အခန်း (၁၉၉)
Vol. 15 Ch. 199
“အင်း… ဝမ်ကျားကျွန်းပေါ်မှာ ရွှေတွင်းတစ်ခု ရှာဖွေတွေ့ရှိတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူး”
“ဘယ်လိုလုပ် မထူးဆန်းတာလဲ”
“ကျင်းမိသားစုဆိုတဲ့ နာမည်ကြောင့်လား”
“နာမည်က ကျင်းမိသားစုတဲ့။ ဒါကြောင့် ရွှေတွင်းကို ရှာတွေ့တယ်ဆိုတာ ဘယ်လိုလုပ် ထူးဆန်းမှာလဲ”
အားလုံးက သဘောကျသွားမိ၏။
ရှမ့်လန်ကလည်း စိတ်ဝင်တစား ဖြစ်သွားမိ၏။ ဤအရာက အဓိပ္ပာယ်ရှိ၏။ ကျင်းဆိုသည်မှာ ရွှေကို အဓိပ္ပာယ်ဖော်သည် မဟုတ်ပါလား။
“ကျင်းမိသားစုက ရှမ့်လန်ကို ဘာလို့ သမက်တော်အဖြစ် ခေါ်ခဲ့တာလဲဆိုတာ ခင်ဗျားတို့ သိလား။ ကျင်းမူလန်က ဘာလို့ ရှမ့်လန်ကို လက်ထပ်ခဲ့ရလဲ” ထိုလူက ထပ်မံကာ မေးမြန်းလိုက်သည်။
“ဘာကြောင့်လဲ”
ရှမ့်လန်သည်လည်း အဖြေကို သိချင်မိ၏။
“ကျင်းမူလန်ရဲ့ နာမည်မှာ သတ္ထု၊ သစ်သား၊ မြေ၊ မီး အဲဒါတွေ ပါဝင်တယ်။ ဒါပေမယ့် ရေလိုနေတယ်။ ရှမ့်လန်ဆိုတာက ရေပဲ။ ဒါကြောင့် ကျင်းမိသားစုက သူတို့ကို သမက်တော်အဖြစ် ခေါ်ခဲ့တာပဲ”
တစ်စုံတစ်ယောက်သည် ကန့်ကွက်သည့်အနေဖြင့် မေးမြန်းလိုက်သည်။ “ကျင်းမူလန်ဆိုတဲ့ နာမည်မှာ သတ္ထုနဲ့ သစ်သားပဲ ပါတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး မြေနဲ့ မီးက ပါလာတာလဲ”
ထိုသူက ပြောလိုက်၏၊ “သစ်ခွဆိုတာက မြေမှာ ပေါက်တာ၊ စိုက်ပျိုးရတာ။ ဒါ မြေပဲ မဟုတ်ဘူးလား။ အင်း ... သစ်သားဆိုတာကရော မီးသုံးရတာ မဟုတ်ဘူးလား။ ဒါကလည်း မီးပေါ့။ ဒါကြောင့် ဒီနာမည်မှာ သတ္ထု၊ သစ်သား၊ မီး၊ မြေ .. ဒါတွေ ပါနေတာပဲ”
အားလုံးသော သူတို့က အထင်ကြီးသွားသည်။
ရှမ့်လန်ပင်လျှင်လည်း အထင်ကြီးသွား၏။ လောကကြီးထဲတွင် ဤကဲ့သို့ ကျွမ်းကျင်သူများ ရှိနေသေးသည်လား။
“အင်း.. ချောင်ယောင်းအာက အသက်ရှည်ရှည် မနေရတော့ဘူးဆိုတာရော ခင်ဗျား သိလား” ထိုသူက ထပ်မံကာ မေးမြန်းလိုက်၏။
အားလုံးသော သူတို့သည် တီးတိုးမေးမြန်းလိုက်သည်၊ “ဘာကြောင့်လဲ”
ရှမ့်လန်သည်လည်း သေသေချာချာ နားစွင့်ကာ ထောင်ထား၏။ အဘယ်ကြောင့်ဆိုသော် ချောင်ယောင်းအာ၏ အကြောင်းဆီ ရောက်ရှိလာသောကြောင့်ပင်။ ချောင်ယောင်းအာသည် လူပေါင်းများစွာတို့ကို သတ်ဖြတ်ခဲ့၏။ သူမ၏ နာမည်ကို ကြားသည်နှင့် လူပေါင်းများစွာတို့က တုန်တုန်ယင်ယင်နှင့် ကြောက်လန့်ရ၏။
