ရှောင်မိသားစု ပြဿနာ
Vol. 1 Ch. 14
ကျန်းယန် လင်းယွမ်ကျိကို နှုတ်ဆက်ခဲ့ပြီးနောက် တန်ချန်ကျိကိုသွားရှာခဲ့၏။
“ဆရာဦးလေး ၃ ဦးလေး သန့်စင်ပြီးတဲ့ဆေးတွေအကုန် ကျွန်တော့်ကိုပေးလိုက်”
တန်ကျန်ချိ အနည်းငယ် ကြောင်သွားပြီးနောက် ပြန်ပြောလိုက်သည်။
“ငါမင်းတို့အခုသုံးလို့မရတဲ့ အဆင့်နိမ့်ဆေးတစ်သုတ်ပဲ သန့်စင်ရသေးတာ ငါမသန့်စင်ရတာ အရမ်းကြာနေပြီဆိုတော့ ဆေးတာအိုနဲ့ ပြန်ပြီးအကျွမ်း၀င်အောင် အချိန်ယူနေရသေးတယ်”
ကျန်းယန်ပြုံးကာပြောလိုက်၏။
“အဲ့တာက ကျွန်တော်သုံးဖို့မဟုတ်ပါဘူး ကျွန်တော်အဲ့တာတွေကို အန်းချင်းမြို့မှာရောင်းပြီး ဆေးပင်အသစ်တွေ၀ယ်ဖို့ စီစဉ်နေတာ”
ဆေးပင်များ၀ယ်မည်ဟုကြားသောအခါ တန်ချန်ကျိ နှစ်ခါတွေးမနေဘဲ ဆေးများအားလုံးကို ကျန်းယန်ဆီလွှဲပေးလိုက်လေတော့သည်။
နောက်ဆုံးတွင် ကျန်းယန်ဘာတွေပဲလုပ်နေနေ သူသည် ဂိုဏ်းချုပ်တာ၀န်ကိုထမ်းဆောင်နေသရွေးတော့ သူဘာလုပ်လုပ်ထောက်ခံရမည်သာ။
ကျန်းယန် ဆေးပုလင်းများကိုသိမ်းလိုက်ပြီး ဆရာဦးလေး ၅ ဟော်လင်းကျိထံ သွားခဲ့ပြန်၏။
“ဆရာဦးလေး အဆောင်တွေ အသင့်ဖြစ်ပြီလား အသင့်ဖြစ်ရင် ကျွန်တော့်ကိုပေးလိုက် ကျွန်တော်အဲ့တာတွေရောင်းပြီး အဆောင်စာရွက်အသစ်တွေ ၀ယ်လို့ရတယ်”
ဟော်လင်းကျိ အဆောင်တစ်ထပ်ကို ကျန်းယန်ဆီပေးလိုက်ပြီး ပြောလိုက်သည်။
“ငါ့အတွက် ပိုကောင်းတဲ့အဆောင်စာရွက်တွေ၀ယ်ဖို့ သတိရနော် ဒါတွေက ငါ့အစွမ်းကိုအပြည့်အ၀ထုတ်ဖော်လို့မရသေးဘူး နောက်ပြီး အဆင့်မြင့်အဆင့် စုတ်တံအချို့လည်း ၀ယ်ခဲ့ဦး ဖြစ်နိုင်ရင် အဆင့်မြင့်သားရဲ သွေးနည်းနည်းလည်း ၀ယ်လာခဲ့…မင်းနဂါးသွေးဒါမှမဟုတ်ဖီးနစ်သွေးရရင်တော့ ပိုကောင်းတယ်!”
သူအားမနာလျှာမကျိုး သူလိုသမျှကို ပြောနေခဲ့၏။
ကျန်းယန်ကတော့ သူ့ကိုမျက်လုံးလှန်ကြည့်လိုက်ပြီး လျစ်လျူသာရှုထားလိုက်လေသည်။
ပိုကောင်းတဲ့ အဆောင်စာရွက်ဆိုတာကပင် လွန်နေပြီဖြစ်ရာ သူကအဆင့်မြင့်အဆင့် သားရဲသွေးပါ လိုချင်နေသေးပါသည်လော။
နဂါသွေးနဲ့ဖီးနစ်သွေးလိုချင်ရင်ေတာ့ ဆုသာတောင်းနေလိုက်!
