← Chapters

ကြက်သတ်ပြီး မျောက်ကို သတိပေးခြင်း

Vol. 7 Ch. 101

ကြက်သတ်ပြီး မျောက်ကို သတိပေးခြင်း

Vol. 7 Ch. 101

လက်သီးတစ်ချက်နှင့် ယိပ်ရှစ်ဒီကို အဆုံးသတ်လိုက်ပြီးနောက် လော့ချန်က နောက်ကျောတွင် မျက်လုံးတစ်စုံရှိသလို ခံစားလိုက်ရပြီး ကြယ်ကြွေဓားကို နောက်သို့ တစ်ချက်ဝှေ့ယမ်းလိုက်သည်။

“ရွှမ်း…”

ကြယ်ကြွေဓားက ရှူးကွမ်ရှီ၏ ဓားခုတ်ချက်ကို တိကျစွာ ခုခံလိုက်ပြီး စွမ်းအင်လှိုင်းများ လေးဖက်လေးတန်သို့ ဖြာထွက်သွားကာ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း နောက်သို့ ဆုတ်သွားရသည်။

ဤမြင်ကွင်းကို မြင်တွေ့ရသူများက အံ့အားသင့်လျက် စကားမပြောနိုင်ဖြစ်နေကြပြီး ၎င်းတို့၏ စိတ်ခံစားချက်များကို မည်သို့ ဖော်ပြရမည်မသိတော့ပေ။

ရှူးကွမ်ရှီနှင့် လူနှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် လော့ချန်က တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။

“ဒီလောက်ထိ အချိန်ဆွဲနေစရာလား… နောက်တစ်ယောက်…”

လော့ချန်၏ ဓားသွားကဲ့သို့ ထက်မြက်သော အကြည့်များက လင်ဟန်ကုန်းထံသို့ ရောက်ရှိသွားသည်။

“အား…”

ထို့နောက် အကြည့်တစ်ချက်မျှဖြင့်ပင် လင်ဟန်ကုန်းက စိတ်နှလုံး ပြိုကွဲသွားသလို ခံစားလိုက်ရပြီး လူအုပ်ထဲသို့ ထိတ်လန့်တကြား ဆုတ်ခွာသွားကာ အော်ဟစ်လိုက်သည်။

“အား… အား… ရှူးကွမ်ရှီဆရာကြီး… သူ့ကို သတ်ပစ်လိုက်စမ်းပါ… သတ်ပစ်လိုက်စမ်းပါ…”

“ကောင်စုတ်လေး… မင်းက အတော်လေး မာနကြီးတာပဲ… သေစမ်း…”

ရှူးကွမ်ရှီက ဒေါသထွက်လွန်းသဖြင့် အော်ဟစ်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်မြွေကြီးတစ်ကောင် ပေါ်ထွက်လာကာ ကြယ်ငါးပွင့်တို့က တောက်ပနေသည်။ ဓားတစ်ချက်ဖြင့် လော့ချန်၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

“မင်းက သူ့ကို ကယ်လို့မရဘူး…”

လော့ချန်၏ အကြည့်များက ဓားသွားကဲ့သို့ ထက်မြက်လျက် ၎င်း၏ သိုင်းဝိညာဉ်ကိုလည်း ထုတ်လွှတ်လိုက်သည်။ ရောင်စဉ်ကိုးသွယ်သိုင်းဝိညာဉ်ဥက ရတနာကဲ့သို့လိုလို တောက်ပနေပြီး ဖြည်းညင်းစွာ လှည့်ပတ်နေသည်။ ဓားတစ်ချက်ဖြင့် ရှူးကွမ်ရှီ၏ဓားချက်ကို ခုခံလိုက်ပြီး ဘယ်ဖက်လက်ကို လက်သီးဆုပ်လိုက်သည်။

“မြေသိမ့်တုန်လက်သီး…”

