အခန်း (၂၀၃)
Vol. 15 Ch. 203
“ဘယ်သမားတော်လဲ။ ဘယ်လိုသမားတော်တုန်း”
ချောင်ရှောင်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “သမားတော်က ချောင်ယောင်းအာရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ရဲတယ်ပေါ့”
လုရီက ပြောလိုက်သည်။ “ထိတွေ့ရဲတယ်လေ။ ခုဏတုန်းက ညဝတ်အင်္ကျီကိုတောင်မှ ချွတ်ခိုင်းသေးတယ်”
ချောင်ရှောင်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ဘယ်မှာလဲ။ ငါသူ့ကို သတ်ပစ်မယ်။ ငါသူ့ကို သင်းကွပ်ပစ်မယ်”
လုရီက ပြောလိုက်သည်။ “အဲ့ဒီသမားတော်က မိန်းမတစ်ယောက်လေ”
ချောင်ရှောင်းသည် ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့လေ၏။ သူသည် လုရီကို လက်ပြန်တစ်ချက် ရိုက်လိုက်၏။ “ခွေးမ... စောစောစီးစီး ကြိုပြီး မပြောဘူး။ အဲဒီသမားတော်ကရော လှလား”
လုရီက ပြောလိုက်သည်။ “ကျိန်းသေပေါက်လှတာပေါ့”
ချောင်ရှောင်းက ပြောလိုက်၏။ “ဒါဆိုရင် သူမရဲ့ ဘေးနားမှာ ဘယ်သူတွေ ရှိသေးလဲ”
လုရီက ပြောလိုက်သည်။ “ဟိုခွေးမ ရှစ်ချင်းချင်း... ရှစ်ချင်းချင်းကလည်း လှတာပဲ။ ပြောရမယ်ဆိုရင် သခင်လေး ပျော်ရွှင်ဖို့အတွက် တကယ်ကို ထိပ်တန်းအလှမယ် သုံးယောက် စောင့်နေသလိုပဲ”
ချောင်ရှောင်း၏ မျက်လုံးများသည် မီးကဲ့သို့ပင် ဝင်းဝင်းတောက်သွားခဲ့၏။ တကယ်ကို ကောင်းမွန်သည့် အရာပင်။ လှပမှု၊ ချောမွေ့မှု၊ အရာအားလုံး စိတ်ကျေနပ်မှုများသည် သူ့၏ရှေ့တွင် တည်ရှိနေ၏။ ခဲတစ်တုံးနှင့် ငှက်သုံးကောင်ပစ်ခြင်းပင်။
ဟား ဟား ဟား ဟား ဟား ဟား ဟား
လုရီက ပြောလိုက်၏။ “အဲဒီ ရှစ်ချင်းချင်းက ကျန်းချုံးရဲ့ ချွေးမဖြစ်ခဲ့တာလေ။ ဒီတော့... အရမ်းလှတယ်။ သခင်လေးအနေနဲ့ ကြိုက်သလောက် ဆက်ဆံလို့ရတယ်။ တစ်ခါတည်း သတ်ပစ်လိုက်တာတောင် ဝမ်းနည်းစရာ မရှိဘူး”
ချောင်ရှောင်းသည် တစ်ခါ လက်ပြန်တစ်ချက် ရိုက်လိုက်ပြန်သည်။ “ခွေးမ... ငါ့ကိစ္စတွေကို မင်းဝင်ပြီး ဆုံးဖြတ်ပေးစရာ မလိုဘူး”
ပြီးနောက် ချောင်ရှောင်းသည် စိတ်လှုပ်ရှားစွာဖြင့် အင်္ကျီကို ကောက်ဝတ်လိုက်၏။ ပြီးနောက် အပြင်သို့ ထွက်လျှောက်သွားခဲ့၏။ သူပျော်ရွှင်ရန် ထိပ်တန်းအလှမယ်သုံးယောက်က စောင့်မျှော်လျက် ရှိနေ၏။
