အန်လင်းရဲ့ ချစ်ဒုက္ခ
Vol. 1 Ch. 11
စုချန်းရန်၏ မှတ်ချက်စကားကြောင့် အန်လင်းမှာ အသိစိတ် လွတ်သွားမတတ် ဖြစ်ပြီး သူ့မျက်နှာ ရဲရဲနီသွားသည်။
ခဏကြာပြီးနောက် စုချန်းရန် ပြောသွားသည့် စကားလုံးများကို ပြန်စဉ်းစားမိပြီး အံ့ဩတကြီး မေးလိုက်သည်။ "ချန်ဂီ ... လစန္ဒာ နန်းတော်က ချန်ဂီ လား ... သူမက နင့်အစ်မလား ..."
"အမ် ... သွေးသားရင်း အစ်မတော့ မဟုတ်ပါဘူး ... ညီအစ်မအဖြစ် ကျမ်းကျိန် ထားကြတာလေ ..."
"သူမက ငါ့အပေါ် တကယ် ကောင်းတယ်လေ ... ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်တယ် ..."
ချန်ဂီအကြောင်း ပြောနေချိန်တွင် စုချန်းရန် မျက်နှာ၌ အပြုံးတစ်ခု ဖြစ်ထွန်းနေသည်။
လက်ရှိကမ္ဘာတွင် ဒဏ္ဍာရီထဲမှ ချန်ဂီ အမှန်တကယ် ရှိနေမည်ဟု အန်လင်းက မမျှော်လင့် ထားသဖြင့် စိတ်ဝင်စားမှု မြင့်တက်သွားသည်။
ပုံမှန် မဟုတ်သည့် အတွေးများက အန်လင်းစိတ်ထဲ ပေါ်လာသဖြင့် ဆက်မေးလိုက်သည်။ "လစန္ဒာ နန်းတော်မှာ ဆေးဖော်တတ်တဲ့ ယုန်တစ်ကောင်နဲ့ သစ်ပင်နေ့တိုင်း ခုတ်နေတဲ့ လူတစ်ယောက်ကော ရှိသလား ..."
"အာ ... နင်ပြောတဲ့ ယုန်ဆိုတာ ရှောင်ယွဲ့ကို ပြောတာဖြစ်မယ် ... လစန္ဒာ နန်းတော်မှာ ဆေးချက်တာလေ ..."
"လစန္ဒာ နန်းတော်ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ အရတော့ အမျိုးသားတွေ ခြေချခွင့် မရှိလို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ် ... နင်ပြောတဲ့ သစ်ခုတ်သမား ဆိုတာကတော့ အဲဒါမဖြစ်နိုင်တဲ့ အရာပဲ ..." စုချန်းရန်က အပြုံးလေးနှင့် ဖြေလာသည်။
"ဪ ... အဲလိုလား ..." အန်လင်းက ခေါင်းညိတ်လိုက်သည်။
ကမ္ဘာပေါ်ရှိ ဒဏ္ဍာရီများက လက်တွေ့ အစစ်အမှန်နှင့် အနည်းငယ်မျှသာ တူညီပုံရသည်။
"ဒါနဲ့ ... ဟုန်ယွိနဲ့ ချန်ဂီတို့က အခုထိ လင်မယားတွေလား ..." အန်လင်းက သိချင်သဖြင့် မေးလိုက်သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ... အစ်မချန်ဂီက ကောင်းကင်ဘုံပိုင်နက်နဲ့ နံပါတ်တစ် အလှနတ်သမီးလေ ... သူမကို ပိုင်ဆိုင်ချင်တဲ့ သူတွေကို တန်းစီလိုက်မယ် ဆိုရင် ကောင်းကင်ဘုံပိုင်နက် ကနေ အရှေ့ပင်လယ်မှာ ရှိတဲ့ နဂါးမင်းပိုင်နက် အထိတောင် ရောက်နိုင်တယ် ... အဲဒါကို လကိုချိန်ပြီး မြားပစ်ဖို့လောက် သိတဲ့ မြေကမ္ဘာ အင်မော်တယ် တစ်ယောက်ကို အစ်မက ဘယ်လိုလုပ်ပြီး သဘောကျ နှစ်သက်မှာတဲ့တုန်း ..."