ထိုသူက ပြောလိုက်သည်။ “ချောင်ယောင်းအာရဲ့ နာမည်က မကောင်းဘူး။ အသက် ၂၉ နှစ်မှာ သေမယ့် အဓိပ္ပာယ်မျိုး ပါဝင်တယ်။ နောက်နှစ်ရောက်ရင် သူမက အသက် ၂၉ နှစ် ရောက်ပြီ”
မည်သူမှသည် ပြန်လည်ကာ မပြောဆိုရဲချေ။ တစ်စုံတစ်ယောက်က ဝင်ပြောလိုက်၏။ “ခင်ဗျား.. အသက်ရှည်ရှည် မနေရတော့ဘူးလို့ ကျုပ်လည်း တွက်ချက်မိတယ်။ ချောင်ယောင်းအာက ကြောက်ဖို့ကောင်းတယ်။ သူ့ကို သေပါစေလို့ ခင်ဗျားက ကျိန်ဆဲသလို ဖြစ်နေပြီ”
အားလုံးသော သူတို့သည် ထိုသူနှင့် ခပ်ဝေးဝေးဆီသို့ ရှောင်ရှားသွားခဲ့ကြ၏။ ချောင်ယောင်းအာသာ ကြားသည် ဆိုပါက ကျိန်းသေပေါက် ထိုသူကို အရေခွံခွာမည် မဟုတ်ပါလား။ ချောင်ယောင်းအာ၏ နာမည်သည် တားမြစ် ထားသည့် အရာတစ်ခုကဲ့သို့ပင် သင်္ဘောကြီးတစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။
ဘယ်ဘက်ခြမ်းတွင် ရှိနေသည့် ယောက်ျားတစ်ယောက်နှင့် မိန်းမနှစ်ယောက်တို့ပင်လျှင် သူတို့၏ လုပ်ငန်းကို ရပ်တန့်သွားခဲ့ကြ၏။
“ဟင်… ပြီးသွားပြီလား။ မလုံလောက်သေးဘူးလေ” အမျိုးသမီးက စောဒက တက်လိုက်သည်။
ထိုယောက်ျားက တုန်ယင်သွားခဲ့သည်။ “အဲနာမည်ကို ကြားရတာ ကြောက်စရာပဲ”
အမျိုးသမီးက ပြောလိုက်၏၊ “ချောင်ယောင်းအာက တကယ့်ကို ကြောက်ဖို့ကောင်းတာလား။ ကျွန်မ ထင်တာတော့ သူက လူကောင်းတစ်ယောက်ပဲ။ မိန်းကလေးတွေအပေါ် အရမ်းကောင်းတယ်”
ထိုသူက ပြောလိုက်သည်။ “အင်း.. ကြောက်ဖို့ကောင်းတယ်။ ဘာလို့လဲဆိုတော့ ငါ မင်းတို့ကို ဝယ်ခဲ့တာ မလို့ပဲ။ သူသာ သိသွားမယ်ဆိုရင် ငါ့ကို အရေခွံခွာတော့မှာပေါ့”
ထိုအချိန်မှာတော့ ရှမ့်လန်သည် ချောင်ယောင်းအာ၏ အခွင့်အာဏာနှင့် သြဇာကို နားလည်သွားခဲ့ပြီ ဖြစ်၏။ သူမသည် ငိုနေသည့် ကလေးကိုပင် ရပ်တန့်အောင် ပြုလုပ်နိုင်သည်သာမက ပြင်းပြင်းထန်ထန် မုန်ယိုနေသည့် ယောက်ျားတစ်ယောက်ကိုပါ ရပ်တန့်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။
မည်သူမှ ဘာအကြောင်းမှမပြောသည့် အချိန်မှာတော့ ရှမ့်လန်သည် မည်သည့် အတင်းစကားကိုမှ မကြားရတော့ချေ။ နောက်ဆုံးမှာတော့ သူ အိပ်ပျော်သွားခဲ့သည်။
