← Chapters

မျက်မမြင်ထျယ်၏ အခွင့်အရေး

Vol. 157 Ch. 2226

မျက်မမြင်ထျယ်၏ အခွင့်အရေး

Vol. 157 Ch. 2226

ရီဖူရှင်း၏ နတ်အာရုံက ကြယ်များဆီသို့ လွှမ်းခြုံသွားသည်။ တဖြေးဖြေးနှင့် သူက နှိုင်းယှဥ်၍ မရအောင် တောက်ပသော ကြယ်တစ်ပွင့်ကို စတင်မြင်တွေ့လာရသည်။ မှန်းဆ၍မရအောင် အစွမ်းထက်သည့် ရွှေရောင်မုန်တိုင်းက ၎င်း၏ ပတ်လည်၌ ရစ်ပတ်နေခဲ့သည်။ ဤ ကြောက်မက်ဖွယ် မုန်တိုင်းက ထိတွေ့မိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် အားကောင်းပုံရလေသည်။

သူ၏ စိတ်အာရုံက ထိုကြယ်ထံသို့ ရောက်ရှိသွားပြီး ကောင်းကင်၌ ပေါ်ပေါက်လာသော မဟာအင်ပါယာ၏ ပုံရိပ်က တဖြေးဖြေး စတင်ရှင်းလင်းပြတ်သားလာသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပသည့် အလင်းများနှင့် လွှမ်းခြုံနေပြီး ရွှေရောင်ရောင်စဥ်က ၎င်း၏ ခမ်းနားထည်ဝါသော သဏ္ဌာန်အား ရစ်ပတ်နေသည်။ ၎င်းက အဆုံးမဲ့ လွှမ်းမိုးနိုင်သော ခံစားချက်ကို ပေးစွမ်း၏။

ဤအင်ပါယာသည် စောစီးစွာ ပေါ်ပေါက်လာဖူးသော်လည်း ၎င်းမှ ပေးစွမ်းသော ခံစားချက်က ယခင်ကနှင့် အပြည့်အဝ ကွာခြားပေသည်။ တူညီသော အင်ပါယာပုံရိပ်ဖြစ်သော်လည်း မတူညီသော အချိန်၌ မတူညီသော အသွင်နှင့် လုံးဝ ကွာခြားနေသော ခံစားမှုကို ပေးစွမ်းပေသည်။ ၎င်းက ပို၍ ပို၍ ကြောက်မက်ဖွယ် ကောင်းလာနေသည်။ ၎င်းသည် လောကတစ်ခွင်လုံးကို တောက်ပစေနိုင်သည့် ရောင်စဥ်တို့နှင့် အစစ်အမှတ် နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။

ဘုန်း...

ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် ၎င်းထံမှ အဝေးသို့ အတင်းအကျပ် ဆုတ်ခွာခိုင်းခံခဲ့ရသည်။ သူ၏ နတ်အာရုံက ကြယ်နှင့် ဆက်သွယ်နိုင်ခြင်း မရှိတော့ပေ။  ဆန့်ကျင်ဘက်အနေနှင့် သူက ၎င်းနှင့် အဝေးသို့ ဆွဲထုတ်ခံလိုက်ရသည်။

သူက မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သော်လည်း သူ့အကြည့်များထဲတွင် အတွေးနက်နေဟန်က အတိုင်းသား ပေါ်လွင်နေသည်။ မဟာအင်ပါယာ ချန်ရစ်ထားခဲ့သော အမွေအနှစ်ကို ဆက်ခံခြင်းက တစ်စုံတစ်ယောက်က တစ်ကြိမ်တစ်ခါ ဆက်ခံပြီးနောက် ပျောက်ကွယ်သွားသည်လား။ ထိုနေရာ၌ ထာဝရတည်ရှိနေသည်လား။

