တစ်ယောက်ထက်ပို၍
Vol. 157 Ch. 2224
လူအုပ်ကြီးသည် ထိုကျင့်ကြံသူနှစ်ဦးက ကောင်းကင်မှ ကြယ်များနှင့် ပေါင်းစည်းသွားသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံးက မျက်လုံးများကို မှိတ်ပြီး တူညီသည့်အရာအား လုပ်ဆောင်ရန် ကြိုးစားလိုက်ကြသည်။
အောင်မြင်သွားသည့် ကျင့်ကြံသူနှစ်ယောက်က ကျန်လူများအတွက် လမ်းရှင်းပေးသွားခြင်း ဖြစ်ကြောင်း ထင်မှတ်ရပေသည်။ လူအုပ်ကြီးက ယခု မျှော်လင့်ချက်ကို မြင်နိုင်ပြီ ဖြစ်၏။
ကြယ်စုံသော ကောင်းကင်၌ ရှိနေသော အခြားကျင့်ကြံသူများကလည်း သူတို့၏ ခေါင်းများကို မော့ကာ ထိုနေရာသို့ ကြည့်လိုက်ကြသည်။ သူတို့သည် မဟာလမ်းစဥ် နတ်ရောင်ဝါများက ကောင်းကင်ရှိ ကြယ်များမှ အလင်းများ ဖြာကျလာနေသည်ကို မြင်လိုက်ကြရသည်။ သူတို့၏ နှလုံးသားများက ချက်ချင်း တုန်ယင်လာကြသည်။ သူတို့၏ ပုံရိပ်များကလည်း ကောင်းကင်သို့ ထိုးတက်သွားကြ၏။ ကြည့်ရသည်မှာ စီဝေ့မဟာအင်ပါယာ၏ သင်ကြားပေးမှုက ကောင်းကင်ရှိ မရေတွက်နိုင်သော ကြယ်များထဲ၌ ပါဝင်နေပုံရလေသည်။
အလွန် လျင်မြန်စွာပင် မရေတွက်နိုင်သော ကျင့်ကြံသူများက ဤနေရာသို့ ရောက်လာကြသည်။ သူတို့၏ အကြည့်များက ထိုပုံရိပ်နှစ်ခုအပေါ်တွင် ကျရောက်နေခဲ့သည်။ ပြင်းထန်သော စိတ်ခံစားချက်များက သူတို့အားလုံး၏ စိတ်ထဲတွင် မြင့်တက်လာပေသည်။
"ဒါက နတ်ဘုရားအမွေအနှစ်လား။" တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ စီဝေ့မဟာအင်ပါယာ ချန်ရစ်ခဲ့သော နတ်ဘုရားအမွေအနှစ်က နောက်ဆုံး၌ ရှာဖွေတွေ့ရှိခဲ့ပြီလား။
သူတို့က နောက်ထပ် ရှာဖွေရန် အခွင့်အရေး ရှိသည်ဟု ဆိုလိုသည်လား။
ထို့နောက် ရီဖူရှင်းသည်လည်း ထိုပုံရိပ်နှစ်ခုကို ကြည့်လိုက်၏။ နတ်အလင်းများဖြင့် လွှမ်းခြုံထားသောပုံရိပ်နှစ်ခုသည် စွမ်းအားသဏ္ဌာန်အချို့ ဆက်ခံနေပုံရလေသည်။ ၎င်းသည် သူတို့အထက် ကောင်းကင်ရှိ ကြယ်များမှ လာသော စွမ်းအားဖြစ်သည်။ မဟာလမ်းစဥ်နတ်ရောင်ဝါအတွင်း ပါဝင်နေသည့် စွမ်းအားက ကျင့်ကြံသူနှစ်ယောက်နှင့် သဟဇာတဖြစ်နေသည်။ မည်သူမဆို နတ်စွမ်းအားများ ပါဝင်နေသည့် ကြယ်တို့ကို ခံစားနိုင်မည် မဟုတ်ဘဲ ၎င်းအထဲမှ စွမ်းအားကို ဆက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
အနည်းဆုံး လူအုပ်ကြီးက ခန့်မှန်းနေသလောက် ရိုးရှင်းလွယ်ကူမည် မဟုတ်သည်မှာ ကျိန်းသေပေသည်။
ဘုံအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များက ဤနေရာ၌ အတူတကွ စုဝေးနေသော်လည်း ယခုထိတိုင် လူနှစ်ယောက်သာလျှင် ထိုသို့ လုပ်နိုင်သေးသည်။ ထို့ကြောင့် အခြားလူများအတွက် ထိုသို့လုပ်ဆောင်ဖို့ရာ ကြိုးစားကြည့်ရန်မှာ အိပ်မက်တစ်ခုနှင့် တူပေသည်။ ရီဖူရှင်းသည် လက်တစ်ဆုပ်စာလူမျှသာလျှင် အောင်မြင်လိမ့်မည်ဟု ခန့်မှန်းမိခဲ့သည်။
၎င်းနှင့် ပေါင်းစည်းနိုင်ရန် သဟဇာတဖြစ်သည့် ကြယ်ကို ရှာဖွေရမည်မှာ ထိုမျှ လွယ်ကူပါလိမ့်မည်လားဟု ရီဖူရှင်းက တွေးလိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က ကောင်းကင်သို့ မျောလွင့်သွားကာ အတွေးများကို ဖြန့်ကျက်လိုက်၏။ သူ၏ အသိစိတ်က ကြယ်စုံသော အဆုံးမဲ့ ကောင်းကင်၌ တစ်ခါထပ်ကာ လှည့်လည်သွားလာနေပြန်သည်။
...
