သူလုပ်နိုင်ရင် ငါလည်းလုပ်နိုင်တယ်
Vol. 7 Ch. 92
“ကောင်းကင်ခုတ်ပိုင်းခြင်း ဓားစွမ်းရည် ဒုတိယပုံစံ - တိမ်ယံတည်နေရာ...”
ဓားအလင်းတန်းများက လှုပ်ရှားနေသည်မှာ မိုးကောင်းကင်ယံတွင် ဖြတ်သန်းပြေးလွှားနေသော တိမ်တိုက်များသဖွယ်ပင်။
“ရွှပ်... ရွှပ်... ရွှပ်...”
သွေးရောင်လှိုင်းများ ထိုးထွက်လာပြီး အနက်ရောင်ရွှေမြွေ၏ ကိုယ်ပေါ်တွင် ဓားရာများ ပေါ်ထွက်လာသည်။ ထိုဓားရာများမှာ လက်တစ်ဆစ်စာခန့် နက်ရှိုင်းလျက်ရှိသည်။
“ဂါး...”
ထိုဒဏ်ရာများက ဧရာမအနက်ရောင်ရွှေမြွေအတွက် အနည်းငယ်သာထိခိုက်သွားသော်လည်း သူ့အား အင်မတန်ဒေါသထွက်သွားစေခဲ့ပေသည်။
အနက်ရောင်ရွှေမြွေ၏ မီးလျှံများသဖွယ် တောက်လောင်နေသော မျက်လုံးများက လော့ချန်ကို စိုက်ကြည့်နေသည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်မှနေ၍လည်း မီးခိုးရောင်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ထိုအချိန်၌ပင် ရုတ်တရက် ဧရာမအမြီးကြီးက လျှပ်စီးသဖွယ် လျင်မြန်စွာ ကျဆင်းလာသည်။
အန္တရာယ်ပင်။
ထိုတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ဖိအားကို ခံစားလိုက်ရသဖြင့် လော့ချန်၏ နှလုံးသားထဲတွင် သတိကပ်သွားကာ သူက အလျင်အမြန်ပင် လှုပ်ရှားလိုက်သည်။
“ဘုန်း...”
မိုးခြိမ်းသံတစ်သံကဲ့သို့ ကျယ်လောက်သောအသံတစ်သံထွက်ပေါ်လာကာ တောင်ထိပ်တစ်ခုလုံး တုန်ခါသွားသည်။
“ဘုန်း...”
လော့ချန် တည်ရှိနေခဲ့သော နေရာတွင် အရှည်ဆယ်မီတာကျော်၊ အကျယ်တစ်လံခွဲခန့်ရှိသော ဧရာမအက်ကွဲရာကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းက မြင်ရသူတိုင်း၏ နှလုံးသားကို ထိတ်လန့်စေသည်။
“ဒီလောက်တောင် သန်မာတာလား... အခုန ထွက်ပေါ်လာတဲ့ မီးခိုးရောင်စွမ်းအင်က နတ်ဆိုးစွမ်းအင်ဖြစ်ရမယ်... ဒီအနက်ရောင်ရွှေမြွေက နတ်ဆိုးစွမ်းအင်ကို စုစည်းနေပြီး ကြယ်သုံးပွင့်နတ်ဆိုးသားရဲအဆင့်ရောက်ဖို့ သိပ်မဝေးတော့ဘူး....”
မြေပေါ်ရှိ ဧရာမအက်ကွဲရာကြီးကို ကြည့်ရင်း လော့ချန်မှာ ထိတ်လန့်သွားသည်။ ထိုအနက်ရောင်ရွှေမြွေ၏ စွမ်းအားက သူထင်ထားသည်ထက် များစွာကျော်လွန်နေခြင်းပင်။
ရှေးဟောင်းနတ်ဆိုးသားရဲ၏ သွေးစွမ်းအင်ကို ပိုင်ဆိုင်ထားပြီး ကြယ်သုံးပွင့်အဆင့်နှင့် နီးကပ်နေသော ဘုရင်အဆင့်နတ်ဆိုးသားရဲတစ်ကောင်အား လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိ သိုင်းသမားတစ်ဦးပင်လျှင် ရင်ဆိုင်ရန် ခက်ခဲလွန်းပေသည်။
“ဂါး...”
