အရင်းအမြစ်ရင်းနှီးမြှုပ်နှံခြင်း
Vol. 1 Ch. 11
ကျန်းကျစ်ချိုးအမျိုးမျိုးသော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျောက်စိမ်းပြားများကိုကြည့်ကာ ဘာကိုရွေးရမလဲမသိဖြစ်နေခဲ့၏။
အမြုတေသန့်စင်ခြင်းအဆင့်သို့ ရောက်လာပြီးဖြစ်သောကြောင့် သူ့တွင်ထိုအဆင့်ကျင့်စဉ်တစ်ခုရှိတာတော့ သေချာပေသည်။
သို့ေသာ် ယခုအဇူရာတိမ်ဂိုဏ်းကို ရောက်လာပြီဖြစ်သောကြောင့် သူ့လက်ရှိကျင့်စဉ်ထက် ပိုအဆင့်မြင့်သော ကျင့်စဉ်တစ်ခုကို ရွေးချယ်ရပေတော့မည်။
သို့သော်လည်း ဤနေရာတွင် ကျောက်စိမ်းပြားများစွာရှိနေခြင်းကြောင့် သူဘာကိုရွေးရမလဲမသိ ဖြစ်နေခဲ့၏။
တခဏကြာစဉ်းစားပြီးနောက် သူကျန်းယန်ဘက်သို့လှည့်လိုက်ကာ တလေးတစားမေးလိုက်သည်။
“စီနီယာအစ်ကို ကျွန်တော့်ကိုလမ်းညွှန်ပေးလို့ရမလား”
ကျန်းယန် ကျန်းကျစ်ချိုးကိုတစ်ချက်ကြည့်ကာ မေးလိုက်၏။
“မင်းက ဘယ်လိုကျင့်စဉ်အမျိုးအစားမျိုး လိုတာလဲ”
သူသည် ဤနေရာရှိကျင့်စဉ်များအားလုံးကို အကြမ်းဖျင်းဖတ်ရှုပြီးသားဖြစ်ပေသည်။
ယနေ့မတိုင်ခင်ထိ သူက ဤဂိုဏ်း၏တစ်ဦးတည်းသောတပည့်ဖြစ်သည့်အပြင် ဂိုဏ်း၏ဆက်ခံသူလည်း ဖြစ်သောကြောင့် ကျင့်စဉ်တိုင်းကို ကြည့်ရှုခွင့်ရသည်မှာ မဆန်းလှပေ။
ကျန်းကျစ်ချိုးကတော့ မတူပေ။
ဂိုဏ်းကိုအခုမှ၀င်ခါစဖြစ်သည့်အပြင် ဂိုဏ်းအတွက်လည်း ဘာမှအကျိုးမဆောင်ပေးရသေးသောကြောင့် သူ့တွင် အကုန်လုံးကိုဖွင့်ကြည့်ခွင့် မရှိခဲ့ပေ။
ထပ်မမေးသေးဘဲ ကျန်းကျစ်ချိုးသူ့နောက်ခံဇာတ်ကြောင်းကို အရင်ပြောပြလိုက်၏။
“ကျွန်တော်အခြေခံတည်ဆောက်ခြင်းအဆင့်တုန်းကတော့ ကျွန်တော့်တာအိုမျိုးစေ့က မီးအခြေပြုတာအိုမျိုးစေ့ပါ ဒါပေမယ့် အမြုတေဖွဲ့စည်းခြင်းအဆင့်ေရာက်ေတာ့ ကျွန်တော်ကျင့်ရတဲ့ ကျင့်စဉ်က သစ်သားအခြေပြုကျင့်စဉ်ပါ အဲ့တာက ကျင့်လို့ရတယ်ဆိုပေမယ့် ကျွန်တော့်ပါရမီကို အပြည့်အ၀ထုတ်ဖော်မပေးပါဘူး အဲ့တာကြောင့် ဒီမှာမီးအခြေပြုကျင့်စဉ်တစ်ခုခုရှိရင် ကျွန်တော်အဲ့တာကို ယူချင်ပါတယ်”
ကျန်းယန် ကျောက်စိမ်းပြားများစွာကိုညွှန်ပြလိုက်ကာ