ချက်ချင်းပင် အဆုံးမဲ့ ကြယ်များ၏ အလင်းက သူ့မြင်ကွင်းအတွင်း ပေါ်ပေါက်လာသည်။ ၎င်းတို့အားလုံးက သူ့ရှေ့တွင် ပေါ်ပေါက်လာသလို ထင်မှတ်ရသည်။ သူ၏ အသိစိတ်က ကြယ်စုံသော ကောင်းကင်အတွင်း ပြေးလွှားနေပြီး စီဝေ့မဟာအင်ပါယာ၏ ကြီးမားလှသော မျက်နှာကြီးရှေ့ ရောက်ရှိလာသည်။ ကြယ်ကောင်းကင်တစ်ခုလုံးက တိတ်ဆိတ်သွားခဲ့ပြီး ကြယ်များဖြင့် ပြည့်နေသော ကောင်းကင်တစ်ခုသာလျှင် တည်ရှိနေသလို ထင်မှတ်ရပေသည်။ ကြယ်တစ်ခုချင်းစီက ကြယ်အလင်းများနှင့် တောက်ပနေခဲ့၏။ ၎င်းတို့သည် နက်နဲသိမ်မွေ့ကာ လက်လှမ်းမမီနိုင်သလို ထင်မှတ်ရပေသည်။
ဤတစ်ကြိမ်၌ သူသည် ကြယ်တစ်ခုစီသို့ ဦးတည်ခဲ့ခြင်း မရှိပေ။ ယခင်က သူ ထိုကဲ့သို့ စမ်းသပ် ကြိုးစားကြည့်ခဲ့ပြီး ဖြစ်သည်။ သူသွားခဲ့သည့် ကြယ်ပေါ်၌ မည်သည့်အရာမှ ရှိမနေဘဲ အဆုံးမဲ့ စွန့်ပစ်မြေသဖွယ်သာ ရှိနေခဲ့သည်။ ထိုသည်မှာ သူ ရွေးချယ်ခဲ့သည့် ကြယ်ကြောင့် မဟုတ်လျှင် သူ၏ ကိုယ်ပိုင် လိုက်ဖက်ညီမှု လျော့နည်းနေသောကြောင့် ဖြစ်လေသည်။
သူက ကြယ်တစ်ခုချင်းစီကို သွားရောက်ရန် ကြိုးစားကြည့်လျှင် ဤကျယ်ပြောသော ကောင်းကင်၌ ကြယ်တစ်ခုချင်းစီ ကြိုးစားရန် မည်မျှအချိန်ကြာလိမ့်မည်နည်း။ ဆယ်စုနှစ်အနည်းငယ်လား။ ရာစုနှစ်ထိ ကြာမြင့်မည်လား။ သူသည် အထက်ကောင်းကင်ရှိ ကြယ်တစ်ခုချင်းစီကို အာရုံခံကြည့်နိုင်မည် မဟုတ်ပေ။
သို့ဆိုလျှင် ထိုလူနှစ်ယောက်က မည်သို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်သနည်း။
မတော်တဆ တိုက်ဆိုင်မှုပေလား။
ရီဖူရှင်းသည် ကြယ်များဆီသို့ ဦးတည်ခဲ့ခြင်း မရှိပေ။ ထို့အစား သူက ကြယ်ကောင်းကင်အတွင်း လှည့်လည်နေရင်း ဦးတည်ရာမရှိ မျောလွင့်နေခဲ့သည်။ သူသည် တစ်ခုခုကို ခံစားနိုင်ခြင်းရှိမရှိအား သိရရန်သာ ထိုသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ သူက ဤနေရာသို့ ရောက်ရောက်ချင်းပင် ကြယ်များ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ချေ။
အစောပိုင်းက အောင်မြင်သွားသူ နှစ်ယောက်မှာ သူတို့ ကောင်းကင်ရှိ ကြယ်များနှင့် ဆက်သွယ်ခြင်းမပြုခင် ရက်များစွာ ဤနေရာ၌ ရှိနေခဲ့ပြီး နတ်အလင်းများထဲတွင် နစ်မြုပ်နေခဲ့သည်။ ထို့ကြောင့် သူက ရောက်ရောက်ချင်း ထိုသို့ လုပ်ဆောင်ရန်မှာ ဖြစ်နိုင်ခြင်း မရှိပေ။
