိုဏ်းကိုပြန်အပ်ရမယ် အဲ့တာတွေကို မင်းတို့ရဲ့ အကျိုးဆောင်အမှတ်မှာ ပေါင်းထည့်ပေးမယ်
အနာဂတ်မှာ မင်းတို့ဂိုဏ်းကပစ္စည်းတွေလိုလာခဲ့ရင် အဲ့တာတွေကို အကျိုးဆောင်အမှတ်နဲ့ လဲလို့ရတယ်”
ကျန်းယန် အဇူရာတိမ်ဂိုဏ်းဆီရောက်စဉ်တုန်းကတော့ အဇူရာတိမ်မောင်နှမ ၇ ဖော်က သူလိုတာမှန်သမျှ တိုက်ရိုက်ပေးခဲ့ခြင်းဖြစ်သော်လည်း အခုတော့ တပည့်များများလာပြီဖြစ်သောကြောင့် တိုက်ရိုက်ပေးလိုက်၍ မဖြစ်တော့ပေ။
လူအုပ်ကြီးလည်း အထွန့်တက်မှု မရှိခဲ့ပေ။ ဂိုဏ်းတစ်ဂိုဏ်းက ထိုသို့သာ လည်ပတ်သင့်သည်ဟု သူတို့ခံစားနေခဲ့ကြရသည်။
“ကောင်းပြီ အားလုံးပဲ လူစုခွဲကြတော့ ကျင့်ကြံစရာရှိတဲ့လူက သွားကျင့်ကြံ အလုပ်လုပ်စရာရှိတဲ့လူကသွားလုပ်ကြတော့” ကျန်းယန် လက်ဝေ့ယမ်းကာ အားလုံးကို လူစုခွဲဖို့ အချက်ပြလိုက်ပြီးနောက် ကျန်းကျစ်ချိုးဘက်လှည့်ကာ ပြောလိုက်၏။
“ဂျူနီယာညီလေး ငါမင်းကို ကျင့်စဉ်ရွေးရအောင် ကျမ်းစာတိုက်ဆီခေါ်သွားပေးမယ်”
ကျန်းကျစ်ချိုးသူ့ကို အမြန်ကျေးဇူးတင်လိုက်လေသည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို!”
….
ကျန်းယန် ကျန်းကျစ်ချိုးကို ပင်မခန်းမနောက်ရှိ မျှော်စင်ကြီးတစ်ခုဆီ ခေါ်သွားနေခဲ့ရင်း ရှင်းပြနေခဲ့၏။
“ဒါက ကျင့်စဉ်တွေ အများကြီးရှိတဲ့ အဇူရာတိမ်ဂိုဏ်းရဲ့ကျမ်းစာတိုက်ပဲ ပထမအထပ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်စဉ်တွေရှိတယ် ဒုတိယထပ်က ရွှေအမြုတေအဆင့်အတွက်ဖြစ်ပြီးတော့ တတိယအထပ်ကတော့ ဝိညာဉ်အခြေတည်အဆင့်အတွက်ပဲ
မင်းကအခု အမြုတေသန့်စင်ခြင်းအဆင့်ဆိုတော့ ဒုတိယအထပ်က ကျင့်စဉ်တွေကိုပဲ ရွေးချယ်လို့ရမယ်”
ကျန်းကျစ်ချိုး ငါးလွှာရှိသော မျှော်စင်ကြီးကိုကြည့်ကာ အံ့အားသင့်နေခဲ့သည်။
အထူးသဖြင့် ဒုတိယထပ်ဆီတက်သွားပြီး ကျောက်စိမ်းပြားများ အတန်းလိုက်စီထားသည်ကိုတွေ့သောအခါ သူ့နှလုံးသားထဲ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်အနေနှင့် အခြားအရင်းအမြစ်များကို ရှာဖွေ၍ရသော်လည်း ကျင့်စဉ်များကတော့ အမြဲလိုလိုပင် ကန့်သတ်ချက်ရှိသော အရာများသာ ဖြစ်ကြပေသည်။
နောက်ခံကောင်းမရှိလျှင် ကျင့်စဉ်ကောင်းရှိဖို့အသာထားဦး ကျင့်စရာကျင့်စဉ်ရှိဖို့တောင် မလွယ်လှပေ။
သို့သော် အဇူရာတိမ်ဂိုဏ်းတွင်တော့ ရွှေအမြုတေအဆင့်ကျင့်စဉ်များက ဂေါ်ဖီထုပ်များလို ပေါများနေခဲ့၏။
ဤအရာမှာ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အခြေခံအုတ်မြစ်သာ ဖြစ်ပေသည်။
တကယ်တော့ ထိုအရာကြောင့်လည်း ကျန်းယန်သူ့ကိုအဇူရာတိမ်ဂိုဏ်းထဲ၀င်ဖို့ဖိတ်ခေါ်ခဲ့တုန်းက သူချက်ချင်းသဘောတူခဲ့ခြင်း ဖြစ်၏။