အခန်း (၂၀၀)
Vol. 15 Ch. 200
ရှမ့်လန်သည် အောက်ခြေစည်းမျဉ်းမရှိကြောင်းကို သူမ သိရှိ၏။ သို့ပေမည့် ဤမျှလောက် လွန်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ဤကဲ့သို့ အရှက်ကင်းမဲ့စွာဖြင့် အမျိုးသမီးတစ်ယောက်အဖြစ် ဟန်ဆောင်ထားလေသည်လား။ ထို့အပြင် အလွန်လှပလွန်းချေ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ကို ဘာလို့ဒီလိုစိုက်ကြည့်နေရတာလဲ။ ဒီမှာ ယောက်ျားစစ်စစ် ဆိုပြီး ဆွဲထုတ်ပြလိုက်ရင် ခင်ဗျားလန့်သွားမယ်”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ပါးစပ်ပိတ်ထား။ မပြောနဲ့တော့”
ပြီးနောက် သူမသည် ရှမ့်လန်ကို ခဏကြာကြည့်ရှုပြီး မှတ်ချက်ပြုလိုက်သည်။ “အင်း... ပြစ်ချက်ဆိုလို့ တစ်ခုမှမရှိဘူး။ တကယ့် မိန်းမတစ်ယောက်လိုပဲ။ ကောင်းတယ် .... ကောင်းတယ်။ ချောင်ယောင်းအာက သူမရဲ့ အသားကို ဘယ်ယောက်ျားကိုမှ ထိကိုင်ခွင့်ပေးတာမဟုတ်ဘူး။ ဒီတော့ မိန်းကလေးဖြစ်နေရင် အကောင်းဆုံးပဲ။ ရှင်ရဲ့မျက်နှာကို ပုဝါနဲ့ ဖုံးထားရင် ပိုပြီးကောင်းလိမ့်မယ်။”
ရှမ့်လန်က သက်ပြင်းချလိုက်၏၊ “အင်း.. ကျုပ်လိုချောမောတဲ့လူတစ်ယောက်က တကယ့်ကို စိုးရိမ်ပူပန်စရာတွေ များတာပဲ။ ဘယ်နေရာကို သွားသွား တခြားသူတွေ မှတ်မိမှာ စိုးရတယ်”
သို့ပေမည့် သူပြော၍မပြီးခင်မှာပဲ ရှစ်ချင်းချင်းသည် လက်များကိုဆန့်တန်းကာဖြင့် သူ၏ပါးစပ်ကို အုပ်ကိုင်လိုက်သည်။ “စကားမပြောနဲ့တော့ ... ဒီနေ့ကစပြီး ရှင်က အအပဲ”
ရှမ့်လန်က ပါးစပ်ပိတ်သွား၏။
ရှစ်ချင်းချင်းက ပြောလိုက်သည်၊ “လာ လာ… မိန်းကလေးချောင်ယောင်းအာကို ကုသဖို့အတွက် ကျွန်မနဲ့ လိုက်ခဲ့တော့”
ပြီးနောက် သူမသည် စိုးရိမ်ပူပန်စွာ ပြောလိုက်၏၊ “ရှင် ဆေးကုတတ်တယ် ကျွန်မကို ပြောခဲ့တယ်နော်။ အဲဒါ အမှန်လား။ ရှင်ညာတာ မဟုတ်ဘူး မဟုတ်လား”
ရှမ့်လန်သည် အသာပင် ပြောဆိုလိုက်၏၊ “ခင်ဗျားရဲ့ ရာသီစက်ဝန်းနာကျင်မှုကို ကုသပေးခဲ့တာ ဘယ်သူလဲ”
“တော်စမ်း”
ပြီးနောက် ရှစ်ချင်းချင်းသည် ရှမ့်လန်ကို ခေါ်ဆောင်ကာဖြင့် ချောင်ယောင်းအာ၏ ရဲတိုက်ဆီသို့ ပြန်လာခဲ့သည်။
အထဲသို့ဝင်ရောက်ချိန်မှာတော့ သူတို့ကို မည်သူမှ သံသယ မရှိချေ။ အဘယ်ကြောင့်ဆိုသော် ရဲတိုက်ကြီး တစ်ခုလုံးတွင် လှပသည့် အမျိုးသမီးများနှင့် ပြည့်နှက်လျက်ရှိနေပြီး အားလုံးသောသူတို့သည် မျက်နှာကာများကို ဝတ်ဆင်ထားခဲ့သောကြောင့်ပင်။