သူ၏ ခန္ဓာကိုယ်က မညီမျှဘဲ သူ့တိုက်ပွဲစွမ်းရည်က ကိုက်ညီမှု မရှိသလောက်နီးပါး ဖြစ်နေသော်လည်း သူက ပြိုင်ဘက်ကို ရင်မဆိုင်နိုင်ပေ။ မဟာအင်ပါယာ၏ စွမ်းအားကို ဆက်ခံထားလျှင်ပင် သူ၏ တိုးတက်မှုက အကန့်အသတ် ရှိနေပြီး ယခု မည်သို့ ကျော်ဖြတ်ရမည့် လမ်းကို ရှာဖွေတွေ့ရှိလိမ့်မည်

ထိုအခိုက်အတန့်၌ သူက ရုတ်တရက် အတွေးတစ်ခု ဝင်လာပေသည်။ ၎င်းအင်ပါယာကြယ်စွမ်းအားက မျက်မမြင်ထျယ်အတွက် အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။

သူက ဤစွမ်းအားကို ဆက်ခံနိုင်သူ ဖြစ်ခဲ့လျှင် မည်သို့ဖြစ်လိမ့်မည်နည်း။

သူထံ၌ ပြောင်းလဲခြင်းတို့ ဖြစ်ပေါ်လာမည်မှာ သေချာပေသည်။

...

မျက်မမြင်ထျယ်သည် ယခင်က သစ္စာဖောက်ခံရကာ မျက်မမြင်ဖြစ်ခဲ့ရပြီး ရွာသို့ နောင်တတရားနှင့် ဝမ်းနည်းမှုတို့ဖြင့် ပြန်ရောက်လာခဲ့သည်။ ဆရာသခင်က သူ့ကို ပြန်လည်ကုသပေးကာ သက်သာလာစေရန် ကူညီပေးခဲ့သည်။ သို့သော် သူက ထိုနေရာမှ ရရှိခဲ့သော ဒဏ်ရာများ ကျန်ရှိနေသေးသည်မှာ သေချာပေသည်။ ထို့ပြင် မျက်မမြင်ထျယ်၏ ရန်သူများကလည်း သည်နေရာ၌ ရှိနေသေးသည်။ နတ်ဆိုးတိမ်လွှာကလန်၏ မော့ခယ်က သူ့ထက်ပို၍ အားနည်းစရာအကြောင်း မရှိပေ။ သူက လက်စားချေချင်လျှင် အတော်လေး ခက်ခဲပေလိမ့်မည်။

သူက မဟာအင်ပါယာ၏ စွမ်းအားကို ဆက်ခံခဲ့လျှင် သူက အဆင့်ကိုးသို့ ချိုးဖျက်နိုင်သည့် အခွင့်အရေး ရလာပေလိမ့်မည်။ အမွေအနှစ်ကို ဆက်ခံရရှိလိုက်လျှင် သူသည် နတ်ဆိုးတိမ်လွှာကလန်ကို တိုက်ခိုက်နိုင်ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ဖန်းကိုင့်နှင့် မျက်မမြင်ထျယ်သည် ရီဖူရှင်း မည်သို့ တွေးနေသည်ကို မသိခဲ့ပေ။ သူတို့က သူ့ခန္ဓာကိုယ်ထက် ပေါ်ပေါက်လာသော တောက်ပသည့် အလင်းတို့အား ကြည့်ရင်း သူ တစ်စုံတစ်ခု ရှာဖွေတွေ့ရှိသွားသည်ဟု တွေးလိုက်မိသည်။ သို့သော် ရီဖူရှင်းက ရုတ်တရက် နောက်ပြန်ဆုတ်သွားပြီး အရာအားလုံးက အစောပိုင်းကကဲ့သို့ ပြန်ဖြစ်သွားပေသည်။ ၎င်းသည် ဖန်းကိုင့်၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တစ်ခု ပေါ်ပေါက်လာစေသည်။ မျက်မမြင်ထျယ်၏ မျက်နှာကြွက်သားများကလည်း တွန့်သွားခဲ့၏။ သူက မည်သည့်ကိစ္စတို့ ဖြစ်နေသည်ကို မမြင်နိုင်သော်လည်း အရာအားလုံးကို ရှင်းလင်းစွာ ခံစားမိနိုင်ပေသည်။