အနက်ရောင်ရွှေမြွေက သူ၏ တိုက်ခိုက်မှုမအောင်သဖြင့် ထပ်မံတိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်ကာ လော့ချန်ဆီသို့ တစ်ဟုန်ထိုးပြေးဝင်လာသည်။
“မြေသိမ့်တုန်လက်သီး...”
“ကောင်းကင်ခုတ်ပိုင်းခြင်း ဓားစွမ်းရည် ပထမပုံစံ - လေပိုင်းဖြတ်...”
“မြေသိမ့်တုန် လက်သီး”
လော့ချန်က အနက်ရောင်ရွှေမြွေနှင့် ထိပ်တိုက်ရင်မဆိုင်ဘဲ သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ လှုပ်ရှားလျက် ရှောင်တိမ်းနေပေသည်။ ရှောင်လွှဲ၍မရသည့် အချိန်မျိုးတွင်သာ သိုင်းပညာကို အသုံးပြုလျက် ထိတွေ့မိသည်နှင့် ချက်ချင်းပင် ခုန်ထွက်သွားသည်။
“ဘန်း... ဘန်း... ဘန်း...”
လူတစ်ယောက်နှင့် မြွေတစ်ကောင်က တောင်ထိပ်ကွင်းပြင်တွင် အပြန်အလှန် လိုက်လံတိုက်ခိုက်နေကြသည်။ လမ်းတစ်လျှောက်၌လည်း စွမ်းအားများ လွင့်စင်မှုကြောင့် ကျောက်တုံးများ ပေါက်ကွဲထွက်သွားကာ ကျောက်စကျောက်နများအဖြစ်ပျက်စီးသွားသည်။ ထိုမြင်ကွင်းက လူတိုင်းကို ထိတ်လန့်စေပေသည်။
ထိုအချိန်တွင် ကူးလင်ဖန်းနှင့် ယွမ်ချီလန်တို့က ကျောက်စိမ်းသစ်ပင်ကြီးအနီးသို့ ရောက်ရှိလာကြကာ ဝိညာဉ်သီးများကို ခူးဆွတ်နေကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အခွင့်အရေးကို စောင့်မျှော်နေသော ကျိုးချန်ရှန်နှင့် အခြားသူများ၏ မျက်လုံးများက နီမြန်းလာသည်။
“သားရဲဆိုတာ သားရဲပဲ... ဘာမှ အသုံးမကျဘူး...”
လော့ချန်တစ်ဦးတည်းဖြင့် အနက်ရောင်ရွှေမြွေကို တားဆီးလိုက်နိုင်သည်အား မြင်သည်တွင် ကျိုးချန်ရှန်မှာ ဒေါသထွက်သွားကာ ဆဲရေးလိုက်သည်။ ထို့နောက် သူက အော်ဟစ်လိုက်သည်။
“အနက်ရောင်ရွှေမြွေက သူ့ရဲ့ ဒေါသထွက်မှုကို တွန်းအားပေးခံလိုက်ပြီ... ငါတို့ တိုက်ပွဲနေရာကနေ ထွက်ခွာကြမယ်...”
“ကောင်းပြီ...”
ဝိညာဉ်သီးက ထုံရွှမ်တတိယနယ်ပယ်သို့ တက်လှမ်းရန် ကူညီပေးနိုင်သော ရတနာဖြစ်သည်။ ထို့ကြောင့် ထိပ်တန်းရွေးချယ်ခံများထဲမှ အခြားသူလေးဦးမှာ မျက်လုံးများ တောက်ပသွားကာ ချက်ချင်းဆိုသလိုပင် ပြေးထွက်သွားသည်။
“ငါတို့ရဲ့ အခွင့်အရေးကို လုယူချင်နေကြတာလား... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
လော့ချန်က ကျိုးချန်ရှန်တို့၏ လှုပ်ရှားမှုကို အမြဲသတိထားနေသည်။ သူတို့အုပ်စုက သူ့ကို ရှောင်ဖယ်ကာ ထွက်ပြေးရန် ကြိုးစားနေသည်ကို သတိပြုမိသဖြင့် အေးစက်စွာပင် ပြုံးလိုက်သည်။ အနက်ရောင်ရွှေမြွေ၏ တိုက်ခိုက်မှုများကို ဆက်လက်ရှောင်တိမ်းကာ ရှေ့သို့ခြေတစ်လှမ်းတိုးလျက် သူတို့ရှိရာသို့ တစ်ဟုန်ထိုးပြေးဝင်သွားသည်။
“ဂါး...”