ဆေးနှင့်အဆောင်များယူပြီးနောက် ကျန်းယန် ဆရာဦးလေး ၆ ကိုတော့ ထပ်သွားမရှာတော့ပေ။
ကုန်ကြမ်းများရှိနေသရွေ့ ဆေးများအဆောင်များက သန့်စင်ရလွယ်သော်လည်း မှော်အသုံးအဆောင်များသန့်စင်ခြင်းကတော့ ထိုမျှမရိုးရှင်းပေ။
အထူးသဖြင့် ယခုအခါ အဇူရာတိမ်ဂိုဏ်းတွင် ဂိုဏ်းသား၈၀ကျော်ရှိနေပြီဖြစ်ပြီး ထိုဂိုဏ်းသားများကလည်း အနာဂတ်တွင် မှော်ရတနာတစ်ခုစီ လိုလာမည်ဖြစ်သောကြောင့် သူတို့အတွက် လိုအပ်ချက်ကြီးတစ်ခုရှိနေသေးသည်။
ကျန်းယန် ဆေးနှင့်အဆောင်များကို ထုပ်ပိုးပြီးနောက် လင်းယွမ်ကျိနှင့်အတူအန်းချင်းမြို့သို့ ပျံသန်းလာခဲ့၏။
အန်းချင်းမြို့သည် တိမ်တောင်အင်ပါယာ၏ နယ်စပ်တွင်ရှိသော မြို့ကြီးတစ်မြို့ဖြစ်ပြီး အမြဲတန်းနေသောလူဦးရေက တစ်သန်းကျော်ရှိပေသည်။
လွန်ခဲ့သောနှစ်အနည်းငယ်က ချင်းယွင်ကျိ ခေါ်လာသဖြင့် ကျန်းချန် အန်းချင်းမြို့ကို တစ်ခေါက်တော့ ရောက်ခဲ့ဖူး၏။
ချင်းယွင်ကျိ၏ ပုံစံနှင့် အဇူရာတိမ်ဂိုဏ်း၏ငွေကြေးအခြေအနေအရ အရေးကြီးကိစ္စတစ်ခုမရှိဘဲနှင့်တော့ ချင်းယွင်ကျိက အန်းချင်းမြို့ဆီ သွားခဲ့မည် မဟုတ်ပေ။
နေ့၀က်ကြာပြီးနောက် လင်းယွမ်ကျိနှင့်ကျန်းယန်တို့ အန်းချင်းမြို့ဆီ ရောက်ရှိလာခဲ့ကြသည်။ ရှောင်မိသားစုတည်နေရာကို မေးမြန်းခဲ့ကြပြီးနောက် သူတို့တိုက်ရိုက်ပင် ရှောင်မိသားစုအိမ်တံခါးဆီ ရောက်လာခဲ့ကြ၏။
“မင်းတို့ မိသားစုခေါင်းဆောင် အဇူရာတိမ်ဂိုဏ်းကလာလည်တယ်လို့ သွားသတင်းပို့လိုက်” ကျန်းယန် တံခါးစောင့်ကို ပြောလိုက်သည်။
အဇူရာတိမ်ဂိုဏ်းဟူသော စကားလုံးကိုကြားသောအခါ တံခါးစောင့်၏မျက်နှာ ချက်ချင်းပြောင်းလဲသွားခဲ့၏။ ထို့နောက် သူအမြန်ပင် အော်ပြောလိုက်လေသည်။
“အဇူရာတိမ်ဂိုဏ်းကလူတွေ ရောက်နေကြပြီ!”
ဟမ်!
