← Chapters

အခန်း (၁၉၈)

Vol. 15 Ch. 198

အခန်း (၁၉၈)

Vol. 15 Ch. 198

ရုပ်ဆိုးဆိုးနှင့် ကျွမ်းကျင်သူဟွမ်ဖန်သည် မြင်းရထားကို မောင်းနှင်လျက်ရှိသည်။ ရှမ့်လန်သည် သူနှင့်အတူ အရေးကြီးလွန်းသော ပစ္စည်းများကို သယ်ဆောင်လာသည်။ သူသည် ငြိမ်ငြိမ်သက်သက်ဖြင့် ရထားလုံးထဲတွင် ထိုင်လျက်ရှိနေ၏။

ဤနေရာမှ ပင်လယ်ကမ်းစပ်သို့ လီပေါင်း ရာချီမျှ ဝေးကွာသေးရာ အရုဏ်တက်ချိန်လောက်မှသာ ကမ်းခြေဆိပ်ကမ်းသို့ ရောက်ရှိနိုင်မည် ဖြစ်၏။

အမှန်စင်စစ် ဤနေရာမှ ပင်လယ်ကမ်းခြေအထိ ရွှမ်ဝူအမတ်ကြီးစံအိမ်တော်၏ နယ်မြေကို ဖြတ်သန်းသွားနိုင်ပြီး ထိုနေရာတွင် ကျင်းမိသားစု၏ သီးသန့်ဆိပ်ကမ်းပင် ရှိသေးသည်။

အမှန်တကယ်၌ ရွှမ်ဝူအမတ်ကြီးစံအိမ်တော်၏ နယ်မြေက ထိုမျှ ရှည်လျားကျဉ်းမြောင်းနေခြင်းတော့ မဟုတ်ပေ။ ယခင်က ကျင်းမိသားစုသည် လူသူမနီးသော တောနက်ကြီးထဲမှတဆင့် ပင်လယ်ကမ်းခြေဆိပ်ကမ်းသို့ သွားရောက်နိုင်ရန် အထူးတလည် လမ်းဖောက်လုပ်ထားခဲ့သည်။ ဤသည်မှာ ဘိုးဘေးဖြစ်သူ ကျင်းကျူး၏ လက်စွမ်းလက်စပင် ဖြစ်၏။

ကျင်းမိသားစု၏ နယ်မြေသည် ပင်လယ်နှင့် လုံးဝမနီးစပ်ပေ။ အတိတ်ကာလက ဘိုးဘေးကျင်းကျူးသည် စစ်တပ်ကို ဦးဆောင်၍ ကမ်းရိုးတန်းတစ်လျှောက်ရှိ ပင်လယ်ဓားပြအားလုံးကို ရှင်းလင်းခဲ့သည်။ ထို့ကြောင့် ကျင်းမိသားစုသည် ပင်လယ်ကမ်းခြေဆီသို့ သွားရောက်နိုင်သည့် သီးသန့်လမ်းမကြီးကို တည်ဆောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ကျင်းမိသားစုသည် ပင်လယ်ကမ်းခြေအထိ လီ ၂၀၀ ကျော် ရှည်လျားသော လမ်းကို ငွေကြေးအမြောက်အမြား အကုန်အကျခံကာ တည်ဆောက်ခဲ့ပြီး စာချုပ်အရ ထိုလမ်းသည် ရွှမ်ဝူအမတ်ကြီးစံအိမ်တော်၏ ဩဇာအာဏာ သက်ရောက်ရာ နယ်နိမိတ် ဖြစ်လာခဲ့၏။

ဟုတ်ပေ၏။ ဤသည်မှာ ထာဝရတော့ မဟုတ်ပေ။ ကျင်းမိသားစုသည် ဤလမ်းကို နှစ်ပေါင်း ၂၀၀ သာ ပိုင်ဆိုင်ခွင့်ရှိသည်။ နှစ် ၂၀၀ ပြည့်ပြီးနောက် ဤလမ်း၏ ပိုင်ဆိုင်ခွင့်သည် ဘုရင်မင်းမြတ်ထံ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။ သို့သော်လည်း ကျင်းမိသားစုသည် ထိုလမ်းကို ထာဝရအသုံးပြုခွင့် အာဏာ ရှိနေမည်။

