← Chapters

ကြော်ငြာလှုံ့ဆော်မှု

Vol. 65 Ch. 971

ကြော်ငြာလှုံ့ဆော်မှု

Vol. 65 Ch. 971

နှစ်သစ်ကူးပြီးနောက်တွင် လျူမိုက်ခ်က ပြန်လည်ပုံစံထုတ်ထားသော Genie ယာဉ်ပုံစံဒီဇိုင်းများကို ကိုယ်တိုင်ကိုယ်ကျ ယူဆောင်လာခဲ့သည်။ ဖုန်းယွီသည် အပြင်ပုံစံကို ဖွင့်ကြည့်လိုက်သည်နှင့် လျူမိုက်ခ်အား လက်မထောင်၍ ချီးကျူးလိုက်သည်။

သူတို့အား အထင်မသေးသင့်ပေ။ ယာဉ်၏ပုံစံသည် အမှန်တကယ်ပင် လှပတင့်တယ်သည်။ ၎င်းနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို ထပ်မံကြည့်ရှုရာ နောက်ဖုံးပုံးသည်လည်း ပိုမိုကျယ်လာပြီး နောက်တန်းထိုင်ခုံများကိုလည်း ဖြုတ်တပ်နိုင်အောင် ပြောင်းလဲထားသဖြင့် ကားပိုင်ရှင်၏စိတ်ကြိုက် ပြင်ဆင်နိုင်ရန် အလွန်အဆင်ပြေစေသည်။

လူတိုင်းသည် ထိုဒီဇိုင်းပုံများကို တစ်ဦးချင်းစီ ကြည့်ရှုကြရာတွင် အလွန်ကောင်းမွန်သည်ဟု ခံစားကြရသည်။ ယာဉ်များကို ဤကဲ့သို့ ပုံစံထုတ်နိုင်လိမ့်မည်ဟု ဘယ်သူမျှ မျှော်လင့်မထားခဲ့ကြပေ။ ထို့ကြောင့် သူတို့၏ ယုံကြည်မှုများ အကြီးအကျယ် တိုးလာခဲ့သည်။ ဤယာဉ်အမျိုးအစား တစ်မျိုးတည်းနှင့်ပင် ယခုနှစ်တွင် အစီးရေများစွာ ရောင်းချနိုင်မည်ဖြစ်ရာ တစ်နှစ်လျှင် အစီးရေ တစ်သိန်းငါးသောင်း ရောင်းချနိုင်ရေး ပန်းတိုင်သည်လည်း အကောင်အထည် ပေါ်လာနိုင်မည်ဟု ယူဆခဲ့ကြသည်။

“ဝမ်ထိုက်ဝေ၊ ပြင်ဆင်ပါ၊ ကျွန်တော်တို့ရဲ့ Genieယာဉ်အတွက် လှုံ့ဆော်မှုတွေ စတင်ကြစို့” ဖုန်းယွီသည် မော်တော်ယာဉ်စီမံကိန်း ဒါရိုက်တာအား ပြောလိုက်သည်။

…

နှစ်သစ်ကူးပြီးနောက်တွင် ဝန်ထမ်းများသည် အလုပ်သို့ ပြန်ရောက်သော်လည်း အလုပ်လုပ်နိုင်စွမ်းမှာ သိပ်မမြင့်မားလှပေ။ နှစ်သစ်ကူး၏ ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များမှ မထွက်နိုင်ကြသေးချေ။ ထိုအချိန်က ပထမလပင် မကုန်သေးသည်ကိုး။

များစွာသော လူများသည် လက်ဖက်ရည်သောက်ရင်း သတင်းစာများကို ဖတ်ရှုနေကြရာ သတင်းစာပေါ်မှ စာသားအချို့က သူတို့အား ဆွဲဆောင်နိုင်ခဲ့သည်။

“တခြားသူတွေ အားလုံးမှာ ယာဉ်ငယ်လေးတွေ ရှိနေပြီ၊ သင် ဝယ်ချင်ပါသလား”

“လစာ တစ်လ နှစ်ထောင်ကျော် ရတာနဲ့ ကားဝယ်နိုင်မယ်ဆိုရင် ဝယ်မှာလား”

“ယာဉ်တစ်စီးကို နှစ်သောင်းကျော်၊ သင် ယုံပါသလား”

ဤကဲ့သို့သော စာသားများက လူအများ၏ စိတ်ဝင်စားမှုကို ရုတ်တရက် ဆွဲဆောင်နိုင်ခဲ့သည်။ နောက်သို့ လှန်ကြည့်လိုက်ရာ ဘာမှမတွေ့ကြရတော့ချေ။ ဒါ ဘာလဲ။ ဒီမေးခွန်းသုံးခုက ဘာအဓိပ္ပာယ်လဲ။

