အဇူရာတိမ်ဂိုဏ်း အဓွန့်ရှည်ကြာတည်ပါစေ
Vol. 1 Ch. 13
ချင်းယွင်ကျိနှင့်ဆရာဦးလေးများ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ပဟေဠိဖြစ်သွားခဲ့ကြသည်။
“ဝါဒမှိုင်းဆိုတာဘာလဲ”
(Translator note: အတွေးအခေါ်ဆိုင်ရာ လမ်းညွှန်ချက်ကို ဝါဒမှိုင်းလို့ပြင်သုံးပါမယ်)
ထိုအရာက ကောင်းကင်တာအိုကိုနားလည်ရာ၌ ဘာအကူအညီပေးနိုင်ပါမည်နည်း။
ကျန်းယန် ဆန်းကြယ်စွာပြုံးလိုက်ကာ ပြောလိုက်၏။
“ဆရာတို့ စိတ်ပူဖို့မလိုပါဘူး ကျွန်တော်အဆင်သင့်ဖြစ်တာနဲ့ နားလည်သွားလိမ့်မယ် စကားမစပ် ဆရာဦးလေး ၂ ဆရာဒေါ်လေး ၄ နဲ့ ၇ တို့ ဂိုဏ်းနယ်မြေစစ်ဆေးတာ ဘယ်လိုဖြစ်သွားခဲ့လဲ”
လင်းယွမ်ကျိ လက်မြှောက်လိုက်ကာ ကျေးရွာတည်နေရာများကို အမှတ်အသားပြုလုပ်ထားသော မြေပုံတစ်ချပ် ထုတ်ပြလိုက်လေသည်။
ပိလင်းကျိနှင့်ပိုင်ယွမ်ကျိတို့လည်း အမှတ်များပါသော မြေပုံများကို ထုတ်ပြလိုက်ကြ၏။
သူတို့သုံးယောက်၏ မြေပုံများကို ပေါင်းစည်းလိုက်သောအခါ အဇူရာတိမ်ဂိုဏ်းနယ်မြေတစ်ခုလုံး၏ မြေပုံကိုရရှိလာခဲ့သည်။
ကျန်းယန် အမြန်စစ်ဆေးလိုက်ရာ အဇူရာတိမ်ဂိုဏ်းနယ်မြေထဲတွင် ကျေးရွာပေါင်း ၁၇၅ ရွာရှိသည်ကို တွေ့လိုက်ရ၏။
သူအသာအယာခေါင်းယမ်းလိုက်ကာ စိတ်မကျေနပ်သလို ခံစားလိုက်ရလေသည်။ ထိုရွာများကို သူမြင်ဖူးပြီး ထိုရွာများတွင် တစ်ရွာစီမှ လူပေါင်း ရာဂဏန်းအနည်းငယ်သာရှိကာ အချို့ဆိုလျှင် တစ်ရွာလုံးမှ လူပေါင်း ဒါဇင်အနည်းငယ်သာ ရှိတတ်ကြ၏။ ထိုလူဦးရေက သူအရင်ကသိခဲ့ဖူးသော ကမ္ဘာကြီးနှင့်ယှဉ်ပါက အတော်လေးနည်းပါးနေခဲ့သည်။
လင်းယွမ်ကျိ ဆက်ပြောလိုက်၏။
“ငါတို့တွေ့ခဲ့တဲ့ မိုင်းတွင်းအပြင် နောက်ထပ်ခိုးတူးနေတဲ့မိုင်းတွင်းတစ်ခုလည်း တွေ့ခဲ့ရသေးတယ် ရာစုနှစ်တစ်ခုလုံး ငါတို့အဇူရာတိမ်ဂိုဏ်းရဲ့ကိစ္စတွေကို မစီမံခဲ့တာကိုအခွင့်ကောင်းယူပြီး အချို့လူတွေက ငါတို့အရင်းအမြစ်တွေကို ခိုးတူးနေကြတယ်”
ထိုမိုင်းတွင်းများ၏ အရေးကြီးပုံကိုသိရှိပြီးနောက် သူ့ထိုအရာအပေါ်သဘောထားကလည်း ပြောင်းလဲသွားခဲ့သည်။
ပိလင်းကျိ ဆက်ပြောလိုက်၏။