………
အတိတ်ကာလက ရှမ့်လန်၏ နားထဲတွင် ချောင်ယောင်းအာအကြောင်း အရာပေါင်းများစွာကို ကြားခဲ့ရဖူးသည်။ မိုးကြိုးပစ်သံကဲ့သို့ နားထဲတွင် ပဲ့တင်ထပ်နေသလိုပင်။ သူမသည် နုရှောင့်မြို့မဟာဗျူဟာ၏ အဓိကအကျဆုံး ပုဂ္ဂိုလ်ဖြစ်သည်ကို မပြောနှင့်။ ရှမ့်လန်သည် သူမကို ချဉ်းကပ်ရန် ‘အနောက်အရပ်သို့ ခရီးသွားခြင်း’ ဇာတ်လမ်းကိုပင် ကူးယူရေးသားပေးခဲ့၏။
မရေမတွက်နိုင်သော ဒဏ္ဍာရီများထဲတွင် သူမသည် နတ်မိစ္ဆာမတစ်ပါး၊ ကြမ်းကြုတ်ရက်စက်သူ ဖြစ်သည်။ ဒဏ္ဍာရီထဲတွင် သူမ၏ အရပ်မှာ ရှစ်ပေမြင့်ပြီး ခါးမှာလည်း ရှစ်ပေရှိသည်ဟု ဆိုကြ၏။ ဒဏ္ဍာရီထဲတွင် သူမသည် နတ်ဆိုးတစ်ပါးဖြစ်ပြီး ဟွမ်ဖန်ထက်ပင် ရုပ်ဆိုးသည်ဟု ဆိုကြသည်။
ထို့အတူ ရှစ်ချင်းချင်း၏ လျှို့ဝှက်စာတွင်မူ ချောင်ယောင်းအာ၏ ရုပ်ရည်အကြောင်းကို မဖော်ပြထားခဲ့ပေ။ ထို့ကြောင့် ရှမ့်လန်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကို ကြိုတင် ပြုလုပ်ထားခဲ့၏။ ‘ငါ ဟွမ်ဖန်လို ရုပ်ဆိုးတဲ့ မိန်းမတွေကိုတောင် ကြည့်နိုင်သေးတာပဲ။ ငါ့ကို ဒီထက် ထိတ်လန့်သွားစေမယ့် မိန်းမတစ်ယောက် မရှိနိုင်တော့ဘူ’
သို့ပေမည့် ရှစ်ချင်းချင်း တံခါးကို တွန်းဖွင့်လိုက်ပြီး ချောင်ယောင်းအာ၏ ပုံရိပ်ကို မြင်တွေ့လိုက်ရချိန်၌ ရှမ့်လန် ထိုနေရာတွင်ပင် ကြက်သေသေသွား၏။ သူ၏ ဦးနှောက်ထဲတွင် သူ၏ ငယ်ဘဝကို အလိုအလျောက် ပြန်လည်အမှတ်ရသွားသည်။ ဦးနှောက်ထဲတွင် သူ ကိုယ်တိုင်မြင်ဖူးသမျှ အမျိုးသမီးအားလုံး ပေါ်လာ၏။ သာမန်ရုပ်ရှင်များထဲတွင်၊ အထူးရုပ်ရှင်များထဲတွင်၊ ပိုစတာများတွင်၊ မဂ္ဂဇင်းမျက်နှာဖုံးများတွင်၊ တကယ့် လက်တွေ့ဘဝတွင် မည်သည့်နေရာတွင်မဆို မျက်စိရှေ့မှ ချောင်ယောင်းအာကဲ့သို့ ပြင်းထန်သော စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်သည့် အမျိုးသမီးတစ်ယောက်မှ မရှိခဲ့ပေ။
ဤခန္ဓာကိုယ်၊ ဤရုပ်ရည်သည် ယောကျာ်းတို့၏ နှလုံးသားကို ချက်ချင်းပင် ထုခွဲပစ်နိုင်စွမ်းရှိသည်။ ဤသို့သော အမျိုးသမီးမျိုးကို မမြင်ဖူးခဲ့ပေ။ အတုမရှိသော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသလို အဆုံးမရှိသော ဆွဲဆောင်မှုများဖြင့်လည်း ပြည့်နှက်နေသည်။ သဘာဝတရား၏ အလှသည် အမှန်ပင် ပြိုင်ဘက်ကင်းချေသည်။
ထိုအချိန်တွင် ရှမ့်လန်၏ စိတ်ထဲ၌ အတွေးတစ်ချို့ ပေါ်လာ၏။ ‘ငါ့ရဲ့ ညီတော်မောင်ကတော့ တကယ်ကို ကုရာနတ္ထိ ဆေးမရှိတော့ပါလား။ မကောင်းဘူး၊ မကောင်းဘူး။ ဒီလိုဆိုရင် ဒုက္ခရောက်ကုန်လိမ့်မယ်။’