ချောင်ယောင်းအာတစ်ယောက်တည်းကပင်လျှင် ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားအောင် လှပလွန်း၏။ ယခု ခရိုင်အုပ်ချုပ်ရေးမှူး၏ ချွေးမနှင့် လှပလွန်းသည့် သမားတော်တစ်ယောက်ပါ ရှိနေသည်။ မည်မျှ စိတ်ကျေနပ်စရာ ကောင်းလိမ့်မည်နည်း။ ထို့အပြင် အဓိကသော့ချက်အားဖြင့် လှပပြီး အားကောင်းလွန်း ပါသည်ဆိုသော ချောင်ယောင်းအာသည် သူ့ကို ငြင်းဆန်နိုင်ခြင်း မရှိချေ။ ဘဝတသက်သာတွင် တစ်ခုတည်းသာ ရနိုင်မည့် အခွင့်အရေးသာဖြစ်၏။
ချောင်ရှောင်းသည် ချက်ချင်းပင် ချောင်ယောင်းအာ၏ အိမ်ဆီသို့ စိတ်မရှည်စွာဖြင့် ပြေးသွားလိုက်၏။ သို့ပေမည့် ထိုအချိန်မှာပဲ ချောင်ရှောင်း၏ရှေ့တွင် လူတစ်ယောက် ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် ပင်လယ်ဓားပြ ချောင်ထျန်းဝေ၏ ယုံကြည်အားထားရသော တိုင်ပင်ဖော်၊ တိုင်ပင်ဘက် ညာလက်ရုံးပင်ဖြစ်၏။ “သခင်လေး... သခင်ကြီးက လာဖို့ ခေါ်နေပါတယ်”
ချောင်ရှောင်းသည် စိတ်အားတက်ကြွမှုများနှင့် လောင်မြိုက်လျက်ရှိနေ၏။ သူကို စောင့်မျှော်လျက် ရှိနေသော ထိပ်တန်းအလှပဂေး သုံးယောက်ရှိနေသည် မဟုတ်ပါလား။ “အင်း... နှစ်နာရီကြာရင် အဖေ့ကို လာတွေ့မယ်လို့ ပြောလိုက်။ မဟုတ်ဘူး။ လေးနာရီကြာရင် ….”
ချောင်ထျန်းဝေ၏ အတိုင်ပင်ခံက ပြောလိုက်၏။ “မရပါဘူး။ သခင်ကြီးက အခုတွေ့ချင်တယ်လို့ပြောတယ်။ အရမ်း အရေးကြီးတဲ့ ကိစ္စရှိတယ်တဲ့”
ချောင်ရှောင်က ပြောလိုက်သည်။ “နှစ်နာရီကနေ လေးနာရီထိတောင် စောင့်လို့ မရဘူးလား။ အခု ကျုပ် အရမ်း အရေးကြီးတဲ့ အရာ လုပ်ဖို့ရှိတယ်”
ချောင်ထျန်းဝေ၏ ညာလက်ရုံးက ပြောလိုက်၏။ “မရပါဘူး။ သခင်ကြီးက အခုလာခဲ့ရမယ်တဲ့။ ချက်ချင်းတဲ့”
ချောင်ရှောင်းသည် မည်သို့မှ မနေနိုင်တော့ချေ။ ချက်ချင်းပင် ထကာဆဲလိုက်၏။ “ချီးထဲမှ..”
ပြီးနောက် သူသည် ချောင်ထျန်းဝေနေထိုင်ရာ ရဲတိုက်ဆီသို့ အသာလမ်းလျှောက်သွားခဲ့၏။ ချောင်ရှောင်းသည် ချောင်ယောင်းအာ၏ အဖြူရောင်ရဲတိုက်ကြီးကို လှမ်းမျှော်ကာ ကြည့်ရှုပြီး မျက်လုံးများထဲတွင်တော့ အငြှိုးအတေးများ နှင့် မချင့်မရဲ ခံစားနေမိသည်။ ‘အလှလေးသုံးယောက်လုံးက ငါ့ကိုစောင့်နေတာ။ ငါခဏကြာရင် လာပြီးပျော်ရွှင်ပေးမယ်’
……….
