တစ်ဆင့်ပြီးတစ်ဆင့် ခုန်ကျော်ခြင်း
Vol. 1 Ch. 12
အန်လင်း သတိပြန်ဝင်လာချိန် မှာတော့ ပထမဆုံး မြင်ကွင်းထဲ ရောက်လာသည့် အရာမှာ စုရှောင်လန်၏ ပြစ်မျိုးမှဲ့မထင်သည့် မျက်နှာလေး ဖြစ်သည်။
သူမမျက်နှာက အရမ်းကို နီးကပ်နေပြီး မျက်လုံးများက တစ်စုံတစ်ခုကို စစ်ဆေးနေသယောင် တလက်လက် တောက်ပနေသည်။
“ငါ့မျက်နှာမှာ တစ်ခုခု ရှိနေလို့လား ...” အန်လင်းက တိုးတိုးမေးလာသည်။
စုရှောင်လန်က သွားဖြီးကာ “အေး ...”
သူမက လက်ချောင်းလေး ဆန့်ထုတ်ပြီး အန်လင်း နှာခေါင်းကို ဖွဖွလေး ပွတ်လိုက်သည်။
ထိုအပြုအမူက အန်လင်းအား အနည်းငယ် ရှက်ရွံ့စေသည်။ “ဟေ့ ... ငါအားနည်းနေတဲ့ အချိန် အခွင့်အရေး ယူတာ မကောင်းဘူးနော် ...”
ဖောက် ...
“အား ... နာတယ်ဟ ...” အန်လင်းက သူ့နှာခေါင်းကို အုပ်ကာ အော်လိုက်သည်။ ထို့နောက် စုရှောင်လန် လက်ထဲတွင် စက္ကူလိပ် တစ်ခုကို မြင်လိုက်ရသည်။
“နှာခေါင်းသွေးယိုတာ ရပ်သွားအောင် ထည့်ထားတဲ့ စက္ကူစနေမယ် ... နင်ထပ်ပြီး နှာခေါင်းသွေး မယိုတော့လောက်တာမို့ ငါက ဆွဲထုတ်လိုက်တာ ...”
စုရှောင်လန်သည် မျက်နှာတွင် လှောင်ပြောင်လိုဟန် အရိပ်အယောင် အပြည့်ဖြင့် အန်လင်းအား ကြည့်လိုက်သည်။
“ဘာသာရပ် တာဝန်ခံ ဖြစ်တဲ့ ပထမဆုံးနေ့မှာပဲ အပီအပြင် တာဝန် ထမ်းဆောင်လိုက်တယ်ပေါ့ ... အဲဒီအပြင် နှာခေါင်းသွေးယိုပြီး သတိပါ လစ်သွားလိုက်သေးတယ် ... အန်လင်း ... အန်လင်း ... နင်က တစ်ခုခုတော့ တစ်ခုခုပဲ ...”
အန်လင်းက သူ့နှာခေါင်းအား ကိုးရိုးကားရားနိုင်စွာ ပွတ်လိုက်သည်။
စုရှောင်လန်၏ မှတ်ချက်စကားကို သူ့တွင် ချေပစရာ မရှိပေ။
“အိုး ... ဟုတ်သားပဲ ... စုချန်းရန်ကော ...”
“သူမလား ... ဆေးဆရာလျှိုက နင်သက်သာ သွားလိမ့်မယ်လို့ ပြောပြီးတာနဲ့ ထွက်သွားတော့တာပဲ ...”
“နင်သတိလစ်ရတဲ့ အကြောင်းအရင်းကို ဆေးဆရာ ရှင်းပြတာ ကြားလိုက်တော့ ဖြစ်သွားတဲ့ သူမ အမူအရာကို နင်မြင်လိုက်သင့်တယ် ... ကျွတ် ကျွတ် ကျွတ် ...”