လက်သီးတစ်ချက် ထိုးထုတ်လိုက်ရာ လေထုက ကြီးမားသော စွမ်းအားဖြင့် ဖိသိပ်ခံလိုက်ရပြီး ရေမြှုပ်တစ်ခု ပိပြားသွားသလို ပုံစံဖြစ်သွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့် ရှူးကွမ်ရှီက ထိတ်လန့်မှုမရှိဘဲ ပို၍ဝမ်းသာသွားသည်။

လော့ချန်၏ ဓားစွမ်းရည်က အဆင့်မြင့်ပြီး ဓားအကွက်များက ထက်မြက်ပြီး လှည့်ကွက်များဖြစ်သဖြင့် သူအနေဖြင့် ချက်ချင်း အနိုင်ယူရန် ခက်ခဲသည်။ သို့သော် လက်သီးခြေထောက်ဖြင့် ယှဉ်ပြိုင်ရမည်ဆိုလျှင် အနေအထားမှာ မတူတော့ပေ။

သူက လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိ သိုင်းသမားဖြစ်ပြီး အသက်စွမ်းအင်ပြည့်လျှံလျက် စွမ်းအင်က မီးလျှံအလား ထိန်းမနိုင်သိမ်းမရနိုင်ပေ။ ဆင်ကြီးသုံးကောင်စွမ်းအားဖြစ်သည့် ပေါင်ခုနှစ်သောင်းငါးထောင်ကို ပိုင်ဆိုင်ထားသည်။ အင်အားနှင့် ခန္ဓာကိုယ်သန်မာမှုတွင် လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိသူများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

“ကောင်စုတ်လေး… မင်းက အတော်လေး မိုက်မဲတာပဲ… လဲစမ်း…”

ရှူးကွမ်ရှီက ရက်စက်စွာ ပြုံးလိုက်ပြီး လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။

“ဘုန်း…”

လေထုက ကြီးမားစွာ တုန်ခါသွားသည်။

ရှူးကွမ်ရှီက အံ့အားသင့်စွာ နောက်သို့ အနည်းငယ်ဆုတ်သွားပြီး မျက်လုံးများက ပြူးကျယ်သွားသည်။

သူက လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိသူဖြစ်ရာ အင်အားတွင် လော့ချန်ကို ဘယ်လိုမှ ရှုံးနိမ့်မည်မဟုတ်ဟု မည်သို့မှ နားမလည်နိုင်ပေ။

သို့သော် လော့ချန်ကမူ ဤအကြောင်းကို ဂရုမစိုက်ပေ။

စစ်မှန်သောနဂါးကျင့်စဉ်ကို အဆင့်လေးသို့ တက်လှမ်းခဲ့စဉ်ကပင် ၎င်း၏အင်အားက ပေါင်ခုနှစ်သောင်းကျော်သို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်းတွင် လင်ကျင်းထိုင်တို့၏ သိုင်းဝိညာဉ်များကို မျိုချလိုက်သဖြင့် ခန္ဓာကိုယ်သန်မာမှု ပိုမိုမြင့်တက်လာသည်။ ထို့အပြင် ပြောင်းလဲမှုအဆင့်သို့ ရောက်ရှိထားသော တောင်ခွင်းလက်သီးစွမ်းရည်ကြောင့် ၎င်း၏ပေါက်ကွဲအင်အားက ပေါင်ရှစ်သောင်းနီးပါး ရှိလာသည်။

ရှူးကွမ်ရှီက လုံးဝပြင်ဆင်မထားသဖြင့် ဤအင်အားကို ရင်ဆိုင်ရာတွင် အနည်းငယ် နစ်နာသွားရသည်။

“သေစမ်း…”

ရှူးကွမ်ရှီကို နောက်ဆုတ်စေပြီးနောက် လော့ချန်က မြေပြင်ကို ခြေတစ်ချက်ထောက်ကာ လင်ဟန်ကုန်းထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားပြီး ကြယ်ကြွေဓားဖြင့် အေးစက်သော လမ်းကြောင်းတစ်ခုကို ဖြတ်ယူလိုက်သည်။