ဒေါသထွက်နေသော အနက်ရောင်ရွှေမြွေက ကောင်းကင်ယံသို့ မော့ကြည့်ကာ အော်ဟစ်လိုက်သည်။ ထို့နောက် သူက သူ၏ ဧရာမခန္ဓာကိုယ်ကြီးကို တစ်ချက်လှည့်လိုက်ကာ ကျောက်တုံးများစွာကို ရိုက်ချလိုက်သည်။ ရုတ်ခြည်းဆိုသလိုပင် ထိုကျောက်တုံးများက ဆယ်မီတာခန့်အကွာအဝေးထိ လွှမ်းခြုံကာ မိုးသီးမိုးပေါက်များသဖွယ် သူတို့ဆီသို့ ကျဆင်းလာသည်။
လော့ချန်က သူ၏ ထူးခြားသော အာရုံခံစွမ်းရည်ဖြင့် အနက်ရောင်ရွှေမြွေ၏ တိုက်ခိုက်မှုများကို ဘယ်မှညာသို့ လှည့်ပတ်ကာ ရှောင်တိမ်းနေပေသည်။
"ဘုန်း...”
ထိုစဉ် ရုတ်တရက် ထင်းရှူးတောထဲမှနေ၍ ထွက်ပေါ်လာသော တပည့်တစ်ဦးမှာ ရှောင်ရှားရန် အချိန်မမီလိုက်သဖြင့် ကျောက်တုံးတစ်တုံးနှင့် တိုက်မိကာ သွေးတစ်ပွက်အန်လျက် လွင့်ထွက်သွားသည်။
“သေစမ်း... ငါတို့ တစ်ဖက်ကို သွားမှရမယ်... မဟုတ်ရင် ငါတို့အတွက် အန္တရာယ်များတယ်...”
ကျိုးချန်ရှန်၏ မျက်လုံးများက နီရဲလာသည်။ ထို့နောက် သူက ဦးတည်ရာကို ပြောင်းလဲကာ လော့ချန်ကို ရှောင်ဖယ်ရန် တိုက်ပွဲကွင်းပြင်၏ ဘယ်ဘက်မှနေ၍ ဖြတ်ထွက်ရန် ကြံစည်လိုက်သည်။
“မြေသိမ့်တုန်လက်သီး...”
လော့ချန်က သူတို့၏ အကြံအစည်အား အလွယ်တကူအောင်မြင်ခွင့်မပေးနိုင်ပေ။ ရုတ်တရက် သူက အနက်ရောင်ရွှေမြွေကို လက်သီးတစ်ချက်ထိုးလိုက်ပြီး ထိုအင်အားကို အသုံးပြု၍ ဘေးဘက်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။
“မင်းတို့ အချည်းနှီး ကြိုးစားနေတာတွေ ရပ်လိုက်ကြတော့... ငါရှိနေသရွေ့ မင်းတို့တစ်ယောက်မှ လွတ်လမ်းမရှိဘူး...”