“ငါလည်း မိုင်းတွင်းသုံးခုတွေ့ခဲ့တယ် အဲ့ဒီမိုင်းတွင်းတွေကို ဒီကနေ မိုင်၁၅၀၀အဝေးမှာရှိတဲ့ တိမ်တောင်အင်ပါယာကလူတွေ ခိုးတူးနေကြတာ ငါမိုင်းတွင်းတွေကို ပြန်ယူတုန်းက ပဋိပက္ခတစ်ခုလည်း ဖြစ်ခဲ့တယ် ဒါပေမယ့် မိုင်းတွင်းကိုစောင့်ရှောက်နေတာက အမြုတေဖွဲ့စည်းခြင်းအဆင့်ပဲဆိုတော့ ငါ့ပြိုင်ဘက်မဟုတ်ခဲ့ဘူး အဲ့တာကြောင့် ငါလည်း တွင်းထွက်တွေအကုန်လုံး ယူလာခဲ့လိုက်တယ် နောက်ပြီး အဲ့ဒီတိမ်တောင်အင်ပါယာကိုလည်း အဇူရာတိမ်ဂိုဏ်းနယ်မြေကို နောက်တစ်ခါ ခြေထပ်မချဖို့ သတိပေးခဲ့တယ်”
ပိုင်ယွမ်ကျိ ခပ်ဟဟရယ်မောလိုက်ကာ
“ငါကတော့ မိုင်းတွင်းတစ်တွင်းပဲရှာတွေ့ခဲ့တယ် ဒါပေမယ့် ငါ့မိုင်းတွင်းက ငွေမိုင်းတွင်းတစ်တွင်း ဖြစ်နေတယ်”
ဆရာဦးလေး ၆ ဟော်လင်းကျိမျက်လုံးများ တောက်ပသွားကာ အမြန်ပြောလိုက်၏။
“ငွေမိုင်းတွင်းတစ်တွင်းသာဆို အတော်ကောင်းတာပဲ အဲ့ဒီမိုင်းတွင်းက အဆီအနှစ်ကို မစ်သ်ရယ်အဖြစ်သန့်စင်နိုင်တယ် မစ်သ်ရယ်က အဆင့်မြင့် မှော်ရတနာတွေကို သန့်စင်တဲ့နေရာမှာ လိုအပ်တဲ့ ရှားပါးပါ၀င်ပစ္စည်းပဲ ငါတို့အဲ့ဒီငွေမိုင်းတွင်းကို လက်လွှတ်လိုက်လို့ မဖြစ်ဘူး”
ပိုင်ယွမ်ကျိ ခေါင်းညိတ်ပြလိုက်ကာ
“သေချာတာပေါ့ ငါလည်းအဲ့ဒီမိုင်းတွင်းကို ပြန်ယူလာခဲ့တယ် ဒါပေမယ့် အဲ့ဒီငွေမိုင်းကိုတူးနေတာက ငှက်မွှေးတစ်ထောင်ဂိုဏ်းဆိုတော့ သူတို့က ငါ့ကိုသူခိုးလို့စွပ်စွဲပြီး ပြဿနာရှာချင်နေကြတယ်”
ကျန်းယန် မျက်မှောင်ကြုံ့သွားခဲ့သည်။ အဇူရာတိမ်ဂိုဏ်းလို ဂုဏ်သိက္ခာကြီးမားသော ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းက အဘယ်ကြောင့် အခုလို အနိုင်ကျင့်ခံနေရပါသနည်း။
သူချင်းယွင်ကျိဘက်လှည့်လိုက်ကာ လေးလေးနက်နက်ပြောလိုက်သည်။
“ဆရာ ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းက ဒီကိစ္စမှာ ခိုင်ခိုင်မာမာရပ်တည်နေသင့်တယ် မဟုတ်လား”
ချင်းယွင်ကျိ အသံတိတ်ခေါင်းညိတ်ပြလိုက်သော်လည်း ဘာမှတော့ မပြောခဲ့ပေ။
အခြားအဇူရာတိမ်မောင်နှမများလည်း ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့ကြ၏။
ကျန်းယန်တစ်ခုခုမှားနေပြီဟု ခံစားမိသော်လည်း ဘာမှားနေမှန်းတော့ မသိခဲ့ပေ။ ထို့နောက် သူပြောလိုက်သည်။
“ဆရာနဲ့ဆရာဦးလေးတို့ တကယ်လို့ ဘာကိစ္စမှမရှိတော့ရင် ကျွန်တော် ဝါဒမှိုင်းအတွက်ပြင်ဆင်ဖို့ ပြန်တော့မယ်”