အမွှေးတိုင်ကို မီးညှိလိုက်သည်။ အမှန်ပင် အလွန်မွှေးကြိုင်လှပြီး လူကို ညှို့ငင်ဖမ်းစားသော ခံစားမှုကို ဖြစ်စေ၏။
ရှမ့်လန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ကုထုံးအစီအစဉ်ကို စတင်စဉ်းစားလိုက်သည်။ ချောင်ယောင်းအာကို အဆိပ်ဖြေပေးရန်မှာ ယာယီအားဖြင့် မဖြစ်နိုင်ပေ။ ဤကဲ့သို့ ရှုပ်ထွေးသော သတ္တု အဆိပ်မျိုးကို အချိန်တိုအတွင်း ဖြေရှင်းနိုင်မည်မဟုတ်ချေ။ အဆိပ်ကို ဦးစွာရပ်တန့်ပြီးနောက် တဖြည်းဖြည်း အဆိပ်ထုတ်ပစ်ရန်သာ တတ်နိုင်မည်။
ထို့ပြင် ချောင်ယောင်းအာ၏ ဤကောင်းကင်ဘုံကို စိန်ခေါ်နိုင်သော ခန္ဓာကိုယ်ကို ကြည့်လျှင် အချိန်တိုအတွင်း အဆိပ်ဖြင့် သေဆုံးနိုင်မည်မဟုတ်ဟု ခန့်မှန်းရ၏။ ယခုအရေးအကြီးဆုံးမှာ ချောင်ယောင်းအာ၏ သွေးပေါင်ချိန်ကို ကျဆင်းစေရန် ဖြစ်သည်။ သွေးပေါင်ချိန်ကို အမြန်ဆုံး မည်သို့ ချမည်နည်း။ ဤလောကတွင် သွေးပေါင်ကျဆေး မရှိပေ။ သို့ပေမည့် အမြန်ဆုံးနည်းလမ်းတစ်ခု ရှိသည်။ ထိုနည်းလမ်းမှာ သွေးဖောက်ကုထုံးပင် ဖြစ်၏။
ဆေးပညာ၏ ပထမဦးဆုံးသော နည်းလမ်းဖြစ်၏။ ထိုအရာသည် နတ်ဘုရားနည်းလမ်းတစ်ခုကဲ့သို့ပင်။ နေမကောင်းဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် အရင်ဆုံး သွေးထွက်အောင် ပြုလုပ်ရပေလိမ့်မည်။ ဟုတ်ပေ၏ ။ သွေးဖောက်လွန်၍ သေဆုံးသွားသည်မျိုးလည်းရှိသည်။
သို့ပေမည့် ချောင်ယောင်းအာ၏ ကောင်းကင်က ငြင်းပယ်ရသည့် ခန္ဓာကိုယ်သည် ဤကဲ့သို့ သွေးထွက်ရုံလောက် နှင့် သေဆုံးသွားမည့်အရာမျိုး မဟုတ်ချေ။
ထို့ပြင် သွေးပေါင်ချိန်သည် ချက်ချင်း ကျဆင်းသွားမည် ဖြစ်၏။ နောက်ပိုင်းတွင် ပြည်များကို တဖြည်းဖြည်း ထုတ်ပစ်မည်။ သွေးပေါင်ချိန် ကျဆင်းသွားပြီးနောက် သွေးကြောများ ပေါက်ပြဲမည့် အန္တရာယ် မရှိတော့ပေ။
ထို့နောက် သူမ၏ ဦးနှောက်အမြှေးပါးအောက်ရှိ သွေးခဲကို ကုသရန် ဖြစ်သည်။ ဤသွေးခဲကို မထုတ်ပစ်ပါက သူမ၏ ဦးနှောက်အာရုံကြောအချို့ကို အမြဲတမ်း ဖိထားမည်ဖြစ်ပြီး သူမသည် မတ်တပ်မရပ်နိုင်သည့်အပြင် မျက်လုံးလည်း ဖွင့်နိုင်မည်မဟုတ်ပေ။ ထို့ပြင် ဤလက္ခဏာသည် ပို၍ပို၍ ဆိုးရွားလာမည် ဖြစ်၏။ ကံကောင်းသည်မှာ သွေးခဲသည် ဦးနှောက်အမြှေးပါးအောက်တွင် ရှိနေခြင်းပင်။ အကယ်၍ ဦးနှောက် အတွင်း၌သာဆိုလျှင် ရှမ့်လန်၌ အမှန်တကယ် နည်းလမ်းမရှိတော့ပေ။