ဤလမ်းကြောင့်ပင် ကျင်းမိသားစု၏ စစ်တပ်သည် ဝမ်ကျားကျွန်းသို့ ပင်လယ်ပြင်မှတစ်ဆင့် လွတ်လပ်စွာ အဝင်အထွက် ပြုလုပ်နိုင်ခဲ့ပြီး ယန်ဝူခရိုင်ကို ဖြတ်သန်းရန် မလိုအပ်တော့ပေ။

သို့ပေမည့် လူအများ အာရုံ မစိုက်မိစေရန် ရှမ့်လန်တို့ သွားနေသည့်လမ်းမှာ ယန်ဝူခရိုင် ဆိပ်ကမ်းဘက်သို့ ဦးတည်နေသော လမ်း ဖြစ်သည်။

“မိန်းကလေးဟွမ်… ချောင်ယောင်းအာ အကြောင်းကို သိလား” ရှမ့်လန်က မေးမြန်းလိုက်၏။

ဟွမ်ဖန်က ပြောလိုက်သည်၊ “သိတာပေါ့”

သူမ သိရုံမကချေ။ ချောင်ယောင်းအာသည် သူမ၏ စံပြပုဂ္ဂိုလ် တစ်ယောက်ဖြစ်၏။ ပိုပြီးတိတိကျကျ ပြောရမည်ဆိုလျှင် သိုင်းပညာကို လေ့ကျင့်သော မိန်းကလေးပေါင်းမြောက်များစွာတို့၏ စံပြပုဂ္ဂိုလ်ပင် ဖြစ်၏။

ရှမ့်လန်က ထပ်မံကာ ပြောလိုက်သည်၊ “မိန်းကလေးဟွမ်.. မင်းရဲ့ သိုင်းပညာက တကယ့်ကို မြင့်မားတယ်လို့ မင်းရဲ့အစ်ကိုက ပြောခဲ့တယ်။ ရွှဲ့ပြည်နယ်လူငယ်မျိုးဆက်ထဲမှာ မင်းက အဆင့် ဘယ်လောက်လောက် ရှိလဲ”

ဟွမ်ဖန်က ဖြေလိုက်၏၊ “ကျွန်မမှာ အဆင့်မရှိပါဘူး”

ရှမ့်လန်သည် အနည်းငယ် အံ့အားသင့်သွားမိသည်။ “ဒါပေမယ့် မင်းအစ်ကို ပြောတာတော့ မင်းက ငါ့မိန်းမ ထက်တောင် ပိုပြီး အားကောင်းတယ်ဆို”

ဟွမ်ဖန်က ပြောလိုက်၏၊ “ကျွန်မက သူ့ထက်ပိုပြီး အားကောင်းရင် အားကောင်းပါလိမ့်မယ်။ ဒါပေမယ့် အဆင့် သတ်မှတ်ချက် မရှိပါဘူး”

အင်း …. သူ၏ မိန်းမကို အားကောင်းသည်ဟု သတ်မှတ်ထားခဲ့မိသည်။

အချက်အလက်အားဖြင့် ရှမ့်လန် မှားယွင်းနေခြင်းသာ ဖြစ်၏။ မူလန်သည် တကယ်ပင် အားကောင်း၏။ သို့ပေမည့် သူမသည် တစ်ယောက်ချင်း တိုက်ခိုက်မှုနှင့် စစ်ပွဲတိုက်ခိုက်မှု နှစ်ခုလုံးကို လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ တစ်ခုတည်းကို ဦးစားပေး လေ့ကျင့်ခဲ့ဖြင်းမဟုတ်ပေ။