လော့ချန်၏ အသံက မိုခြိမ်းသံသကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာကာ တိုက်ပွဲကွင်းပြင်အနှံ့သို့ ပျံ့နှံ့သွားသည်။
တောင်ထိပ်ကွင်းပြင်က မီတာတစ်ရာခန့် ကျယ်ဝန်းကာ အနက်ရောင်ရွှေမြွေ၏ ခန္ဓာကိုယ်ကမူ ဆယ်မီတာခန့် ရှည်လျားပေသည်။ လော့ချန်၏ ရည်ရွယ်ချက်ရှိရှိ ဟန့်တားမှုကြောင့် ကျိုးချန်ရှန်တို့အဖွဲ့မှာ ရှောက်ထွက်သွားရန် အခွင့်အရေးမရှိတော့ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ထင်းရှူးတောထဲမှနေ၍ စောင့်ကြည့်နေကြသူများအားလုံးမှာ အံ့အားသင့်သွားကြသည်။
“အိုး... ဒီအချိန်မှာတောင် ကျိုးချန်ရှန်တို့ကို ပြဿနာရှာရဲတယ်ဆိုတော့ ဒီကောင်က တကယ်ကို သတ္တိရှိတာပဲ...”
စောင့်ကြည့်နေကြသူများထဲမှနေ၍ တစ်စုံတစ်ဦးက အံ့အားသင့်စွာပြောလိုက်သည်။
“ဒါက သတ္တိတင်မကဘူး... စွမ်းအားရောပဲ... တစ်ယောက်တည်းနဲ့ အနက်ရောင်ရွှေမြွေကို တားဆီးထားနိုင်တာက လွယ်တဲ့အရာမဟုတ်ဘူးလေ... ဘယ်သူမဆို လုပ်နိုင်တဲ့အရာမဟုတ်ဘူး... အနက်ရောင်ရွှေမြွေက ကြယ်နှစ်ပွင့်ထိပ်သီးအဆင့်နတ်ဆိုးသားရဲပဲ...”
အခြားတစ်ဦးက ထောက်ပြလိုက်သည်။
“ဟမ်း... ကြည့်ရတာ ဒီအနက်ရောင်ရွှေမြွေရဲ့ တိုက်ခိုက်နိုင်စွမ်းက သာမန်ပဲ... မဟုတ်ရင် ဒီလောက်လွယ်လွယ်နဲ့ ဘယ်လိုလုပ် တားဆီးခံရမှာလဲ...”
“ဟုတ်တယ်... သူက ဘယ်လိုလုပ် ကြယ်နှစ်ပွင့်ထိပ်သီးအဆင့်နတ်ဆိုးသားရဲကို တားဆီးနိုင်မှာလဲ...”
ထိုသူများက အဝေးမှနေ၍ စောင့်ကြည့်နေကြသောကြောင့် အနက်ရောင်ရွှေမြွေ၏ ထိတ်လန့်ဖွယ်ခွန်အားကို တိုက်ရိုက်မခံစားရပေ။ လော့ချန်တစ်ဦးတည်းကပင် အနက်ရောင်ရွှေမြွေအား တားဆီးထားသည်ကို မြင်တွေ့ရခြင်းကြောင့် ထိုအနက်ရောင်ရွှေမြွေမှာ အမည်နှင့်မလိုက်အောင် ခွန်အားနည်းပါးသည်ဟု ထင်မှတ်လိုက်ကြသည်။
အချို့သူများမှာမူ ဝိညာဉ်စွမ်းအင်သီးကို လုယူရန် မကြိုးစားခဲ့မိသည်ကို နောင်တရလာကြသည်။
ထိုအချိန်တွင် ကူးလင်ဖန်နှင့် ယွမ်ချီလန်တို့က သစ်ပင်ကြီးအောက်သို့ ရောက်ရှိလာပြီး ဝိညာဉ်သီးများကို ခူးဆွတ်နေကြသည်။
"ခွေးကောင်... ဒီကိစ္စပြီးသွားရင် မင်းကို အပိုင်းပိုင်းဖြတ်ပစ်မယ်...”
လော့ချန်၏ အကြိမ်ကြိမ် ဟန့်တားမှုကြောင့် ကျိုးချန်ရှန်မှာ ဒေါသထွက်သွားကာ အော်ဟစ်လိုက်သည်။ ထို့နောက် သူက ဆက်လက်စောင့်ဆိုင်းမနေနိုင်တော့ဘဲ သစ်ပင်ကြီးဆီသို့ တစ်ဟုန်ထိုးပြေးဝင်သွားသည်။
“ဂါး...”