"ဦးလေးထျယ်" ရီဖူရှင်းက ခေါ်လိုက်သည်။ မျက်မမြင်ထျယ်က အံ့သြမှင်တက်သွားပေသည်။ သူက ရီဖူရှင်း ရှိနေသည့်နေရာသို့ မော့ကြည့်လိုက်ပြီး သူ၏ မျက်ခုံးများက တွန့်သွားခဲ့သည်။ သူက ဇဝေဇဝါ ဖြစ်သွားခဲ့ပေသည်။

"ဒီကိုလာ။" ရီဖူရှင်းက ခေါ်လိုက်သည်။ မျက်မမြင်ထျယ်က နားမလည်သော်လည်း သူက ရီဖူရှင်း ရှိနေသည့်နေရာသို့ သွားခဲ့သေးသည်။ သူက ရီဖူရှင်း၏ ဘေးတွင် ရပ်ကာ မေးလိုက်၏။ "ဘာကိစ္စလဲ။"

"ကျုပ် နားလည်ခဲ့သမျှကို ဦးလေးဆီ ပို့ပေးမယ်။ ဘာလို့ မကြိုးစားကြည့်ရမှာလဲ ဦးလေးထျယ်။" ရီဖူရှင်းက သူ့ကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ မျက်မမြင်ထျယ်သည် ရီဖူရှင်း ပြောသော စကားလုံးများ၏ အဓိပ္ပါယ်ကို အပြည့်အဝ မဖမ်းဆုပ်မိသေးပေ။ သူသည် ရီဖူရှင်း၏ မျက်ခုံးနှစ်ခု အလယ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားသည်အား မြင်တွေ့လိုက်ရသည်။ ရုတ်တရက် ရီဖူရှင်းက သူ နားလည်သဘောပေါက်ထားသမျှကို မျက်မမြင်ထျယ်၏ စိတ်ထဲသို့ လွှဲပြောင်းပေးလိုက်ကြောင်း သတိပြုမိလိုက်သည်။ ထိုအရာအားလုံးက သူကိုယ်တိုင် မြင်တွေ့ခဲ့ရသလို ထင်မှတ်ရပေသည်။ သူက ရီဖူရှင်း လုပ်ဆောင်ခဲ့သော လမ်းကြောင်းအတိုင်း လုပ်ဆောင်ပါက ၎င်းကို ရှာဖွေတွေ့ရှိပေလိမ့်မည်။

သူက စိတ်ထဲ၌ အရာအားလုံးကို မြင်တွေ့ပြီးနောက် မျက်မမြင်ထျယ်သည် ရီဖူရှင်းက မည်သည့်အရာကို လုပ်ဆောင်ခဲ့​ကြောင်း သဘောပေါက်သွားခဲ့သည်။ ရီဖူရှင်းက အင်ပါယာကြယ်ကို ဆက်ခံရန် လုပ်ဆောင်ပြီး ဖြစ်သော်လည်း အရေးကြီးသည့် အခိုက်အတန့်၌ ရီဖူရှင်းက သူ့ကို ခေါ်လိုက်ခြင်း ဖြစ်သည်။

၎င်းက မည်သည့်အရာကို ဆိုလိုသနည်း။

သူက အင်ပါယာကြယ်၏ အမွေအနှစ်ကို သူ့ထံ ပေးအပ်လိုသည်လား။

"မလုပ်ဘူး။" မျက်မမြင်ထျယ်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။ အင်ပါယာကြယ်၏ အမွေအနှစ်က အလွန် အဖိုးတန်လှသည်။ သူက ၎င်းကို လက်မခံနိုင်ပေ။

