ကြေညာခြင်း
Vol. 49 Ch. 727
ယီထျန်းယွမ်၏ ကြီးမားသော ရည်မှန်းချက်သည် အားလုံးကို နက်ရှိုင်းစွာ အံ့အားသင့်စေခဲ့သည်။ ထို့နောက် စိုကယ်ဖုန်းသည် ရယ်မောကာ သူ့ကို ကြည့်လျက် ပြောလိုက်သည်။
"ငယ်ရွယ်တာကပဲ အားမာန်ပြည့်နေတာ... ပြောတာ ကောင်းလိုက်တာ... မင်းနတ်ဘုရားဘုရင်ဖြစ်လာမယ့်နေ့ကို ငါမျှော်လင့်တယ်... နတ်ဘုရားဘုရင်ဖြစ်ဖို့ လမ်းက အတော်ခက်ခဲပေမယ့် ယုံကြည်မှုမရှိရင် ဘယ်လိုလုပ်ပြီး နတ်ဘုရားဘုရင်ဖြစ်လာနိုင်မှာလဲ..."
"ဟုတ်တယ်... နတ်ဘုရားဘုရင်အဆင့်ကို ဖြတ်ကျော်ဖို့က နည်းနည်းခက်ခဲပေမယ့် ကြိုးစားအားထုတ်မှုနဲ့ဆိုရင် အခွင့်အရေးတော့ အများကြီးရှိသေးတယ်..."
ယီရှင်းချန်ကလည်း အားပေးစကားဆိုပြီး သူ့ကို အပြစ်တင်မှုမျိုး မပြုလုပ်ခဲ့ပေ။
အခြားသူများကလည်း အားပေးသည့်အကြည့်များဖြင့် ကြည့်ကြသည်။ ယီထျန်းယွမ်သည် နတ်ဘုရားဘုရင်အဆင့်ကို သေချာပေါက် ဖြတ်ကျော်နိုင်လိမ့်မည်ဟု မထင်ထားကြပေ။ သူ့တွင် အခွင့်အရေးရှိသည်ဟူ၍သာ ပြောနိုင်သည်။ အကြောင်းမူကား သူသည် ငယ်ရွယ်နုနယ်နေဆဲဖြစ်ပြီး အချိန်များစွာ ကျန်ရှိသေးသည်။ အချိန်တစ်ခုခုရောင်လျှင် သူသည် နတ်ဘုရားဘုရင်အဆင့်သို့ တကယ်ရောက်ရှိနိုင်ပေလိမ့်မည်။
သို့သော် သူသည် ရာနှုန်းပြည့် နတ်ဘုရားဘုရင်အဆင့်သို့ ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ရန်မှာ အနည်းငယ်လွန်ကဲလှသည်။ မည်သူမျှ အာမခံချက်တစ်စုံတစ်ရာ မပေးနိုင်ပေ။ အထူးသဖြင့် ဤကဲ့သို့သော ထူးချွန်သူများသည် ရှိခဲ့ဖူးသည်။ ငယ်ရွယ်စဉ်တွင် ထိတ်လန့်ဖွယ်ရာ ကျင့်စဉ်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း မကြာမီ ကန့်သတ်ချက်သို့ ရောက်ရှိသွားကာ တစ်လှမ်းမျှ ဆက်လှမ်းနိုင်ခြင်း မရှိတော့ပေ။
ထို့ကြောင့် ၎င်းတို့သည် အာမခံစကားများ မပြောဆိုနိုင်ဘဲ ကြိုးစားအားထုတ်ရန်သာ အကြံပေးနိုင်သည်။ ထိုသို့ဖြင့် အခွင့်အရေးရှိလာနိုင်သည်ဟု ဆိုကြသည်။
ယီထျန်းယွမ်သည် ၎င်းတို့၏ စိတ်ထဲတွင် ရှိနေသည်ကို သိရှိထားပြီး ထိုအရာကို မထူးဆန်းသလို ခံစားရသည်။ နတ်ဘုရားဘုရင်အဆင့်သို့ ဖြတ်ကျော်ရန်မှာ အလွန်ခက်ခဲလှသည်။ အကယ်၍ လွယ်ကူခဲ့ပါက ယခုအခါ နတ်ဘုရားဘုရင်များသည် မြေပြင်ပေါ်တွင် ပြည့်နှက်နေမည်မဟုတ်သည့်တိုင် အနည်းဆုံးတော့ တစ်ဦးနှစ်ဦးလောက် တွေ့မြင်နိုင်မည်ဖြစ်သည်။