“သွားတော့” ချင်းယွင်ကျိ လက်ယမ်းကာ ပြောလိုက်၏။
ကျန်းယန် ထွက်သွားသောအခါ ချင်းယွင်ကျိ စည်း၀င်္ကပါတစ်ခုကို အသက်သွင်းလိုက်ပြီး ထို၀င်္ကပါက အဇူရာတိမ်မောင်နှမ ၇ ဖော်ကို ဖုံးအုပ်သွားခဲ့လေသည်။
နောက်ပိုင်းဆွေးနွေးစကားသံများကို ကျန်းယန်လည်း မကြားနိုင်တော့ပေ။
ထိုစဉ် ကျန်းယန် သူ့အခန်းသို့ပြန်လာပြီး အဇူရာတိမ်ဂိုဏ်း၏သမိုင်းကြောင်းအကြောင်းကို ပြန်စဉ်းစားနေကာ ဝါဒမှိုင်းအတွက် စာသားများကို စတင်ရေးသားခဲ့၏။
ထိုဝါဒမှိုင်းဆိုသည်မှာ သူ့အရင်ဘ၀က ကုမ္မဏီတစ်ခု၏ အမြင်များ အိပ်မက်များနှင့် တာ၀န်များအကြောင်း ပြောပြခြင်းနှင့်တူပြီး အဓိကကတော့ လူတွေ၏စိတ်နှလုံးကို သိမ်းပိုက်ဖို့ လျှောက်ဖောရခြင်းသာ ဖြစ်သည်။
နောက်နေ့တွင် သူသဘောတူခဲ့သော ၇ ရက်တာကာလကုန်ဆုံးသွားခဲ့ပြီး အခြားသူများ ရိက္ခာယူရန် ရောက်ရှိလာခဲ့ကြ၏။
ကျန်းယန် ပင်မခန်းမရှေ့တွင်ရပ်ကာ တပည့်များဆုံမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
တပည့်များဆုံသောအခါ ကျန်းယန်ပြုံးကာပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေအနေနဲ့ အဇူရာတိမ်ဂိုဏ်းရဲ့သမိုင်းကို သိနေဖို့ မဖြစ်မနေလိုအပ်တယ် ငါတို့က ငါတို့ဂိုဏ်းရဲ့ ဇာစ်မြစ်ကိုတောင်မသိရင် ငါတို့ကိုယ်ငါတို့ ဘယ်လိုလုပ် အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေပါလို့ ဂုဏ်ယူစွာ ပြောနိုင်ကြမှာလဲ ငါဒီမှာအဇူရာတိမ်ဂိုဏ်းသမိုင်းကြောင်းကို ရေးထားတယ် လူတိုင်းက အဲ့ဒီသမိုင်းကို မှတ်ကိုမှတ်မိနေရမယ်”
တပည့်များပဟေဠိဖြစ်သွားပါသော်လည်း ဂိုဏ်းသမိုင်းကိုသိနေဖို့လိုတာကိုတော့ သူတို့သဘောတူကြပေသည်။
လူတိုင်းတစ်ယောက်ပြီးတစ်ယောက် ကျန်းယန်ဆီမှ ရိက္ခာနှင့်အတူ ဂိုဏ်းသမိုင်းကြောင်းအကြောင်းအသေးစိပ်ရေးထားသော စာရွက်တစ်ရွက်ဆီ လာယူခဲ့ကြ၏။
သို့သော် စာရွက်ထဲရှိအကြောင်းအရာကိုဖတ်ပြီးနောက် စာသားများကဖတ်ရချောမွေ့နေသောကြောင့် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
“အဇူရာတိမ်ဂိုဏ်းကို လွန်ခဲ့တဲ့ နှစ်၅၀၀၀ကတည်ထောင်ခဲ့ပြီး ထူးကဲတဲ့ ပါရမီရှင်တွေကို မွေးထုတ်ပေးခဲ့တယ်…ငါတို့က အောင်မြင်မှုဆီ ရောက်ရှိဖို့ အတူတကွ အားသွန်ခွန်စိုက် ကြိုးစားကြရမယ်!”