အဓိက သော့ချက်အားဖြင့် သူမက ငယ်ရွယ်လို့ နေသေး၏။ ထပ်မံတိုးတက်စရာများ ရှိနေသေးသည်။ ဤအရာသည် သိုင်းပညာ၏ သဘောသဘာဝပင် ဖြစ်၏။ ပိုမိုကာ လေ့ကျင့်လေ ပိုမိုကာ အားကောင်းလာလေပင်။ သို့ပေမည့် မူလန်၌ ပိုမို၍ လေ့ကျင့်ရန် အချိန်နှင့် အခွင့်အရေးဟူ၍ မရှိခဲ့ချေ။

ရှမ့်လန်သည် ထပ်မံကာ မေးမြန်းလိုက်၏၊ “ဒါဆိုရင် ရွှဲ့ပြည်နယ် လူငယ်ကျွမ်းကျင်သူတွေထဲမှာ နံပါတ်တစ်က ဘယ်သူလဲ”

“ကျွန်မ မသိပါဘူး”

ဟွမ်ဖန်က ပြောလိုက်သည်။ “ထိပ်တန်းကျွမ်းကျင်သူတွေက နေ့စဉ်နေ့တိုင်း ဘယ်သူက ပိုတော်တယ်ဆိုပြီး ယှဉ်ပြိုင်နေကြတာ မဟုတ်ဘူး။ ဒါကြောင့် မသိပါဘူး။ လူငယ်ကျွမ်းကျင်သူတွေထဲမှာ နံပါတ်တစ် ဖြစ်နိုင်တဲ့သူက နှစ်ယောက်၊ သုံးယောက်၊ လေးယောက်လောက် ရှိတယ်”

ရှမ့်လန်က မေးမြန်းလိုက်၏၊ “ဒါဆိုရင် ... ဥပမာ အဲလူတွေက ဘယ်သူလဲ”

ဟွမ်ဖန်က ပြောလိုက်၏၊ “ကျူးဟုန်ရွှဲ့”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ အမှန်ပင် ထိုသူ၏ နာမည်ကို ထပ်မံကာ ကြားခဲ့ရ၏။ ဤကျူးဟုန်ရွှဲ့သည် ကောင်းကင်မှ ချီးမြှောက်ပေးလိုက်သည့် လူတစ်ယောက် ဖြစ်၏။ မိဖုရားကြီး၏ တူတော် .... ပြည်နယ်အုပ်ချုပ်ရေးမှုး ကျူးကျွင်း၏ သားလည်း ဖြစ်၏။ ထို့အပြင် မူလန်နှင့် လက်ထပ်ဖို့ လာတောင်းခံမည့် အခြေအနေဆီသို့ ရောက်ခဲ့သေးသည် မဟုတ်ပါလား။

ရှမ့်လန်က မနေနိုင်မထိုင် မေးမြန်းလိုက်သည်၊ “အဲဒီ ကျူးဟုန်ရွှဲ့က ကျောင်းတော်သားတစ်ယောက်လား”

ဟွမ်ဖန်က ပြန်ဖြေလိုက်၏၊ “အင်း… စာပေပညာရော၊ ဓားပညာရော ကျွမ်းကျင်သူတစ်ယောက်ပဲ”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “လူငယ်မျိုးဆက်ထဲမှာ သူက အကောင်းဆုံးတွေထဲက အကောင်းဆုံးလို့ ဘာကြောင့် ပြောရတာလဲ”

ဟွမ်ဖန်က ပြောလိုက်၏၊ “ဘာလို့လဲဆိုတော့ သူ့ဆရာက ကျိုးရှီ ဖြစ်နေလို့ပဲ”

ရှမ့်လန်သည် ထိုနာမည်ကို အရင်က ကြားခဲ့ဖူး၏။ သို့ပေမည့် မမှတ်မိတော့ချေ။ ကျုံးချူးကဲ့ ပြောခဲ့လေသည်လား။ မဟုတ်သေးပေ။။