"ဦးလေးထျယ် ဒီအရာက ကျင့်ကြံသူတွေအတွက် အရေးကြီးတဲ့ အရာဆိုပေမယ့် ကျုပ်မှာ အဲဒီလိုအရာမျိုးတွေ ချို့တဲ့မနေဘူး။ ဒီကြယ်နယ်မြေထဲမှာ ကျုပ်ရဲ့ အဓိကရည်ရွယ်ချက်က စီဝေ့မဟာအင်ပါယာရဲ့ စွမ်းအားကို ဆက်ခံနိုင်ဖို့ပဲ။ ဒီအင်ပါယာကြယ် ပိုင်ရှင်က စီဝေ့မဟာအင်ပါယာရဲ့ လက်အောက်ခံ တစ်ယောက်ပဲ ဖြစ်တယ်။" ရီဖူရှင်းက သူ့ကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ "ပြီးတော့ ဦးလေး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် မြှင့်တင်ရင်း ရန်ဟောင်အထွတ်အထိပ်အဆင့် မရောက်ချင်ဘူးလား။ ဦးလေး မျက်လုံးမမြင်ဖြစ်စေခဲ့တဲ့ လူတွေကို လက်စားချေနိုင်တဲ့ စွမ်းရည်မျိုး မရချင်ဘူးလား။"

မျက်မမြင်ထျယ်သည် ရီဖူရှင်း၏ စကားလုံးများကို ကြားသည့်အခါ စိတ်လှုပ်ရှားသွားခဲ့သည်။ ဤသည်မှာ အမှန်တကယ် သူ၏ စိတ်ထဲရှိ အရာ ဖြစ်ပေသည်။ ထို့ပြင် သူသည် ရီဖူရှင်းပြောသည်မှာ အလွန် အဓိပ္ပါယ်ရှိကြောင်း ရှင်းလင်းစွာ သိရှိသည်။ ရီဖူရှင်းက မဟာအင်ပါယာ၏ အမွေအနှစ်ကို ဆက်ခံခဲ့ပြီး ဖြစ်သည်။ သူသည် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို နားလည်နိုင်စွမ်းရှိသည့် တစ်ဦးတည်းသော သူဖြစ်ကာ ၎င်းမှ ပြီးပြည့်စုံသည့် နတ်ခန္ဓာကို ဖွဲ့စည်းနိုင်ခဲ့ပေသည်။ မျက်မမြင်ထျယ်က မဟာအင်ပါယာ၏ အမွေအနှစ်ကို ရရှိနိုင်စွမ်း ရှိခဲ့လျှင် သူ၏ လက်စားချေမှုတွင် အောင်မြင်နိုင်ရန် အခွင့်အရေး ရရှိပေလိမ့်မည်။

"အချိန်မဖြုန်းပါနဲ့။ ဦးလေး အင်ပါယာကြယ်နဲ့ ဆက်သွယ်နိုင် မဆက်သွယ်နိုင်က ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲ မူတည်တယ်။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။ "ကျုပ်က တခြားအင်ပါယာကြယ်တွေကို ဆက်ပြီး သွားရှာကြည့်လိုက်ဦးမယ်။ အများစုက ဒီကြယ်နယ်မြေအတွင်း တည်ရှိနေလိမ့်ဦးမယ်။"

နောက်ဆုံး၌ မျက်မမြင်ထျယ်က ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးများက မမြင်နိုင်သော်လည်း သူ့ အခြား ကျန်သည့်အာရုံများက ကျန်သည့် ကျင့်ကြံသူများထက် ပိုမို ထက်မြက်ပေသည်။ ထို့ပြင် သူသည် အောင်မြင်ရန် ကြီးစွာသော မျှော်လင့်ချက် ရှိပေသည်။

သူက တင်ပျဥ်ခွေထိုင်ချလိုက်ပြီး ရီဖူရှင်း ယခင်က ရှာဖွေခဲ့သော နေရာများကို လမ်းကြောင်းများကို အာရုံခံလိုက်သည်။ ရီဖူရှင်းက သူ၏ အာရုံခံနိုင်စွမ်းကို တိုးတက် ကျယ်ပြန့်လာအောင် ကူညီပေးခဲ့သည့်အတွက် သူက ပို၍ လွယ်ကူလာပေသည်။ ၎င်းသည် ရီဖူရှင်း သူ့ကို ပေးခဲ့သည့် အခွင့်အရေး ဖြစ်သည်မှာ သေချာသည်။

ရီဖူရှင်းသည် မျက်မမြင်ထျယ်က လက်သီးတင်းတင်းဆုပ်လိုက်သည်အား မြင်သည့်အခါ ပြောလိုက်သည်။ "ဦးလေးထျယ် စိတ်ထဲမှာ ရှုပ်ထွေးနေစရာ မလိုပါဘူး။ စိတ်အေးအေးထားပါ။"