ညနေခင်းသို့ ရောက်သည့်အချိန်မှာတော့ အပြင်ဘက်ဆီမှ အသံများထွက်ပေါ်လာခဲ့၏။ “နုရှောင့်မြို့ကို ငါတို့ရောက်တော့မယ်”
“နုရှောင့်မြို့ ရောက်တော့မယ်ဟေ့”
“အားလုံးပဲ မှတ်ထားကြနော်။ နုရှောင့်မြို့ထဲမှာ ဟိုအမျိုးသမီးရဲ့နာမည်ကို မပြောကြနဲ့။ မဟုတ်ရင် သေကုန်လိမ့်မယ်။ အားလုံးမှတ်ထားကြ”
“ယောက်ျားတွေ အရှေ့ဘက်အခြမ်းမှာ ရှိနေတဲ့ အဖြူရောင်ရဲတိုက်နားကို မကပ်ကြနဲ့။ အဲဒါ မိန်းကလေး ချောင်ယောင်းအာရဲ့ ရဲတိုက်ကြီးပဲ။ ဖြစ်လျှောက်သွားမယ် ဆိုရင်တောင် သေသွားနိုင်တယ်။ ပိုပြီး အရေးကြီးတာက လမ်းပေါ်မှာရှိတဲ့ မျက်နှာကာဝတ်ထားတဲ့ အမျိုးသမီးတွေနဲ့ သွားမရှုပ်နဲ့။ အဲ့ဒါ မိန်းကလေးချောင်ရဲ့ အစေခံတွေ။ သွားရှုပ်ရင် သေသွားလိမ့်မယ်”
…………..
သူတို့သည် နုရှောင့်မြို့ထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။ ရှမ့်လန်သည် အလွန်အမင်းကြီးမားသည့် ခံစားချက်မျိုးကို ရရှိလျက်ရှိနေ၏။ နေရာအနှံ့တွင် ရွှေနံ့များ ထွက်ပေါ်နေသကဲ့သို့ စည်ကားသိုက်မြိုက်လျက် ရှိနေ၏။ ဘယ်တော့မှ ငြိမ်သက်တိတ်ဆိတ်သွားခြင်း မရှိသည့် မြို့ကြီးတစ်ခုကဲ့သို့ပင်။ စားသောက်ဆိုင်ပေါင်းများစွာ၊ တည်းခိုဆောင်ပေါင်းများစွာက တည်ရှိနေသည်။ သို့ပေမည့် ဆောင်ကြာမြိုင် ဟူ၍ မတွေ့ချေ။ မည်မျှထူးဆန်းလိုက်သနည်း။ ပင်လယ်ဓားပြများ ကွန်းခိုသော မြို့ထဲတွင် ဆောင်ကြာမြိုင် မရှိခြင်း။
သို့ပေမည့် ဘာကြောင့်ဖြစ်သည်ကို သူ ချက်ချင်း နားလည်လိုက်မိ၏။ ချောင်ယောင်းအာ၏ နှာခေါင်းအောက်တွင် ဆောင်ကြာမြိုင် လာဖွင့်ခြင်းဆိုသည်မှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် ဆင်တူပေမည်။ ချမ်းသာ ကြွယ်ဝသည့် လူများသည် နုရှောင့်မြို့ဆီသို့ လာချိန်တွင် သူတို့၏ သီးသန့်မိန်းကလေးများကို အငှားခေါ်ဆောင်လာခဲ့ကြ၏။
သို့ပေမည့် အလွန်လျင်မြန်စွာပင် .... မကြာခင်မှာပဲ နုရှောင့်မြို့ထဲ၌ ဆောင်ကြာမြိုင် တစ်ခုရှိနေကြောင်း ရှမ့်လန် သိလိုက်ရ၏။ သို့ပေမည့် ထိုနေရာတွင် ဝန်ဆောင်မှုပေးနေသော သူများသည် ယောက်ျားလေးများဖြစ်၏။ ပိုမို၍ အရေးကြီးမားသည်မှာ ထိုဆောင်ကြာမြိုင်၏ စီးပွားရေးကလည်း အလွန် ကောင်းမွန်လွန်း၏။ တမျိုး ခံစားရမည့် နေရာ မဟုတ်ပါလား။