စီနီယာ လီချင်းချိုး ပြောလိုက်သည်လား။ ထိုသို့လည်း မဟုတ်သေးချေ။

ဟုတ်ပြီ ... သူ မှတ်မိပြီဖြစ်၏။ ဤနာမည်ကို သူ ကောင်းကင်ပင်လယ်နန်းဆောင်ဆီမှ လှပလွန်းသည့် ကျောင်းတော်သူ ကျန်းယွီယင် ပြောခဲ့သည်ကို ကြားခဲ့ရခြင်းပင် ဖြစ်၏။

ကျိုးရှီ၊ ကောင်းကင်ပင်လယ်နန်းဆောင်၏ ဂုဏ်ပြုခံခေါင်းဆောင်တစ်ယောက်။ ပြောနေစရာပင် မလိုချေ။ ကောင်းကင်ပင်လယ်နန်းဆောင်သည် သိုင်းပညာ၏ထိပ်ပိုင်း နတ်ဘုံနတ်နန်းတစ်ခု ဖြစ်၏။ တောင်ပိုင်း၏ ပထမဦးဆုံးဓားဘုရင် ချောင်ကျူးသည် ကောင်းကင်ပင်လယ်နန်းဆောင်ဆီမှပင် ဖြစ်သည်။

ကောင်းကင်ပင်လယ်နန်းဆောင်၏ အခြေခံသည် ကျိုးမိသားစုမှ ဖြစ်၏။ ကျိုးရှီသည် ကျိုးမိသားစု၏ ဆက်ခံသူတစ်ယောက် ဖြစ်၏။ သို့ပေမည့် သူ တစ်နှစ်ပတ်လုံး ခရီးလှည့်လည် သွားလာလျက်ရှိနေပြီး သူ၏ အချိန်တော်တော်များများကို ပင်လယ်ထဲတွင် ကုန်ဆုံး၏။ သို့ပေမည့် ထိုသူ့ကို ဂုဏ်ပြုခံခေါင်းဆောင်အဖြစ် သတ်မှတ်ထားခဲ့၏။

ရှမ့်လန်က ပြောလိုက်၏သည် “ရွှဲ့ပြည်နယ်ရဲ့ သိုင်းပညာဆရာကြီး ခြောက်ယောက်ထဲမှာ ကျုပ် ကျိုးရှိဆိုတဲ့ နာမည်ကို မကြားဖူးပါလား”

ဟွမ်ဖန်က ပြောလိုက်၏၊ “ရွှဲ့ပြည်နယ်မှာ တော်ဝင်မိသားစု ငါးခုရှိတယ်။ ဒါပေမယ့် ဘာလို့ နင်ကလန်ဆိုတာက တော်ဝင် မိသားစုထဲမှာ ပါမနေရတာလဲ”

ဤအရာမှ အမှန်ပင်ဖြစ်၏။ နင်ကလန်သည် တော်ဝင်မိသားစုထဲတွင် မပါဝင်ချေ။ အဘယ်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်၏ မိသားစု ဖြစ်နေသောကြောင့်ပင်။ အဆင့်သတ်မှတ်၍ မရနိုင်ချေ။ ကျိုးရှီကလည်း တူညီလျက် ရှိနေခြင်းပင်။

ကောင်းကင်ပင်လယ်နန်းဆောင်၏ ဂုဏ်ပြုခံခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အပြင် သူသည် သိုင်းဆရာကြီး ခြောက်ယောက်၏ ကြားထဲမှ အဆင့်သတ်မှတ်ခြင်းကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ပြောရမည်ဆိုလျှင် ဤလူသည် အံ့အားသင့်စရာကောင်းလွန်း၏။ ကျိန်းသေပေါက် အံ့အားသင့်စရာ ကောင်းသည့်လူပင်။ ကျူးဟုန်ရွှဲ့သည် ထိုသူ၏ တပည့်ဖြစ်၏။ ဤအရာမှာ မနာလိုဝန်တိုစရာပင်။

ရှမ့်လန်က မေးမြန်းလိုက်၏၊ “ဒါဆိုရင် ချောင်ယောင်းအာရဲ့ ဆရာကရော ဘယ်သူလဲ”