“ဒါတွေအားလုံးက မီးအခြေပြုကျင့်စဉ်တွေပဲ နေမီးတောက်ကျင့်စဉ် ကောင်းကင်လောင်ကျွမ်းကျင့်စဉ် တောင်အရပ်ကတောက်ပသောထွက်ခွာခြင်းမီးတောက်ကျင့်စဉ်…ဒီထဲက ဘယ်ဟာကိုဖြစ်ဖြစ်မင်းရွေးလို့ရတယ် မင်းသဘောပဲ စကားမစပ် ငါစိတ်၀င်စားမိတာက မင်းလက်ရှိကျင့်ကြံနေတဲ့ ကျင့်စဉ်ကို ဘယ်ကရခဲ့တာလဲ”
ကျန်းကျစ်ချိုးတခဏတွန့်ဆုတ်သွားပြီး ပြောလိုက်သည်။
“အရိုးသားဆုံးပြောရရင် စီနီယာအစ်ကို ကျွန်တော့်ဇာတ်လမ်းကနည်းနည်းတော့ရှုပ်တယ်
ကျွန်တော်ငယ်ငယ်တုန်းက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်နဲ့တွေ့ခဲ့ရတယ် ကျွန်တော့်မိသားစုကချမ်းသာပြီး ကျွန်တော့်မှာလည်း ပါရမီနည်းနည်းရှိနေတော့ သူကကျွန်တော့်ကို တပည့်အဖြစ်လက်ခံပြီး ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တင်ပေးခဲ့တယ်
ဒါပေမယ့် ကျွန်တော့်ဆရာမှာလည်း ကံကောင်းလို့ရထားတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်စဉ်ပဲရှိပြီး ရွှေအမြုတေအဆင့်ကျင့်စဉ်က မရှိဘူး
ကျွန်တော်အခုကျင့်နေတဲ့ကျင့်စဉ်ကတော့ အခြားကျင့်ကြံသူတစ်ယောက်ဆီက ယူထားတာပါ”
ပြောပြီးသည်နှင့် သူနေမီးတောက်ကျင့်စဉ်ကိုရွေးလိုက်ကာ ကျောက်စိမ်းပြားထဲရှိ ကျင့်စဉ်ကျမ်းကိုဖတ်ရှုနေခဲ့သည်။
ကျန်းယန် ကျန်းကျစ်ချိုးကိုတစ်ချက်ကြည့်လိုက်ကာ
“ဆိုတော့ မင်းကအတော်လေးပါရမီကောင်းတာပဲ!”
ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်အနေနှင့် ဆရာမရှိဘဲ အမြုတေသန့်စင်ခြင်းအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်က အတော်လေးလေးစားစရာကောင်းနေခဲ့၏။
ကျန်းကျစ်ချိုးခြောက်ကပ်ကပ်ပြုံးလိုက်ကာ ခေါင်းယမ်းလိုက်ပြီး
“စီနီယာအစ်ကိုက ကြင်နာလွန်းနေပြန်ပါပြီ ကျွန်တော်ကပါရမီရှင်မဟုတ်ပါဘူး စီနီယာအစ်ကိုလိုလူကမှ တကယ့်ပါရမီရှင်ပါ ကျွန်တော်မမှားဘူးဆိုရင် စီနီယာအစ်ကိုရဲ့အသက်က ၂၀ ၀န်းကျင်ပဲရှိဦးမယ်မလား ကျွန်တော်ကေတာ့ အသက် ၁၃၀ကျော်ပြီလေ
နောက်ပြီး ကျွန်တော်ရခဲ့တဲ့ကျင့်စဉ်ကြောင့် ကျွန်တော့်မှာရန်သူတွေလည်း ရှိလာခဲ့ပြီးတော့ သူတို့ရှာေတွ့မှာစိုးလို့ အဝေးကြီးထိထွက်ပြေးနေခဲ့ရတာ
အဇူရာတိမ်ဈေးရောက်မှသာ ကျွန်တော်နှစ်၂၀ကျော် အေးအေးချမ်းချမ်းနေခဲ့ရတယ်
သူကြံ့ကြံ့ခံခဲ့ရသော ခက်ခဲမှုများကို သူသာသိပေသည်။