နုရှောင့်မြို့ထဲတွင် နေထိုင်ရသည်မှာ လွယ်ကူသည် မဟုတ်ချေ။ ချောင်ယောင်းအာ၏ ဩဇာအာဏာ သက်ရောက်မှုသည် ကြောက်ခမန်းလိလိပင်။
ရှမ့်လန်သည် မြို့၏ကာကွယ်ရေးစနစ်ကို အထူးအာရုံစိုက်ကာ ကြည့်ရှုမိ၏။ ဤမြို့ကြီးသည် မြို့နံရံဟူ၍ မရှိချေ။ မည်သည့်အကာအကွယ်မှ မရှိသလိုပင်။ သို့ပေမည့် သေချာကြည့်ရှုရမည်ဆိုလျှင် နံရံဟူ၍ လိုအပ်မည် မထင်ချေ။ အဘယ်ကြောင့်ဆိုသော် မြို့ကြီးတစ်ခုလုံးသည် ပင်လယ်ပြင်ထဲတွင် သီးခြားတည်ရှိနေသောကြောင့်ပင်။ ပင်လယ်ပြင်ကြီးတစ်ခုလုံးသည် သူတို့အတွက် ကြီးမားသည့် အကာအကွယ်ကြီးတစ်ခုပင် ဖြစ်ပေလိမ့်မည်။
သို့ပေမည့် ရှမ့်လန်သည် ရင်ဘတ်တစ်ခုလုံး အောင့်သွားသလိုပင် ခံစားလိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ချောင်ထျန်းဝေ၏ အိမ်တော်ကြီးကို မြင်လိုက်ရသောကြောင့်ပင်။ လိပ်အခွံထက်ပင် ပိုမိုကာ ခိုင်ခံ့လွန်းလှချေ၏။ ဖောက်ထွင်း၍မရနိုင်သည့် ခံတပ်ကြီး တစ်ခုကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ရွှမ်ဝူအိမ်တော်၏ ရဲတိုက်ကြီးသည် ခုခံရာတွင် အလွန် လွယ်ကူပြီး လာရောက်တိုက်ခိုက်ရန် ခက်ခဲသည့် အရာမျိုး ဖြစ်၏။ သို့ပေမည့် ပင်လယ်ဓားပြ ချောင်ထျန်းဝေ၏ ရဲတိုက်မှာတော့ ထိုထက်ပင် ကြမ်းတမ်း မာကျောလျက် ရှိနေ၏။ ဤအရာသည် ရှမ့်လန်၏ အကြမ်းဖျင်း တွက်ချက်မှုပင် ဖြစ်၏။ ဤရဲတိုက်ကြီးအား လူတစ်ထောင်၊ နှစ်ထောင်လောက် ကာကွယ်ထားသည်ဆိုပါက လူတစ်သောင်းလောက် လာရောက်တိုက်ခိုက်လျှင်ပင် အနိုင်ယူ နိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် ရဲတိုက်ကြီးသည် ကြီးမားသည့် ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည်။ ထို့ကြောင့် မီးလည်းရှို့၍ မရနိုင်ချေ။
နုရှောင့်မြို့ထဲတွင် စုစုပေါင်း ရဲတိုက်ကြီး သုံးခုရှိ၏။ ဘယ်ဘက်ခြမ်းတွင်ရှိနေသည့် ရဲတိုက်ကြီးသည် ချောင်ရှောင်း ၏ ရဲတိုက်ကြီး ဖြစ်၏။ ညာဘက်ခြမ်းတွင် ရှိနေသည့် ရဲတိုက်သည် ချောင်ယောင်းအာ၏ ရဲတိုက်ကြီး ဖြစ်ပြီး အလယ်တွင် ရှိနေသည့် အရာမှာတော့ ချောင်ထျန်းဝေ၏ ရဲတိုက်ပင် ဖြစ်၏။