သူ၏ စိတ်အခြေအနေက ကသောင်းကနင်း ဖြစ်နေသည်မှာ နားလည်ပေသည်။ ဤကဲ့သို့ ဖြစ်လျှင် သူ၏ စိတ်အာရုံကို သက်ရောက်စေပေလိမ့်မည်။

မျက်မမြင်ထျယ်က ခေါင်းညိတ်ကာ သူ့လက်ကို ဖြေလျှော့လိုက်သည်။ သူက တဖြေးဖြေးနှင့် သူ ရှိနေသည့် နေရာကို မေ့ပျောက်သွားသော အခြေအနေသို့ ကျရောက်သွားပေသည်။ သူက ရှုပ်ထွေးနေသော အတွေးများက လွတ်မြောက်သွားသည်။ သူသည် ရှုပ်ထွေးနေသော အတွေးတို့ကို ဘေးသို့ ပို့လိုက်ကာ ထပ်မတွေးတော့ပေ။

ရီဖူရှင်းက ဘေးတွင် ရပ်နေခဲ့ပြီး အခြားသော အင်ပါယာကြယ်၏ တည်နေရာကို ရှာဖွေနေခဲ့သည်။

သူက နောက်ဆုံး ၎င်းတို့အားလုံးကို ရှာဖွေတွေ့ရှိနိုင်ခဲ့လျှင် စီဝေ့မဟာအင်ပါယာ ချန်ရစ်ခဲ့သော အမွေအနှစ်ကို တွေ့ရှိနိုင်မည်လား။

ထို့ပြင် သူက မျက်မမြင်ထျယ် ဤ​အဆင့်ကို လုပ်ဆောင်နိုင်မည်လား မြင်တွေ့ချင်မိပေသည်။ မျက်မမြင်ထျယ် လုပ်ဆောင်နိုင်ခဲ့လျှင် သူ နောက်ထပ် အင်ပါယာကြယ်များကို ရှာဖွေတွေ့ရှိသည့်အခါ အခြားလူများအတွက်လည်း ကူညီပေးနိုင်ပေလိမ့်မည်။

ဘေးတွင် ရပ်နေခဲ့သည့် ဖန်းကိုင့်က မည်သည့်ကိစ္စတို့ ဖြစ်နေသည်အား မသိခဲ့ပေ။ ရီဖူရှင်းတို့နှစ်ယောက်က စိတ်ချင်းဆက်သွယ်ကာ စကားပြောနေခဲ့ခြင်း ဖြစ်သည်။ အဆုံးမှာတော့ အင်ပါယာကြယ်နှင့် သက်ဆိုင်သော ကိစ္စက အလွန် အရေးကြီးပြီး ကြယ်နယ်မြေအတွင်း၌ ကျင့်ကြံသူများစွာ ရှိသည်။ သူတို့သည် အခြားလူများက သူတို့၏ စကားများကို ကြားသွားပါက သူတို့ စိတ်ထဲ၌ အကြံအစည်ဆိုးများ ရှိလာမည်ကို မလိုချင်ခဲ့ပေ။

သို့သော် မျက်မမြင်ထျယ်၏ ယခင်က စိတ်ဓာတ်ကျနေသော အမူအရာနှင့် ယှဥ်လျှင် ယခု သူ့မျက်နှာထက်၌ တည်ကြည်လေးနက်ကာ ကျေးဇူးတင်သည့် အမူအရာတို့ ဖြစ်နေသည်။ သူ့ရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သည့်အခါ ဖန်းကိုင့်သည် မည်သည့်ကိစ္စတို့ ဖြစ်နေသည်ကို အနည်းငယ် ခန့်မှန်းနိုင်စွမ်း ရှိပေသည်။

သူက ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲ၌ လေးမျက်နှာကျေးရွာက လူရွေးမမှားခဲ့ကြောင်း တွေးနေမိပေသည်။ သူက လူရွေးမမှားခဲ့သလို ဆရာသခင်ကလည်း အရွေးမမှားခဲ့ပေ။