ယာဉ်တစ်စီးကို နှစ်သောင်းကျော်ဆိုတာကလည်း နှစ်အတော်ကြာ မောင်းနှင်ပြီးသား လက်ငုတ်ကားပဲ ဖြစ်မှာပေါ့။ လစာ တစ်လ နှစ်ထောင်နဲ့ ကားတစ်စီး ဝယ်နိုင်မယ် ဟုတ်လား၊ ဘာစနောက်နေတာလဲ။ ယာဉ်ဝယ်တဲ့သူတွေဆိုတာ လစာ တစ်လ ငါးခြောက်ထောင်နဲ့အထက်ရတဲ့သူတွေချည်းပဲ၊ အချိန်အကြာကြီး ငွေစုမှ ဝယ်နိုင်တာ။ ယာဉ်ဝယ်တဲ့သူ အများစုက သူဌေးတွေ၊ အနည်းဆုံးလည်း အဖွဲ့အစည်း ဒါမှမဟုတ် ကုမ္ပဏီ ခေါင်းဆောင်တွေသာ ဖြစ်ကြတယ်။

လစာ တစ်လ နှစ်ထောင်နဲ့ဆိုရင် ခေါင်းဆောင်ဖြစ်ရင်တောင် အဖွဲ့ခေါင်းဆောင်လေးပဲ ဖြစ်မှာပေါ့။ အဲ့လိုလူတွေအတွက်ဆိုရင် မော်တော်ဆိုင်ကယ်စီးရတာတောင် ကောင်းနေပြီ၊ ကားမောင်းဖို့ စဉ်းစားနေသေးလား။

တစ်ပတ်ဆက်တိုက်ပင် သတင်းစာအများအပြား၏ စာမျက်နှာတစ်ခုတွင် ထိုမေးခွန်းသုံးခုသာ ပါနေခဲ့ရာ သည်းမခံနိုင်သူ အချို့က သတင်းဌာနသို့ ဖုန်းခေါ်ပြီး၊ ၎င်းသည် မည်သို့အဓိပ္ပာယ်လဲဟု မေးမြန်းကြသည်။

သတင်းဌာန၏ အဖြေမှာ ရက်အနည်းငယ်ကြာလျှင် သတင်းစာပေါ်တွင် ရှင်းပြပေးမည်ဖြစ်ရာ စိတ်ရှည်စွာ စောင့်ဆိုင်းပေးပါရန် ပြောဆိုခဲ့သည်။

ရက်အနည်းငယ်အကြာတွင် စာမျက်နှာများသည် တကယ်ပင် ပြောင်းလဲသွားသည်။ ယာဉ်၏ပုံတစ်ပုံက စာမျက်နှာတစ်ခုလုံးကို နေရာယူထားသည်။ ထိုယာဉ်သည် အလွန်ချစ်စဖွယ်ကောင်းပြီး လှပသည်။ အခြားယာဉ်များကဲ့သို့ ခက်ထန်ခြင်းမရှိဘဲ ခေတ်မီပြီး ဖက်ရှင်ကျပုံရသည်။

ပထမနေ့တွင် ရှေ့ဘက်ပုံ၊ ဒုတိယနေ့တွင် ဘေးဘက်ပုံ၊ တတိယနေ့တွင် နောက်ဘက်ပုံ၊ စတုတ္ထနေ့တွင် အပေါ်စီးပုံ၊ ထို့နောက် ရက်အနည်းငယ်တွင် အတွင်းခန်းပုံများ ပါဝင်လာသည်။

လူအများက ၎င်းသည် မော်တော်ယာဉ်ကြော်ငြာဖြစ်ကြောင်း သိရှိခဲ့ကြသည်။ သို့သော် မည်သည့် မော်တော်ယာဉ်ကုမ္ပဏီသည် ဤမျှလောက် ဦးနှောက်မရှိပါသနည်း။ ဓာတ်ပုံအားလုံးကို တစ်နေရာတည်းတွင် စုပေါင်းထည့်လိုက်ရုံပဲလေ၊ တစ်နေ့ တစ်ပုံစီ ဖော်ပြခြင်းသည် ကြော်ငြာခကို ဖြုန်းတီးရာ မရောက်ပေဘူးလား။