တစ်စုံတစ်ယောက် ပြေးဝင်လာသည်ကို မြင်သည်တွင် ဒေါသထွက်နေသော အနက်ရောင်ရွှေမြွေ၏ မျက်လုံးများမှာ ရုတ်တရက် မီးလျှံများ ထွက်ပေါ်လာသည်။ ထို့နောက် သူက လော့ချန်ကို လိုက်လံတိုက်ခိုက်နေခြင်းအား ရပ်တန့်လိုက်ကာ သူ၏ ဧရာမခန္ဓာကိုယ်ကြီးကို တစ်ချက်လှည့်ပတ်လျက် ကျိုးချန်ရှန်ဆီသို့ တစ်ဟုန်ထိုးပြေးဝင်သွားသည်။
“ဖယ်စမ်း...”
ကျိုးချန်ရှန်က အနည်းငယ်မျှပင် မကြောက်ရွံ့ချေ။
လော့ချန်ပင်လျှင် အနက်ရောင်ရွှေမြွေအား ဟန့်တားနိုင်ခဲ့သည်ဆိုပါက သူကမူ အဘယ်ကြောင့် မလုပ်နိုင်ရပါမည်နည်း။
“လှိုင်းလုံးမုန်တိုင်းလှံ...”
ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ကျိုးချန်ရှန်က သူ၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုကို အသုံးပြုလိုက်သည်။ ရုတ်ခြည်းဆိုသလိုပင် သူ၏ လှံရှည်မှနေ၍ လှံချက်များအဆက်မပြတ်ထွက်ပေါ်လာပြီး ထိုလှံချက်များက တစ်ခုနှင့်တစ်ခု ရောယှက်ပေါင်းစည်းကာ ဧရာမလှံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလှံရိပ်ကြီးက အနက်ရောင်ရွှေမြွေ၏ တိုက်ခိုက်မှုကို တိုက်ရိုက်ချိုးဖျက်ရန် ကြံရွယ်ထားခြင်းပင်။
သို့သော် ရလဒ်က ထင်မှတ်မထားသလို ဖြစ်သွားသည်။
“ချွတ်...”
အရှိန်အဟုန်ပြင်းထန်လှသော လှံရိပ်က ချက်ချင်းဆိုသလိုပင် ပျက်စီးသွားသည်။ သူ၏ လှံမှာလည်း နှစ်ပိုင်းကျိုးလျက် လွင့်ထွက်သွားသည်။
ထိုစဉ် ရုတ်တရက် အနက်ရောင်ရွှေမြွေ၏ အမြီးကြီးက လေပေါ်သို့မြောက်တက်လာကာ ကျိုးချန်ရှန်၏ ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။ ထိုအချိန်တွင် ကျယ်လောင်စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာကာ ကြည့်ရှုနေကြသူတိုင်း၏ နားစည်များကိုပင် တုန်လှုပ်သွားစေသည်။ ကျိုးချန်ရှန်မှာ ခန္ဓာကိုယ်တစ်ခုလုံး အစအနများအဖြစ်ကွဲထွက်လျက် သေဆုံးသွားခြင်းပင်။
“ဘာလဲဟ... တစ်ချက်တည်းနဲ့ သေသွားတာလား...”