ဤလောကတွင်၊ ဤကျန်းမာရေးအသိနှင့် ပတ်ဝန်းကျင်အောက်တွင် ဦးနှောက်ခွဲစိတ်မှု ပြုလုပ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့ပေမည့် ဦးခေါင်းခွံကို အပေါက်ဖောက်၍ ထုတ်ခြင်းမှာမူ ပို၍ရိုးရှင်းသည်။ သာမန်လူတစ်ယောက်ဆိုလျှင် ရောင်ရမ်းမည်ကို စိုးရိမ်ရသော်လည်း ချောင်ယောင်းအာ၏ ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သော ကိုယ်ခန္ဓာသည် ရောင်ရမ်းရန် မဖြစ်နိုင်ပေ။
ခေတ်သစ်ဆေးပညာတွင် ဦးခေါင်းခွံကို အပေါက်ဖောက်ပြီးနောက် ဦးနှောက်အမြှေးပါးကို ဖွင့်ကာ သွေးခဲကို ထုတ်ယူရမည်ဖြစ်ပြီး ဆေးကြောရန်ပင် လိုအပ်နိုင်သည်။ သို့ပေမည့် ယခုအချိန်တွင် ထိုသို့သော အခြေအနေ မရှိပေ။ သံချောင်းတစ်ချောင်းကို တိုက်ရိုက်ယူကာ ဦးခေါင်းခွံကို ခပ်ကြမ်းကြမ်း ထိုးဖောက်ပြီးနောက် ပိုက်ဖြင့် သွေးခဲကို စုပ်ထုတ်လိုက်ရုံသာ။ ဒဏ်ရာကိုပင် ပတ်တီးစည်းရန်မလို၊ အကြောင်းမှာ ဦးရေပြားကို ဖွင့်ရန်မလိုလောက်သည်အထိ ဒဏ်ရာသည် အလွန်သေးငယ်သောကြောင့်ပင်။
ဤခွဲစိတ်မှု၏ အခက်ခဲဆုံးအပိုင်းမှာ သွေးခဲ၏ တည်နေရာကို ဆုံးဖြတ်ရန် ဖြစ်သည်။ သို့ပေမည့် ဤသည်မှာ ရှမ့်လန်အတွက် လုံးဝ အားစိုက်ထုတ်စရာမလိုသော ကိစ္စဖြစ်၏။ သူ၏ X-ray အမြင်ရှိသော မျက်လုံးသည် ပို၍ပို၍ ရှင်းလင်းလာပြီး ပို၍ပို၍ အစွမ်းထက်လာသည်။ AI ဦးနှောက်နှင့် ပေါင်းစပ်လိုက်ချိန်မှာတော့ သာမန် X-ray စက်များထက် များစွာ ပို၍ရှင်းလင်းပြီး CT စက် (ကွန်ပြူတာဓာတ်မှန်) ကိုပင် ကျော်လွန်သွား၏။ ထို့ကြောင့် ဤခွဲစိတ်မှုသည် လုံးဝ အခက်အခဲမရှိပေ။
တစ်ခုတည်းသော အခက်အခဲမှာ ဤနေရာတွင် လျှပ်စစ်လွန်ပူ မရှိခြင်းပင်။ ရှမ့်လန်၏ အင်အားသည်လည်း အလွန်နည်းပါးသောကြောင့် ဦးခေါင်းခွံကို မထိုးဖောက်နိုင်ပေ။ သို့ပေမည့် အရေးမကြီးပေ။ ချောင်ယောင်းအာ၏ အင်အားသည် ကြီးမား၏။ သူမကိုယ်တိုင် သူမ၏ ဦးခေါင်းခွံကို ထိုးဖောက်၍ရသည်။ ရှမ့်လန်က မည်သည့်နေရာကို ထိုးဖောက်ရမည်၊ မည်မျှနက်အောင် ထိုးရမည်ကို ညွှန်ကြားပေးရုံသာ။ ကုထုံး အစီအစဉ် နှစ်ခုကို ဆုံးဖြတ်ပြီးနောက် အလျင်အမြန် စတင်လိုက်သည်။
…
ရှစ်ချင်းချင်းသည် ရှမ့်လန်၏ ကုထုံးအစီအစဉ်ကို ချောင်ယောင်းအာအား ပြောပြလိုက်၏။ မိစ္ဆာမသည် မျက်လုံးဖွင့်ကာ ရှမ့်လန်ကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ ဤကုထုံးအစီအစဉ်သည် အမှန်ပင် အစွမ်းထက်ပြီး ကန့်သတ်မဲ့ဟန်ပန်ရှိ၏။ ယခင်က မမြင်စဖူး၊ မကြားစဖူးသော အရာဖြစ်နေသည်။
ဤလောကရှိ လူများသည် သွေးကို အလွန်တန်ဖိုးထားကြ၏။ သွေးထွက်ခြင်းသည် အလွန်ဆိုးရွားသော ကိစ္စဖြစ်သည်။ မိမိသဘောဖြင့် သွေးဖောက်ထုတ်ခြင်းမျိုး အဘယ်မှာ ရှိမည်နည်း။ ထို့ပြင် မိမိခေါင်းပေါ်သို့ သံချောင်းဖြင့် ထိုးစိုက်ခြင်းမျိုး။ အခြားသူတစ်ဦးသာဆိုလျှင် ရှမ့်လန်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ပစ် လောက်ပြီဖြစ်၏။