ရုတ်တရက် ထိုမြင်ကွင်းကြောင့် ကျန်းယန်နှင့်လင်းယွမ်ကျိတို့ ကြောင်အသွားခဲ့ကြ၏။ ရှောင်မိသားစု၏ ဤလုပ်ရပ်က ဘာကိုဆိုလိုနေပါသနည်း။
ရုတ်တရက်ဆိုသလို ပုံရိပ်များ ရှောင်မိသားစုထဲမှ ထွက်ပေါ်လာခဲ့ကြသည်။
ရှေ့ဆုံးမှဦးဆောင်လာသော ပိုးသား၀တ်စုံ၀တ်ထားသည့် လူကြီး ခပ်တင်းတင်းပြောလိုက်၏။
“ငါကရှောင်မိသားစုခေါင်းဆောင် ရှောင်ကျန့်ချွန်ပဲ ဘယ်သူ ငါ့ရှောင်မိသားစုမှာပြဿနာလာရှာရဲတာလဲ”
ကျန်းယန် နောက်မှပေါ်လာသော ရှောင်ကျန့်ကိုပြုံး၍ကြည့်ကာ မေးလိုက်သည်။
“မင်းသူ့ကိုပြောမပြခဲ့ဘူးလား”
ရှောင်ကျန့် ကျန်းယန်နှင့်လင်းယွမ်ကျိကိုလက်ညှိုးထိုးပြကာ ပြောလိုက်၏။
“မိသားစုခေါင်းဆောင် အဇူရာတိမ်ဂိုဏ်းကလို့ ပြောပြီး ကျွန်တော်တို့ ကြေးနီရိုင်းတွေကိုယူသွားတာ သူတို့ပါ”
ရှောင်ကျန့်ချွန် ဒေါသထွက်သွားကာ
“အဇူရာတိမ်ဂိုဏ်းသားတွေလို ဟန်ဆောင်ရဲတဲ့မင်းတို့ကောင်တွေက ဘယ်သူတွေလဲ”
လင်းယွမ်ကျိမျက်မှောင်ကြုံ့သွားခဲ့သည်။
“ငါတို့က အယောင်ဆောင်နေတာတဲ့လား”
ရှောင်ကျန့်ချွန် ထေ့ငေါ့လိုက်၏။
“အဇူရာတိမ်ဂိုဏ်းက သူတို့တောင်ကိုချိတ်ပိတ်ပြီး ဘယ်ဂိုဏ်းသားမှအပြင်မထွက်တော့တာ လူတိုင်းသိတယ် မင်းတို့က အဇူရာတိမ်ဂိုဏ်းကပါဆိုတဲ့ သက်သေရှိလား”
လင်းယွမ်ကျိ ကြောင်သွားခဲ့သည်။
သူ့ကိုယ်သူအဇူရာတိမ်ဂိုဏ်းကပါဟု သက်သေပြရမည့်နေ့ရှိလာလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။
သို့သော် သူကျန်းယန်၏ဂိုဏ်းချုပ်တံဆိပ်ပြားကို သတိရသွားပြီး ပြောလိုက်၏။
“သူတို့ကို မင်းတံဆိပ်ပြားပြလိုက်”
ကျန်းယန် သူ့စကားကိုလုံး၀နားမထောင်ခဲ့ပေ။ ထိုအစား ရှောင်ကျန့်ချွန်ကိုသာ ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း မေးလိုက်လေသည်။
“ရှောင်မိသားစုက ဒီကိစ္စကို လုံး၀မဆွေးနွေးချင်ဘူးလား ခင်ဗျားက ကျုပ်ရှောင်မိသားစုကို ပေးလိုက်တဲ့ သတိပေးချက်ကို လုံး၀နားမထောင်ဘူးပေါ့”
သူသက်သေပြဟူသော ထောင်ချောက်ထဲ ကျသွားမည်မဟုတ်ပေ။ သူဘယ်လိုပဲသက်သေပြနေပါစေ တစ်ဖက်က အသိအမှတ်ပြုဖို့ ငြင်းဆန်နေသရွေ့ အလုပ်ဖြစ်မည် မဟုတ်ပေ။
ထို့အပြင် ရှောင်မိသားစု၏ရပ်တည်ချက်အရ အခြေအနေက ဘာလဲဆိုတာ ထင်ရှားနေခဲ့သည်။
ရှောင်ကျန့်ချွန် အေးစက်စက်ပြောလိုက်၏။
“မင်းက ငါတို့ကြေးနီတွင်းကိုယူပြီး ငါတို့ကိုဆုံးရှုံးစေခဲ့တယ် ဒါတောင် အခု ငါတို့တံခါး၀ထိလာရဲသေးတယ် ရှောင်မိသားစုက အနိုင်ကျင့်ဖို့လွယ်တယ်လို့ မင်းထင်လား”
“ကျုပ်သိပြီ!” ကျန်းယန် ခေါင်းညိတ်ပြလိုက်လေသည်။
“ဆိုတော့ ရှောင်မိသားစုက ဘာလုပ်ချင်လဲ”
“ကြေးနီရိုင်းပေါင်သိန်းချီနဲ့ ငါတို့ကြေးနီတွင်းကိုပြန်ပေး မင်းတို့ပြန်မပေးရင် အကျိုးဆက်ကို ခံစားရလိမ့်မယ် နောက်ပြီး ငါတို့တူးဖော်တာရပ်ထားရတဲ့အတွက် နစ်နားကြေးလည်း ပေးရမယ် ပြီးရင် မင်းတို့က ငါတို့ကိုတရား၀င်တောင်းပန်ရမယ်!” ရှောင်ကျန့်ချွန် ကျန်းယန်နှင့်လင်းယွမ်ကျိတို့ကို လက်ညှိုးထိုးကာ အော်ပြောလိုက်၏။
ကျန်းယန် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
ဒီလူက တစ်ဖက်လူကို ချောင်ပိတ်တဲ့နေရာမှာ အတော်လေးကျွမ်းကျင်တာပဲ!