လူတိုင်း အဇူရာတိမ်ဂိုဏ်းသမိုင်းကိုဖတ်နေသည်ကိုတွေ့သောအခါ ကျန်းယန်ပြုံးကာပြောလိုက်၏။
“ဒီနေ့ကစပြီး ငါတို့ ဂိုဏ်းရဲ့သမိုင်းကို ဂုဏ်ယူစွာအစဉ်အမြဲမှတ်မိနေရမယ် မေ့ပစ်လိုက်မိရင် ရှက်စရာပဲ နောက်တစ်ကြိမ် ရိက္ခာလာယူကြရင် ငါမင်းတို့ကို စစ်ဆေးမယ်!”
“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး!”
စစ်ဆေးမှုအကြောင်းကြားသောအခါ လူတိုင်းအလေးအနက်ဖြစ်ကုန်ကြသည်။
အကြောင်းအရာများက မှတ်မိဖို့မခက်ဘဲ ဖတ်ရလည်းလွယ်နေသောကြောင့် ထိုအရာများကိုမှတ်မိဖို့က ပြဿနာတစ်ခုတော့ မဟုတ်ပေ။
မကြာခင်တွင် စာအံသံများက အဇူရာတိမ်ဂိုဏ်းတစ်ခွင် ပဲ့တင်ထပ်လာခဲ့ကြလေသည်။
အဇူရာတိမ်မောင်နှမ ၇ ဖော် ထိုအဖြစ်အပျက်ကို သတိထားမိခဲ့သော်လည်း ကျန်းယန်ရည်ရွယ်ချက်ကိုမသိေသးသောကြောင့် တစ်ယောက်ကိုတစ်ယောက်သာ ကြည့်လိုက်ကြ၏။
ဒါက ဝါဒမှိုင်းဆိုတာလား!
သူ့ရည်ရွယ်ချက်ကဘာများလဲ!
သို့သော်လည်း ဂိုဏ်းတပည့်များအနေနှင့် ဂိုဏ်းသမိုင်းကိုမှတ်မိနေတာကလည်း သင့်လျော်သော အရာသာ ဖြစ်ပေသည်။
သူတို့ကျန်းယန်ရည်ရွယ်ချက်ကို အပြည့်အ၀နားမလည်ပါသော်လည်း တားစရာမရှိဘဲ သူ့ကိုဆက်သာလုပ်ခိုင်းမည် ဖြစ်၏။
နောက်ခုနှစ်ရက်ကုန်သွားပြီးနောက် တပည့်များ ရိက္ခာယူရန်လာချိန်တွင် ကျန်းယန် အားလုံးကို ပင်မခန်းမ၀င်ပေါက်၌ စောင့်နေခဲ့သည်။
“စီနီယာအစ်ကိုကြီး ကျွန်တော်တို့ ရိက္ခာအတွက်ရောက်လာတာပါ!”