လင်ဟန်ကုန်းက ထိတ်လန့်တကြား လူးလွန့်ပြေးကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် ၎င်း၏အရှိန်က လော့ချန်၏ဓားထက် မည်သို့မှ မမြန်နိုင်ပေ။

“အား…”

စူးရှသော အော်သံတစ်ခုနှင့်အတူ လင်ဟန်ကုန်း၏ ညာဖက်လက်မောင်းက ပုခုံးမှ ဖြတ်တောက်ခံလိုက်ရပြီး သွေးများ စီးကျလာသည်။

“ရဲတင်းလွန်းတယ်… မင်းက သူ့ကို သတ်ရဲတယ်ပေါ့… ဒီနေ့ မင်းသေမှာ သေချာတယ်…”

ရှူးကွမ်ရှီ၏ မျက်လုံးများ နီရဲလာပြီး လျင်မြန်စွာ ပြေးဝင်လာကာ ပါးစပ်မှ မိုးကြိုးသံအလား အော်ဟစ်လိုက်သည်။

“ဟုတ်လား…”

လော့ချန်က အေးစက်စွာ ပြုံးလိုက်သည်။ ယခုအချိန်တွင် သူက အခြားသူများ၏ ခြိမ်းခြောက်မှုကို ဂရုစိုက်နိုင်တော့မည် မဟုတ်ပေ။ သူက လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်သည်။

“ဘုန်း…”

သွေးရောင်လှိုင်းတစ်ခု လင်ဟန်ကုန်း၏ နောက်ကျောမှ ဖြာထွက်လာပြီး ၎င်း၏ခန္ဓာကိုယ်က နှစ်ပိုင်းကွဲသွားသည်။ မျက်လုံးအလွတ်တစ်စုံက လော့ချန်ကို စိုက်ကြည့်လျက် တစ်စုံတစ်ခု ပြောလိုသလို ပါးစပ်ဟလိုက်သည်။

သူသည် ချီရှန်မြို့မှ ထွက်ခွာစဉ်က အိမ်တော်သခင်ထံ ပေးခဲ့သော ကတိကဝတ်များကို ပြန်လည်သတိရမိသည်။

“ကျွန်တော်ပြန်လာတဲ့အခါ ကျွန်တော်တို့ လင်မိသားစုက ချီရှန်မြို့ရဲ့ဂုဏ်သတင်းကို ပြန်လည်ရယူနိုင်မှာပါ…”

“အစ်ကိုကြီးနဲ့မိသားစုက ဒီနေ့မှာ ခံစားခဲ့ရတဲ့ အရှက်တရားတွေကို ကျွန်တော်က လော့မိသားစုနဲ့ လော့ချန်ကို ဆယ်ဆမက အဆထောင်ချီမက ပြန်လည်ပေးဆပ်ခိုင်းမှာပါ…”

ထိုကတိစကားများက လင်ဟန်ကုန်း၏ စိတ်ထဲတွင် ထပ်တလည်လည် ပဲ့တင်ထပ်နေပြီး နောက်ဆုံးတွင် ထာဝရမှောင်မိုက်ထဲသို့ နစ်မြုပ်သွားသည်။

“ရဲတင်းလွန်းတယ်…”

ရှူးကွမ်ရှီ၏ မျက်နှာက သံရိုးကဲ့သို့ မဲညစ်လာသည်။ လင်ဟန်ကုန်း၏ သေဆုံးမှုကို သူသိပ်ဂရုမစိုက်သော်လည်း လော့ချန်က ၎င်း၏မျက်မှောက်တွင် နှစ်ကြိမ်တိုင် လူသတ်ခဲ့ခြင်းက ၎င်း၏မျက်နှာကို လူအများရှေ့တွင် ရိုက်ချလိုက်သည်နှင့် မခြားနားပေ။

လော့ချန်ကို မသတ်နိုင်လျှင် နောင်တွင် ရွှမ်ယွမ်ဂိုဏ်းတွင် သူမည်သို့ ရပ်တည်နိုင်မည်နည်း။ ကျင်းမင်ကို မည်သို့ ရင်ဆိုင်ရမည်နည်း။