ရှမ့်လန် မျက်စိမှိတ်လိုက်ပြီး ဦးနှောက်ထဲတွင် ဟွမ်ဖန်၏ ရုပ်ရည်ကို ပြန်လည်တွေးတောလိုက်သည်။ ပြီးနောက် စိတ်ထဲတွင် မရပ်မနား ရွတ်ဆိုနေ၏။
“ဟွမ်ဖန်က ငါနဲ့ အိပ်တော့မယ်။ ဟွမ်ဖန်က ငါနဲ့ အိပ်ချင်နေတယ်”
ခဏအကြာတွင် သူ၏ စိတ်ရိုင်းများသည် ငြိမ်သက်သွားသည်။
‘တကယ် ထိရောက်ပါလား။ ဟွမ်ဖန် .... မင်းက တကယ်ကို နတ်ဘုရားမတစ်ပါးပါပဲ’
“ရှင်က ရှစ်ချင်းချင်း ရှာလာတဲ့ သမားတော်လား” လှပသော အမျိုးသမီးတစ်ယောက်သည် စူးစိုက်စွာ ကြည့်ရှုရင်း ခပ်မာမာ မေးလိုက်၏။
ရှမ့်လန် ခေါင်းမော့ကြည့်လိုက်၏။ ဤသူမှာ ရှစ်ချင်းချင်း၏ စာထဲမှ ကောက်ကျစ်လွန်းသော အစေခံမ ပင်ဖြစ်ပေလိမ့်မည်။
ရှမ့်လန်သည် ခေါင်းကို အသာညိတ်ကာဖြင့် အတည်ပြုလိုက်၏။
ခဏကြာပြီးသည့်နောက် ချောင်ယောင်းအာက မျက်လုံးပွင့်လာခဲ့၏။ သူမ၏ အကြည့်သည် ကြယ်ကဲ့သို့ပင် စူးရှ တောက်ပလွန်းလှချေ၏။ သွေးကဲ့သို့နီရဲနေသည့် မျက်လုံးများ ရှိနေသည်ဆိုလျှင်တောင်မှ သူမ၏ ချောမောမှုကို မဖုံးကွယ်နိုင်ခဲ့ချေ။ ရှမ့်လန်ကို မြင်ရသည့်အချိန်မှာတော့ ချောင်ယောင်းအာသည် မည်သို့မှ မနေနိုင်ဘဲ အံ့အားသင့်သွာမိသည်။ တကယ်ပင် အမျိုးသမီး ဆရာဝန်တစ်ယောက် ရှိနေလေသည်လား။
သူမသည် မျက်လုံးကို ပြန်ကာ မှိတ်လိုက်၏။ ပြီးနောက် လက်ကို အသာဆန့်တန်းကာ ချပေးလိုက်၏။ မည်သည့်မျှော်လင့်ချက်မှတော့ မရှိချေ။ လောကကြီးထဲတွင် ရှိနေသော ကျော်ကြားသည့် သမားတော်များပင်လျှင် သူမ မည်သည့်ရောဂါ ခံစားနေရကြောင်း မပြောနိုင်ချေ။ သူမ၏ ရှေ့တွင်ရှိနေသည့် အမျိုးသမီးသမားတော်သည် ငယ်ရွယ်လွန်းနေသည် မဟုတ်ပါလား။
ချောင်ယောင်းအာသည် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်တစ်ယောက် အမျိုးသမီး ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်ဖြစ်ကြောင်း သိရှိသွားလိမ့်မည်ဟု ရှမ့်လန်က အနည်းငယ် စိုးရိမ်ပူပန်နေမိ၏။ သို့ပေမည့် ရှမ့်လန် အတွေးများနေခြင်းသာလျှင် ဖြစ်၏။ ချောင်ယောင်းအာသည် သူ့ကို စစ်ဆေးရန် စိတ်ဆန္ဒပင် မရှိချေ။
“လောကကြီးရဲ့ ကျော်ကြားတဲ့သမားတော်တွေတောင်မှ ကျွန်မတို့သခင်မရဲ့ ရောဂါကို မကုသနိုင်ဘူး။ မြန်မြန်ကြည့်ပြီး မြန်မြန်ထွက်သွားတော့။ လာလိမ်မနေနဲ့” လုရီသည် အေးစက်စက် ပြောလိုက်၏။