‘မင်းက ရောဂါကုသပေးမှာလား၊ ငါ့ကို သတ်မှာလား’
သို့ပေမည့် ချောင်ယောင်းအာသည် အလွန်စိတ်ဝင်စားသွား၏။ ရောဂါကုသရန် မဟုတ်သည့်တိုင် သူမသည် စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေသည်။
ဤအမျိုးသမီးသည် အမှန်ပင် အလွန်ရူးသွပ်လှ၏။
“ကောင်းပြီ၊ စရအောင်”
ချောင်ယောင်းအာက ပြောလိုက်သည်။ “မင်း ဘယ်လို သွေးဖောက်ချင်လဲ၊ ဘယ်နေရာကို ဖွင့်ချင်လဲ၊ ကြိုက်သလိုလုပ်”
ဤစကားလုံးများသည် အမှန်ပင် သူရဲကောင်းဆန်လှ၏။ သို့ပေမည့် ရှစ်ချင်းချင်းသည် ဘေးမှနေ၍ ဦးခေါင်းတစ်ခုလုံးပင် ကျဉ်တက်သွားသည်။
‘ရှမ့်လန်.. ရှင့်ကို ယုံကြည်လို့ရရဲ့လား’
သူမသည် အရူးနှစ်ယောက်ကို ရှင်းလင်းစွာ မြင်နေရ၏။
ရှမ့်လန်သည် ဇလုံတစ်လုံးကို ယူပြီးနောက် ချွန်ထက်သော ကိရိယာတစ်ခုကို ယူကာ ချောင်ယောင်းအာ၏ သွေးကြောကို ရှာ၍ ခပ်မြန်မြန် ထိုးဖောက်လိုက်သည်။ ထို့နောက် ပိုးသတ်ထားသော ပိုက်တစ်ချောင်းကို သွေးကြော အပေါက်ထဲသို့ ထည့်သွင်းကာ သွေးများကို စုပ်ထုတ်လိုက်၏။ ဤချောင်ယောင်းအာ၏ သွေးပေါင်ချိန်သည် အမှန်ပင် အံ့ဩဖွယ်ကောင်းလှသည်။ သွေးများသည် လေထဲသို့ ပန်းထွက်လုနီးပါးပင်။ ချက်ချင်းပင် သွေးများစွာ ထွက်လာသည်။
ရှစ်ချင်းချင်း၏ ခန္ဓာကိုယ်သည် ချိနဲ့လို့နေ၏၊ သွေးထုတ်နေသည်ကို ကြည့်ရင်း ရုတ်တရက် စိတ်ထဲတွင် မူးဝေလာပြီး မိုက်ခနဲ ဖြစ်ဖြစ်သွားသည်။ ခန္ဓာကိုယ်သည် မကြာခဏ နူးညံ့ ပျော့ပျောင်းလာပြီး ခြေထောက်များ ယိုင်နဲ့ကာ တိုက်ရိုက် လဲကျတော့မလိုပင်။
ရှမ့်လန်သည် ရှေ့သို့တိုးကာ သူမကို ဖေးမလိုက်သည်။
“ကျွန်မကို မထိနဲ့” ရှစ်ချင်းချင်းက နှုတ်ခမ်းလှုပ်ရုံမျှ ပြောလိုက်၏။
“ခင်ဗျား သွေးမူးတာလား။ ဒါပေမဲ့ ခင်ဗျားခန္ဓာကိုယ်က ဘာလို့ နည်းနည်း ပူနေတာလဲ”
ရှမ့်လန်သည် ရှစ်ချင်းချင်းကို ထိုင်ခိုင်းလိုက်ပြီးနောက် ချောင်ယောင်းအာကို ဆက်လက်၍ သွေးဖောက်ပေး သည်။ သွေးပမာဏကို သေချာပေါက် ထိန်းချုပ်ရမည်။
သွေးများ စီးထွက်လာသည်နှင့်အမျှ ချောင်ယောင်းအာသည် သက်ပြင်း တစ်ချက်ကို ချလိုက်သည်။ အံ့ဩစရာကောင်းလောက်အောင် အကျိုးထူး၏။ အလွန် သက်သာသွားသည်။ သူမ၏ခေါင်းသည် ကိုက်ခဲနေပြီး ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အတိုင်းပင်။ သူမသည် အတွင်းအားဖြင့် မကြာခဏ ဖိနှိပ်ထားရ၏။ မဟုတ်လျှင် အမှန်တကယ် ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။ သို့ပေမည့် လက်ရှိအချိန်တွင် ဤဖိအားသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