၀မ်ပေ့လဲ့ ကျန်းယန်ရှေ့တွင်ရပ်ကာ ရွှင်လန်းတက်ကြွစွာ ပြောလိုက်၏။
“မေးခွန်း: အဇူရာတိမ်ဂိုဏ်းတည်ရှိတာ နှစ်ပေါင်းဘယ်လောက်ရှိသွားပြီလဲ” ကျန်းယန် ၀မ်ပေ့လဲ့ကို မေးလိုက်သည်။
၀မ်ပေ့လဲ့ ပြုံးဖြဲဖြဲဖြင့် ဖြေလိုက်၏။
“နှစ်ပေါင်း ၅၀၀၀ ပါ”
ထိုမေးခွန်းက လွယ်ကူလွန်းနေခဲ့သည်။
ကျန်းယန်လည်း ပြုံးလိုက်ကာ သူ့လက်သီးများကို အားပေးတိုက်တွန်းဟန်ဖြင့် မြှောက်လိုက်ပြီး
“နှစ်ပေါင်း ၅၀၀၀ ဆိုတာ အချိန်တိုလေးမဟုတ်ဘူး ငါတို့က ငါတို့ဂိုဏ်းကို ရှေ့ရောက်အောင် တွန်းတင်ပြီးတော့ ပြန်အသက်၀င်လာအောင် လုပ်ကိုလုပ်ရမယ် အဇူရာတိမ် အဓွန့်ရှည်ကြာတည်ပါစေ!”
၀မ်ပေ့လဲ့ တခဏတော့ ကြောင်အသွားပြီး ဘယ်လိုတုန့်ပြန်ရမလဲ မသိခဲ့ပေ။
သို့သော် သူအမြန်ပင်သဘောပေါက်သွားပြီး အားမာန်အပြည့်ဖြင့် လက်သီးကိုမြှောက်လိုက်ကာ
“အဇူရာတိမ် ပြန်လည်အသက်၀င်လာပါေစ အဇူရာတိမ်အဓွန့်ရှည်ကြာတည်ပါစေ!”
“အလားအလာရှိတဲ့ တပည့်ပဲ!” ကျန်းယန် ရွှင်ပြစွာ ၀မ်ပေ့လဲ့လက်ထဲသို့ ရိက္ခာများ လွှဲပြောင်းပေးလိုက်လေသည်။
နောက်တပည့်တစ်ယောက်ချဉ်းကပ်လာသောအခါ ကျန်းယန် ပြုံးကာ ရိုးရှင်းသောမေးခွန်းတစ်ခု မေးလိုက်ပြန်၏။
“အဇူရာတိမ် ပြန်လည်အသက်၀င်လာပါစေ အဇူရာတိမ်အဓွန့်ရှည်ကြာတည်ပါစေ!”
၀မ်ပေ့လဲ့ကို ဥပမာယူပြီး အခြားတပည့်များလည်း အမြန်ပင်သဘောပေါက်သွားကြကာ အားလုံးပြောလိုက်ကြသည်။
“အဇူရာတိမ် ပြန်လည်အသက်၀င်လာပါစေ အဇူရာတိမ်အဓွန့်ရှည်ကြာတည်ပါစေ!”
နောက်တပည့်များဆိုလျှင် ဘာမှပြောပေးစရာပင်မလိုတော့ဘဲ မေးခွန်းများဖြေပြီးသည်နှင့် သူတို့အားလုံး ထိုစကားလုံးကို အဖြေနောက်တွင် ပေါင်းထည့်၍ ပြောခဲ့ကြ၏။
“အဇူရာတိမ် ပြန်လည်အသက်၀င်လာပါစေ အဇူရာတိမ်အဓွန့်ရှည်ကြာတည်ပါစေ!”
ဒါက ဝါဒမှိုင်းပဲ!