သို့သော် သူတို့ သတိမထားမိသည်မှာ နေ့စဉ်ပုံများကို ကြည့်ရသည်နှင့် တစ်စုံတစ်ရာ ထူးဆန်းမှုကို ခံစားရသည်။ ၎င်းသည် ထပ်တလဲလဲမဟုတ်သောကြောင့် ကြည့်ရှုလိုစိတ် ရှိနေကြသည်။ အကယ်၍ ဓာတ်ပုံတစ်ပုံတည်းသာဆိုပါက တစ်ပတ်နေနေသာသာ သုံးရက်ဆိုလျှင်ပင် ကြည့်ရသည်နှင့် ရိုးအီသွားနိုင်သည်။

ထိုယာဉ်အား Genieဟု ခေါ်တွင်ကြောင်းနှင့် ယာဉ်၏ လိုဂိုမှာ အက္ခရာနှစ်လုံး ထပ်နေကြောင်း လူတိုင်း သိရှိလာကြသည်။ ၎င်းသည် သိပ်လှသည်ဟု မဆိုနိုင်သော်လည်း မှတ်ရလွယ်သည်။ Genie၏ တရုတ်အသံထွက်ဖျင်းယန်း၏ ရှေ့ဆုံးအက္ခရာများ ဖြစ်သည်။

နှစ်ရက်ကြာသော် ထိုယာဉ်သည် ဟားပင်းစက်မှုလုပ်ငန်းကုမ္ပဏီမှ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိလိုက်ကြသည်။ ထိုကုမ္ပဏီသည် စုန့်ကျန်းအမှတ်တံဆိပ် ယာဉ်များကို ထုတ်လုပ်သည့် ကုမ္ပဏီ မဟုတ်ပါလား။ နှစ်သစ်ကူးမတိုင်မီက သတင်းများတွင် တရုတ်ယာဉ်ကုမ္ပဏီများထဲမှ ပထမဆုံးအကြိမ် ယာဉ်တင်ပို့ပြီး ရုရှားသို့ နည်းပညာများ ပို့လွှတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

၎င်းသည် ထိုကုမ္ပဏီ၏ ယာဉ်အမျိုးအစားသစ်လား။ ဟုတ်လည်း ဟုတ်နိုင်သည်။ ဤမျှ လှပအောင် ပုံစံထုတ်နိုင်ခြင်းမှာ ထိုကုမ္ပဏီသာလျှင် ဖြစ်နိုင်ပေမည်။ အခြားကုမ္ပဏီများ၏ ယာဉ်များကိုကြည့်ပါ၊ အမြဲတမ်း ပုံစံပျက်နေတတ်သည်။

လူအများအပြားသည် ယခင် သတင်းစာများကို ပြန်လှန်ကြည့်ကြသည်။ ထိုပေါ်တွင် ယာဉ်တစ်စီးကို နှစ်သောင်းကျော်ဟု ပြောခဲ့သည်မှာ ဒီယာဉ်ကို ပြောတာလား။ ယာဉ်ငယ်တစ်စီးသည် နှစ်သောင်းကျော်တန်သည် ဟုတ်လား။ ဒါ မဖြစ်နိုင်ဘူး။

အခြား မော်တော်ယာဉ်ကုမ္ပဏီများကလည်း ဤသတင်းကို သတိထားမိလာသည်။ ပြိုင်ဘက်ကုမ္ပဏီတစ်ခုက ယာဉ်အမျိုးအစားသစ်ကို ထုတ်လုပ်လိုက်လျှင် သူတို့အနေဖြင့် သတိထားရမည်သာ ဖြစ်သည်။

အစပိုင်းတွင် သူတို့လည်း အထင်မသေးခဲ့ကြပေ။ မူလစာသားများသည် လူအများ၏ စိတ်ဝင်စားမှုကို ရရှိရန်သာ ဖြစ်သည်ဟု ယူဆသည်။ အောင်မြင်သည်ဟုလည်း ပြောနိုင်သည်။ သို့သော် ယာဉ်တစ်စီးကို နှစ်သောင်းကျော်ဆိုခြင်းမှာ မည်သို့မျှ မဖြစ်နိုင်။

သို့သော် ထိုနောက်တွင် Genieယာဉ်၏ ဈေးနှုန်းကို တကယ်တမ်း ဖော်ပြလိုက်သည်။ လက်လီဈေးနှုန်းသည် ၂၉,၉၀၀ ယွမ်သာ…

တကယ်တမ်း သုံးသောင်းပင် မပြည့်သေးသည့် ဤဈေးနှုန်းသည် လူတိုင်းအား အံ့အားသင့်စေခဲ့သည်။