ထို့နောက် ရှူးကွမ်ရှီက စကားတခွန်မျှ ထပ်မပြောတော့ဘဲ မြင့်မားစွာ ခုန်တက်လိုက်ပြီး ဓားကို ခေါင်းထက်သို့ မြှောက်ကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လော့ချန်ဆီသို့ အားပြင်းစွာ ခုတ်ထစ်လိုက်သည်။

“ကောင်းကင်ယံတစ်ဖြတ် လေပြတ်ဖြတ်နည်း…”

လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိ သိုင်းသမားက ခန္ဓာကိုယ်ပြောင်းလဲမှု၏ အထွတ်အထိပ်ကို ကိုယ်စားပြုပြီး သာမန်မဟုတ်ပေ။ ရှူးကွမ်ရှီ၏ အလုံးစုံအင်အားဖြင့် တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် လော့ချန်လည်း မပေါ့ဆဝံ့ပေ။ အာရုံများက တင်းမာလျက် ဓားတစ်ချက်ကို လျှပ်စီးကဲ့သို့ ထိုးထွက်လိုက်သည်။

“ဘုန်း…”

ဓားနှင့် ဓားချင်း ထိခတ်လိုက်ရာ မိုးကြိုးသံအလား အကြီးအကျယ် ပေါက်ကွဲလာပြီး ၎င်းတို့၏ ပုံရိပ်များ နောက်သို့ အလျင်အမြန် ဆုတ်သွားကာ ထို့နောက် ချက်ချင်းပင် တစ်ဦးနှင့်တစ်ဦး ပြန်လည်ပြေးဝင် တိုက်ခိုက်လိုက်ကြသည်။

“ချင်း… ချင်း… ချင်း…”

တစ်ခဏအတွင်း လော့ချန်နှင့် ရှူးကွမ်ရှီက အကွက်ပေါင်းများစွာ ဖလှယ်တိုက်ခိုက်ခဲ့ကြသည်။

တစ်ကွင်းပြင်လုံး တိတ်ဆိတ်လျက် ရှိနေပြီး အလုပ်သင်တပည့်များက အံ့အားသင့်စွာ ငေးကြည့်နေကြသည်။ ၎င်းတို့၏ မျက်လုံးများတွင် အံ့ဩမှုမှလွဲ၍ အခြားမရှိတော့ပေ။ ဤမြင်ကွင်းက အတော်လေး ထူးဆန်းလှသည်။

အသုံးမကျသိုင်းဝိညာဉ်နိုးကြားထားသူ၊ အလုပ်သင်တပည့်တစ်ဦးက လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိသည့် ရှူးကွမ်ရှီ၏မျက်မှောက်တွင် လူနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ထို့အပြင် အပြန်အလှန် တိုက်ခိုက်ရာတွင်လည်း အနိုင်အရှုံးမဖြစ်ဘဲ ထပ်တူမျှနေသည်။

လူအုပ်ထဲတွင် ယွမ်ချီလန်က ဖြည်းညင်းစွာ သက်ပြင်းချလိုက်ပြီး လှပသော မျက်လုံးများဖြင့် လော့ချန်ကိုကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်သည်။

“သူက အနက်ရောင်ရွှေမြွေကို ခုခံနိုင်ခဲ့တာ မဆန်းဘူး… သူ့ရဲ့စွမ်းအားက ငါတို့ကို ကျော်လွန်သွားပြီး တကယ့် လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိသူတွေနဲ့ ယှဉ်နိုင်တယ်…”

ကူးလင်ဖန်က ခေါင်းညိတ်ပြလိုက်သည်။

သို့သော် ၎င်းတို့နှစ်ဦးက လော့ချန်သည် အနက်ရောင်ရွှေမြွေကို ခုခံရုံမျှမကဘဲ ကြယ်နှစ်ပွင့်အဆင့်မြင့်နတ်ဆိုးသားရဲဖြစ်သည့် အနက်ရောင်ရွှေမြွေကို ဓားတစ်ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာ ရစေခဲ့ကြောင်း မသိခဲ့ပေ။