ထိုကျင့်ကြံသူနှစ်ယောက်က မည်သူတို့ဖြစ်သည်ကို မသိသော်လည်း လက်ရှိ ရောက်နေသူများကြားတွင် အထူးချွန်ဆုံး ပုဂ္ဂိုလ်များ ဖြစ်သည်မှာ သေချာပေသည်။
ကြယ်ကောင်းကင်တွင် ရီဖူရှင်း၏ ပုံရိပ်က ရည်ရွယ်ချက်မရှိ မျောလွင့်နေခဲ့သည်။ သူက လေဟာနယ်အတွင်း လျှောက်သွားနေခဲ့ပြီး တစ်ခါတစ်ရံ၌ ကျယ်ပြော၍ လျှို့ဝှက်ဆန်းကြယ်သော နေရာအတွင်းမှ ကြယ်များကို စူးစမ်းလေ့လာရန် ရပ်တန့်တတ်သည်။ တဖြေးဖြေးနှင့် သူ၏ အသိစိတ်များက စျာန်ဝင်စားသည့် အခြေအနေသို့ ရောက်ရှိလာပေသည်။ သူက အပြင်ဘက်လောကမှ အရာအားလုံးအကြောင်းနှင့် သူ၏ ကိုယ်ပိုင် ဖြစ်တည်မှုကိုပင် မေ့ပျောက်သွားခဲ့သည်။ ထိုနေရာ၌ ဆူညံသံများမရှိသလို မည်သည့် ရှုပ်ထွေးသော အတွေးမှလည်း ရှိမနေပေ။ သူ၏ ခန္ဓာကိုယ်က အသိစိတ်နောက် လိုက်ပါနေသကဲ့သို့ပင် ဖြစ်ပေသည်။
ကြယ်များအတွင်း အချိန်ကြာမြင့်စွာ လွင့်မျောနေပြီးနောက်၌ပင် ရီဖူရှင်းသည် မည်သည့် အစီအရင်အငွေ့အသက်ကိုမှ မဖမ်းဆုပ်နိုင်သေးပေ။ သူ၏ အသိစိတ်က ကြယ်စုံသော ကောင်းကင်အတွင်း ဆက်လက်၍ လှည့်လည်သွားလာနေသည်။ သူက ကြယ်တစ်ပွင့် အောက်ခြေသို့ ရောက်လာပေသည်။ ထိုကြယ်မှ ကြောက်မက်ဖွယ် ကြယ်အလင်းများ ဖြာကျနေပြီး လင်းလက်တောက်ပနေသည်။ ၎င်းသည် အောက်ဘက်ရှိ ကောင်းကင်ဒေသမှ ကျင့်ကြံသူများနှင့် သဟဇာတဖြစ်သော ကြယ်နှင့် ဆင်တူသည်။
ဤကြယ်နှင့် မည်သည့်ကွာခြားချက်ရှိနေသနည်း။
ရီဖူရှင်း၏ ပုံရိပ်က သူ့ အသိစိတ်အတွင်း ဖြစ်လာကာ ထိုနေရာ၌ ရပ်၍ တိတ်ဆိတ်စွာ စူးစမ်းလေ့လာနေပေသည်။ သို့သော် သူသည် ဤကြယ်နှင့် ပတ်သတ်သည့် မည်သည့်အရာက ထူးဆန်းနေသည်ကို ရှာဖွေမတွေ့ရှိသေးပေ။ ထို့နောက် သူက နောက်ထပ် ကြယ်တစ်ခုဆီ မျောလွင့်သွားခဲ့သည်။ နောက်ထပ်ကြယ်တစ်ပွင့်သည် မှောင်မိုက်သော နတ်အလင်းများ ထုတ်လွှတ်နေပြီး မှော်နက်လောကတစ်ခုကို ကြယ်အတွင်း မြှုပ်နှံထားသလို ထင်မှတ်ရပေသည်။ ၎င်း၏ တည်ရှိမှုကို ခံစားမိရန် အမှန်တကယ် ခက်ခဲလှသည်။
၎င်းက ရီဖူရှင်းကို အံ့အားသင့်စေသည်။ ၎င်းနှင့်ပတ်သတ်၍ မည်သည်က လွဲမှားနေသနည်း။
သူသည် ဤကြယ်အနီးဝန်းကျင်ကို စတင်၍ စူးစမ်းလေ့လာခဲ့ပေသည်။ ရုတ်တရက် သူက အလွန် အစွမ်းထက်သော မဟာလမ်းစဥ်နတ်အလင်းကို ခံစားမိလိုက်သည်။ ၎င်းသည် သူ၏ သိစိတ်အာရုံကို ဖိနှိပ်လာပေသည်။ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ တဖြေးဖြေး သူသည် သူ၏ အသိစိတ်က ထိုဖိအားအောက်၌ ရပ်တည်နိုင်ရန် ခက်ခဲလာသည်ကို ရှာဖွေတွေ့ရှိခဲ့ပေသည်။ သူ၏ အသိစိတ်က အစအနပင်မကျန်အောင် လွင့်စင် ပျောက်ကွယ်သွားလေသည်။