ဒေသတွင်း စက်ရုံငယ်များက ကိုယ်တိုင် ပြန်လည်တပ်ဆင်ထားပြီး မောင်းနှင်လျှင် တချီတည်း တုန်ခါသံများထွက်ကာ နေရာအနှံ့ အမှုန့်များထွက်နေသည့်၊ ခဏခဏ ချို့ယွင်းတတ်သည့် ယာဉ်များ ဈေးပေါသည်ကို သူတို့ ယုံကြည်နိုင်ကြသည်။ သို့သော် ဟားပင်းစက်မှုလုပ်ငန်းမှ ထုတ်လုပ်သော ယာဉ်များသည် အရည်အသွေး ကောင်းမွန်ပြီး ခံနိုင်ရည်ရှိခြင်းကြောင့် နာမည်ကြီးသည်။ သူတို့၏ ဂုဏ်သိက္ခာကို ၎င်းတို့ကိုယ်တိုင် ဖျက်ဆီးမည်မဟုတ်ပေ။

ဤယာဉ်သည် တကယ်ပင် ၂၉,၉၀၀ ယွမ်သာ တန်ဖိုးရှိပါသလား။

ဤမျှ ဈေးပေါသည်မှာ မဖြစ်နိုင်ပါ။ လက်လီဈေးနှုန်းပင် ဤမျှပေါလျှင် လက်လီကိုယ်စားလှယ်များ အမြတ်ရမည်လား။ ဟားပင်းစက်မှုလုပ်ငန်းကုမ္ပဏီ အမြတ်ရမည်လား။ ၎င်းတို့၏ ထုတ်လုပ်မှုကုန်ကျစရိတ်သည် နှစ်သောင်းကျော်သာ ရှိပါသလား။

နှစ်သောင်းကျော်ဖြင့် ယာဉ်ငယ်တစ်စီးကို ထုတ်လုပ်နိုင်သည် ဟုတ်လား။ စွမ်းဆောင်ရည်သည် လုံးဝ အညံ့စားဖြစ်ရမည်။

သို့သော် ယာဉ်၏ စွမ်းဆောင်ရည် အသေးစိတ်ကို ဖော်ပြလာသောအခါတွင်မူ သူတို့ အံ့ဩသွားကြသည်။

၁.၀ တီအင်ဂျင် (1.0T) သည် ၁.၃ လီတာ (1.3L) အင်ဂျင်နှင့် ညီမျှသည်။ ယာဉ်ပုံစံသည် သေးငယ်သော်လည်း အတွင်းနေရာသည် မကျဉ်းမြောင်းပေ။ အမြင့်ဆုံးအမြန်နှုန်းသည် ၁၂၅ မိုင်အထိ ရောက်နိုင်ပြီး ဂီယာ ငါးခု ရှိသည်။ ထို့အပြင် အပူအအေးပေးစနစ်ပါသေးသည်။

အခြား စွမ်းဆောင်ရည် အချက်အလက်များလည်း ပါဝင်ပြီး ဤယာဉ်၏ စွမ်းဆောင်ရည်သည် ရှားလီယာဉ်ထက်ပင် မနိမ့်ဘဲ ပိုကောင်းနေသေးကြောင်း ပြသနေသည်။

ထိုအချိန်တွင် ရုပ်သံများ၌လည်း Genieယာဉ်၏ ကြော်ငြာများကို ထုတ်လွှင့်ခဲ့သည်။ လူငယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ယာဉ်ရပ်နားရန် နေရာတစ်ခုကို အတူမျှဝေသုံးစွဲခဲ့ပြီး၊ မျက်လုံးချင်းဆုံမှုက ဇာတ်လမ်းတစ်ခု စတင်လာပြီဖြစ်ကြောင်း အရိပ်အမြွက်ပြနေသည်။

ကြော်ငြာစာသားမှာ “စုန့်ကျန်း-Genie၊ လူငယ်များအတွက် ပထမဆုံးရွေးချယ်မှု၊ ကျွန်တော့် ဘဝရဲ့ ပထမဆုံးကား!” ဟူ၍ ဖြစ်သည်။

“ဘဝရဲ့ ပထမဆုံးကား” ဟူသော စကားစုသည် လူအများ၏စိတ်ကို လှုပ်ရှားစေခဲ့သည်။ လူငယ်အများအပြားသည် ယာဉ်ဝယ်လိုကြသော်လည်း အပေါဆုံးမှာပင် တစ်သိန်းခန့် ကုန်ကျသဖြင့် မတတ်နိုင်ကြချေ။