လူတစ်ကိုယ်လုံး ပေါ့ပါးသွားသည်။ ယခင်ကဲ့သို့ မျက်လုံးမဖွင့်ရဲသေး၊ မတ်တပ် မရပ်နိုင်သေးသော်လည်း ယခင်ကထက် များစွာ သက်သာသွားသည်။ ဤသမားတော်သည် အမှန်ပင် အစွမ်းထက်၏။ သူမ၏ နည်းစနစ်သည် ဆန်းကြယ်လှသည်။
ရှမ့်လန်သည် ချောင်ယောင်းအာထံမှ ဖောက်ထုတ်လိုက်သော သွေးများကို ကြည့်လိုက်၏။ အမှန်ပင် နက်နဲ ဆန်းကြယ်လှသည်။ သူမ၏ သွေးအရောင်သည် အလွန်လှပ၏။ အနီရောင်နှင့် တူသော်လည်း မတူညီသော ရှုထောင့်များမှ ကြည့်လျှင် မတူညီသော အရောင်များသည် အံ့ဩဖွယ်ကောင်းစွာ ရောင်ပြန်ဟပ်နေ၏။
ဤအမျိုးသမီး၏ ခန္ဓာကိုယ်သည် အမှန်ပင် လူသားမဟုတ်ပေ။ သွေးများ ဤသို့ထွက်သွားသည့်တိုင် မသေသေးချေ။ အဓိက အတွင်းကလီစာ ငါးပါးသည်လည်း ကျန်းမာသန်စွမ်းနေဆဲပင်။
သွေး ငါးပုံတစ်ပုံခန့်ကို ဖောက်ထုတ်ပြီးနောက် ရှမ့်လန်သည် ပိုက်ကို ဆွဲထုတ်လိုက်ပြီး ဒဏ်ရာကို ဖိထားကာ သွေးစီးဆင်းမှုကို ရပ်တန့်စေလိုက်၏။
“သက်သာတယ်၊ သက်သာတယ်… ဒီလောက် သက်သာတာမျိုး အချိန်အတော်ကြာ မခံစားခဲ့ရဘူး”
ရှမ့်လန်သည် ဤသွေးများကို သယ်ဆောင်သွားသည်။ ရှစ်ချင်းချင်းသည် မရဲတရဲ မတ်တပ်ရပ်လိုက်၏။ အဘယ်ကြောင့်မှန်းမသိ အသက်ရှူနှုန်း အနည်းငယ် မြန်ဆန်ပြီး မငြိမ်မသက် ဖြစ်နေသလို ခံစားနေရသည်။
ချောင်ရှောင်းပြင်ဆင်ထားခဲ့သည့် အမွှေးတိုင်၏ အစွမ်းက တကယ်ကို ပြင်းထန်လွန်းလှ၏။ အနံ့သည် သာမန် အမွှေးတိုင်အနံ့များနှင့် မခြားနားလှချေ။ သို့ပေမည့် ဆေးစွမ်းမှာတော့ တကယ်ကို ကောင်းမွန်လွန်းလှ၏။ ဤအခန်းထဲတွင် ရှိနေသည့် အမွှေးနံ့သည် လေနှင့်အတူ ရောနှောပြီးသည့်နောက် တည်နေရာတစ်ခုလုံး မွှေးပျံ့နေမိ၏။ မွှေးပျံ့နေသည့်ရနံ့ ခံစားပြီးသည့်နောက် သာမန်မဟုတ်သည်ကို ခံစားရမှာဖြစ်လေ၏။ သို့ပေမည့် လက်ရှိအခြေအနေတွင် ဆေးကုသနေသည့် အချိန်ဖြစ်၏။ ထို့ကြောင့် မည်သူကမှ သတိမထားမိချေ။
ထို့နောက် ရှမ့်လန်သည် ဒုတိယအဆင့် ကုသမှုကို ပြုလုပ်သည်။ သူသည် အားလုံးကို စက္ကူပေါ်တွင် အသေးစိတ် ရေးချလိုက်သည်။ သံချောင်းအထူ၊ ပိုက်အထူကို ပြင်ဆင်ပြီး မည်သည့်နေရာမှ ဦးခေါင်းခွံကို မည်မျှနက်အောင် ထိုးဖောက်ရမည်ကို ရေးထား၏။ ဤသည်မှာ လုံးဝ တိကျရမည်ဖြစ်သည်။ အကယ်၍ တိမ်သွားပါက မထိုးဖောက်နိုင်ဘဲ နက်သွားပါက ဦးနှောက်ကို တိုက်ရိုက် ထိုးမိသွားမည် ဖြစ်၏။ ရှမ့်လန်သည် X-ray မျက်လုံးဖြင့် စစ်ဆေးပြီးနောက် ဂရုတစိုက် တွက်ချက်ကာ အမှားအယွင်းမရှိကြောင်း ဆုံးဖြတ်လိုက်သည်။