ကျန်းယန် တခဏတော့ ကြောင်အသွားခဲ့၏။ ဒီကောင်က အသက် ၁၀၀ ပင်ရှိနေပါပြီလော။ အတိတ်တွင်ဆိုလျှင် သူထိုကဲ့သို့သောအကြီးအကဲမျိုးကို လေးလေးစားစားအရိုအသေပေးနေရမည်ဖြစ်သည်။
“အတိတ်အကြောင်းတွေ ထားလိုက်ပါတော့ အခုမင်းက အဇူရာတိမ်ဂိုဏ်းကို၀င်ပြီး ငါတို့ထဲကတစ်ယောက်ဖြစ်နေပြီ ဂိုဏ်းကမင်းနောက်ခံဖြစ်ပေးမှာပါ” ကျန်းယန် အေးအေးဆေးဆေးပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်း ကြွယ်၀လာအောင် အတူတူလုပ်ကြတာပေါ့ အဲ့ဒီနေရာမှာ မင်းရဲ့အားထုတ်မှုတွေက မရှိမဖြစ်လိုအပ်တယ်”
ကျန်းကျစ်ချိုး အမြန်တုန့်ပြန်လိုက်သည်။
“တာ၀န်ထမ်းဆောင်ဖို့အသင့်ပါ စီနီယာအစ်ကို”
“အဇူရာတိမ်ဂိုဏ်းက လတ်တလော လူနည်းနေပြီးတော့ အဇူရာတိမ်ဈေးကိုလည်း အုပ်ချုပ်ဖို့လိုနေတယ် မင်းအဲ့ဒီမှာပဲ ကျင့်ကြံလို့ရတယ် ကျင့်စဉ်ရွေးပြီးတာနဲ့ အဇူရာတိမ်ဈေးကို ပြန်လိုက်တော့ တကယ်လို့မင်းမှာ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့မေးခွန်းတွေရှိလာရင် ငါဆရာဉီးလေးတို့ကို သူတို့အားတဲ့အခါ မင်းကိုလမ်းပြပေးဖို့ ပြောထားလိုက်မယ်”
သူကျန်းကျစ်ချိုးကို ကျင့်စဉ်ရွေးခွင့်ပေးခဲ့သော်လည်း ထိုကောင်သက်သေမပြနိုင်သေးသရွေ့ သူအပြည့်အ၀ယုံကြည်မည် မဟုတ်ပေ။
ယခုကေတာ့ အဇူရာတိမ်ဈေးက အုပ်ချုပ်ခံဖို့လိုအပ်နေပြီး ကျန်းကျစ်ချိုးကလည်း ထိုနေရာကို နှစ်၂၀ကျော်အုပ်ချုပ်ခဲ့သောကြောင့် ထိုတာ၀န်က သူနှင့်ကိုက်ညီနေခဲ့၏။
“ဒါပေမယ့် မင်းကအခုဂိုဏ်းသားတစ်ယောက်ဖြစ်နေပြီဆိုတော့ အဇူရာတိမ်ဂိုဏ်းကိုအရင်လိုတော့ အုပ်ချုပ်လို့မရတော့ဘူး”
ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။
“ဈေး၀င်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဂိုဏ်းကိုပြန်ပေးပြီး ၃၀ရာခိုင်နှုန်းကိုတော့ ဈေးတိုးတက်ရေးအတွက် ပြန်မြှုပ်နှံရမယ် ၂၀ရာခိုင်နှုန်းကတော့ မင်းအတွက်ပဲ”
ဂိုဏ်းတပည့်များ၏ ကျင့်ကြံခြင်းတိုးတက်လာပြီဆိုလျှင် အဇူရာတိမ်ဂိုဏ်းက ဆေး အဆောင် မှော်ရတနာ အစရှိသည်များလည်းထုတ်လုပ်လာနိုင်တော့မည်ဖြစ်သောကြောင့် ဂိုဏ်း၏၀င်ငွေက ဘက်ပေါင်းစုံမှ တိုးတက်လာပေတော့မည်သာ။
ဂိုဏ်းအတွက် ၀င်ငွေရလမ်းအရင်းအမြစ်များမှာ များစွာရှိနေခဲ့ချေပြီ။