လီချင်းချိုးသည် ထိုအကြောင်းကို မပြောခဲ့ချေ။ ရှမ့်လန်အနေနှင့် တိတိကျကျ ရှာဖွေကာ စုံစမ်းစစ်ဆေးကြည့် သေး၏။ သို့ပေမည့် ချောင်ယောင်းအာ၏ ဆရာ မည်သူဖြစ်ကြောင်းကို သူ မသိရှိချေ။

ဟွမ်ဖန်က ပြောလိုက်သည်။ “သူမ၏ ဆရာကို ဘိုးဘေးလော်လို့ ခေါ်တယ်”

“ဘိုးဘေးလော် ဟုတ်လား” ထူးဆန်းသည့် နာမည်မျိုးပင်။

“ဘယ်သူလဲ” ရှမ့်လန်က မေးမြန်းလိုက်၏။

ဟွမ်ဖန်က ပြောလိုက်သည်။ “ကျွန်မလည်း မသိဘူး။ ပင်လယ်ပြင်ထဲမှာ ရွက်လွှင့်ပြီး လှည့်လည်သွားလာနေတဲ့ ထူးဆန်းတဲ့ မိန်းမတစ်ယောက်ပဲ။ ကုန်းမြေပေါ်ကို တစ်ခါမှ ခြေမချဖူးဘူးတဲ့။ သူမက လောကမှာ အလှပဆုံး မိန်းကလေးလို့လည်း ပြောကြတယ်”

“ငါ မယုံပါဘူး” ရှမ့်လန်က ပြောလိုက်၏။

ဟွမ်ဖန်က ပြောလိုက်သည်။ “ကျိုးရှီက ကောင်းကင်ပင်လယ်နန်းဆောင်ကို စွန့်ပစ်ပြီး ပင်လယ်ပြင်မှာ လှည့်လည်ခရီးသွားနေတာ သူမ ကြောင့်မို့ပဲ”

ထိုသို့ဆိုလျှင် ဤအမျိုးသမီးသည် တကယ့်ကို အံ့အားသင့်စရာ ဖြစ်ပေလိမ့်မည်။ ကျိုးရှီသည် အံ့အားသင့်စရာ ကောင်းသည့် လူတစ်ယောက်ဖြစ်၏။ ကျိုးရှီပင်လျှင် သူမအတွက် ကောင်းကင်ပင်လယ်နန်းဆောင်ကြီး တစ်ခုလုံးကို လက်လွှတ်စွန့်ပစ်ခဲ့သည်လား။

ရှမ့်လန်က မေးမြန်းလိုက်၏၊ “ဒါဆိုရင် ကျိုးရှီက ဘိုးဘေးလော်နှင့် အတူတူ အိပ်ခဲ့သေးလား”

ဟွမ်ဖန်သည် အနည်းငယ် ဆွံ့အသွားမိ၏။ ဤကဲ့သို့ ကြောင်တောင်တောင်နိုင်သည့် မေးခွန်းမျိုးကို သူမက ပထမဦးဆုံး ကြားခဲ့ခြင်းသာ ဖြစ်၏။ သူမကဲ့သို့ သိုင်းပညာရှင်တစ်ယောက်အတွက် ကျိုးရှီနှင့် ဘိုးဘေးလော် ဆိုသည်မှာ အကန့်အသတ်မဲ့ လေးစားမှုများနှင့် ပြည့်နှက်နေသည့် လူများ ဖြစ်၏။ ထိုသူတို့ကို စိတ်နှင့်ပင် မပြစ်မှားရဲချေ။ သို့ပေမည့် တစ်ဖက်လူသည် အတူတူအိပ်ပြီးပြီလားဟုပင် မေးမြန်းလျက် ရှိနေသည်။