“ကျောင်းတော်ရဲ့ နံပါတ်တစ် နတ်ဘုရားမလေး ဆီကနေ အထင်ကြီးခြင်း ခံရဖို့ ရှားပါးတဲ့ အခွင့်အရေး ရခဲ့တာတောင်မှ ဘာမှ ဖြစ်မလာတာ ငါတကယ် စိတ်မကောင်းလိုက်တာ ...” စုရှောင်လန်က အန်လင်းအား ကြည့်ပြီး ပီတိတဖွားဖွား ဖြစ်လှစွာ ပြောသည်။
“ဘာလို့ အဲဒါကိုပဲ ထပ်ကာထပ်ကာ ပြောနေရတာတုန်း ... သူကငါ့ကို ဆန်းဆန်းပြားပြားတွေ မတွေးသွားလောက်ပါဘူးနော် ...” အန်လင်းက ညည်းညူလိုက်သည်။
“အနည်းဆုံးတော့ နင်က ကိုယ့်အကန့်အသတ်ကိုယ် သိသင့်တာပေါ့ ... အခု မြန်မြန်လုပ် ... တစ်ခုခု သွားစားကြမယ် ...” စုရှောင်လန်က ညင်ညင်သာသာ ပြောသည်။
အန်လင်းက သူ့ဝမ်းဗိုက် ဟာနေတာကို အခုမှ သတိပြုမိသည်။
“နင်ဘာမှ မစားရသေးဘူးလား ...” အန်လင်းက မေးသည်။
“နင်သာ ပြဿနာ မရှာရင် အခုလို မဖြစ်ဘူး ...”
“နင်သတိလစ် သွားတယ်လို့ ကြားတော့ ငါက ထမင်းစားဆောင်ကို သွားနေတဲ့လမ်း ကနေ ပြန်လှည့်လာရတာပဲ ... ပြီးတော့ နင့်ကို စောင့်ကြည့် နေရတယ်လေ ... မပြောဘူးလား ... ငါ နင့်ကို ကောင်းကောင်းဆက်ဆံတယ်နော် ... ငါ့ကို ဘာပြန်ပေးမှာလဲ ...” စုရှောင်လန်က သူမ မျက်လုံးများကို ဟိုဟိုဒီဒီ ကြည့်လိုက်ပြီးနောက် ဟွန့် ခနဲ အသံပြုသည်။
“ငါ့ကိုငါ လက်ဆောင်ပေးမယ်လေ ...” အန်လင်းက ဝမ်းမြောက်စွာ ပြောသည်။
“သေလိုက် ...”
***
ထိုသို့ဖြင့် အန်လင်း ဘဝကြီးက ပုံမှန်ပြန် ဖြစ်လာသည်။
တစ်နေ့ပြီး တစ်နေ့ ကျော်လွန်သွားခဲ့ပြီး စုချန်းရန်သည်လည်း သူ့ဆီ၌ တရုတ်နှင့် အင်္ဂလိပ် ဘာသာစကား သင်ယူနေဆဲပင် ဖြစ်သည်။ သို့ပေမဲ့လည်း သိသာစွာဖြင့် အကွာအဝေး တစ်ခုက ခြားနားသွားပြီ ဖြစ်သည်။ ထိုနေ့က အဖြစ်အပျက်ကို လိုလားမှု မရှိခြင်း၏ တိုက်ရိုက် အကျိုးဆက်ဖြစ်သည်။
သူမနှင့် စကား အဆက်အဆံ ရှိသည့် တစ်ဦးတည်းသောသူမှာ အန်လင်း ဖြစ်နေဆဲပင်။
နောက်ဆုံးတော့လည်း ကျင့်ကြံခြင်းမှအပ ထိုဘာသာစကား နှစ်ခု လေ့လာ သင်ယူခြင်းမှ လွဲ၍ စုချန်းရန်က အခြား မည်သည့်အရာကိုမှ စိတ်ဝင်စားခြင်း မရှိပါချေ။
***
သူသတိ မထားလိုက်ခင်မှာပင် သုံးလ ကုန်လွန်သွားပြီ ဖြစ်သည်။
တစ်ညတွင်တော့ အန်လင်း ခန္ဓာကိုယ်အနှံ့ များပြားသည့် စွမ်းအင်များ စီးဝင်ရောက်ကာ တာအိုခန္ဓာ အဆင့် ၄ သို့ အောင်မြင်စွာ ချိုးဖျက် ဝင်ရောက်သွားတော့သည်။
ထိုညသည် အန်လင်းဘဝတွင် အပျော်ဆုံးည ဟုပင် ပြောနိုင်သည်။