ကျန်းကျစ်ချိုး ခေါင်းညိတ်ပြလိုက်၏။
“စီနီယာအစ်ကိုရဲ့ စီစဉ်မှုကိုလိုက်နာပါ့မယ် ဘာကိစ္စမှမရှိတော့ဘူးဆိုရင် ကျွန်တော် အဇူရာတိမ်ဈေးကို ပြန်ပါတော့မယ်”
ကျန်းယန်ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်းကျစ်ချိုး အဇူရာတိမ်ဈေးဆီ ပျံသန်းထွက်ခွာသွားခဲ့လေသည်။
ကျန်းကျစ်ချိုးထွက်ခွာသွားပြီးနောက် ကျန်းယန် လင်းယွမ်တောင်ထွတ်ဆီ ပြန်သွားခဲ့ပြီး လင်းယွမ်ကျိကိုသွားရှာခဲ့၏။
“ဆရာဦးလေး ဆရာဦးလေး ၃ ဆရာဦးလေး ၅ နဲ့ ၆ ကလွဲပြီး အခြားဆရာဒေါ်လေး ၂ယောက်ကို ဖိတ်ပေးပါဦး တပည့်တွေ အခြေခံတည်ဆောက်နေတုန်း အဇူရာတိမ်ဂိုဏ်းနယ်မြေထဲက အရင်းအမြစ်တွေကို သွားစစ်ဆေးကြည့်ရအောင်”
လင်းယွမ်ကျိ သတင်းပို့လိုက်ပြီးနောက် မကြာခင်တွင် ပိလင်းကျိ နှင့် ပိုင်ယွမ်ကျိတို့ ပျံသန်းရောက်ရှိလာခဲ့ပြီး ကျန်းယန်ကိုစိတ်၀င်တစားကြည့်ကာ မေးလိုက်သည်။
“ငါတို့ကို ဘာလုပ်ဖို့ လိုတာလဲ”
ကျန်းယန်က သူတို့ကို ပြုပြင်ပြောင်းလဲရေးအတွက် ယုံကြည်မှုတည်ဆောက်သည့်အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ပေးခဲ့သောကြောင့် သူတို့လည်း ပြုပြင်ပြောင်းလဲရေးတွင် တက်တက်ကြွကြွပါ၀င်ချင်နေခဲ့ကြ၏။
ကျန်းယန် အဇူရာတိမ်ဂိုဏ်းပတ်ပတ်လည်ရှိနေရာများပါသော မြေပုံကြီးကိုထုတ်ကာ ပြုံး၍ မြေပုံပေါ်အမှတ်အသားတစ်ခုလုပ်လိုက်ပြီး ပြောလိုက်လေသည်။
“အရင်နေ့က ကျွန်တော်နဲ့ ဆရာဦးလေးလင်းယွမ်ကျိတို့ ဒီနေရာတွေကို စစ်ဆေးပြီးသွားပြီ ကျွန်တော်တို့ ကျန်တဲ့အခြားနေရာတွေကိုလည်း စစ်ဆေးဖို့ လိုနေသေးတယ်
အရင်ဆုံး တစ်ယောက်ယောက်က ကျွန်တော်တို့တွင်းထွက်တွေကို ခိုးနေလားဆိုတာ အရင်ကြည့်ရမယ် တကယ်လို့ရှိနေခဲ့ရင် ကျွန်တော်တို့က တူးထားတဲ့တွင်းထွက်တွေကိုသိမ်းပြီး သူတို့ကိုလည်း အဲ့ဒီအရာအတွက် တာ၀န်ယူခိုင်းရမယ်
ဒုတိယအလုပ်ကတော့ ရွာတစ်ရွာချင်းစီရဲ့တည်နေရာကိုအမှတ်အသားလုပ်ပေးဖို့ပဲ အဲ့ဒီလူတွေက အနာဂတ်မှာ အဇူရာတိမ်ဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာမှာ ကျွန်တော်တို့ သူတို့ကို ကောင်းကောင်းဆက်ဆံရမယ်