"လကိုချိန်ပြီး မြားပစ်တယ် ..." အန်လင်းက ထိုသည်ကို ကြားလိုက်တော့ ပိုလို့ ရှုပ်ထွေးလာသည်။
"ဘာလို့လဲဆိုတော့ အစ်မချန်ဂီကို ပိုးပန်းတဲ့သူ အရမ်းများတယ်လေ ... အဲတော့ သူမက စည်းမျဉ်းတစ်ခု ထုတ်လိုက်တယ် ... လစန္ဒာ နန်းတော်အထိ ရောက်အောင် မြားပစ်နိုင်တဲ့သူက သူမနဲ့ တစ်ကြိမ် တွေ့ခွင့်ရှိမယ် ဆိုပြီးပေါ့ ..." စုချန်းရန်က ရှင်းပြသည်။
"အို ... အဲလိုမျိုးလား ..." အန်လင်းက အံ့ဩစွာ ရေရွတ်သည်။ "အဲတော့ သူက လစန္ဒာ နန်းတော်ကို ရောက်အောင် မြားပစ်နိုင်ရောလား ..."
စုချန်းရန်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး ... သူက ကိုးနှစ်လောက် မဆုတ်မနစ် ကြိုးပမ်းပြီးတော့ မြားပစ်ခြင်းနဲ့ ပတ်သက်လို့ ဉာဏ်အလင်း ရသွားပြီး မြေကမ္ဘာ အင်မော်တယ် အဆင့်ကို ချိုးဖျက်ဝင်ရောက် သွားနိုင်ခဲ့တယ် ... ပြီးတာနဲ့ ပျော်ပျော်ကြီး ထွက်သွားတော့တာပဲ ..."
အန်လင်း: “…”
ထိုသည်က ဟုန်ယွိအပေါ် သူ့အထင်ကြီးမှုကို လုံးဝပျက်ပြား သွားစေပြီး ဆဲဆိုဖို့ပင် ခွန်အား မရှိတာ့ချေ။
"ဒါနဲ့ ... ချန်ဂီနဲ့ နင်နဲ့ ဘယ်လိုလုပ်ပြီး ကျမ်းကျိန် ညီအစ်မ ဖြစ်လာတာလဲ ..."
"အဲဒါတွေက ငါ အသက် ငါးနှစ်လောက်တုန်းက စတာပဲ ... အဲအချိန်တုန်းက အစ်မချန်ဂီက ဆောင်းလရေစင်ကို ယူဆောင်ဖို့ ခရမ်းကြယ်စင် ပြည်နယ်ကို လာတာမှာ သစ်တောစိမ်း အင်ပါယာ နန်းတော်ကို ဖြတ်သွားတော့ ..."
အန်လင်းက မေးခွန်းများကို အပေါ်ယံမျှသာ မေးခြင်း ဖြစ်သော်လည်း စုချန်းရန်က ယခုလောက် ပွင့်လင်းစွာ ပြောပြလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
စုချန်းရန်က လေးလေးနက်နက်ဖြင့် သူမ ကလေးဘဝမှ စတင်ကာ ချန်ဂီနှင့် တွေ့ဆုံခဲ့ပုံတို့ကို ပြောပြနေသည်။ သူမက အဖြစ်အပျက် အားလုံးကို သေးသေးကြီးကြီးပါ မချန် ပြောပြခြင်း ဖြစ်သည်။ သူမနှင့် ချန်ဂီတို့၏ ဆက်နွှယ်ပုံအား အန်လင်းအှ အသေးစိတ် သိလိုက်ရသည်။
အန်လင်းမှာ အများကြီး နားထောင် လိုက်ရသဖြင့် မသက်မသာ ခံစားနေရသည်။
ဟေ့ ... ဟေ့ ... နင်ကငါ့ကို အရမ်းကြီး ယုံကြည်နေမိပြီ ... ဟုတ်ပလား ...
လစန္ဒာ နန်းတော်ကို နင်သွားလည်တိုင်း ချန်ဂီက နင့်ကို ဘယ်လိုမျိုး နမ်းတယ် ဆိုတာကစ ငါ့ကို ပြောပြ နေသေးတာလား ...
ခဏလေး ခဏလေး ... ချန်ဂီက နင့်အသက် ၁၆ နှစ် ရောက်တဲ့အထိ ဖက်အိပ်သေးတယ် ဟုတ်လား ...