သူ့ကိုယ်ပိုင် ကျင့်ကြံ အားထုတ်မှုဖြင့် ရောက်ရှိခဲ့ခြင်း ဖြစ်သည်ကြောင့် ထိုသောက်ကျင့် မကောင်းသည့် စနစ်ကို မှီခိုနေရန် မလိုကြောင်း သက်သေပြပြီး ဖြစ်သည်။
“ဟွန့် ... မင်းက ငါ့ကို ဒီတစ်ကြိမ်မှာ သန်း ၁၀၀ ကို ထပ်ကိန်း သန်း ၁၀၀ တင်ပြီး ဒိုက်ထိုး စေချင်သေးသလား ... အဆိုးဆုံးတွေထဲက အဆိုးဆုံး ဖြစ်လာရင်တောင်မှ ငါ့ဘာသာငါ ကျင့်ကြံမှာကွ ...” အန်လင်းက ဂုဏ်ယူစွာ ပြောသည်။
ထိုသို့ ပြောပြီးနောက် မျှော်လင့်တကြီးဖြင့် စစ်နတ်ဘုရား စနစ်ကို စစ်ဆေးကြည့်လိုက်သည်။
“တာအိုခန္ဓာ ပဉ္စမအဆင့် __ သတ်မှတ်ချက် : စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံးမှ စွမ်းအင်များကို စုပ်ယူပါ ...။”
စိတ်ဝိညာဉ်ကျောက်တုံး ... အန်လင်းက ခေတ္တမျှ တွေဝေသွားသည်။
ကျောင်းတော်က နေစရာနှင့် စားစရာအတွက် ပူစရာ မလိုပေ။ ထို့ကြောင့် ကျင့်ကြံခြင်း လောကတွင် ရှိနေသည့် ‘ငွေကြေးစွမ်းအင်’ သည် သူနှင့် ပတ်သက်ဆက်နွှယ်ခြင်း အလျင်းမရှိခဲ့ချေ။
ထို့ကြောင့် သူ့တွင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးတလေ တောင်မှပဲ ရှိမနေပါ။
စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံး ... အဲဒါကို ရဖို့အတွက် အရမ်းခက်ခဲပုံ မပေါ်ပါဘူးလေ ... စုရှောင်လန်ကို သွားတွေ့ပြီး သူ့မှာ ရှိသလားလို့ မေးလိုက်သင့်လား။
အန်လင်းက စုရှောင်လန် အိမ်ဆောင်သို့ သွားရန် ပြင်လိုက်သော်လည်း သူ့အခန်းတံခါး ရှေ့တွင်သာ တုံ့ဆိုင်းစွာ ရပ်နေမိသည်။
အတန်းထဲတွင် အညံ့ဆုံး ကျောင်းသား ဖြစ်သည့်အတွက်ကြောင့် သူက စုရှောင်လန်အား အကြိမ်ပေါင်းများစွာ စာသင်ကြား ပေးစေခြင်းဖြင့် အနှောင့်အယှက် ပြုမိထားပြီး ဖြစ်သည်။
သူမက သူ့အား အကူအညီများစွာ ပေးထားပြီး ဖြစ်သဖြင့် အန်လင်းအနေဖြင့် သူမထံမှ ငွေကြေး အကူအညီ တောင်းခံရန်မှာ မဖြစ်နိုင်ပေ။
အန်လင်းက ခေတ္တမျှ တုံ့ဆိုင်းပြီးသည့် နောက်တွင် ပုံရိပ်တစ်ခုက သူ့အတွေးထဲ ဖျတ်ခနဲ ပေါ်လာခဲ့သည် ရွှမ်ယွမ်ချန် …
“ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ ပြဿနာ တစ်ခုခု ရှိလာရင် ငါ့ဆီလာပြောလို့ ရတယ် ... မင်းရဲ့ အတန်းခေါင်းဆောင် အနေနဲ့ ငါတတ်နိုင်သမျှ ကူညီပေးမယ် ...” လို့ သူက ပြောဖူးသည် မဟုတ်ပါလား။