"ဟာ့.." ရီဖူရှင်းက နက်ရှိုင်းစွာ ပင့်သက်ရှိုက်လိုက်သည်။ သူ၏ မျက်လုံးများမှ စူးရှသော နတ်အလင်းတို့ ဖြာကျလာပေသည်။ သူ၏ သိစိတ်အာရုံ ပျောက်ကွယ်သွားသည်နှင့် သူက တစ်ခုခု ရှာဖွေတွေ့ရှိသွားပေသည်။
သူက ကြယ်ရှိရာကို မော့ကြည့်လိုက်ပြီး ရီဖူရှင်း၏ ပုံရိပ်က ကောင်းကင်သို့ ထိုးတက်သွားကာ မြင့်မားသည့် နေရာဆီ တည့်မတ်စွာ ဦးတည်သွားခဲ့သည်။ ရီဖူရှင်း အနီးမှ ကျင့်ကြံသူများက သူ့ပုံရိပ်ကို စိုက်ကြည့်လိုက်ကြပြီး ထူးဆန်းသည့် အမူအရာတို့ ဖြစ်ပေါ်လာသည်။ သူ မည်သည့်ကိစ္စတို့ကို လုပ်နေသနည်း။
သူက အမှန်တကယ်ပင် ကြယ်များအားလုံးကို ရှာဖွေချင်နေသည်လား။
ရီဖူရှင်းသည် ကောင်းကင်အတွင်း အမြင့်တစ်နေရာသို့ ရောက်ရှိလာသည်။ ထိုနေရာ၌ လူသားလက္ခဏာဟူ၍ မရှိဘဲ အခြားကျင့်ကြံသူများလည်း ရှိမနေပေ။ သူ့ခန္ဓာကိုယ်မှ နတ်အလင်းရောင်များ တောက်ပနေပြီး သူက တင်ပျဥ်ခွေကာ ထိုင်ချလိုက်သည်။ ရှေးဟောင်းသစ်ပင်၏ နတ်ရောင်ဝါတို့က သူ့ပုံရိပ်ကို ဝန်းရံလာသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ပုံရိပ်ယောင်တစ်ခုက ချက်ချင်း ပျံထွက်လာပေသည်။ ရီဖူရှင်း၏ စိတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်မှ ခွဲထွက်လာကာ ကောင်းကင်တွင် မျောလွင့်လာ၏။
သူ၏ စိတ်ဝိညာဥ်က နတ်ရောင်ဝါတို့နှင့် တောက်ပနေပြီး မဟာအင်ပါယာ၏ စွမ်းအားတို့ ပါဝင်နေပုံရသည်။ သူ၏ ရုပ်ခန္ဓာက ကြယ်ကောင်းကင်အောက်ခြေတွင် မလှုပ်မယှက်နှင့် တင်ပျဥ်ခွေ ထိုင်နေခဲ့သည်။
မျက်မမြင်ထျယ်နှင့် ဖန်းကိုင့်သည်လည်း ဤနေရာ၌ ရှိနေကြပြီး သူ၏ ရုပ်ခန္ဓာကို ကာကွယ်ပေးထားပေသည်။ ဖန်းကိုင့်က သူ့ခေါင်းကို မော့ကာ ရီဖူရှင်း၏ စိတ်ဝိညာဥ်က သူ့ခန္ဓာကို ချန်ရစ်၍ အထက်ကောင်းကင်သို့ တက်သွားသည်အား ကြည့်နေခဲ့သည်။ သူက ထူးဆန်းသော အကြည့်တို့ ထုတ်ဖော်ပြသလာ၏။ ရီဖူရှင်းက မည်သည့်ကိစ္စတို့ လုပ်နေသနည်း။
မျက်မမြင်ထျယ်သည်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူသည် ရီဖူရှင်း မည်သည့်ကိစ္စတို့ လုပ်နေသည်ကို နားမလည်ပါချေ။ သို့သော် သူ ရီဖူရှင်းကို နားလည်သလောက် ပြောရလျှင် ထိုသို့ လုပ်ရခြင်းမှာ အကြောင်းပြချက် ရှိပေလိမ့်မည်။
ရီဖူရှင်းက တစ်စုံတစ်ခုကို အာရုံစိုက်နေခြင်း ဖြစ်နိုင်ပေသည်။