အခြားဘုံမှ ရွာသို့ ရောက်လာသော ဤကျင့်ကြံသူသည် အမှန်တကယ် လေးမျက်နှာကျေးရွာ၏ အနာဂတ်ပင် ဖြစ်ပေသည်။

သူသ​ည် ရွာကို ပြောင်းလဲသွားစေရန်ပင် ဖြစ်နိုင်သည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ကျင့်ကြံသူများအားလုံးက ကြယ်ကောင်းကင်ကို ဖြတ်ကာ ရှာဖွေနေကြသည်။ ခဏကြာပြီးနောက် ရီဖူရှင်းက နောက်ထပ် ကြယ်နယ်မြေတွင် မှိန်ဖျော့ဖျော့ ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ ယခင်က ရှာဖွေခဲ့ရသည့်အချိန်ထက် ကြာမြင့်ချိန် နည်းပါးပေသည်။ ရှင်းလင်းစွာပင် အတွေ့အကြုံတချို့ ရပြီးနောက် ရီဖူရှင်းက ၎င်းနှင့် ပို၍ စတင် ရင်းနှီးလာပေသည်။

တစ်ချိန်တည်းတွင် ရီဖူရှင်းနှင့် မနီးမဝေး၌ အလွန် တောက်ပသော မဟာလမ်းစဥ် နတ်အလင်းများက မျက်မမြင်ထျယ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ကောင်းကင်ထင်တွင် ကြယ်တစ်ပွင့်က တောက်ပသည်ထက် တောက်ပလာပြီး အလွန် လင်းလက်နေသော ရောင်စဥ်များ ဖြစ်တည်လာသည်။ ၎င်းက ရွှေရောင်ဖြစ်လာပြီး တစ်ခုလုံးကို ရွှေဖြင့် ပြုလုပ်ထားသလို ထင်မှတ်ရပေသည်။

အလင်းတန်းက ဖြာကျလာကာ ၎င်းတို့အားလုံးသည် မျက်မမြင်ထျယ်ရှိရာသို့ ထိုးဆင်းလာ၏။ နောက်တခဏတွင် လူတိုင်းသည် အလင်းတန်းတစ်ခုတည်းက ကြယ်ကောင်းကင်မှ ထိုးဆင်းလာသည်ကိုသာ မြင်လိုက်ရသည်။ ကြယ်များက စတင်ကျဆင်းလာပြီး မျက်မမြင်ထျယ်ထံသို့ တိုက်ရိုက် ကျဆင်းလာပေသည်။

ဘုန်း...

အလွန် တောက်ပသော နတ်အလင်းတန်းက မျက်မမြင်ထျယ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ သူက မမြင်နိုင်သော်လည်း သူသည် စစ်နတ်ဘုရားကဲ့သို့ ကောင်းကင်၌ ရပ်နေသော နှိုင်းယှဥ်မရအောင် အစွမ်းထက်သည့် နတ်ဘုရားပုံရိပ်တစ်ခုကို ခံစားမိပေသည်။ ၎င်းကို ရွှေရောင်ချပ်ဝတ်တစ်ခုက ဖုံးလွှမ်းထားပြီး အနန္တစွမ်းအားနှင့် ပြည့်နှက်နေသည်ကို ခံစားမိပေသည်။ ၎င်းက အသက်ရှုမှားလောက်ဖွယ်ပင် ဖြစ်၏။

သူ အောင်မြင်သွားပြီ ဖြစ်သည်။ ရီဖူရှင်းက လမ်းစဥ်ကို ဖွင့်ပေးလိုက်ပြီး သူက ထိုလမ်းစဥ်အတိုင်း လိုက်သွားခဲ့သည်။ ယခု သူသည် အင်ပါယာကြယ်၏ တည်ရှိမှုကို ခံစားမိနိုင်ပေသည်။