လူပေါင်း ၈၀ ကျော် “အဇူရာတိမ်ပြန်လည်အသက်၀င်လာပါစေ အဇူရာတိမ်အဓွန့်ရှည်ကြာတည်ပါစေ!” ဟူသော စကားကိုပြောခဲ့ကြပြီးနောက် ထိုစကားက သူတို့စိတ်ထဲတွင် စွဲထင်သွားခဲ့ကြသည်။
ထိုစကားလုံးတွင် မှော်စွမ်းအားတစ်မျိုးရှိနေသလို ပုံမှန်အချိန်များတွင်ပင် သူတို့ထိုစကားလုံးကို အလိုလိုပြောမိနေခဲ့ကြ၏။
“အဇူရာတိမ်အဓွန့်ရှည်ကြာတည်ပါစေတဲ့လား”
ချင်းယွင်ကျိမျက်မှောင်ကြုံ့ကာ ပဟေဠိဖြစ်သွားခဲ့လေသည်။
သူ ပြန်လည်အသက်၀င်လာပါစေဟူသောစကားကိုနားလည်သော်လည်း “အဓွန့်ရှည်ကြာတည်ပါစေ” ဟူသော စကားက ဘာကိုဆိုလိုနေပါသနည်း။
သူပင် အဇူရာတိမ်ဂိုဏ်း နောက်နှစ်တစ်ထောင်ထိတည်မြဲလိမ့်မည်ဟု ယုံကြည်ချက်ရှိမနေခဲ့ပေ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ထိုကဲ့သို့ ယုတ္တိမတန်သော ဆိုရိုးကိုပြောနေကြပါသနည်း။
“ဒီကလေးကတော့…”
ကျန်းယန်ကို ဆယ်နှစ်ကြာသင်ကြားပေးလာခဲ့ပြီးနောက် ကျန်းယန်တွင်စိတ်၀င်စားစရာကောင်းသော အကြံညဏ်များရှိပြီး သူ့စကားလုံးများက ၀တ္ထုဆန်သော်လည်း နားလည်သဘောပေါက်ရလွယ်နေေသးမှန်း ချင်းယွင်ကျိ သိပေသည်။
သို့သော် ကျန်းယန် ပြုပြင်ပြောင်းလဲရေးကိုစလုပ်ကတည်းက ချင်းယွင်ကျိ သူ့ကိုနားမလည်နိုင်တော့ပေ။
နတ်အာရုံသုံးကာအဇူရာတိမ်ဂိုဏ်းကို စစ်ဆေးပြီးနောက်တွင်တော့ ဂိုဏ်းသားအသစ်များကလည်း ကျန်းယန်လိုထူးဆန်းလာကြမှန်း ချင်းယွင်ကျိ သတိထားမိသွားခဲ့၏။
“အဇူရာတိမ်ဂိုဏ်းက ဒီထက်တော့ ထပ်မဆိုးနိုင်တော့ပါဘူးလေ ဘယ်လိုဖြစ်လာမလဲဆိုတာပဲ ကြည့်လိုက်ကြတာပေါ့!”
ဤသို့ဖြင့် အဇူရာတိမ်ဂိုဏ်းက လုံး၀ ပြောင်းလဲနေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း တစ်လကုန်သွားခဲ့၏။
ထိုနေ့တွင် ကျန်းယန် လင်းယွမ်တောင်ထွတ်သို့သွားကာ လင်းယွမ်ကျိကိုသွားရှာခဲ့သည်။
“ဆရာဦးလေး ရှောင်မိသားစုကိုပေးထားတဲ့ အချိန်တစ်လကပြည့်သွားပြီ သူတို့အဇူရာတိမ်ဂိုဏ်းဆီ ဘယ်သူ့မှမလွှတ်သေးဘူး နောက်ပြီး ဘာဖြေရှင်းချက်မှလည်းမပေးဘူး ကြည့်ရတာ ကျွန်တော်တို့ အန်းချင်းမြို့ကို သွားလည်ဖို့ လိုနေပုံပဲ”