ရှမ့်လန်သည် အထဲသို့ လျှောက်ဝင်ပြီးနောက် ချောင်ယောင်းအာ၏ လက်ကောက်ဝတ်ကို အသာထိတွေ့ကာ စစ်ဆေးလိုက်၏။ ပြီးနောက် သူသည် သူမ၏ မျက်လုံးကို လှပ်ကာဖြင့် မျက်စိသူငယ်အိမ်များကို စစ်ဆေးလိုက်၏။ မျက်စိများကိုစစ်ဆေးပြီးနောက် သူသည် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို X-Ray အမြင်ဖြင့် ကြည့်ရှုလိုက်သည်။
ချက်ချင်းပဲ သူ တုန်လှုပ်သွား၏။ ဤအမျိုးသမီးသည် အဘယ်သို့ လက်ရှိအခြေအနေအထိ အသက်ရှင် နေရသနည်း။ တခြားသော တစ်စုံတစ်ယောက်သာ ဆိုပါက အကြိမ် ရှစ်ရာလောက် သေဆုံးနှင့်နေပေလိမ့်မည်။
ရှစ်ချင်းချင်းသည် ဘေးတစ်ဖက်ဆီမှ မေးမြန်းလိုက်၏၊ “သမားတော် ... ကုသလို့ရရဲ့လား”
“အင်း”
ရှမ့်လန်က ခေါင်းညိတ်ပြလိုက်၏။ ပြီးနောက် သူသည် လက်အမူအရာဖြင့် ပြသလိုက်သည်။
ရှစ်ချင်းချင်းသည် မည်သို့မှ မနေနိုင်ဘဲ တုန်လှုပ်သွားမိ၏။ ‘ရှမ့်လန်… ရှင် အရူး… ရှင် ဘာလုပ်ချင်တာလဲ’
အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် ချောင်ယောင်းအာကို အဝတ်အစားများချွတ်ရန် အမူအရာ ပြနေသောကြောင့်ပင်။
ရှမ့်လန်၏ အမျိုးသမီးများနှင့်ပတ်သက်သည့် အရသာခံမှုသည် လောကတွင်ရှိနေသည့် တခြားသော ယောကျာ်းအားလုံး၏ အထက်တွင် တည်ရှိနေကြောင်းကို ရှစ်ချင်းချင်း ကောင်းကောင်းသိ၏။ သို့ပေမည့် တဏှာရူးချင်သည် ဆိုလျှင်လည်း တည်နေရာ ကာလံဒေသကို ကြည့်ရှုရန် လိုအပ်သည် မဟုတ်ပါလား။ ချောင်ယောင်းအာ ထကာ ရိုက်သတ်မည်ကို မစိုးရိမ်ဘူးလား။
သို့ပေမည့် ရှမ့်လန်၏ အမူအရာသည် တကယ်ပင် လေးနက်လျက် ရှိလို့နေ၏။
ဟုတ်ပေ၏။ သူသည် တစ်ဖက်လူအပေါ်တွင် အခွင့်အရေးယူကာဖြင့် အဝတ်ချွတ်ခိုင်းနေခြင်း မဟုတ်ချေ။ ချောင်ယောင်းအာ၏ ခန္ဓာကိုယ်မှ သွေးထွက်သည့်နေရာကို ကြည့်ရှုချင်နေခြင်းသာ ဖြစ်သည်။
ရှစ်ချင်းချင်းက ပြောလိုက်၏။ “သေချာလို့လား”
ဤလူယုတ်မာ သေချင်သည်ဆိုလျှင်ပင် သူမကို ဆွဲထည့်ရန် မသင့်ပေ။
ရှမ့်လန်သည် လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ရှစ်ချင်းချင်းသည် စိုးရွံ့စွာဖြင့် ပြောလိုက်၏။ “တပ်မှူး... တပ်မှူးရဲ့ အဝတ်အစားတွေကို ချွတ်ဖို့လိုမယ်လို့ သမားတော်က ပြောတယ်”
ထိုကဲ့သို့ ပြောလိုက်သည့်အချိန်မှာတော့ သူမသည် နှလုံးသားများ လှုပ်ခါလျက် ရှိနေ၏။ ချောင်ယောင်းအာ သည် ရှမ့်လန်ကို ရုတ်တရက်ထကာ ရိုက်နှက် သတ်ဖြတ်လိုက်မည်ကို သူမ စိုးရိမ်မိသည်။
“အင်း...”