ယခုအခါ နတ်ဘုရားဘုရင်များ မည်သည့်နေရာတွင် ပေါ်ထွက်နေသနည်း။ အင်အားကြီးဆုံးဖြစ်သည့် ပထမအင်အားစုတွင်ပင် နတ်ဘုရားဘုရင်ရှိသည်ဟု မကြားဖူးပေ။ ထိပ်ဆုံးအဆင့်ရှိ သူတော်စဉ်များကိုတော့ အနည်းငယ်တွေ့မြင်နိုင်သော်လည်း ၎င်းတို့သည် နတ်ဘုရားဘုရင်အဆင့်သို့ ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပေ။
ဤသည်မှာ တစ်စုံတစ်ခုက ပိတ်ဆို့ထားသလို ဖြစ်နေသည်။ ၎င်းတို့တွင် စွမ်းရည်မရှိသည်မဟုတ်ဘဲ အတားအဆီးတစ်ခုက ပိတ်ဆို့ထားသဖြင့် လုံးဝဖြတ်ကျော်နိုင်ခြင်း မရှိပေ။
ထိုအချိန်တွင် သူ၏လက်ထဲသို့ နွေးထွေးမှုတစ်ခု ရောက်ရှိလာသည်ကို ခံစားမိသည်။ လှည့်ကြည့်လိုက်ချိန်တွင် ရှီရွှေယွမ်က သူ့လက်ကို ဖြည်းညင်းစွာ ဆုပ်ကိုင်ထားသည်ကို တွေ့မြင်ရသည်။ သူမ၏ မျက်ဝန်းများထဲတွင် ယုံကြည်မှုအပြည့်ဖြင့် ပြည့်နှက်နေသည်။
"ငါ မင်းကို ယုံတယ်..."
စကားလုံးများစွာ မလိုအပ်ပေ။ ဤစကားလေးလုံးသည် သူမက ယီထျန်းယွမ်သည် နတ်ဘုရားဘုရင်အဆင့်သို့ သေချာပေါက် ဖြတ်ကျော်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သက်သေပြလိုက်သည်။ သူမသည် မိမိ၏ ယောက်ျားသည် နတ်ဘုရားဘုရင်ဖြစ်လာနိုင်သည်သာမက လောကသုံးပါး၏ ဘုရင်ဖြစ်လာနိုင်သည်ဟု ယုံကြည်သည်။
ယီထျန်းယွမ်သည် သဘောကျစွာ ပြုံးလိုက်သည်။ သူမ၏ ယုံကြည်မှုနှင့် ထောက်ပံ့မှုရှိသည်ဆိုလျှင် ဤသည်ပင် လုံလောက်ပြီဖြစ်သည်။
"ရာစုနှစ်အတွင်း... ကျွန်တော်တို့မှာ အချိန်သိပ်မကျန်တော့ဘူး... ဒါကြောင့် ကျွန်တော် ယုံမင်ကုန်းမြေကို သွားကြည့်ဖို့ စီစဉ်ထားတယ်... နတ်ဘုရားဘုရင်တစ်ပါးက တည်ထောင်ထားတဲ့ အင်အားစုကို ရှာဖွေပြီး ပူးပေါင်းဖို့ လိုအပ်တယ်... ဒီနတ်ဆိုးသားရဲကို ရင်ဆိုင်ဖို့ဆိုရင် ပူးပေါင်းမှုက မရှိမဖြစ်လိုအပ်တယ်..."
ယီထျန်းယွမ်သည် အသံနိမ့်ကာ ဆက်လက်ပြောသည်။
"ဒီနတ်ဆိုးသားရဲကို ကျွန်တော်တစ်ယောက်တည်း နှိမ်နင်းနိုင်မယ်လို့ ထင်ပေမယ့် ကျွန်တော့မှာ တစ်ခုခု ခံစားမိနေတယ်... ဒီနတ်ဆိုးသားရဲတစ်ကောင်တည်းမဟုတ်ဘူး... နောက်ထပ် နတ်ဆိုးသားရဲတွေ ထပ်မံဝင်ရောက်လာနိုင်တယ်..."
"အဲ့ဒီအခါကျရင် အားလုံးပူးပေါင်းပြီး ခုခံရမှာပဲ... အခုလို သီးခြားလှုပ်ရှားနေတာမျိုးက မဖြစ်တော့ဘူး..."
"နတ်ဆိုးသားရဲတွေ ထပ်မံဝင်ရောက်လာနိုင်တယ်တဲ့လား..."
အားလုံးသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။ ဤသည်မှာ အလွန်ထိတ်လန့်ဖွယ်ရာ ကိစ္စတစ်ခုဖြစ်သည်။ သေချာစဉ်းစားကြည့်လျှင် ဤသည်မှာ မဖြစ်နိုင်သည့်အရာလည်း မဟုတ်ပေ။ ပထမနတ်ဆိုးသားရဲတစ်ကောင် ဝင်ရောက်လာခဲ့ပြီးပါက နောက်ထပ်နတ်ဆိုးသားရဲများ ထပ်မံဝင်ရောက်လာနိုင်သည်မှာ အချိန်ပြဿနာသာဖြစ်သည်။
"ကလေး... မင်းပုခုံးပေါ်မှာရှိတဲ့ တာဝန်အလေးချိန်က တကယ်ကို ကြီးလေးလွန်းတယ်..."
စိုကယ်ဖုန်းသည် သက်ပြင်းချကာ ပြောလိုက်သည်။
"ဒါနဲ့ပဲ... မင်း ဒီနေရာမှာ ဆက်နေဖို့ မရည်ရွယ်ဘူးဆိုတော့ လူ့ဘုံလောကက အင်အားစုကို ပြန်သွားအုပ်ချုပ်ရမှာပေါ့... မထွက်ခွာခင်မှာ ငါမင်းကို ကူညီပေးနိုင်တာက မျိုးနွယ်ဘိုးဘေးရဲ့ အမွေဆက်ခံခြင်းကို ရယူဖို့ ခေါ်ဆောင်သွားပေးတာပဲ..."
"မျိုးနွယ်ခေါင်းဆောင်..."
ယီယွမ်လုံတို့သည် အံ့အားသင့်သည့်မျက်နှာထားဖြင့် ပြောလိုက်သည်။ မျိုးနွယ်ဘိုးဘေး၏ အမွေဆက်ခံခြင်းကို ခံယူရန်မှာ မျိုးနွယ်ခေါင်းဆောင်ရာထူး သို့မဟုတ် အကြီးအကဲအဆင့်ရှိသူများသာ သွားရောက်နိုင်သည်ကို သိရှိထားသည်။ ယခုအခါ ယီထျန်းယွမ်သည် ဖုန်းထျန်နတ်ဘုရားနိုင်ငံသို့ ပါဝင်ရန်ပင် မရည်ရွယ်သေးဘဲ ထိုသို့သွားရောက်ခွင့်ရမည်လား။
"မင်းတို့စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ ငါသိတယ်... ဒီအခြေအနေထိ ရောက်လာပြီဆိုတော့ ထျန်းယွမ်က မျိုးနွယ်ဘိုးဘေးရဲ့ မျိုးဆက်ဖြစ်နေတာမို့ အမွေဆက်ခံခြင်းကို ရယူဖို့ သွားတာက ပြဿနာမရှိဘူး... သွေးရိုးဗီဇ နည်းနည်းပါးလျပေမဲ့ ဘာမှမရတာထက်တော့ အဆမတန်ကောင်းတယ်..."
"တခြားအကြီးအကဲတွေကရော ဒါမှမဟုတ် တခြားသူတွေက ကန့်ကွက်မယ်ဆိုရင်တော့... ထျန်းယွမ်ကို အကြီးအကဲအဖြစ် ခန့်အပ်လိုက်ရင် ပြီးတာပဲ... ပုံမှန်အခါမှာ ဘာမှအုပ်ချုပ်စရာမလိုဘူး... လှုပ်ရှားမှုလည်း လွတ်လွတ်လပ်လပ်ရှိတယ်... ဒီလိုဆိုရင် ဘာပြဿနာမှ မရှိတော့ဘူးမဟုတ်လား..."
စိုကယ်ဖုန်းသည် ယီထျန်းယွမ်ကို ကြည့်ကာ သူ၏အမြင်ကို နားထောင်လိုသည်။
"ပြဿနာမရှိပါဘူး... အကြီးအကဲဖြစ်လာတာမျိုးက ဘာမှမထူးဆန်းပါဘူး... ဒါပေမယ့် ကျွန်တော်ကို အကြီးအကဲအဖြစ် ခန့်အပ်တာကို ကန့်ကွက်မယ့်သူတွေ အများကြီးရှိလိမ့်မယ်လို့ ထင်တယ်..."