ထိုရဲတိုက်သုံးခုလုံးကို တြိဂံပုံသဏ္ဍာန် တည်ဆောက်ထားပြီး တစ်ခုနှင့်တစ်ခု ကာကွယ်ပေးထား၏။ ဤရဲတိုက်ကြီး သုံးခု ပြိုကျပျက်စီးခြင်း မရှိပါက နုရှောင့်မြို့ကို လွယ်လွယ်ကူကူနှင့် သိမ်းဆည်းနိုင်လိမ့်မည် မဟုတ်ချေ။ ရဲတိုက်သုံးခုလုံးကို သာမန်နည်းလမ်းများ အသုံးပြုကာ ဖြိုချဖျက်ဆီးဖို့ ဆိုသည်မှာလည်း လွယ်ကူည့် အရာမျိုး မဟုတ်ချေ။ ကောင်းကင်ပေါ်သို့ တက်လှမ်းရသည်ထက်ပင် ပိုမိုကာ ခက်ခဲမှာ သေချာသည်။
လွန်ခဲ့သည့် နှစ်နှစ်ဆယ်တုန်းက မြို့စားကြီး ကျင်းယုသည် ရေတပ်စစ်သားပေါင်း တစ်သောင်းကျော်ကို ခေါ်ဆောင်ပြီး ချောင်ထျန်းဝေကို လာရောက် တိုက်ခိုက်ခဲ့ဖူး၏။ သို့ပေမည့် ချောင်ထျန်းဝေကို အနိုင်မယူနိုင်ခဲ့ချေ။ အလုံးစုံ သုတ်သင်ခြင်းကိုပင် ခံခဲ့ရ၏။ ထိုအချိန်တုန်းက နုရှောင်မြို့ထဲတွင် ဤရဲတိုက်ကြီးသုံးခု မရှိသေးချေ။ ယခုဆိုလျှင် နုရှောင့်မြို့ကို အနိုင်ယူတိုက်ခိုက်သိမ်းပိုက်ဖို့ ဆိုသည်မှာ အလုံးစုံ မဖြစ်နိုင်ချေ။
ဤနေရာသည် အင်အားအလုံးအရင်းနှင့် တိုက်ခိုက်၍ရသည့် နေရာမျိုးမဟုတ်ပေ။ ဉာဏ်ပညာကို အသုံးပြု၍ တိုက်ခိုက် အနိုင်ယူမှသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်သည် တုန်လှုပ်ဖွယ်ရာကောင်းသည့် ထောင်ချောက်ကို စတင်ကာ ဖန်တီးထားခဲ့ခြင်းဖြစ်၏။
သူသည် နုရှောင့်မြို့၏ အမွှေးနံ့သာဆိုင်ထဲသို့ ဝင်ရောက်သွားခဲ့၏။ ဤအရာသည် နုရှောင့်မြို့ထဲတွင် ရှိနေသည့် ရွှမ်ဝူအိမ်တော်မှ သူလျှိုများ၏ ဆုံချက်တည်နေရာပင် ဖြစ်၏။ ကျင်းမိသားစုသည် နုရှောင့်မြို့ထဲတွင် လျှို့ဝှက် အိမ်ထောင်စု ဆယ်ခုထက်မနည်း ထားထားခဲ့၏။ ဆယ်နှစ်ကျော်နီးပါး ဤနေရာတွင် ထိုသူတို့က သူလျှို အဖြစ် နေထိုင်ခဲ့သောကြောင့် နုရှောင့်မြို့သူ ၊ မြို့သားများကဲ့သို့ပင် ဖြစ်နေလေသည်။ မည်သူကမှ သတိမပြုမိကြချေ။
လွန်ခဲ့သည့် ဆယ်နှစ်လုံးလုံး ဤသူလျှိုမိသားစုများသည် အလုပ်မလုပ်ခဲ့ကြချေ။ ထို့အတူ နုရှောင့်မြို့ထဲတွင် ပုန်းအောင်းလျက်ရှိနေသည့် စစ်သည်နှစ်ရာကျော်တို့ကလည်း အလုပ်မလုပ်ခဲ့ကြချေ။ သူတို့သည် သာမန်လူများ ပုံစံဖြင့် အသက်မွေးဝမ်းကြောင်းပြု နေထိုင်ခဲ့ကြသည်။