ချောင်ယောင်းအာသည် သာမန်ပင် ခွန်းတုံ့ပြန်လိုက်၏။ ရှစ်ချင်းချင်းသည် စိုးရိမ်လွန်နေခြင်းသာလျှင် ဖြစ်သည်။ ချောင်ယောင်းအာသည် တစ်ချက်ကလေးမှပင် ဂရုစိုက်ခြင်းမရှိချေ။ အထူးသဖြင့် ရှမ့်လန်သည် အမျိုးသမီး သမားတော် ဖြစ်နေသောကြောင့်ပင်။
ရှစ်ချင်းချင်း လှုပ်ရှားရန် ပြင်လိုက်၏။ သို့ပေမည့် လုရီသည် ဘေးတစ်ဖက်ဆီသို့ တွန်းလွှတ်ပြီး ချောင်ယောင်းအာ၏ ညအိပ်ဝတ်စုံကို အသာပင် ကြိုးဖြည်လိုက်၏။
ချက်ချင်းပင် လေထုတစ်ခုလုံးသည် မွှေးပျံ့သည့်ရနံ့များနှင့် သင်းကြိုင်သွားခဲ့သည်။
ရှမ့်လန်သည်လည်း သွေးများ ဆူဝေသွားခဲ့သည်။ သူ၏ စိတ်ရိုင်းများသည် ပြန်လည် ပေါ်ပေါက်လာ၏။
‘ငါ...ငါ မဖြစ်ဘူး။ ငါ လုံးဝ မဖြစ်ဘူး။ ငါ...ငါ စိတ်ပြောင်းမှ ဖြစ်မယ်။ စိတ်ပြောင်းမှ ဖြစ်မယ်’
မထင်မှတ်ထားသည့် ကောက်ကြောင်း ... မထင်မှတ်ထားသည့် လောက၏အလှတရား.. ထိုအရာကို မြင်ရသည့်အချိန်မှာတော့ သူ၏ နှလုံးသားတစ်ခုလုံးသည် ပွင့်ထွက်လုမတတ်ပင်။ ကမ္ဘာမြေပေါ်တွင် ရှိနေသည့် မော်ဒယ်ပေါင်းများစွာတို့၏ အလှကို ယှဉ်နိုင်လောက်သည့် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်အလှ။
ရှမ့်လန်သည် မျက်လုံးကို မှိတ်၍ ဤသို့ ရေရွတ်နေမိ၏။
‘ဟွမ်ဖန်က ငါနဲ့ အိပ်ချင်နေတယ်။ ဟွမ်ဖန်က ငါနဲ့ အိပ်ချင်နေတယ်။ ချီးတဲ့မှ.. ဒီလောက်နဲ့ မရသေးပါလား။ ဟွမ်ဖန်က ငါနဲ့ အိပ်ချင်နေတယ်။ ဟွမ်ဖန်က ငါနဲ့ အိပ်ချင်နေတယ်။ အင်း...’