ယီထျန်းယွမ်သည် ကိုယ့်ကိုယ်ကို ပြက်ရယ်ပြုပြီး ပြောလိုက်သည်။ သူသည် အကြီးအကဲနှစ်ဦးကို သတ်ဖြတ်ခဲ့သူဖြစ်သည်။ အကြီးအကဲကြီးဘက်မှ ရပ်တည်ခဲ့သူများသည် သေချာပေါက် ကန့်ကွက်လာလိမ့်မည်။
"မကြောက်နဲ့... သူတို့ကန့်ကွက်ရင်တောင် ငါကိုယ်တိုင် မင်းကို အကြီးအကဲအဖြစ် အတင်းခန့်အပ်မယ်..."
စိုကယ်ဖုန်းသည် သိက္ခာရှိရှိဖြင့် ပြတ်သားစွာ ပြောလိုက်သည်။
"ဘာပြဿနာမှ မရှိရင်... အခုပဲ မင်းကို မျိုးနွယ်ဘိုးဘေးရဲ့ အမွေဆက်ခံခြင်းကို ရယူဖို့ ခေါ်သွားမယ်... ဘယ်လိုလဲ..."
"ဘာပြဿနာမှ မရှိပါဘူး..."
ယီထျန်းယွမ်သည် ပြုံးလျက် ပြောလိုက်သည်။ သူသည် ဤအမွေဆက်ခံခြင်းများကို လက်ခံရန် ငြင်းဆန်ခြင်းမရှိပေ။ များများစားစား ရရှိလေ ကောင်းလေဖြစ်သည်။ အထူးသဖြင့် ကြယ်တာရာစွမ်းအင်ကို သူအလွန်စိတ်ဝင်စားသည်။ သူ၏ သွေးရိုးဗီဇသည် အနည်းငယ်ပါးလှသော်လည်း သင့်လျော်သည့် နိုးကြားမှုရရှိပါက ပိုမိုအားကောင်းသည့် စွမ်းအားကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။
မိမိ၏စွမ်းအားများ ပိုမိုသန်မာမည့်အရေးတွင် မည်သူက ဆန္ဒမရှိဘဲ နေမည်နည်း။ သေချာပေါက် များများစားစား ရလေကောင်းလေဖြစ်သည်။
ထို့နောက် စိုကယ်ဖုန်း၏ ဦးဆောင်မှုဖြင့် ၎င်းတို့သည် ဖုန်းထျန်နတ်တောင်၏ ထိပ်ဆုံးသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။ ထိုနေရာတွင် အတုအယောင်စိတ်ဝိညာဉ်နယ်ပယ်အဆင့်ရှိ တပည့်များက ထူထပ်စွာ အစောင့်အကြပ်လုပ်ထားသည်။ စိုကယ်ဖုန်းကို တွေ့မြင်လိုက်သည့်အခါ ၎င်းတို့သည် လမ်းကြောင်းဖွင့်ပေးကာ ဝင်ရောက်ခွင့်ပြုလိုက်ကြသည်။
သို့သော် ၎င်းတို့ အတွင်းသို့ ဝင်ရောက်နေစဉ် နောက်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။
"မျိုးနွယ်ခေါင်းဆောင်... မျိုးနွယ်ခေါင်းဆောင်..."
ထို့နောက် လူအုပ်တစ်အုပ် ရောက်ရှိလာသည်။ ၎င်းတို့သည် ဖုန်းထျန်နတ်ဘုရားနိုင်ငံ၏ ထိပ်တန်းတပည့်များဖြစ်ကြပြီး နိုင်ငံ၏ မဏ္ဍိုင်များပင်ဖြစ်သည်။
"ဘာကိစ္စလဲ..."
စိုကယ်ဖုန်းသည် ၎င်းတို့ရောက်လာသည်ကို ကြည့်ကာ မျက်နှာထားတည်ငြိမ်စွာ မေးလိုက်သည်။ ဤအရာသည် သူ၏ ခန့်မှန်းထားသည့်အတိုင်း ဖြစ်ပြီး ထူးဆန်းသည့်အရာ မရှိပေ။
"မျိုးနွယ်ခေါင်းဆောင်... သူတို့ကို ခေါ်ဆောင်ပြီး နတ်တောင်ထိပ်က ဖုန်းထျန်နတ်ကျောက်စာတိုင်ဆီ သွားမလို့လား..."
ဦးဆောင်သူမှာ ဖုန်းထျန်နတ်ဘုရားနိုင်ငံ၏ ပဉ္စမအကြီးအကဲဖြစ်သည်။
"ဟုတ်တယ်... ဘာပြဿနာရှိလဲ..."