အန်လင်းက ပုံမှန် မဟုတ်သည့် အရာကို ကြားလိုက်ရမှန်း သတိထား မိလိုက်သည်။
အများကြီး သိနေပါက မမျှော်လင့် အပ်သည့် ဘေးဒုက္ခအပေါင်း ကျရောက်လာမည်ကို ရှောင်ရှားသည့် အနေဖြင့် အန်လင်းမှာ စုချန်းရန် ပြောစကားများကို အလျင်အမြန် တားဆီးရတော့သည်။
အန်လင်းက အနည်းငယ် ရှက်ရွံ့နေမိသည်။ စုချန်းရန်က သူ့ကိုဘာလို့ အရာအားလုံး ပြောပြနေရတာလဲ။ ဒါက လုံးဝကို အဓိပ္ပာယ် မရှိဘူးနော်။
ထပ်ပြောရလျှင် သူမက သူမေးသမျှ အားလုံးကိုလည်း ဖြေခဲ့သေးသည်။ ကျောင်းတော်ရဲ့ နံပါတ်တစ် နတ်ဘုရားမလေး ဆိုတာကို သူ့ကိုသူ သိသေးရဲ့လား။
အန်လင်း စိတ်ထဲတွင် သံသယများစွာ ဖြစ်လာလေပြီ။
သူမက မွေးကတည်းက စဉ်းစားဉာဏ် ပါမလာတာလား။
"ဟေ့ ... ဟေ့ ... ငါတို့ အချိန်ဖြုန်းတာ လျှော့ပြီး စာလုပ်ကြရအောင် ..."
အန်လင်း၏ ကြားဖြတ်ပြောခြင်း ခံရပေမဲ့ စုချန်းရန်က စိတ်ဆိုးသည့်ပုံ မပေါ်သည့် အပြင် ချစ်ဖို့ကောင်းစွာပင် ခေါင်းတဆတ်ဆတ် ညိတ်နေလိုက်သေးသည်။ ထို့နောက် သူမလက်များကို စားပွဲပေါ်တင်ကာ အန်လင်း ဆက်သင်မည့် သင်ခန်းစာကို တိတ်ဆိတ်စွာ စောင့်စားနေလိုက်သည်။
သူမ၏ လက်ရှိပုံစံကို ကြည့်ရင်း အန်လင်းစိတ်ထဲ အတွေးတစ်ခု ပေါ်လာခဲ့သည်။
အနည်းငယ် စဉ်းစားပြီးသည့်နောက် ထိုသည်ကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
"နောက်တစ်ခု အနေနဲ့ ရိုးရှင်းလွယ်ကူတဲ့ ဝါကျ တည်ဆောက်ပုံကို ပြောကြည့်မယ် ..." အန်လင်းက အလေးအနက် ပြောသည်။
သူက စာရွက်လွတ် တစ်ခုပေါ်တွင် ဝါကျတို နှစ်ကြောင်း ရေးလိုက်သည်။ "ငါတို့ အခုလေ့ကျင့်မယ့် အရာက အရိုးရှင်းဆုံး ပြုလုပ်သူ - ကြိယာ - ပြုလုပ်ခံရသူ ဆိုတဲ့ ဝါကျ တည်ဆောက်ပုံ ဖြစ်တယ် ... ငါ့နောက်က လိုက်ဆိုနော် ... ဟုတ်ပလား ..."