ရှစ်ချင်းချင်းသည် စာရွက်ကို ယူပြီးသည့်နောက် ချောင်ယောင်းအာကို ဖတ်ပြလိုက်၏။ ရှစ်ချင်းချင်း၏ အသံက အနည်းငယ်ထူးဆန်းနေ၏။ အသက်ရှူနှုန်းကလည်း မြန်ဆန်နေပြီး အသံများကလည်း တုန်ရင်လျက် ရှိနေ၏။ သူမ၏ နှုတ်ခမ်းများသည် တဖြည်းဖြည်းနှင့် အားပျော့သလိုပင် ခံစားလာမိတော့၏။ ဤအရာသည် ဆေးစွမ်းက ထိထိရောက်ရောက် မပြသသေးချေ။ သို့ပေမည့် သိသာထင်ရှားသည့် အရိပ်အယောင် သင်္ကေတများ ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။ သွေးကိုမြင်၍ ကြောက်လန့်နေခြင်းဖြစ်ကြောင်း ရှစ်ချင်းချင်းက ထင်မှတ်နေ၏။
ချောင်ယောင်းအာသည်လည်း သူမ၏ အသက်ရှူနှုန်းများ အနည်းငယ် မြန်ဆန်နေသည်ကို ခံစားမိ၏။ ခန္ဓာကိုယ်က အနည်းငယ် ပူလောင်လျက်ရှိ၏။ ခြေလက်များကလည်း အားပျော့လျက် ရှိနေ၏။ ကုသမှု၏ ရလဒ်ကြောင့်ပင် ဖြစ်မည်ဟု သူမက ထင်မှတ်ထားသည်။
ရှမ့်လန်သည် တစ်စုံတစ်ခုလွဲမှားနေသည်ကို ကျိန်းသေပေါက် သတိပြုမိသော တစ်ဦးတည်းသောလူပင် ဖြစ်လေ၏။ သူ၏ ခြေထောက်များက ပျော့ခွေလာခဲ့၏။ နှလုံးသားများကလည်း ယိမ်းထိုးလာခဲ့၏။ သူ၏ ခြေထောက်များက အားနည်းလာခဲ့၏။ သူသည် ဤကဲ့သို့ဖြစ်သည်ကို အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ဖူး၏။
သူ့မိန်းမ မူလန် ရေချိုးနေသည်ကို မြင်ရသည့်အချိန်မျိုး၊ ရှောင်ပင်း၏ မထိတထိ လာရောက်ကာ ထိတွေ့သည့်အချိန်မျိုး ထိုအရာများအားလုံးတို့တွင် သူသည် ကြုံဆုံခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် မူးယစ်ဆေးကဲ့သို့ပင် ဤ အမွှေးတိုင်၏ ဆေးစွမ်းက ပြလျက်ရှိနေသည်ဆိုလျှင်တောင်မှ ရှမ့်လန်က ဤဆေးကို အနည်းငယ် ယဉ်ပါးလျက်ရှိနေသည်။
ရှစ်ချင်းချင်းသည် သုံးကြိမ်တိတိထပ်မံကာ ရွတ်ဖတ်ပြလိုက်၏။ အဘယ့်ကြောင့်ဆိုသော် ချောင်ယောင်းအာ အနေနှင့် အပ်တစ်ခုကို အသုံးပြုကာ မိမိ၏ ဦးခေါင်းခွံကို ထွင်းဖောက်ရမှာဖြစ်သောကြောင့်ပင်။
“ပြဿနာမရှိဘူး”
ချောင်ယောင်းအာက မေးလိုက်၏။ “ဘယ်နေရာမှာလဲ”
ရှမ့်လန်သည် လက်ဖြင့် ချောင်ယောင်းအာ၏ ဦးခေါင်း ညာဘက်အခြမ်း၊ နားသယ်စပ်ဆီသို့ တိတိကျကျထိုးပြလိုက်သည်။
ပြီးနောက် သူသည် ရှစ်ချင်းချင်းကို ခေါ်ဆောင်ကာဖြင့် သေချာ ရေးမှာ၏။ ရှောင်ယောင်းအာသည် သေသေချာချာ ထိုးသွင်းရန် လိုအပ်၏။ အားအင်အဆင့်ကလည်း တိကျရပေလိမ့်မည်။ တစ်ချက်ကလေးမှ မှားယွင်းသွား၍ မဖြစ်ချေ။ ထို့ကြောင့် မထိုးဖောက်ခင်တွင် အမှတ်စဉ် ရေတွက်ရန် ရှစ်ချင်းချင်းကို သူ ခိုင်းလိုက်၏။
ရှစ်ချင်းချင်းသည် စတင်ကာ ရေတွက်လိုက်သည်။ “ငါး …. လေး..”