သူမေးလိုက်၏။
“ကျုပ်တို့က မလျော်ရင်ရော”
“မလျော်ရင် မင်းတို့ဒီနေရာက ထွက်သွားလို့ မရစေရဘူး”
ရှောင်ကျန့်ချွန် သူ့လက်ကိုမြှောက်လိုက်ရာ သူ့လက်ထဲ၌ မှော်ရတနာကြာပွတ်တစ်ချောင်းပေါ်လာခဲ့လေသည်။ စိတ်ဝိညာဉ်စွမ်းအင်ပေါင်းထည့်ထားသောကြောင့် ကြာပွတ်ကြိုးက ကခုန်နေပြီး ကောင်းကင်နှင့်မြေပြင်နိယာမများကို လှုံ့ဆော်နေခဲ့၏။
သူကျန်းယန်ကိုလက်ညှိုးထိုးကာ အော်လိုက်ပြန်သည်။
“မင်းလျော်မှာလား မလျော်ဘူးလား”
“ဆိုတော့က ဒါဆိုတိုက်ခိုက်ရုံပဲပေါ့ ခင်ဗျားစောစောပြောခဲ့သင့်တာ!” ကျန်းယန်လက်ခုပ်တီးလိုက်ကာ သိုလှောင်လက်စွပ်ထဲမှ အဆောင်တစ်ရွက်ထုတ်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အသက်သွင်းလိုက်၏။ ချက်ချင်းဆိုသလိုပင် လက်ဆေးဇလုံအရွယ် မီးဘောလုံးတစ်လုံးက ရှောင်ကျန့်ချွမ်ဆီ ပျံသန်းသွားခဲ့လေသည်။
ရှောင်ကျန့်ချွမ် အားရပါးရရယ်မောလိုက်ပြီး ကြာပွတ်ကိုပုံမှန်းအတိုင်း ဝေ့ယမ်းလိုက်၏။
“အလင်းမှုန်လေးတစ်မှုန်က တောက်ပရဲသလား”
“ဝုန်း…”
မီးဘောလုံးက ကြာပွတ်နှင့်ထိသွားချိန်၌ ပေါက်ကွဲထွက်သွားပြီး အားကောင်းလှသော လှိုင်းများ ပေါ်ပေါက်လာခဲ့သည်။
မီးများပျောက်ကွယ်သွားသောအခါတွင်တော့ ကြာပွတ်က ငုတ်တိုသာကျန်တော့ပြီး ပြာများဖုံးနေသော ရှောင်ကျန့်ချန်ကတော့ ထိုနေရာတွက် ငေးကြောင်နေသော အမူအရာဖြင့် ရပ်နေခဲ့၏။
ကျန်းယန် နောက်ထပ်အဆောင်စာရွက်တစ်ရွက်ထပ်ထုတ်လိုက်သောအခါ ရှောင်ကျန့်ချွန် အော်ဟစ်ပြီး ချက်ချင်းနောက်ဆုတ်သွားခဲ့လေသည်။
“ဘာတွေကြောက်နေတာလဲ” ကျန်းယန် ရှောင်ကျန့်ချွန်ကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။ ထို့နောက် အဆောင်စာရွက်ကို ဘေးရှိကြည့်နေသူများမြင်အောင် ဝေ့ယမ်းပြကာ ကြေငြာလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းကထုတ်တဲ့ မီးတောက်ပေါက်ကွဲအဆောင်တွေ သူ့စွမ်းအားကိုတော့ မင်းတို့မြင်ပြီးပါပြီ အဆောင်တစ်ရွက်ချင်းစီတိုင်းက ရွှေအမြုတေအထွတ်အထိပ်အဆင့်ရဲ့ လက်သီးတစ်ချက်စာနဲ့ ညီတယ် ရတနာအမဲလိုက်တာတွေ ကလဲ့စားချေတာတွေနဲ့ ကာကွယ်ရေးတွေမှာ မရှိမဖြစ်လိုအပ်တယ် မင်းတို့စိတ်၀င်စားရင် ငါ့ဆီမှာ မှာလို့ရတယ် အများကြီးမှာရင် လျှော့ဈေးရမယ်”