“မအိပ်ရသေးဘူး” ဟွမ်ဖန်က ဖြေလိုက်သည်။

ရှမ့်လန်က မေးမြန်းလိုက်၏၊ “ခင်ဗျား ဘယ်လိုသိတာလဲ။ သူတို့ တစ်ယောက်နဲ့ တစ်ယောက်နဲ့ မအိပ်ရသေးဘူးလို့ ခင်ဗျားကို ပြောခဲ့တာလား”

ဟွမ်ဖန်သည် မည်သို့မှ မနေနိုင်တော့ချေ။ “ကျိုးရှိက ဘိုးဘေးလော်ကို အရမ်းချစ်တယ်။ ဒါပေမယ့် ဘိုးဘေးလော်က ကျိုးရှီကို ယုံကြည်ရတဲ့ မိတ်ဆွေရင်းတစ်ယောက်လိုပဲ သတ်မှတ်ထားခဲ့တာ။ သူတို့ရဲ့ ခင်မင်မှုက သန့်စင်တယ်။ ရှင်ထင်သလို မညစ်ပတ်ဘူး”

“ဟား ဟား ဟား ဟား ဟား”

ရှမ့်လန်က အေးစက်စက် ရယ်မောလိုက်၏။ “ယောက်ျားနဲ့ မိန်းမနဲ့ကြားမှာ သန့်စင်တဲ့ ခံစားချက်ဆိုတာ မရှိဘူး။ ဒါမှမဟုတ် အတူတူ အိပ်လို့မရတာ၊ တစ်ဖက်ဖက်က ခက်ခဲအောင် လုပ်ထားတာပဲ ရှိတယ်”

‘ရှင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း’

ဟွမ်ဖန်သည် စိတ်ထဲမှာ အော်ဟစ်လိုက်၏။ သို့ပေမည့် ထုတ်ဖော်ကာဖြင့် မပြောရဲချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ တောင်းဆိုမှုများကို ဘယ်တော့မှ မငြင်းပယ်ရန် သူမ၏ အစ်ကိုက မှာထားသည် မဟုတ်ပါလား။

သို့ပေမည့် သူမသည် လက်ရှိအခြေအနေမှာတော့ စိတ်ဓာတ်တကျ ခံစားနေမိ၏။ သိုင်းပညာ ကျင့်ကြံခြင်းသည် အသုံးမဝင်သကဲ့သို့ပင် ခံစားနေမိခြင်းပင်။ သူမသည် ကောင်းကောင်းမွန်မွန် လေ့ကျင့်ထားခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် ယခု ဤသောက်ရူးတစ်ယောက်၏ သက်တော်စောင့်တစ်ယောက် ဖြစ်လို့နေသည် မဟုတ်ပါလား။ သူမ ရှေ့တွင် ရှိနေသည့် ဤတဏှာရူးကောင်သည် သောက်ရူးကောင်ဟုလည်း သတ်မှတ်၍ မရနိုင်ချေ။ မိန်းမဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသောအမျိုးသမီးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

ရှမ့်လန်က ထပ်မံကာ မေးမြန်းလိုက်သည်၊ “မိန်းကလေးဟွမ်… ခင်ဗျားရဲ့ ဆရာကရော ဘယ်သူလဲ”

ဟွမ်ဖန်သည် မည်သည့်စကားကိုမှ မဆိုတော့ချေ။

ရှမ့်လန်က ထပ်မံကာ မေးမြန်းလိုက်၏၊ “ထန်ယင်ရဲ့ သိုင်းပညာနဲ့ ပတ်သက်တဲ့ အဆင့်က ဘယ်လောက်လဲ”

ဟွမ်ဖန်သည် မည်သည့်စကားမှ မဆိုတော့ချေ။

ရှမ့်လန်သည် သက်ပြင်းကို ကြိတ်ကာ ချလိုက်၏။ ရုပ်ဆိုးသည့် လူများသည် အမြင်ကျဉ်းမြောင်းကြ၏။ အနည်းငယ်လေးပင် စနောက်၍ မရချေ။