အစွမ်းထက် ရွှေရောင်အလင်းက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်း ထိုးဖောက်သွားသည်။ သူက အလင်းနှင့် လွှမ်းခြုံခံထားရပြီး မျက်မမြင်ထျယ်သည် သူ့ခန္ဓာကိုယ်က မှန်းဆ၍ မရနိုင်သော စွမ်းအားတို့နှင့် ပြည့်နှက်လုသည်ကို ခံစားမိနိုင်ပေသည်။

ထို့နောက်တွင် ဖန်းကိုင့်၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်လာခဲ့သည်။ သူတစ်ယောက်တည်းသာမက လေးမျက်နှာကျေးရွာမှ အားလုံးသော လူများ၏ နှလုံးသားက တုန်ယင်နေခဲ့ပေသည်။ သူတို့က မျက်မမြင်ထျယ်ထံသို့ လျှောက်သွားခဲ့ကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည်လည်း လိုက်သွားခဲ့၏။ ထိုသူက ရီဖူရှင်းကို အမြဲ အကာအကွယ် ပေးနေသူ ဖြစ်သည်။

"အဖေ။" ဖန်းဟွမ်က ဖန်းကိုင့်၏ ဘေးသို့ ရောက်သွားခဲ့သည်။ သူ့မျက်လုံးများထဲ၌ အံ့အားသင့်သည့် အကြည့်တစ်ခု ဖြစ်ပေါ်လာပြီး သံသယတို့ အနည်းငယ် ရှိနေသည်။

"ဒီအခွင့်အရေးက ဖူရှင်း သူ့ကို ပေးခဲ့တာပဲ။" ဖန်းကိုင့်က စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ ဖန်းဟွမ်၏ နှလုံးသားက အနည်းငယ် တုန်ယင်သွားသည်။ သူက မဟာအင်ပါယာ၏ အမွေအနှစ်အား မျက်မမြင်ထျယ်ကို တိုက်ရိုက်ပေးလိုက်သည်လား။

ယခင်က ဖန်းကိုင့်နှင့် မျက်မမြင်ထျယ်က ရီဖူရှင်းကို သူတို့၏ ဆန္ဒအလျောက် ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။ သူတို့က ဤနေရာ၌ ကျင့်ကြံရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူတို့သည် ရီဖူရှင်းအား ကာကွယ်ချင်ခဲ့ရုံသာ ဖြစ်သည်။ သို့သော် မျက်မမြင်ထျယ်က မဟာအင်ပါယာ၏ စွမ်းအားကို ဆက်ခံနိုင်ခဲ့သည်။

တစ်စုံတစ်ယောက်က ပန်းများကို ရည်ရွယ်ချက်ရှိရှိ စိုက်ပျိုးခဲ့သော ပန်းများက မပွင့်ခြင်းရှိနိုင်သော်လည်း မရည်ရွယ်ဘဲ စိုက်ခဲ့သည့် မိုးမခပင်က စိမ်းစိုစွာ ရှင်သန်ခဲ့ခြင်းကဲ့သို့ပင် ဖြစ်သည်။

ကျင့်ကြံရန် စိတ်ကူးမရှိခဲ့သည့် မျက်မမြင်ထျယ်က လူအများစု အိပ်မက်မက်ရုံသာ ရှိနိုင်သည့် ကျင့်ကြံခြင်း အခွင့်အရေးကို လက်ခံရရှိခဲ့ပေသည်။

ထိုအခိုက်အတန့်တွင် အခြားဘုံများမှ ကျင့်ကြံသူများက မျက်မမြင်ထျယ်အား စိုက်ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်က ပြောလိုက်၏။ "အဲဒါ ဘယ်သူလဲ။"

များပြားလှသော အင်အားစုများမှာ မျက်မမြင်ထျယ်ကို မသိကြပေ။ ကြည့်ရသည်မှာ ရီဖူရှင်းနှင့်အတူ လာသောသူ ဖြစ်ပုံရသည်။ သူသည် မည်သည့်အတွက်ကြောင့် ရုတ်တရက် မဟာအင်ပါယာ၏ အမွေအနှစ်ကို လက်ခံရရှိခဲ့သနည်း။

သူက မည်သို့ လုပ်ဆောင်ခဲ့သနည်း။

***

All Chapters