သူ၏ယောက္ခထီးသည် ရှေးရိုးဆွဲပြီးသမားရိုးကျသည့် လူတစ်ယောက် ဖြစ်ပေမဲ့ အသုံးပြုသည့် နည်းလမ်းများမှာတော့ အံ့အားသင့်စရာ ကောင်းလွန်း၏။ ကျိန်းသေပေါက် အရည်အသွေးပြည့်မီသည့် ခေါင်းဆောင်ကောင်း တစ်ယောက်ပင်ဖြစ်၏။
သဘောတူညီမှုအရ ရှစ်ချင်းချင်းသည် ညနေခင်းတွင် ဤနေရာဆီသို့ ရောက်ရှိလာပြီး အမွှေးတိုင် ဝယ်ယူရမှာဖြစ်၏။ ရှမ့်လန်သည် ဆိုင်၏ မြေအောက်ခန်းတွင် ဝင်ရောက်သွားခဲ့၏။ ရှစ်ချင်းချင်း ရောက်ရှိလာမည် ကို စောင့်မျှော်လျက်ရှိနေသည်။
စစ်သည်ပေါင်း တစ်ဒါဇင်ကျော်တို့သည် ထိုလမ်းတစ်ခုလုံးကို သေသေချာချာ စောင့်ကြည့်လျက်ရှိ၏။
..........
ချောင်ယောင်းအာသည် သမားတော်အားလုံးကို နှင်ထုတ်ခဲ့၏။ ပြီးနောက် မျက်လုံးကိုစုံမှိတ်ပြီး အိပ်ရာထက်တွင် လဲလျောင်းနေ၏။ အဘယ်ကြောင့်ဆိုသော် မျက်လုံးဖွင့်လိုက်သည်နှင့် ဦးခေါင်းတစ်ခုလုံး ချာချာလည်သလို ခံစားရပြီး ထထိုင်နိုင်စွမ်းပင် မရှိသောကြောင့်ပင်။
သုံးကြိမ်တိတ် သွေးအန်ခဲ့ပြီး ဖြစ်သည်။ မျက်လုံးများက သွေးကဲ့သို့ နီရဲလျက်ရှိနေ၏။ သူမ၏ နှုတ်ခမ်းသားများသည် ခရမ်းရောင်ပင် သန်းလို့နေသည်။
သမားတော်တစ်ဒါဇင်ကျော်တို့သည် သူမကို လာရောက် တွေ့ဆုံခဲ့၏။ သို့ပေမည့် ရောဂါ၏ ဇစ်မြစ် အကြောင်းအရာကိုပင် ရှာမတွေ့ခဲ့ချေ။
ဤအချိန်၌ သူမသည် ရှစ်ချင်းချင်း၏ အနောက်အရပ်သို့ ခရီးသွားခြင်းအကြောင်းကို နားထောင်လျက် ရှိနေတုန်းပင်။ သူမသည် သေဆုံးရမည်ကို နှမျောသလိုပင် ခံစားနေမိ၏။ သို့ပေမည့် သူမ ကြောက်လန့်ခြင်းတော့ မရှိချေ။ ရံဖန်ရံခါဆိုသိလို တွေးနေ၏၊ ‘ဘဝရဲ့ ပျော်ရွှင်မှုဆိုတာဘာလဲ။ သေဆုံးခြင်းရဲ့ ကြောက်ရွံ့မှုကရော ဘာလဲ’
အနောက်အရပ်သို့ ခရီးသွားခြင်းဇာတ်လမ်းကို ယနေ့အတွက် နားထောင်ခဲ့ပြီးနောက် ချောင်ယောင်းအာသည် အတွေးနက်လျက်ရှိနေ၏။ ဤဇာတ်လမ်းသည် တကယ့်ကို ကောင်းမွန်လွန်း၏။ ဤဇာတ်လမ်းတွင် ပါဝင်သည့် လောကကြီးကလည်း လှပပြီး နေချင်စရာကောင်းလှသည်။ သူမသည် ထိုအရာကို ကျိန်းသေပေါက် အပြီးထိ နားထောင်ချင်မိသည်။
“အင်း… ၃ နာရီလောက်ကြာရင် ကျွန်မကိုနှိုး” ချောင်ယောင်းအာက သတိပေးလိုက်၏။
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ကောင်းပါပြီ တပ်မှူး။ ဘာလုပ်ချင်လို့ပါလဲ”