“ဘာလို့ အခုထိ မထွက်လာသေးတာလဲ… မြန်မြန်ထွက်လာစမ်း…”

ထို့နောက် ပြင်းထန်သော တိုက်ပွဲအတွင်း လော့ချန်က ရှူးကွမ်ရှီကို ခုခံရင်း ဒျန်တန်အတွင်းရှိ စွမ်းအင်လေပြွန်ကို အလျင်အမြန် လှုံ့ဆော်ကာ ကောင်းကင်ယွမ်ဓားစွမ်းရည် တတိယပုံစံ လျှပ်စီးဖြတ်ကျော်နည်းကို အသုံးပြုရန် ကြိုးစားနေသည်။

ဤဓားစွမ်းရည်တစ်ကွက်က ကြယ်နှစ်ပွင့်အဆင့်မြင့်နတ်ဆိုးသားရဲဖြစ်သည့် အနက်ရောင်ရွှေမြွေကို ဒဏ်ရာပြင်းထန်စွာ ရစေနိုင်ပြီး တစ်ချက်အသုံးပြုလိုက်ရုံဖြင့် ရှူးကွမ်ရှီကို ချက်ချင်း သတ်ဖြတ်နိုင်သည်။

သို့သော် လော့ချန်က မည်သို့ပင် လှုံ့ဆော်ကြိုးစားစေကာမူ ဒျန်တန်အတွင်းရှိ စွမ်းအင်လေပြွန်က လုံးဝမလှုပ်ရှားခဲ့ပေ။

ဤအခြင်းအရာမှာ အံ့ဩစရာ မဟုတ်ပေ။ လော့ချန်က ယခုအချိန်တွင် စွမ်းအင်လှုံ့ဆော်မှု၏ ခံစားမှုကို အနည်းငယ်သာ ရှာဖွေတွေ့ရှိထားပြီး ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

ယခုအခါ တစ်ဖက်တွင် တိုက်ပွဲဝင်ရင်း တစ်ဖက်တွင် စွမ်းအင်ကို လှုံ့ဆော်ရန် ကြိုးစားနေသဖြင့် ခက်ခဲမှုများနှင့် ရင်ဆိုင်နေရသည်။

“ဟား... ဟား… ဟား... မင်းဘယ်လောက်ထိ ခုခံနိုင်မလဲ ကြည့်ရအောင်…”

လော့ချန်က ခုခံရုံမျှသာ လုပ်နေသည်ကို မြင်လိုက်ရသဖြင့် ရှူးကွမ်ရှီက အနိုင်ရမည့် အခွင့်အရေးကို မြင်လိုက်ရသည်ဟု ထင်မှတ်ကာ တိုက်ခိုက်မှုများကို ပို၍ပြင်းထန်စွာ ဆက်လက်လုပ်ဆောင်လာပြီး တစ်ချက်တည်းဖြင့် လော့ချန်ကို သတ်ဖြတ်ရန် ကြိုးစားလိုက်သည်။

“လော့ချန်က နောက်ဆုံးတော့ ရှူးကွမ်ရှီနဲ့ မယှဉ်နိုင်ဘူးပဲ…”

“ဒါက သဘာဝပဲ… ရှူးကွမ်ရှီက ကြယ်ငါးပွင့်သိုင်းဝိညာဉ်နိုးကြားထားသူဖြစ်ပြီး လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက် ရှိတယ်… ဘယ်လိုကြည့်ကြည့် လော့ချန်က သူနဲ့မနီးစပ်နိုင်ဘူး… အခုထိ ခံနိုင်တာ ကိုယ်တိုင်က တစ်ခုခု ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုပဲ…”

လော့ချန်က ခုခံရုံမျှသာ လုပ်ဆောင်နေပြီး တဖြည်းဖြည်း နောက်ဆုတ်နေသည်ကို မြင်ရသူများက လော့ချန်၏ ရှုံးနိမ့်မှုသည် အချိန်ကိစ္စသာဖြစ်သည်ဟု ယူဆလိုက်ကြသည်။