ယခုမူ အခြေအနေကောင်းလာပြီဖြစ်သည်။ သုံးသောင်းပင်မပြည့်သော ယာဉ်တစ်စီးသည် ယာဉ်ချေးငွေဖြင့်ဆိုလျှင် တစ်သောင်းဖြင့် မောင်းနိုင်ပြီး တစ်လလျှင် တစ်ထောင်ပင် မပြည့်သော ငွေပမာဏကို နှစ်နှစ်ဖြင့် အပြီး ပြန်ဆပ်နိုင်သဖြင့် လစာ တစ်လ နှစ်ထောင်နှင့်ပင် ယာဉ်တစ်စီး ဝယ်နိုင်သည်မှာ တကယ်ပင် ဖြစ်နေသည်။

ထို့ကြောင့် လူငယ်အများအပြားသည် စိတ်ဝင်စားမှု ပိုမိုပြင်းပြလာကြပြီး ထိုယာဉ်သည် မိန်းကလေးများ နှစ်သက်ကြောင်းလည်း သိလာကြရသဖြင့် ဤယာဉ်ဖြင့်ပင် ရည်းစားထားနိုင်ကြပေဦးမည်။

ဤယာဉ်သည် ဈေးပေါသော်လည်း အမှတ်တံဆိပ်မှာ ခိုင်မာသည်။ ဟားပင်းစက်မှုလုပ်ငန်းကုမ္ပဏီ၏ လက်အောက်ခံ အမှတ်တံဆိပ်ခွဲဖြစ်ပြီး စုန့်ကျန်းယာဉ်နှင့် စက်ရုံတစ်ခုတည်းမှ ထုတ်လုပ်ခြင်းဖြစ်သည်။

စုန့်ကျန်း-ဂုဏ်ယူခြင်း (Songjiang-Glory) ကို ကြားဖူးသလား။ ဈေးနှုန်း တစ်ရာ့ရှစ်သိန်းဖြစ်ပြီး ကြိုတင်မှာယူမှသာ ဝယ်ယူနိုင်သည်။

ထို့အပြင် ဤကုမ္ပဏီ၏ ယာဉ်များသည် ပြည်ပတင်ပို့သည့် ထုတ်ကုန်များဖြစ်ပြီး မော်စကိုတွင်ပင် ဖက်စပ်စက်ရုံ တည်ဆောက်ခဲ့သဖြင့် တရုတ်ယာဉ်ကုမ္ပဏီများထဲတွင် အစွမ်းအထက်ဆုံးဖြစ်သည်။ ဤယာဉ်ကို ဝယ်ယူခြင်းသည် စိတ်ချရမည်မှာ သေချာသည်။

ထိုတွင် ဖော်ပြထားသည့်အတိုင်း စုန့်ကျန်းမော်တော်ယာဉ် အရောင်းဆိုင်များတွင် အရောင်းအပြီး ဝန်ဆောင်မှု ရရှိနိုင်မည်ဖြစ်ရာ ချို့ယွင်းမှုနှုန်းမှာ စုန့်ကျန်းယာဉ်ကဲ့သို့ပင် နိမ့်မည်ဖြစ်ကြောင်း ဖော်ပြနေသည်။

ဖုန်းယွီ အဘယ်ကြောင့် ဤသို့ ကြော်ငြာရသနည်းဆိုသော် တစ်ခုမှာ ထုတ်လုပ်မှုလိုင်းကို ပြန်လည်ပြင်ဆင်နေပြီး Genieယာဉ်များကို မထုတ်လုပ်ရသေးသောကြောင့်ဖြစ်သည်။ နောက်တစ်ခုမှာ လူအများ၏ စိတ်ဝင်စားမှုကို တဖြည်းဖြည်း ဆွဲဆောင်၍ တစ်ဆင့်ပြီးတစ်ဆင့် Genieယာဉ်ကို အာရုံစိုက်လာစေရန်ပင် ဖြစ်သည်။

ယခုအခါတွင် သူတို့ အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ထင်ရှားသည်။

နေ့စဉ်နေ့တိုင်း ယာဉ်ရောင်းဝယ်ရေးဆိုင်များသို့ ကြိုတင်ကြည့်ရှုလိုကြောင်း ဖုန်းခေါ်ဆိုမှုများ ဆက်တိုက်ဝင်ရောက်နေသည်။ ယာဉ်စတင်ရောင်းချသည့် ပထမနေ့သည်ပင် စနေ၊တနင်္ဂနွေနေ့ မဟုတ်သော်လည်း အစီးရေ ဒါဇင်ပေါင်းများစွာ ရောင်းချနိုင်ခဲ့သည်။ ဤယာဉ်၏ ယခုနှစ် ရောင်းအားသည် လူတိုင်းအတွက် အံ့အားသင့်ဖွယ်ရာ ဖြစ်လာနိုင်ပေသည်။

******

All Chapters