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”
လူတိုင်းမှာ ကြက်သေသေသွားကြသည်။
ကျိုးရို့အပါအဝင် ရွေးချယ်ခံဖြစ်သော အခြားသူများမှာလည်း မျက်နှာများ ပြောင်းလဲသွားကာ ချက်ချင်းပင် ရပ်တန့်လိုက်ကြသည်။
ကျိုးချန်ရှန်က ထိပ်သီး ဆယ်ဦးထဲတွင် ကူးလင်ဖန်နှင့် ယွမ်ချီလန်တို့နောက်တွင်ရှိကာ သူ၏ စွမ်းအားမှာလည်း အားနည်းသည်တော့မဟုတ်ပေ။ သို့သော် အနက်ရောင်ရွှေမြွေနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် တစ်ချက်ပင်တောင့်မခံနိုင်ဘဲ သေဆုံးသွားခဲ့ရပေသည်။
အနက်ရောင်ရွှေမြွေမှာ အားနည်းသည်ဟု ထင်မှတ်ထားသည့် တပည့်များအားလုံးမှာ ထိုအချိန်တွင် စကားပင်မပြောနိုင်တော့ဘဲ လော့ချန်ကို ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။
“ကျိုးချန်ရှန်က တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရပေမယ့် လော့ချန်ကတော့ ဒီလောက်ကြာအောင် ထိန်းထားနိုင်တယ်... သူ့ရဲ့ စွမ်းအားက ဘယ်လောက်တောင် သန်မာတာလဲ...”
“အနည်းဆုံးတော့ သူက ရွေးချယ်ခံတွေထက် သာလွန်တယ်ဆိုတာ သေချာတယ်... သူက သာမန်သာလွန်တာမျိုးမဟုတ်ဘူး... အများကြီးသာလွန်နေတာ...”
ထိုအချိန်မှသာ ထိုလူများအားလုံးက အနက်ရောင်ရွှေမြွေမှာ အားနည်းသည်မဟုတ်ဘဲ လော့ချန်ကသာ အလွန်သန်မာလှသည်ကို နားလည်သဘောပေါက်လိုက်ကြသည်။
“ဂါး...”
ကျိုးချန်ရှန်ကို သတ်ဖြတ်ပြီးနောက် အနက်ရောင်ရွှေမြွေက လော့ချန်ဘက်သို့လှည့်လာသည်။ ထို့နောက် သူက သူ၏ ဧရာမခန္ဓာကိုယ်ကြီးကို တစ်ချက်ဝှေ့ယမ်းလိုက်ကာ လော့ချန်ကို ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
“ငါက ကျိုးချန်ရှန်မဟုတ်ဘူး...”
လော့ချန်က အေးစက်စွာ ပြုံးလိုက်ကာ ကြယ်ကြွေဓားကို တစ်သားတည်းအဖြစ် စုစည်းလျက် အနက်ရောင်ရွှေမြွေ၏ အမြီးကို တိကျစွာ ထိုးစိုက်လိုက်သည်။
“ရွှပ်...”
မြွေအမြီးတွင် ဓားစိုက်ရာတစ်ခု ပေါ်ထွက်လာသည်။ ထိုစဉ် ရုတ်တရက် လော့ချန်က သူ၏ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ ထိုမြွေ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ထိုအချိန်တွင်...
“လော့ချန်... အမြန်ဆုတ်ခွာတော့...”
ဝိညာဉ်သီးများကို ခူးဆွတ်ပြီးသော ကူးလင်ဖန်နှင့် ယွမ်ချီလန်တို့က တိုက်ပွဲကွင်းပြင်ကို ဖြတ်ကျော်ပြီး စကားတစ်ခွန်းသာထားရစ်ခဲ့ကာ တောင်အောက်သို့ အလျင်အမြန်ပင် ပြေးထွက်သွားပေသည်။
“ဝိညာဉ်သီးက သူတို့ဆီမှာပါသွားပြီ...”
“မြန်မြန်လိုက်ဖမ်းကြ...”
ကျိုးရို့တို့က အသိပြန်ဝင်လာကာ အလျင်အမြန်ပင် လိုက်လံဖမ်းဆီးကြသည်။
“လိုက်ကြစို့...”
များစွာသောရတနာများက လူတို့၏ နှလုံးသားကို လောဘတရားများဖြင့် လှုပ်နှိုးတတ်ကြပေသည်။ စောင့်ကြည့်နေကြသော လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိသူများက ကူးလင်ဖန်နှင့် ယွမ်ချီလန်တို့မှာ ရွေးချယ်ခံများဖြစ်သည်ကို ဂရုမစိုက်တော့ဘဲ တောင်အောက်သို့ တစ်ဟုန်ထိုးလိုက်ပါပြေးထွက်သွားလေသည်။