ချောင်ယောင်းအာက ပြောလိုက်၏၊ “အင်း .... တစ်စုံတစ်ယောက်နဲ့ သွားပြီး တိုက်ခိုက်ဖို့”
ရှစ်ချင်းချင်းသည် မည်သို့မှမနေနိုင်ဘဲ ကြောင်အသွားမိ၏။ ဤကဲ့သို့သောအချိန်တွင် တစ်စုံတစ်ယောက်နှင့် သွားရောက်တိုက်ခိုက်မည်လား။ ခေါင်းကြီးတစ်ခုလုံးကွဲထွက်လုမတက် ခေါင်းကိုက်ခြင်းကို ခံစားနေရပြီး သွေးများပင် အန်ထွက်ခဲ့သည်။ မျက်လုံးကိုဖွင့်သည့်အချိန်တိုင်း မူးနောက်ပြီး လောကကြီး ချာချာလည်သလို ခံစားနေရ၏။ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်ချေ။ အဘယ်သို့ တစ်စုံတစ်ယောက်နှင့် သွားရောက်ကာ တိုက်ခိုက်မည်နည်း။
ရှစ်ချင်းချင်းသည် နာကျင်စွာ ပြောလိုက်သည်၊ “ဘယ်သူနဲ့သွားပြီး တိုက်ခိုက်မှာလဲ”
ချောင်ယောင်းအာက ပြောလိုက်၏၊ “ကျူးဟုန်ရွှဲ့လေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက ချိန်းဆိုထားခဲ့တာ”
တကယ်သူဖြစ်နေလေသည်လား။ ဟုတ်ပေ၏။ ကျူးဟုန်ရွှဲ့ဆိုသည့် နာမည်ကို ရှစ်ချင်းချင်း အရင်တုန်းက ကြားဖူး၏။ ထိုသူသည် ကောင်းကင်က ချီးမြှောက်ထားသည့် သားတော်တစ်ပါးဖြစ်သလို မိဖုရားကြီး၏ တူ၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ကျူးကျွင်း၏ သားဖြစ်၏။ ကျူးဟုန်ရွှဲ့သည် ကျိုးရှီ၏ တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီး ရွှဲ့ပြည်နယ်၏ လူငယ်မျိုးဆက်များထဲတွင် အားအကောင်းဆုံးဖြစ်သည်ဆိုခြင်းကိုတော့ ရှစ်ချင်းချင်း မသိချေ။
ပြီးနောက် ရှစ်ချင်းချင်းသည် အနည်းငယ် တွန့်ဆုတ်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် သူမ ပြော၍မရသည့် လျှို့ဝှက်သော အရာများဖြစ်၏။ သူမ၏ ရာထူးသည် ချောင်ယောင်းအာ၏ ဘေးတစ်ဖက်တွင် မြင့်မြင့်မားမား တည်ရှိနေသည်မဟုတ်ပေ။ နုရှောင့်မြို့တစ်ခုလုံးတွင် ချောင်ထျန်းဝေတစ်ယောက်တည်းသာ သူ၏ သမီးအတွက် သမားတော်ကို ရှာဖွေခွင့်ရှိ၏။ ချောင်ရှောင်းပင်လျှင် ထိုကဲ့သို့ အခွင့်အရေးမရှိချေ။ ရှစ်ချင်းချင်း ... ဒုတိယမြောက် အဆင့်အတန်းနှင့် အိမ်စေတစ်ယောက်သည် ထိုကဲ့သို့သော အခွင့်အရေးကို ကျိန်းသေပေါက် ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။
“တပ်မှူး…” ရှစ်ချင်းချင်းသည် လှမ်းကာပြောလိုက်၏။