ဇွိ
ရေတွက်၍ပင် မပြီးသေးချေ။ ချောင်ယောင်းအာက ထိုးချလိုက်၏။
ရှမ့်လန်နှင့် ရှစ်ချင်းချင်းတို့သည် တုန်လှုပ်သွားခဲ့၏။ အံ့အားသင့်စရာပင်။ သူမသည် တကယ်ကို စိတ်နှလုံး ခိုင်မာသည့် လူတစ်ယောက်ဖြစ်၏။ တခြားသောလူများကို ဓားနှင့် ခုတ်ပိုင်းသတ်ဖြတ်ရသည့်နေရာတွင် အကြင်နာကင်းမဲ့သလို သူမကိုယ် သူမ အပ်နှင့် ထိုးသည့်နေရာတွင်လည်း အကြင်နာ ကင်းမဲ့လွန်းလှသည်။
ထို့နောက် ရှမ့်လန်သည် X-RAY အမြင်ကို အသုံးပြုပြီး သေသေချာချာ ကြည့်ရှုလိုက်ပြန်၏။ သူမ၏ ထိုးသွင်းထားမှုသည် တကယ်ကို တိကျလွန်း၏။ တစ်ချက်ကလေးမှ မလွဲချော်ခဲ့ချေ။ ထိပ်တန်း ကျွမ်းကျင်သူဆိုသည်မှာ ဤအရာပင် ဖြစ်ပေလိမ့်မည်။
ထို့နောက် ရှမ့်လန်သည် ဤသံချောင်းအထူကို ဆွဲထုတ်ပြီး ပိုးသတ်ပြီးသော ပိုက်ကို ဤအပေါက်ထဲသို့ ထည့်သွင်းလိုက်၏။ ချောင်ယောင်းအာသည် လဲလျောင်းလိုက်သည်။ အချို့သော သွေးခဲများသည် ခဲနေသဖြင့် ချက်ချင်း စီးထွက်လာမည်မဟုတ်ပေ။ သာမန်အခြေအနေတွင် ဆားငံရေဖြင့် ဆေးကြော၍ ဦးစွာ ပျော်ဝင် စေပြီးနောက်မှ စုပ်ထုတ်ရသည်။ သို့ပေမည့် ရှမ့်လန်သည် ဤသို့ မလုပ်ရဲပေ။
“ရှစ်ချင်းချင်း.. မင်းစုပ်” ရှမ့်လန်သည် အသံမထွက်ဘဲ အချက်ပြ လိုက်သည်။
ရှစ်ချင်းချင်းက တုန်ယင်စွာဖြင့် မေးလိုက်၏။ “ကျွန်မ၊ ကျွန်မ စုပ်ရမှာလား။ ကောင်းပြီ”
ချောင်ယောင်းအာက ပြောလိုက်သည်။ “မလိုဘူး”
ထို့နောက် သူမ၏ မျက်လုံးများ မှိတ်သွားပြီး အတွင်းအား တစ်ချက်ကို ခပ်ကြမ်းကြမ်း ထုတ်လွှတ်လိုက်၏။ ချက်ချင်းပင် သူမ၏ဦးနှောက်အမြှေးပါးအောက်ရှိ သွေးခဲသည် ပိုက်မှတဆင့် တိုက်ရိုက် ပန်းထွက်လာသည်။ ခဏတာအတွင်းမှာပဲ တည်နေရာတွင် စုပုံနေသော သွေးခဲသည် အလုံးစုံ ပပျောက်သွား၏။
ရှမ့်လန်က ကြောင်အသွားခဲ့၏။ ချီ … အတွင်းအားကို ဤကဲ့သို့ အသုံးပြု၍ ရလေသည်လား။ သိုင်းပညာနှင့် ပတ်သက်၍ အလွန်အားကောင်းသူများသည် ဤမျှအံ့အားသင့်စရာကောင်းသည်လား။ ရှမ့်လန်သည် ဒဏ်ရာကို အသာ ဖိကြည့်လိုက်၏။ မည်သည့်သွေးမှ ထွက်ပေါ်လာခြင်းမရှိချေ။ ဒဏ်ရာက အရမ်းကို သေးငယ်သော ကြောင့်ပင်။
သူမသည် မျက်လုံးကိုဖွင့်လိုက်မိ၏။ အနည်းငယ် မူးဝေလျက် ရှိနေသည်ဆိုလျှင်တောင်မှ ပိုမို၍တော့ ခံစား၍ကောင်းလာ၏။ ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ အနည်းငယ် ယိုင်ထွက်သွားသည် ဆိုလျှင်တောင်မှ သက်တောင့်သက်သာဖြင့် ခံစားနေမိသည်။ ဤအမျိုးသမီးသမားတော်သည် အံ့အားသင့်စရာကောင်းပေ၏။ သမားစွမ်းရည်ကလည်း အံချီးလောက်စရာပင်။ ထို့အပြင် ကုသသည့် ကုသနည်းမျိုးကိုလည်း သူမ တစ်ခါမှမကြားဖူး ၊ မမြင်ဖူးခဲ့ချေ။