ရွှမ်ယွမ်ချန်၏ အိမ်ဆောင်မှာ အန်လင်း နေထိုင်ရာနှင့် သိပ်မဝေးသည့် အပြင် ယခုအချိန်သည် နောက်ကျသည်ဟု မဆိုနိုင်သေးချေ။ ထိုနေရာသို့ သွားဖို့ရန် အချိန် အလုံအလောက် ရှိနေသေးသည်။
ထိုသို့ တွေးပြီးသည်နှင့် အန်လင်းက ရွှမ်ယွမ်ချန် အိမ်ဆောင်သို့ ထွက်ခွာ သွားတော့သည်။
အန်လင်းက ဖိအား အနည်းငယ် ရှိနေသည်။ ထိုနေ့က ရွှမ်ယွမ်ချန် ပြောခဲ့သော စကားသည် အလေးအနက် ဆိုခဲ့ခြင်း ဟုတ်မဟုတ် မသေချာပေ။
သို့ပေမဲ့လည်း ကျင့်ကြံခြင်း အတွက် မည်သို့ပင်ဖြစ်စေ သွားဖို့ဆန္ဒ ရှိသည်သာ။
အန်လင်းက ရွှမ်ယွမ်ချန်၏ တံခါးကို ခေါက်လိုက်ပြီးနောက် အတော်လေး စိတ်မသက်မသာ ခံစားရသည်။
ရွှမ်ယွမ်ချန်က ရွှေရောင် ရှေးဟောင်းဝတ်စုံ ဝတ်ဆင်ထားပြီး တံခါးလာဖွင့်သည်။
အန်လင်းအား မြင်လိုက်ရသည့်အခါ နွေးထွေးသည့် အပြုံးတစ်ခု သူ့မျက်နှာတွင် ပေါ်လာသည်။
“ကျောင်းသား အန်လင်းက ညအချိန်ကြီး ဒီကိုဘာဖြစ်လို့ လာတာပါလဲ ...”
ရွှမ်ယွမ်ချန်၏ လေသံနှင့် ကိုယ်ဟန်မှာ ယဉ်ကျေးသိမ်မွေ့ပြီး အသိပညာတို့ဖြင့် နှံ့စပ်ပုံပေါက်ကာ အန်လင်း နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုကို လျော့ကျစေသည်။
“အတန်းခေါင်းဆောင် ... မင်းပြောတော့ ငါ့မှာ အခက်အခဲ တစ်ခုရှိရင် ကူညီမယ်ဆို ... အဲဒါ အမှန်လား ...” အန်လင်းက မေးလိုက်သည်။
“သေချာတာပေါ့ ... အမှန်ပဲလေ ... အခု မင်းက ဘာပြဿနာနဲ့ ကြုံနေရလို့လဲ ... လာလေ ... ဝင်လာခဲ့ ... အထဲမှာ ဆွေးနွေးကြတာပေါ့ ...” ရွှမ်ယွမ်ချန်က အန်လင်းအား သူ့အိမ်ဆောင် အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
အန်လင်းက လက်များကို ဝှေ့ယမ်းကာ အားတုံ့အားနာဖြင့် “မဟုတ်ပါဘူး ... ဒီလိုက အဆင်ပြေပါတယ် ... အမှန်တော့ ငါက မင်းဆီကနေ စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံးလောက် ချေးငှားချင်ရုံလေးပါ ... နောက်ပိုင်း ငါ့မှာရှိလာရင် သေချာပေါက် ပြန်ပေးမှာပါ ...”
“အဲဒါပဲလား ...” ရွှမ်ယွမ်ချန်က ပြုံးပြီးနောက် သူ့သိုလှောင် လက်စွပ်ထဲမှနေ စိတ်ဝိညာဉ်ကျောက်တုံး တစ်အိတ်ကို ထုတ်ယူလိုက်သည်။ အန်လင်းမည်မျှ လိုသည်ကို မမေးဘဲနှင့် သူက တစ်အိတ်လုံး ပစ်ပေးလိုက်သည်။
“ငါ့မှာ အပိုလည်း ပေးဖို့တော့ မရှိဘူး ... ဒီထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ပါတယ် ... အကုန်သာယူလိုက် ... ပြန်ပေးဖို့ကို စိုးရိမ်မနေနဲ့ ... မလိုဘူး ...”
“ဒီဟာ ...”