“အင်း…”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “အရမ်း ... အရမ်းကို တော်တဲ့လူတစ်ယောက်ရှိတယ်။ သူက ကျိန်းသေပေါက် တပ်မှူးရဲ့ရောဂါကို ကုသပေးနိုင်လိမ့်မယ်။ အနည်းဆုံး ဘာရောဂါဖြစ်နေတယ်ဆိုတာတော့ သိလိမ့်မယ်။ သူ့နဲ့ ကုသကြည့်ချင်လား”
ချောင်ယောင်းအာက တိတ်ဆိတ်ငြိမ်သက်သွား၏။ ခဏလောက်ကြာပြီးနောက် သူမသည် ခေါင်းညိတ်ကာ ပြောလိုက်၏၊ “အင်း”
“အင်း .... ဟုတ်လား”
ရှစ်ချင်းချင်းသည် ပျော်ရွှင်သွားပြီး ပြေးထွက်သွားခဲ့၏။ ချောင်ယောင်းအာသည် မည်သည့်မျှော်လင့်ချက်မှ မရှိချေ။ သူမ၏ဖခင် ချောင်ထျန်းဝေသည် သူမအတွက် အကောင်းဆုံးသော သမားတော်များကို ရှာဖွေပေးခဲ့ပြီးသား ဖြစ်၏။ သူမ မည်သည့်ရောဂါကို ခံစားနေသည်ဖြစ်ကြောင်းကိုပင် ဤသမားတော်များက မသိရှိခဲ့ချေ။
ရှစ်ချင်းချင်း သွားခေါ်လာသည့် လူသည် ထိုကဲ့သို့သောလူမျိုးပင် ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ရှစ်ချင်းချင်း၏ အသံထဲတွင် စိတ်အားထက်သန်မှုများကို ကြားနေရသောကြောင့် သူမ သဘောတူညီခဲ့ခြင်းပင်။
…………
ရှစ်ချင်းချင်းသည် ရွှမ်ဝူအိမ်တော်မှ သူလျှိုများနေထိုင်ရာ လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်လာခဲ့၏။
ကျင်းမိသားစု၏ သူလျှိုက ပြောလိုက်သည်။ “အင်း.. သမက်တော်ရောက်နေပါတယ်”
ပြီးနောက် သူသည် ရှစ်ချင်းချင်းကို လျှို့ဝှက်ခန်းထဲသို့ ခေါ်ဆောင်ခဲ့၏။
လျှို့ဝှက်ခန်းထဲသို့ရောက်ရှိပြီးနောက် ရှစ်ချင်းချင်းက အမှတ်မထင်ပြောဆိုလိုက်သည်။ “ရှင် ဒီကို ရောက်လာပြီလား”
လျှို့ဝှက်ခန်းတစ်ခုလုံးက မှောင်မိုက်လျက် ရှိနေ၏။ သူမ ဘာကိုမှ သေသေချာချာ မမြင်ရချေ။ သို့ပေမည့် သူမသည် ရှမ့်လန်၏ ကိုယ်နံ့ကို အနံ့ခံမိ၏။ ချီးတဲ့မှ… သူမသည် တကယ်ပင် ရှမ့်လန်၏ ခန္ဓာကိုယ်အနံ့ကိုပင် မှတ်မိလျက်ရှိ၏။
ဖယောင်းတိုင်မီးများ လင်းလက်သွားခဲ့၏။ ရှစ်ချင်းချင်းသည် ရှမ့်လန်ကို မြင်ရ၏။ ပြီးနောက် သူမသည် အလုံးစုံ ဆွံ့အသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် အလွန်လှပသည့် အမျိုးသမီးတစ်ယောက်ကို မြင်ရသောကြောင့်ပင်။ ‘ကောင်းကင်ဘုံ… ငါ ရှစ်ချင်းချင်းက မျက်လုံးတောင်ကန်းတော့မှာပဲ’