လူအုပ်ကြီးတခဏတော့ ပြောစရာမဲ့သွားခဲ့သည်။ ဤအရာက တိုက်ပွဲတစ်ခုမဟုတ်ပါလော။
သို့သော် သူတို့ထိုအဆောင်စာရွက်၏စွမ်းအားကို မြင်တွေ့ပြီးဖြစ်သောကြောင့် ဈေးသာမှန်လျှင် ကာကွယ်ရေးအတွက် နည်းနည်းလောက်၀ယ်ထားခြင်းက အကြံဆိုးတော့ မဟုတ်ပေ။
ရှောင်ကျန့်ချန်မျက်နှာကတော့ ဒေါသကြောင့် နီရဲသွားခဲ့သည်။ ထိုကောင်က သူ့ကိုတိုက်ခိုက်ပြီး ကြော်ငြာနေခြင်းပေလော။
သူအနီးရှိ အစိမ်းရောင်၀တ်စုံ၀တ်လူဘက်လှည့်ကာ ပြောလိုက်၏။
“အစ်ကိုလျန့်ဖန် အခုအစ်ကို့စိတ်ကြိုက်လုပ်လို့ရပါပြီ”
လျန့်ဖန်ရှေ့တက်လာပြီး ကျန်းယန်လက်ထဲရှိ အဆောင်စာရွက်ကိုကြည့်လိုက်ကာ ခပ်တည်တည်ပြောလိုက်သည်။
“ကောင်လေး အဆောင်စာရွက်ကိုအားကိုးပြီး အခြားသူတွေကိုအနိုင်ကျင့်နေတာ ကြည့်ရတာ မင်းအကြီးအကဲတွေက မင်းကိုကောင်းကောင်းသင်မပေးထားဘူးထင်တယ် ဒါဆို မင်းကိုငါသင်ပေးမယ်!”
ကျန်းယန် မေးလိုက်၏။
“ခင်ဗျားက ဘယ်သူလဲ”
လျန့်ဖန်ဂုဏ်ယူစွာ ပြုံးလိုက်ကာ
“ငါက သန့်စင်သောလေဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ လျန့်ဖန် ပဲ”
“ခင်ဗျားကျင့်ကြံခြင်းကရော”
“လက်ရှိ ရွှေအမြုတေအဆင့်အထွတ်အထိပ်မှာ!” လျန့်ဖန် သူ့မုတ်ဆိတ်ကိုဆွဲနေရင်း သူ့ကိုယ်သူ ေကျနပ်နေခဲ့သည်။
“မင်းအဆောင်တွေက ငါ့ကိုတိုက်ခိုက်တဲ့နေရာမှာ အသုံးမ၀င်ဘူး”
ကျန်းယန်ထပ်မေးလိုက်ပြန်၏။
“ခင်ဗျားကျင့်ကြံတာ ဘယ်နှနှစ်ရှိပြီလဲ”
“ငါကျင့်ကြံလာတာ နှစ်တစ်ရာကျော်ရှိပြီ…”
“ကျုပ်တို့ကျင့်ကြံတဲ့အချိန်က မမျှဘူး ခင်ဗျားနဲ့ကျင့်ကြံတဲ့အချိန်မျှတဲ့တစ်ယောက်နဲ့ တွေ့လိုက်”
ကျန်းယန်စကားကိုဆုံးအောင်ပြောမပြီးသေးခင်တွင်ပင် နောက်ဆုတ်လိုက်ပြီး လင်းယွမ်ကျိကိုပြောလိုက်လေသည်။
“ဆရာဦးလေး ဆရာဦးလေးအလှည့်!”