……………

နောက်မနက်ခင်းမှာတော့ ရှမ့်လန်သည် ယန်ဝူစီရင်စု၏ ဆိပ်ကမ်းဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ဤနေရာဆီမှ နုရှောင့်မြို့ဆီသို့ သွားသည်ဆိုပါက လူပေါင်းများစွာတို့ စိတ်ဝင်တစားဖြင့် သူ့ကို ဝိုင်းကာ ကြည့်ရှုမည် မဟုတ်ပါလား။ ဟုတ်ပေ၏။ ဤကဲ့သို့ လူပေါင်းများစွာတို့၏ မျက်လုံးအကြည့်များ မရောက်လာအောင် သူသည် ပုဝါဖြင့် မျက်နှာကို ဖုံးအုပ်ထားသည်။

သို့ပေမည့် သူ၏ ဆွဲဆောင်မှုရှိသည့် မိန်းကလေး ခန္ဓာကိုယ်သည် အားလုံးသော သူတို့၏ စိတ်ကို ဆွဲဆောင်လျက် ရှိနေသေး၏။ လူပေါင်းများစွာတို့၏ စားတော့ဝါးတော့မတတ် ကြည့်ရှုနေသည့် မျက်လုံးများကို အာရုံခံမိနေရခြင်းသည် မနှစ်မြို့ဖွယ်ရာပင်။

ရွက်လွှင့်ပြီးသည့်နောက် ရှမ့်လန်သည် ပိုက်ဆံတော်တော်များကို အသုံးပြုပြီး သီးသန့်အခန်း တစ်ခုကို ငှားရမ်းလိုက်၏။ ဟွမ်ဖန်သည် အပြင်ဘက်တွင် စောင့်ဆိုင်းလျက် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာတတ်သူ ဖြစ်သောကြောင့် မဟုတ်ချေ။ ရှမ့်လန်နှင့် ကျဉ်းမြောင်းသည့် အခန်းထဲတွင် နေထိုင်ရခြင်းကို သဘောမတွေ့သောကြောင့်ပင်။

ထိုအချိန်မှာတော့ တောက်ပသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် တံခါးပေါက်ဆီသို့ ရောက်ရှိလာပြီး ဦးညွှတ်လိုက်၏။

“ကျုပ်က ပိုင်ရုလန်ပါ။ မိန်းကလေးဟွမ် ဘယ်ကလဲဆိုတာကို မေးချင်ပါတယ်။ နုရှောင့်မြို့က ငြိမ်းချမ်းတဲ့နေရာ မဟုတ်ဘူး။ သိုင်းပညာတချို့ကို ကျုပ်က သိပါတယ်။ ကျုပ်က သေသေချာချာ ဂရုစိုက်ပြီး ကာကွယ်ပေး…”

“အား…”

ပြော၍ပင် မပြီးသေးချေ။ ကျယ်လောင်သည့် အော်သံတစ်ခုက ထွက်ပေါ်လာခဲ့၏။ အဘယ်ကြောင့် ဆိုသော် ဟွမ်ဖန်သည် တစ်ဖက်လူကို ခြေထောက်နှင့် ကန်ကျောက်ကာ မီတာအနည်းငယ် အဝေးဆီသို့ လွင့်စင်သွားအောင် တိုက်ခိုက်လိုက်သောကြောင့်ပင်။

ရှမ့်လန်သည် တစ်ဖက်လူ၏ ဥကွဲကြေသွားသည့် အသံကိုပင် ကြားခဲ့ရ၏။

အပြင်ဘက်တွင် ဆူညံသည့် အသံများ ဖြစ်တည်လာခဲ့၏။ ပြောရမည်ဆိုလျှင် ပိုင်ရုလန်၏ နောက်လိုက်များသည် နှစ်ဆချီ၍ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် ဟွမ်ဖန်သည် တချက်အလေးမှ ဂရုမစိုက်ချေ။ အားလုံးသော သူတို့ကို တစ်ချက်စီ ကန်ကျောက်ပြီး သတိလစ်မေ့မြောအောင် ပြုလုပ်ခဲ့သည်။