အလွန် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုသည် ချက်ချင်းပဲ အသက်ဝင်လာခဲ့၏။ သူ၏ စိတ်နှလုံးက ပြန်လည်ကာ ငြိမ်သက်သွားခဲ့၏။ သူသည် အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်၏။ အရောင်အဆင်းများ ကင်းမဲ့သွားပြီး လောကကြီးတစ်ခုလုံးတွင် ချောင်ယောင်းအာ၏ ပွင့်ပွင့်လင်းလင်း ခန္ဓာကိုယ် အသွင်အပြင် တစ်ခုကသည်သာ အရောင်အဆင်းအဖြစ် လှပစွာ ကျန်ရစ်ခဲ့သည်။
သို့ပေမည့် ပါရမီရှင် တဏှာရူးဟု ဆိုလောက်သော ရှမ့်လန်၌ အောက်ခြေစည်းမျဉ်းဟူ၍ ရှိ၏။
သူ မျက်လုံးကို ထပ်မံကာ ဖွင့်လိုက်သည့်အချိန်မှာတော့ သူ၏အကြည့်သည် အလုံးစုံ ကျွမ်းကျင်လွန်းသည့် သမားတော် တစ်ယောက်၏ အကြည့်မျိုး ဖြစ်သွားခဲ့၏။ သူသည် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်မှ သွေးထွက်သည့်နေရာကို သေသေချာချာ စစ်ဆေးလိုက်၏။ အဓိကသော့ချက်တည်နေရာများပင် ဖြစ်၏။ ဟုတ်ပေ၏။ အဓိကသော့ချက် တည်နေရာများ ဆိုသည်မှာ ဆေးပညာနှင့်ပတ်သက်သည့် အဓိက သော့ချက်နေရာ ဖြစ်၏။ မိတ်ဆွေတို့ ထင်သလို မဟုတ်ချေ။
ရှမ့်လန်သည် စစ်ဆေးသည့်နေရာတွင် အလွန်အလေးနက်ထားကာ သေသေချာချာ ကြည့်ရှုနေခြင်း ဖြစ်၏။ တစ်ခါတစ်ရံတွင် သူ၏ မျက်နှာတစ်ခုလုံးက တွေဝေငေးငိုင်သွားခဲ့၏။ ဤအရာသည် ဟန်ထုတ်နေခြင်း မဟုတ်ချေ။ တကယ် ရှင်းရှင်းလင်းလင်း သိရှိချင်၍ ရောဂါ၏ ဇစ်မြစ်ကို စုံစမ်းအဖြေရှာနေခြင်းသာလျှင် ဖြစ်သည်။
ရှစ်ချင်းချင်းသည် ဘေးတစ်ဖက်ဆီမှ လှမ်းကြည့်ရင်း ကြောက်ရွံ့လျက် ရှိနေ၏။ ရှမ့်လန်သည် ရဲတင်းသည့် လူတစ်ယောက် ဖြစ်ကြောင်းကို သူမ သိရှိ၏။ သို့ပေမည့် ဤမျှလောက် ရဲတင်းလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ တစ်ဖက်လူက မျက်လုံးကို ဆွဲကာ နှိုက်ထုတ်လိုက်လျှင် မည်သို့ လုပ်မည်နည်း။
နာရီဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ရှမ့်လန်သည် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်ဆီမှ အကြည့်လွှဲလိုက်၏။ ရုတ်တရက် မတ်တပ်ထရပ်ပြီးနောက် မျက်လုံးကို မှိတ်လိုက်၏။ လုရီသည် ချက်ချင်း ရောက်ရှိလာကာဖြင့် ချောင်ယောင်းအာ၏ ညဝတ်ဝတ်စုံကို အသာပင် ပြန်လည်ကာ ဝတ်ဆင်၍ ကြိုးစည်းပေးလိုက်၏။ လောကကြီး တစ်ခုလုံးတွင် ရှိနေသည့် အရောင်အဆင်းများအားလုံးက မူလအတိုင်း ပြန်ဖြစ်တည်လာ၏။