မြင့်မားသော စင်မြင့်ပေါ်တွင် အကြီးအကဲများက အံ့အားသင့်နေကြသည်။

တစ်ဦးက သက်ပြင်းချလျက် ပြောလိုက်သည်။

“ရှူးကွမ်ရှီကို ခုခံနိုင်တယ်ဆိုတာ… ဒီလော့ချန်က ဓားပညာမှာ ထူးချွန်တဲ့ အရည်အချင်းရှိရုံမကဘဲ အသက်ငယ်ရွယ်ပေမယ့် တိုက်ပွဲအတွေ့အကြုံလည်း အတော်လေး ကြီးမားတယ်… စိတ်ဓာတ်ကလည်း မျိုးဆက်တူတွေထက် သာလွန်နေတယ်… ထိပ်တန်းဓားသမားတစ်ယောက်ရဲ့ အရိပ်အယောင်ကို ပြသနေတယ်…”

ချင်မယ်အကြီးအကဲ၏ မျက်လုံးများက တောက်ပနေပြီး တိုးညင်းစွာ ပြောလိုက်သည်။

“သူ့မှာ အသုံးမကျသိုင်းဝိညာဉ်မနိုးကြားခဲ့ရင် သူက ယွမ်မန်လီနဲ့ တန်းတူယှဉ်နိုင်တဲ့ ဓားပညာထူးချွန်သူ တစ်ယောက်ဖြစ်လာမှာ သေချာတယ်…”

ဤစကားကို ကြားလိုက်ရသည့် ဟယ်အကြီးအကဲ၏ မျက်ခုံးများက တွန့်ကွေးသွားသည်။

ရှူးကွမ်ရှီတို့က ဤမျှ အသုံးမကျဘဲ လော့ချန်တစ်ယောက်ကိုပင် မကိုင်တွယ်နိုင်ကြသည်ကို သူမကထင်မှတ်မထားခဲ့ပေ။

သို့သော် တိုက်ပွဲ၏အချိန်က ကြာရှည်နေပြီ ဖြစ်၏။ အကြီးအကဲအချို့က လော့ချန်အတွက် စကားပြောစပြုလာပြီး ဤမျှ ဆက်လက်သွားပါက အခြေအနေများ ပြောင်းလဲသွားနိုင်သည်။

ဤအတွေးကို စဉ်းစားလိုက်ရာ ဟယ်အကြီးအကဲ၏ မျက်လုံးများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပေါ်ထွက်လာပြီး ရှေ့သို့ တစ်လှမ်းတိုးကာ မိုးကြိုးသံအလား အော်ဟစ်လိုက်သည်။ ထိုအသံက ကွင်းပြင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။

“လော့ချန်… မင်းက လူအများရှေ့မှာ လူသတ်ရဲတယ်ပေါ့… ငါတို့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ရိုင်းရိုင်းစိုင်းစိုင်း စိန်ခေါ်နေတာပဲ… မင်းလို ဥပဒေမရှိ နတ်ဆိုးစိတ်နှစ်ထားသူမျိုးကို ဒီလောကမှာ ထားထားရင် ဘေးဒုက္ခသာ ဖြစ်ပေါ်လာလိမ့်မယ်… ဒီနေ့ ငါက ကြက်သတ်ပြီး မျောက်ကို သတိပေးဖို့ မင်းကို ဂိုဏ်းစည်းကမ်းနဲ့ အရေးယူမယ်…”

“ဘုန်း…”

စကားတစ်ခွန်း ထွက်လာသည်နှင့် တစ်ပြိုင်နက် ဟယ်အကြီးအကဲ၏ ညာလက်မှ အပြာရောင်မှော်အလင်းတန်းများ ထွက်ပေါ်လာပြီး လော့ချန်ဆီသို့ လက်သည်းချွန်တစ်ချက်ကို အားပြင်းစွာ လွှဲချလိုက်သည်။

All Chapters