"အင် ... ငါသေချာ ကြိုးစားပါ့မယ် ..." စုချန်းရန်က အာရုံစိုက်ကာ ပြောသည်။
"အိုင် လက် ဖြူ"
"အိုင် လက် ဖြူ" ထိုအသံလေးသည် နှလုံးသားကို ချက်ချင်း အရည်ပျော်စေနိုင်သည်။
"ဝေါ် အိုက် နီ"
"ဝေါ် အိုက် နီ" စုချန်းရန်က သူဖတ်သွားသည့် အတိုင်း တစ်လုံးချင်း လိုက်ဖတ်သည်။
အန်လင်း၏ သွေးများက ပြောင်းပြန် စီးဆင်းသွား သကဲ့သို့ပင်။ စိတ်လှုပ်ရှားလွန်း၍ မူးမေ့လဲမတတ် ဖြစ်နေရသည်။
ဟိဟိ ... နတ်ဘုရားမလေးက ငါ့ကို သူမ ခံစားချက်တွေ ဝန်ခံနေပါပေါ့လား။
အန်လင်းက သူမဘေးတွင် ထိုင်ပြီး ကြောင်တောင်တောင်ဖြင့် ပြုံးနေသည်။
"ငါဖတ်တာ အရမ်းကောင်းလို့ နင်ကအခုလို ပြုံးနေတာလား ..." စုချန်းရန်က အန်လင်း အပြုံးကို တွေ့သည့်အခါ ပျော်ရွှင်စွာ မေးလာသည်။
အန်လင်းက အသိပြန်ဝင် လာပြီးနောက် ခေါင်းညိတ်ကာ "နင်ဖတ်တာ အရမ်းကောင်းတယ် ဒါပေမဲ့လည်း နင်အကြိမ် နည်းနည်းလောက် ထပ်ဖတ်သင့်တယ်လို့ ငါထင်တယ် ... ဒီဝါကျနဲ့ ရင်းနှီးလာအောင်လေ ..."
"အမ် ... ကောင်းပြီလေ ... ဒါနဲ့ ငါ့ကို ဒီဝါကျရဲ့ အဓိပ္ပာယ်ကို ပြောပြဦးလေ ..." စုချန်းရန်က သိချင်စိတ်ဖြင့် မေးလာသည်။
သေလိုက်ပါတော့ ... ဘယ်လို ရှင်းပြရမတုန်း ...
အန်လင်းက ကြောင်အမ်းအမ်း ဖြစ်သွားသည်။ လူတွေ ပြောကြသလို စိတ်လိုက်မာန်ပါ လုပ်တတ်ခြင်းက နတ်ဆိုးပင်။ အခုတော့ ထိုဝါကျအား စုချန်းရန်အား ရှင်းပြရန်မှာ ပြဿနာကြီး တစ်ရပ်ဖြစ်ကြောင်း သိလိုက်ရပြီ။
သူ့စိတ်ထဲ အပြင်းအထန် တွေးတောပြီးသည်နှင့် စုချန်းရန်သည် ရိုးရှင်းပြီး ဖြူစင်သည့် စိတ်ထားနှင့် မိန်းကလေး ဖြစ်သည့် အချက်ကို အရဲစွန့်ကာ အားကိုးလိုက်သည်။
ငါက တကယ်ကို ပြုလုပ်သူ-ကြိယာ-ပြုလုပ်ခံရသူ ဆိုတဲ့ ရိုးရှင်းတဲ့ ဝါကျလေးပဲ သင်ပေးတာပါနော် ... နင်ယုံရမယ်နော် ...
"အဲဒီ အဓိပ္ပာယ်က 'ငါနင့်ကိုချစ်တယ်' ..." အန်လင်းက တည်ကြည်သည့် လေသံဖြင့် ပြောသည်။
"ဪ ... ငါနင့်ကို ချစ်တယ် ဆိုတဲ့ အဓိပ္ပာယ်လား ..." စုချန်းရန်က မစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်။
ခေတ္တမျှ တွေးပြီးသည့် နောက်တွင်တော့ သူမက တစ်စုံတစ်ခုကို သတိပြုလိုက်မိပုံ ရပြီး တိတ်ဆိတ် သွားတော့သည်။
***
ရုတ်တရက် တိတ်ဆိတ်သွားခြင်းသည် ကြောက်ဖို့ အကောင်းဆုံး ဖြစ်သည်။ တိတ်ဆိတ်ခြင်းက တစ်ခုခုကို အစပျိုးခြင်းပင်။
အန်လင်းက အတော်လေး စိတ်လှုပ်ရှားနေမိသည်။ သူက ဟာသလုပ်လိုက်ခြင်း ဖြစ်ပြီး သူမက အလေးအနက် ထားမည်ဟု မမျှော်လင့်မိပါ။