“စစ်ဆေးတာ ပြီးသွားပြီ။ မြန်မြန်...ထွက်သွားတော့”
ပြီးသည့်နောက် လုရီသည် သူတို့အား ထွက်ခွာသွားရန် နှင်ထုတ်လိုက်သည်။
ထိုအချိန်မှာတော့ ရှမ့်လန်သည် အံ့အားသင့်နေဆဲဖြစ်သည်။ ချောင်ယောင်းအာတစ်ယောက် လက်ရှိ အချိန်အထိ မည်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့သနည်း။ တခြားသော တစ်စုံတစ်ယောက်သာ ဆိုပါက ဤကဲ့သို့ အားကောင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ သေဆုံးနှင့်နေလောက်ပြီ ဖြစ်၏။
ရှမ့်လန်သည် စုတ်တံကို ကောက်ယူပြီး စာရွက်ပေါ်တွင် စာသားတစ်ချို့ကို ရေးချလိုက်သည်။
ရှစ်ချင်းချင်းက ထိုအရာကို ဖတ်ပြလိုက်၏။ “တပ်မှူး... မျက်လုံး ဖွင့်ဖို့မရဲဘူးလို့ ပြောနေတယ်။ တကယ်လို့ ဖွင့်လိုက်တယ်ဆိုရင် လောကကြီးတစ်ခုလုံးက ချာချာလည်ပြီး သွေးတွေအန်ထွက်နေတယ်။ အဲလို ဟုတ်လား”
ချောင်ယောင်းအာသည် ခဏလောက် ငြိမ်သက်သွား၏။ ပြီးနောက် ခေါင်းကို ညိတ်လိုက်၏။ ဤအချက် တစ်ခုတည်း နှင့်ပင် တစ်ဖက်လူ၏ စစ်ဆေးမှုသည် တကယ်ကို တိကျသည်ဖြစ်ကြောင်း သိသာ၏။ တခြားသော သမားတော်များသည် ဤအဖြစ်အပျက်ကို စမ်းသပ်စစ်ဆေးရင်းမရှိခဲ့ကြချေ။
သူမသည် ပူးပေါင်းဆောင်ရွက်တတ်သည့် လူနာတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူမ ခံစားနေရသည့် ရောဂါဝေဒနာများကို တစ်ဖက် သမားတော်များဆီသို့ ပြောဆိုလေ့ ပြောဆိုထ မရှိခဲ့ချေ။ ထို့ကြောင့် သူမ မျက်လုံး ဖွင့်လိုက်တိုင်း လောကကြီးတစ်ခုလုံး ချာချာလည်လျက် ရှိနေပြီး အန်ချင်နေကြောင်းသည် သူမ၏ ကိုယ်ပိုင် ခံစားချက် တစ်ခုသာ ဖြစ်ပြီး မည်သူ့ကိုမှ ထုတ်ဖော်မပြောခဲ့သည့် အကြောင်းအရာပင် ဖြစ်၏။
ဟုတ်ပေ၏။ သူမသည် အကြိမ်အနည်းငယ်ကြာ အန်ချင်၏။ သို့ပေမည့် သူမ၏ ချီများကို အသုံးပြုကာဖြင့် ဖိနှိပ်ထားခဲ့သည်။
ပြီးနောက် ရှမ့်လန်က ထပ်မံ ရေးသားလိုက်၏။ “အင်း... လောကရဲ့ အမြင်တစ်ခုလုံး မည်းမှောင်သွားတဲ့ အချိန်တိုင်းမှာ ခေါင်းတစ်ခုလုံးက ရောင်ကိုင်းလာသလို ခံစားရတယ်။ ဦးနှောက်ထဲက သွေးတွေ ထွက်သွားသလို ခံစားရလိမ့်မယ်”
ရှစ်ချင်းချင်းသည် ထပ်မံကာ ဖတ်ပြလိုက်သည်။