အန်လင်းက လေးလံလှသည့် စိတ်ဝိညာဉ်ကျောက်တုံး အိတ်ကိုသယ်ရင်း ကြက်သေသေ သွားမိသည်။
ရွှမ်ယွမ်ချန်က နှစ်လိုဖွယ်ကောင်းစွာ ရယ်လိုက်ပြီးနောက် သူ့မျက်လုံးများတွင် အားပေးမှု အပြည့်နှင့် ဖြစ်သည်။ “မင်းက တိုးတက်ချင်စိတ် ရှိပြီး လေးလေးနက်နက် ကျင့်ကြံချင်စိတ် ရှိနေသ၍ ဒီလောက်ကတော့ ငါ့အတွက် ဘာမှ မဟုတ်ပါဘူးကွာ ...”
အန်လင်းက အတော်လေး စိတ်လှုပ်ရှားသွားသည်။ သူ့နှလုံးသားထဲတွင် ဖော်ပြလို့ မရနိုင်သည့် စကားလုံးများဖြင့် ပြည့်နှက် လာပြီးနောက်တွင်တော့ စကားတစ်ခွန်းကို ပြောထွက်နိုင်ခဲ့သည်။ “အစ်ကိုကြီးချန် ... ကျေးဇူးပါခင်ဗျာ ...”
အန်လင်းက စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ကို သယ်ပြီး အခန်းသို့ ပြန်လာခဲ့သည်။
ထိုစိတ်ဝိညာဉ်ကျောက်တုံးများကို စားပွဲပေါ်တွင် တင်လိုက်သည့်အခါ တောင်ပို့လေး တစ်ခုနှင့်ပင် တူနေသေးသည်။
ထိုကြည်လင်ပြီး တလက်လက် တောက်ပနေသည့် စိမ့်ဖျော့ဖျော့ ကျောက်တုံးလေးများကို ကြည့်ရင်း အန်လင်းမှာ အလွန်တရာ စိတ်လှုပ်ရှား လာတော့သည်။
သူက စိတ်မရှည်စွာဖြင့် စတင် ကျင့်ကြံလိုက်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများမှ စွမ်းအင်များကို စုပ်ယူလိုက်သည်။
နွေးထွေးမှု တစ်ခုက သူ့ခန္ဓာကိုယ်ထဲ ဖြတ်သန်း စီးဆင်းလာပြီး ခန္ဓာကိုယ်နှင့် ခွန်အား သန်မာမှုတို့ကို အဆင်မပြတ် သန့်စင်လျက်ရှိသည်။
စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံး ကို စုပ်ယူ ပြီးစီးသည့်နောက် စွမ်းအင်ပေါက်ကွဲ ထွက်လာပြီး အတားအဆီး တချို့ကို ချိုးဖျက်လိုက်သည်။
အန်လင်း ဝန်းကျင်ရှိ အငွေ့အသက်မှာ ပြောင်းလဲသွားပြီး တာအိုခန္ဓာ အဆင့် ၅ သို့ ချိုးဖျက် ဝင်ရောက်သွားပြီ ဖြစ်သည်။
အဆင့် တက်ပြီးသည့်နောက် သူ့မှာ စိတ်လှုပ်ရှားသည့် အရိပ်အယောင် မရှိပေ။ ပထမဆုံး သူလုပ်မိသည့်အခါမှာ စိတ်လှုပ်ရှားစွာဖြင့် စနစ်၏ သွင်ပြင်ကို ကြည့်ရှုခြင်းသာ ဖြစ်သည်။
“တာအိုခန္ဓာ ဆဋ္ဌမအဆင့် - သတ်မှတ်ချက် : စိတ်ဝိညာဉ်ကျောက်တုံး ၁၀ အပေါင်း ၁၀ တုံးမှ စွမ်းအင်များကို စုပ်ယူပါ ...”
ဘယ်လိုတွေတောင် ပုံစံတူ နေရတာလား။
ထိုစကားလုံးများကို မြင်လိုက်ရသည့် အခါ အန်လင်းမှာ မနေနိုင်တော့ဘဲ “အစ်ကိုကြီးချန်ရေ ... စိတ်ဝိညာဉ် ကျောက်တုံးတွေအတွက် ကျေးဇူးပါဗျို့ ...”