ကောင်းကင်ထက်တွင် ရီဖူရှင်း၏ စိတ်ဝိညာဥ်က သူ၏ ယခင် သိစိတ်နေရာကို အစားထိုးသွားခဲ့သည်။ သူသည် ယခင်က သူ့သိစိတ်အာရုံ သွားခဲ့သောနေရာသို့ တစ်ဖန် ရောက်ရှိလာပေသည်။ ပြင်းထန်သော ဖိအားက သူ့ပေါ်သို့ သက်ဆင်းလာကာ သူ၏ စိတ်ဝိညာဥ်ပေါ် တိုက်ရိုက် ကျရောက်လာသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏ စိတ်ဝိညာဥ်က တောက်ပသော နတ်ရောင်ဝါတို့နှင့် လွှမ်းခြုံခံထားရပေသည်။ ၎င်းသည် အလွန် တောက်ပပြီး ဖျက်ဆီး၍ မရနိုင်သလို ထင်မှတ်ရပေသည်။
သူက ကောင်းကင်ထက်သို့ စူးစိုက်စွာ ကြည့်လိုက်သည်။ ကောင်းကင်တွင် များပြားလှသော မှောင်မိုက်နေသည့် စွမ်းအားနှင့် ကြယ်များ ပေါ်ပေါက်လာသည်။ ဤအမှောင်စွမ်းအားနှင့် ကြယ်များက ကြယ်ကောင်းကင်အတွင်း အမှောင်စွမ်းအားများနှင့် ပုံရိပ်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်ဟု ထင်မှတ်ရပေသည်။ ထိုပုံရိပ်ကြီး၏ နက်မှောင်သော မျက်လုံးများက သူ့ကို စိုက်ကြည့်နေပေသည်။ ချက်ချင်းပင် ရီဖူရှင်းသည် သူ့ကို နတ်ဘုရားတစ်ပါးက ကြည့်နေသလို ထင်မှတ်ရလိုက်မိသည်။
ဘုန်း...
ရီဖူရှင်း၏ စိတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်အတွင်း ပြန်လည်တွန်းပို့ခံလိုက်ရပေသည်။ သူ၏ နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်နေခဲ့သည်။ သူက မျက်လုံးများကို ဖွင့်ကာ ကြယ်ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး သူ့အကြည့်များထဲတွင် ပြင်းထန်စွာ ထိတ်လန့်တုန်လှုပ်မှုတို့ ရှိနေခဲ့ပေသည်။
သူသည် ကြယ်ကောင်းကင်၏ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပုံရသည်။
သူက တင်ပျဥ်ခွေထိုင်နေရာမှ ထလိုက်သည်။ ရီဖူရှင်း၏ အကြည့်များက အဆုံးမဲ့လေဟာနယ်ကို ထိုးဖောက်ကာ ကောင်းကင်ကို ဖြတ်သန်းသွားသည်။ သူ၏ ငွေရောင်ဆံပင်က အရူးအမူး ကခုန်နေခဲ့၏။ သူ၏ နောက်မှ ဖန်းကိုင့်နှင့် မျက်မမြင်ထျယ်တို့လည်း ထိတ်လန့်သွားခဲ့သည်။ မည်သည့်ကိစ္စတို့ ဖြစ်နေသနည်း။
"အဲဒီတော့ ဒီနေရာမှာ မဟာအင်ပါယာ တစ်ယောက်ထက် ပိုရှိနေတာလား။" ရီဖူရှင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ရီဖူရှင်းက ထိတ်လန့်အံ့သြနေခဲ့သည်။ သူသည် ကြယ်ကောင်းကင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို မတော်တဆ ဖော်ထုတ်မိသွားပုံရလေသည်။
***