ကောင်းပြီ။ စုချန်းရန်အား ထိုဝါကျ သင်ပေးခြင်းသည် အန်လင်းက သူ့သေခြင်းသူ ရှာခြင်းဖြစ်ကြောင်း ဝန်ခံလိုက်သလိုပင်။
အား ... ရုတ်တရက်ကြီး အဲလိုပရောပရည်လုပ်ဖို့ ဘယ်သူက ပြောလို့လဲ ...။ သူ့ကိုသူ မထိန်းလိုက်နိုင်ဘူး။
အန်လင်းသည် စုချန်းရန်အား အတော်လေး စိတ်မအေးစွာ ကြည့်လိုက်သည်။ သူမ မျက်ဝန်းပြာပြာလေး ထဲတွင် မျက်ရည်များ ရစ်ဝဲလာသည်ကို တွေ့လိုက်ရပြီး ချောမွေ့ နုနယ်သော မျက်နှာလေးသည် အနီရောင် သန်းလာသည်။ နှုတ်ခမ်းများကို တင်းနေအောင် ဖိထားပြီး သွင်ပြင်မှာ မျက်ရည်များ ကျဆင်းကာ ပေါက်ကွဲထွက်တော့မတတ်ပင်။
သူမ အမူအရာကို မြင်လိုက်ရသည့် အခါ အန်လင်းမှာ သူ့ဆုံးဖြတ်ချက်ကို နောင်တ ရမိသွားပြီး အလျင်အမြန် ဖြေရှင်းဖို့ ကြိုးစားလိုက်သည်။ "နင့်ကို သဒ္ဒါ သင်ပေးဖို့က လွဲပြီး ငါ့မှာ တခြားရည်ရွယ်ချက် မရှိရပါဘူး ... နားလည်မှု မလွဲပါနဲ့နော် ..."
စုချန်းရန်က သူမခေါင်းကို မော့ကာ အန်လင်းအား တွေဝေစွာ ကြည့်လိုက်သည်။ သူမပုံစံမှာ စောဒက တက်လိုခြင်း အလျဉ်းမရှိပေ။
သူမ နှုတ်ခမ်းပါးများက တွန့်ကွေး သွားပြီးနောက် ရှိုက်သံဖြင့် "အစ်မချန်ဂီ ပြောတာ မှန်တယ် ... ကမ္ဘာပေါ်မှာ ကောင်းတဲ့ ယောက်ျားဆိုတာ မရှိဘူး ..."
ပြိုင်ဘက်ကင်း အလှပိုင်ရှင် မိန်းကလေး တစ်ယောက်က ခင်ဗျားကို မျက်ရည်ဝဲနေတဲ့ မျက်ဝန်းတွေနဲ့အတူ နှုတ်ခမ်းလေးဆူပြီး ကြည့်လာခဲ့မယ်ဆို ခင်ဗျားအနေနဲ့ ဘယ်လိုမျိုးများ ခံစားရမလဲဗျာ။
ဘုရားရေ ... ချစ်ဖို့ကောင်းလိုက်တာဗျာ ...
အန်လင်း၏ သွေးများက ဆူပွက်လာသည်။ စိတ်လှုပ်ရှားလွန်း၍ မူးမေ့မတတ်ပင် ...
စုချန်းရန်ကတော့ သူမ အမူအရာက အန်လင်းအား သေစေနိုင်လောက်သည်ကို သိပုံပင် မပေါ်။
အန်လင်း နှာခေါင်းမှ သွေးများ စီးကျလာပြီး သတိလစ် သွားသည်ကို မြင်လိုက်သည့်အခါ သူမမှာ ကြက်သေ သေသွားတော့သည်။
"ကျောင်းသား အန်လင်း ... နင်အဆင်ပြေရဲ့လား ..."
"ထတော့လေ ... ငါ့ကို မလှန့်ပါနဲ့ ..."
အန်လင်းဆီမှ တုံ့ပြန်မှု မရှိသည်ကို မြင်လိုက်ရသည့် အခါ စုချန်းရန်မှာ ပျာယာခတ် သွားတော့သည်။ သူမ၏ မှတ်ချက်စကားသည် အန်လင်းအား အလွန်နာကျင်စေကာ ဒေါသ ထွက်လွန်းသဖြင့် မေ့လဲသွားသည်ဟု သူမထင်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ရှက်ရှက်နှင့်ပင် အန်လင်းအား ကျောပေါ်တင်ကာ ကျောင်းဆေးပေးခန်းသို့ ပြေးသွားတော့သည်။
***