ရှမ့်လန်သည် အခန်းထဲ၌ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေ၏။ ရွက်သင်္ဘောပေါ်တွင် ရှိနေသည့် တခြားသောသူများသည်လည်း ရန်ပွဲကို ဂရုစိုက်ပုံ မပေါ်ချေ။ နုရှောင့်မြို့သည် ဥပဒေ၏ အပြင်ဘက်တွင် တည်ရှိနေသည့် နေရာဖြစ်၏။ ထို့ကြောင့် ရွက်သင်္ဘောပေါ်တွင် တိုက်ခိုက်ခြင်းဆိုသည်မှာ သာမန်ပင် ဖြစ်၏။

ပြီးနောက် ရှမ့်လန်သည် သေတ္တာတစ်ခုကို ဆွဲဖွင့်ပြီး မျက်နှာကပ်ခွာတစ်ခုကို ထုတ်ယူကာ မျက်နှာပေါ် တင်၏။ ပင်ပန်းနွမ်းနယ်နေမှုများ ပြေပျောက်သွားစေရန် အိပ်လိုက်၏။ သို့ပေမည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် နံရံသည် အလွန်ပါး၏။ ထို့ကြောင့် ပတ်ဝန်းကျင်တွင် ရှိနေသူများ၏ အသံများကို သူက ကြားနေရ၏။ ဘယ်ဘက်ခြမ်းတွင် ရှိနေသည့် အခန်းအတွင်းမှာတော့ အလွန်အရှက်မဲ့သည့် အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တို့သည် ပိုးစိုးပက်စက်ဖြင့် အချစ်ပွဲကို စစ်ပွဲတစ်ရာကဲ့သို့ပင် တိုက်ခိုက်လျက်ရှိနေကြသည်။ ‘လူ့အသိုင်းအဝိုင်းက နေ့စဉ်နဲ့အမျှ ပျက်စီးနေပါလား။ ငါ့လို တစ်ယောက်တည်းသမား ကို အားနာမှုတောင် မပေးနိုင်တော့ပါလား’

ညာဘက်ခြမ်းတွင်ရှိနေသည့် အခန်းမှာတော့ အမျိုးသားလေးယောက်တို့ ရှိသည်။ ဆိုးရွားလွန်းသော စကားများကို မြိန်ရေရှက်ရေ ပြောဆိုလျက်ရှိနေကြ၏။

အပေါ်တည့်တည့်မှာတော့ လူဆင်းရဲတို့နှင့် ပြည့်နှက်လျက်ရှိသည်။ သူတို့သည် ကြမ်းတွင် ထိုင်နေကြပြီး အိပ်စက်ရန် အိပ်ရာလည်း မရှိကြချေ။ ထိုသူတို့ဆီမှ အသံပေါင်းများစွာတို့ကို သူ ရှင်းရှင်းလင်းလင်း ကြားနေရ၏။ သူသည် သေသေချာချာ နားထောင်နေခြင်း မဟုတ်ချေ။ နားထဲသို့ အသံများက ဝင်လာခြင်းဖြစ်၏။ ‘ရှမ့်လန်’ ဆိုသည့် အသံကို ကြားသည့်အချိန်မှာတော့ သူ နားစွင့်ထောင်ထားမိသည်။

ရွက်သင်္ဘောပေါ်တွင် ရှိနေသည့် လူများသည် တစ်စုံတစ်ခုကို ဆွေးနွေးနေကြခြင်း ဖြစ်၏။ ဝမ်ကျားကျွန်း ပေါ်တွင် ပေါ်ပေါက်လာသည့် ရွှေတွင်းကြီးအကြောင်းပက်။ ကျင်းမိသားစု၏ အကြောင်းလည်း ပါဝင်၏။ ဤကိစ္စသည် တကယ့်ကို နာမည်ကျော်ကြားနေသည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး ရွှဲ့ပြည်နယ်တစ်ခုလုံးဆီသို့ပင် ပျံ့နှံ့နေ၏။

All Chapters