ချောင်ယောင်းအာသည် အံ့အားသင့်စွာဖြင့် ထပ်မံကာ ခေါင်းညိတ်လိုက်၏။ မည်သူမှမသိသည့် လျှို့ဝှက်ချက် တစ်ခု ဖြစ်၏။ သူမ သတိလစ်မေ့မြောသည့်အချိန်တိုင်းတွင် အားကောင်းလွန်းသည့် သွေးလည်ပတ်မှုသည် သူမ၏ ဦးနှောက် သွေးလွှတ်ကြောကြီးထဲသို့ တိုးဝင်ပြီး ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်လုမတတ်ပင် ဖြစ်စေခဲ့၏။ သူမ အစစ်အမှန် ချီများကို အသုံးပြုကာဖြင့် ထိုအရာကို ဖိနှိပ်ခဲ့ရ၏။
မှန်ပေ၏။ မည်သို့ပင်ဖြစ်ဖြစ် သူမအနေနှင့် အစစ်အမှန် ချီများကို အသုံးပြုကာ ဖိနှိပ်ခြင်းက အသားကျနေပြီ ဖြစ်၏။ သို့ပေမည့် သူမ၏ ဦးနှောက်ထဲမှာ သွေးများ စီးဆင်းနေသည်ဆိုခြင်းမှာတော့ အမှန်ပင် ဖြစ်နေ၏။
ဤအချိန်မှာတော့ ရှမ့်လန်၏ ခေတ်သစ်သမားတော် တစ်ယောက်၏ အမြင်သည် ချောင်ယောင်းအာအပေါ် အခြေခံ၍ အလုံးစုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ပြောရမည်ဆိုလျှင် သူမ သေဆုံးသွားသင့်နေပြီ ဖြစ်သည်။ သို့ပေမည့် မသေသေးချေ။
ရှမ့်လန်၌ သွေးဖိအား တိုင်းတာသည့်စက် မရှိချေ။ သို့ပေမည့် လက်ဗလာနှင့် တိုင်းတာနိုင်စွမ်း ရှိနေ၏။ သူသည် လက်နှစ်ဖက်လုံးတွင် ရှိနေသည့် သွေးကြောများကို အသာဖိကာဖြင့် စမ်းသပ်လိုက်၏။ တိကျသည် မဟုတ်လျှင်တောင်မှ သူသည် အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်စွမ်း ရှိ၏။
ပြီးနောက် ရှမ့်လန်သည် အလုံးစုံ ဆွံ့အသွားခဲ့၏။ သူမ၏ သွေးဖိအားသည် အလွန်ကို မြင့်မားလွန်းပြီး ကောင်းကင်ကိုပင် ငြင်းပယ်လျက် ရှိနေ၏။ တခြားသော တစ်စုံတစ်ယောက်သာ ဆိုပါက ဦးနှောက် သွေးကြောမကြီး ပေါက်ထွက်ကာဖြင့် သေဆုံးနှင့်နေပြီ ဖြစ်၏။ သို့ပေမည့် ချောင်ယောင်းအာမှာတော့ အဆင်ပြေလျက် ရှိနေ၏။ ဤခန္ဓာကိုယ်သည် လူသားတစ်ယောက်၏ ခန္ဓာကိုယ်မျိုး မဟုတ်သလိုပင်။
ရှမ့်လန်သည် မင်းသမီးနင်လော့ကို ယခင်တုန်းက ကုသခဲ့ဖူး၏။ လင်ယောက်ျား၏ အဆိပ်ခတ်ခြင်းကို ခံခဲ့ရသည့် မင်းသမီးနင်လော့ကိုပင်လျှင် သူက အဆိပ်ဖြေနိုင်စွမ်း ရှိ၏။ ချောင်ယောင်းအာသည်လည်း အဆိပ်သင့်နေခြင်းပင် ဖြစ်လေ၏။ သို့ပေမည့် သာမန်ရိုးရိုး အဆိပ်မျိုး မဟုတ်ချေ။ အင်မတန် ပြင်းထန်လွန်းသည့် သတ္တုဓာတ်များ ပါဝင်လျက် ရှိနေသည့် အဆိပ်မျိုးပင်။ ကြေးနီ၊ ငွေ...စသည့် သတ္တုနှင့် သက်ဆိုင်သော အဆိပ်ပေါင်းများစွာတို့ကို ထည့်သွင်းထားခြင်း ဖြစ်သည်။
မင်းသမီးနင်လော့ အယောက်တစ်ရာ အဆိပ်မိနေသကဲ့သို့ပင် ဆင်တူ၏။ သူမသည် ဤမျှလောက်အထိ အဆိပ်မိ နေခြင်းဖြစ်၏။ သို့ပေမည့် မသေဆုံးသေးချေ။ အလွန်အမင်း လှပစွာဖြင့် အသက်ရှင်နေလေ၏။