စိတ်ဝိညာဉ်ကျောက်တုံး ၂၀ စုပ်ယူပြီးသည့်နောက် အန်လင်းက တာအိုခန္ဓာ အဆင့် ၆ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ချက်ချင်းဆိုသလို စနစ်၏ ‘ကျင့်ကြံခြင်းအခြေခံ’ ကဏ္ဍထဲတွင် အကြောင်းကြားစာအသစ် ပေါ်လာခဲ့သည်။
“တာအိုခန္ဓာ သတ္တမအဆင့် - သတ်မှတ်ချက် : စိတ်ဝိညာဉ်ကျောက်တုံး ၁၀ အမြှောက် ၁၀ တုံးမှ စွမ်းအင်များကို စုပ်ယူပါ ...”
***
အန်လင်း နှုတ်ခမ်းထောင့်လေးမှာ ပေါ်သို့ တွန့်ကွေးသွားသည်။ ထိုသတ်မှတ်ချက် များသည် အတော်လေး ဆင်တူလွန်းသည်။ ဒိုက်ထိုးခြင်းနှင့် စိတ်ဝိညာဉ်ကျောက်တုံးများ သာလျှင် ပြောင်းလဲသွားခြင်း ဖြစ်သည်။
သူက အနည်းငယ်မျှ တုံ့ဆိုင်း မနေတော့ဘဲနှင့် စိတ်ဝိညာဉ်ကျောက်တုံးများမှ စွမ်းအင်များကို စုပ်ယူလိုက်သည်။
စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ မှ စွမ်းအင်များကို စုပ်ယူပြီးသည့် နောက်တွင် သူ့အငွေ့အသက်မှာ နောက်ထပ်တစ်ကြိမ် အတားအဆီးကို ချိုးဖျက်ပြီးသည့်နောက် တာအိုခန္ဓာ အဆင့် ၇ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
သူ့ခန္ဓာကိုယ် တစ်လျှောက် ဖြတ်သန်း စီးဆင်းနေသည့် စွမ်းအင်ပမာဏ အမြောက်အမြားကို ခံစားမိသည့်အတွက် အန်လင်း၏ မျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
တစ်ညတည်းနှင့် သူ့ကျင့်ကြံခြင်း အခြေခံသည် တာအိုခန္ဓာ အဆင့် ၃ မှ ၇ သို့ ရောက်ရှိလာခဲ့သည် မဟုတ်ပါလား။ ထိုသည်က သူ့အား အိပ်မက်အလား ခံစားမိစေသည်။
တာအိုခန္ဓာ အဆင့် ၇ ဆိုသည်မှာ စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်တွင် တက်ရောက်နေသည့် ကျောင်းသားသစ်များ အတွက် ပုံမှန်စံနှုန်း တစ်ခုသာလျှင် ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် မြင့်လာသည်နှင့်အမျှ အဆင့်တက်ဖို့ရာ ခက်ခဲလာသည်သာ။
တာအိုခန္ဓာ နောက်ပိုင်းအဆင့်ရှိ သာမန်လူများ အတွက် အဆင့်တစ်ဆင့် မြင့်တက်ရန်အတွက် ကျင့်ကြံဖို့ရာ အချိန် နှစ်ပေါင်းများစွာ လိုအပ်သည်။
ကျောင်းတော်သို့ ဝင်ရောက်ဖို့ရန် အစွမ်းရှိသည့် ပါရမီရှင်များ အတွက်တောင်မှ တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် အာရုံစူးစိုက်ပြီး ကျင့်ကြံရန် လိုအပ်သည်။
အန်လင်း အတွက်မူကား စိတ်ဝိညာဉ်ကျောက်တုံးများကို စုပ်ယူရုံနှင့် ချိုးဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အတော်လေး ဝမ်းသာနေမိသည်။
ကျန်နေသေးသည့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀ ခန့်ကို ကြည့်ပြီး ထိုကျောက်တုံးများကို အသုံးပြုရန် ပြီးဆုံးသွားပြီကို သိလိုက်သည်။
သူက ထိုသည်ကို စိတ်ထဲမှာပင် ထားလိုက်ပြီးနောက် စနစ်ကို အလျင်အမြန် ကြည့်လိုက်သည်။
သူမကြည့်မိခဲ့ဘူး ဆိုလျှင် နားလည်နိုင်လိမ့်မည် မဟုတ်။ ကြည့်လိုက်မိသည့် အခါတွင်တော့ အန်လင်းမှာ သူမြင်တွေ့လိုက်ရသည့် အရာများ သတိလစ် သွားတော့ပြန်သည်။
***