အခုကတော့ ဒီအလုပ်တွေပဲ ရှိသေးတယ် ကျန်တာကိုတော့ တပည့်တွေရဲ့ ကျင့်ကြံခြင်းတိုးတက်လာတာကို စောင့်ပြီးမှ ဆက်လုပ်ရမယ်”
သူ့တွင်လုပ်စရာများစွာ ရှိနေသေးသော်လည်း တစ်ဆင့်ချင်းသာ လုပ်ဆောင်ရမည် ဖြစ်သည်။
ပိလင်းကျိနှင့်ပိုင်ယွမ်ကျိတို့ ဘာမှပင်မပြောတော့ဘဲ တည်နေရာတစ်ခုရွေးချယ်ပြီးသာ ထွက်ခွာသွားခဲ့ကြ၏။
လင်းယွမ်ကျိ ကျန်းယန်ကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“မင်းကဂိုဏ်းမှာပဲ အလုပ်ရှုပ်နေလိုက် အရင်းအမြစ်စစ်ဆေးတဲ့ကိစ္စကို ငါကိုင်တွယ်လိုက်မယ်”
သူတစ်ယောက်တည်းဆိုလျှင် သူ့ဓားပျံအလျှင်က ပိုမြန်ပြီး ကျန်းယန်ကိုစောင့်ခေါ်နေရလျှင်တော့ သူ့အတွက် အချိန်ပိုကုန်နေရပေလိမ့်မည်သာ။
ကျန်းယန်တွင်လည်း လိုက်သွားမည့် အစီအစဉ်ရှိမနေခဲ့ပေ။ သူ့ဦးလေးများ၏ ကျင့်ကြံခြင်းနှင့်ဆိုပါက ဘာပြဿနာကိုမှ ကြောက်စရာမလိုဘဲ အလွယ်တကူ စစ်ဆေး၍ ရမည်ဖြစ်ပြီး ထိုတာ၀န်ကိုအလွယ်တကူပင် အောင်မြင်လာကြပေလိမ့်မည်။ နောက်ဆုံးတွင် ဆရာ ဦးလေး ၃ က ဆေးဖော်နေဆဲဖြစ်သောကြောင့် အခြားဆရာဦးလေးများလည်း အကြာကြီး တံခါးပိတ်ကျင့်ကြံနေ၍ မရကြသေးပေ။
လင်းယွမ်ကျိ ထွက်သွားပြီးနောက် ကျန်းယန် သူ့အိမ်သို့ပြန်လာခဲ့ပြီး စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် စတင်ကျင့်ကြံခဲ့၏။
သူသည် အမြုတေကိုဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်သော်လည်း အများကြီးတိုးတက်ဖို့ လိုနေသေးသည်။
ရွှေအမြုတေက သူ့အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားမှသာ အမြုတေသန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်၏။
သုံးရက်အကြာတွင် တပည့်များစွာ ကျန်းယွမ်၏ခြံ၀န်းအသေးလေးထဲသို့ ရောက်လာခဲ့ကြပြီး သူ့ကျင့်ကြံခြင်းကို နှောင့်ယှက်ခဲ့ကြသည်။
ကျန်းယန် အိမ်ထဲကထွက်လာပြီး သူ့ရှေ့က အမျိုးသား သုံးယောက်နှင့် အမျိုးသမီး ၂ယောက်ကိုမေးလိုက်၏။
“ဘာတွေအရမ်းအလျင်လိုနေကြတာလဲ”
သူတို့ငါးယောက်စိတ်အားထက်သန်စွာ ပြောလိုက်ကြသည်။
“စီနီယာအစ်ကို ကျွန်တော်တို့ ချီစုဆောင်းတာအောင်မြင်သွားပြီ နောက်တစ်ဆင့်က ခန္ဓာသန့်စင်ခြင်းမလား အဲ့တာဆိုရင် ကျွန်တော်တို့ ဂိုဏ်းကနေ ခန္ဓာသန့်စင်မယ့် ဆေးပင်တွေရနိုင်မလား”