အမဲလိုက်ခံရခြင်း ~
Vol. 16 Ch. 233
ဟောက်ရန်ပြောသည်ကို ကြည့်၍ လင်းမို့ရယ်လိုက်သည် ။
" မလိုပါဘူး.. မင်းသာ လာခဲ့စမ်းပါဟ.."
လင်းမို့က တည်ငြိမ်စွာဖြင့် ပြောလိုက်သည် ။ ဟောက်ရန်ကို ကူညီချင်သည့်အတွက်ကြောင့်သာ နှစ်ယောက်တွဲ ဆော့နေခြင်းဖြစ်၏ ။ မဟုတ်လျှင် တစ်ယောက်ထဲသာ ဆော့ပေမည် ။ သူ့ညီအကိုကောင်းအား ကြွားခွင့်ရစေရန် အချိန်ကုန်ခံ၍ ကူညီနေခြင်းပင် ။
သို့သော်လည်း ဟောက်ရန်က စိတ်ပူနေသေး၏ ။
" ဘော့စ်BlackEarth.. ပြီးမှ.. ငါ့ကို ဆွဲချလို့ဆိုပြီး စိတ်မဆိုးနဲ့နော်.. "
" ဘာလို့ စိတ်ဆိုးရမှာလဲ ..အရင်လို အေးဆေး ဆော့စမ်းပါဟ.. "
လင်းမို့က နှစ်သိမ့်လိုက်ပြီး...
" စိတ်ပူမနေစမ်းနဲ့.. "
" ဒါပင်မယ့်.. "
ဟောက်ရန်က သတိပေးလိုက်သည် ။
" ခုပွဲမှာ အဆင့် ၆ ပါရမီရှင်တွေနဲ့တောင် တွေ့တော့မှာနော် ..ငါပါလာရင် ဝန်ထုတ်ဝန်ပိုး ဖြစ်နေရင်.. မတော်လို့ သူတို့ လေးငါးယောက် ဝိုင်းတိုက်ရင် ဘယ်လိုလုပ်မလဲ .."
လင်းမို့သည် ဟောက်ရန် စိတ်ပူနေသည်ကို နားလည်၏ ။ သို့ရာတွင် ယုံကြည်မှုအပြည့်ရှိသဖြင့် ဟောက်ရန်အား ခေါ်ဆော့ခြင်းဖြစ်သည် ။
သူ မြေဆွဲအားခန်းတွင် နေ့တိုင်းအိပ်နေသဖြင့် တိုက်ခိုက်ရေးစွမ်းရည်က မြင့်တက်လာခဲ့သည် ။ ရီကျန့်၏ လွှမ်းမိုးမှုကြောင့် ကျန်းနန်တက္ကသိုလ်၏ အညွှန်းကိန်းက မြင့်မားလှချေ၏ ။
ထို့အပြင် အဆင့် ၅ မှ အဆင့် ၆ သို့ အဆင့်ကြီးတက်ရသည်ထက် အဆင့်သေးများတက်ရန်က ပိုလွယ်သည် ။ ထို့ကြောင့် အရင်ရက်က လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့် ၆ အလယ်ဆင့်သို့ ရောက်ရှိခဲ့သည် ။ ယနေ့ ဖုန်ကျစ်ဝေကို အနိုင်ယူပြီးနောက် မြေဆွဲအားခန်းသို့ သွား၍ အိပ်လိုက်သည်နှင့် အဆင့် ၆ နောက်ပိုင်းအဆင့်သို့ ရောက်ရှိခဲ့၏ ။ နာမည်ကြီး ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော ဘော့စ်မား ၏ စကားကိုပင် သူသတိရလိုက်မိသည် ။
" ကျင့်ကြီးခြင်းလား.. ထမင်းစား ရေသောက်ရတာထက်တောင် ပိုလွယ်သေးတယ်.. "
ဘော့စ်မား ထိုစကားပြောစဥ်က သာမန်သိုင်းပညာရှင်များ ဝေဖန်ချင်သော်လည်း ကျွမ်းကျင်သူတစ်ယောက်၏ နှုတ်ထွက်စကားဖြစ်သဖြင့် မဝေဖန်ရဲကြ ။ လင်းမို့ပင်လျှင် ယနေ့မှသာ ယုံကြည်သွားခြင်းဖြစ်သည် ။
ကျင့်ကြံရသည်က ရေချိုကျောက်ပုဇွန် နွှာစားရသည်ထက်ပင် လွယ်နေချေသေးသည် ။ တနေကုန် အိပ်နေရုံမျှဖြင့် ဝှီးဆို အဆင့်တက်သွားမည်ဖြစ်သည် ။ အဆင့် ၆ နောက်ပိုင်းအဆင့်သို့ ရောက်သွားသည်ကို ချက်ချင်းပင် သတိမထားမိလိုက်ချေ ။
ဘော့စ်မားသာ လင်းမို့၏ အတွေးကို သိလျှင် ချောင်ကပ်ကာ ငိုမိပေမည် ။ သူငယ်စဥ်က ဝင့်ကြွား၍ ပြောမိသောစကားဖြစ်သော်လည်း ယခု အဆင့်မတက်နိုင်သည်မှာ လေးငါးနှစ်ပင် ရှိနေလေပြီ ။
ဟောက်ရန် စိတ်ပူနေသေးသည်ကို မြင်လျှင် လင်းမို့က...
" ဂိမ်းထဲမှာ အဆင့် ၆ ဘယ်လောက် ရှိမှာလဲ.. အလယ်ဆင့်တွေရောရှိလား .."
" အများစုက အဆင့် ၆ အစောပိုင်းတွေလေ.. "
ဟောက်ရန်က ခဏ စဥ်းစားပြီး...
" အဆင့် ၆ အလယ်ဆင့်တွေ ရှိပင်မယ့် တွေ့ဖို့တော့ ခက်မယ်ထင်တယ်.. "
" အဲ့တာဆို အဆင့် ၆ နောက်ပိုင်းရော ရှိလား.. "
လင်းမို့က ထပ်မေး၏ ။
" မရှိလောက်ဘူး.. "
ဟောက်ရန်က...
" အသက် ၃၀ အောက် ပါရမီရှင် အများစုက အဆင့်၆ အစောပိုင်းပဲ.. အလယ်ဆင့် ရောက်နိုင်တဲ့သူ လက်ချိုးရေလို့ရမယ်ထင်တယ်.. နောက်ပိုင်းအဆင့်ကတော့ ရှားနိုင်ငံတစ်ခုလုံးမှာ ရှိမယ်မထင်ဘူး.. "
" အဆင့် ၆ အထွတ်အထိပ်ရော ရှိနိုင်လား.. "
လင်းမို့ တဖန်မေးလိုက်ပြန်သည် ။
Chapter 234
~