စိုကယ်ဖုန်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။
"ပြဿနာတော့ မရှိပါဘူး... ဒါပေမယ့် ပုံမှန်အားဖြင့် အမွေဆက်ခံခြင်းကို လက်ခံဖို့ဆိုရင်မှ ဖုန်းထျန်နတ်ကျောက်စာတိုင်ဆီ သွားရတာပါ... အခု ဘယ်သူကို အမွေဆက်ခံဖို့ လွှတ်လိုက်တာလဲ..."
ပဉ္စမအကြီးအကဲသည် မျက်နှာထားတင်းမာလျက် မေးလိုက်သည်။ ၎င်းနောက်မှ လိုက်ပါလာသည့် တပည့်များသည်လည်း မျက်နှာထားတင်းမာကာ အကြည့်များသည် သိပ်မဖော်ရွယ်လှပေ။ သေချာပေါက် ၎င်းတို့သည် ရန်လိုစိတ်ဖြင့် ရောက်လာခြင်းဖြစ်သည်။
"ငါကိုယ်တိုင် သူ့ကို အမွေဆက်ခံဖို့ လွှတ်လိုက်တာ..."
စိုကယ်ဖုန်းသည် ယီထျန်းယွမ်ကို ညွှန်ပြလိုက်သည်။
"မျိုးနွယ်ခေါင်းဆောင်... ဒါက လုံးဝမဖြစ်နိုင်ပါဘူး... သူက ဖုန်းထျန်နတ်ဘုရားနိုင်ငံထဲ မပါဝင်သေးဘူး... အကြီးအကဲလည်း မဟုတ်ဘူး... အမွေဆက်ခံဖို့ လုံးဝသွားလို့မရပါဘူး..."
ပဉ္စမအကြီးအကဲသည် မျက်နှာထားမည်းမှောင်လျက် ပြောလိုက်သည်။ ၎င်းသည် သူခန့်မှန်းထားသည့်အတိုင်း ဖြစ်သည်။
လူအုပ်ကြီးသည် အမွေဆက်ခံခြင်းနေရာသို့ ဦးတည်လာသည်မှာ အမွေဆက်ခံရန်အတွက်ဖြစ်ပြီး မည်သူရယူမည်ကိုဆိုလျှင် ယီထျန်းယွမ်သာဖြစ်သည်။ ယီယွမ်လုံနှင့် ယီရှင်းချန်တို့သည် အမွေဆက်ခံခြင်းကို ရရှိပြီးဖြစ်သဖြင့် ၎င်းတို့ဖြစ်ရန် မဖြစ်နိုင်ပေ။
"ငါက သူ့ကို ဒုတိယအကြီးအကဲအဖြစ် တရားဝင်ခန့်အပ်လိုက်တယ်... ဒုတိယအကြီးအကဲရဲ့ ရာထူးကို အစားထိုးလိုက်တာ..."
စိုကယ်ဖုန်းသည် ကြေညာလိုက်သည်။
"ဒီကိစ္စကို နောက်မှ ကြေညာဖို့ စီစဉ်ထားပေမယ့် ပဉ္စမအကြီးအကဲက အခုလိုပြောလာတာမို့ ကြိုတင်ကြေညာလိုက်တာပဲ... ဒါ့အပြင် ဒုတိယအကြီးအကဲဖြစ်တဲ့ ယီယွမ်လုံကို ငါ့ရဲ့ ရာထူးကို ဆက်ခံဖို့ ဖုန်းထျန်နတ်ဘုရားနိုင်ငံရဲ့ မျိုးနွယ်ခေါင်းဆောင်အဖြစ် ခန့်အပ်တယ်... ထပ်ပြီး ယီရှင်းချန်ကို ပထမအကြီးအကဲကြီးအဖြစ် ခန့်အပ်တယ်... ဒါပဲ..."
ရုတ်တရက် ကြေညာချက်သည် လူအများကို ထိတ်လန့်အံ့အားသင့်စေခဲ့သည်။ ယီထျန်းယွမ်ကို ဒုတိယအကြီးအကဲအဖြစ် ခန့်အပ်ရုံသာမက ယီယွမ်လုံကို နောက်ဆက်တွဲ မျိုးနွယ်ခေါင်းဆောင်အဖြစ်နှင့် ယီရှင်းချန်ကို ပထမအကြီးအကဲကြီးအဖြစ် ခန့်အပ်လိုက်သည်။ ဤသည်မှာ တစ်မိသားစုလုံးက အာဏာအမြင့်ဆုံးကို ဆုပ်ကိုင်ထားခြင်းဖြစ်သည်။ ၎င်းတို့က တစ်ဟုပြောလျှင် မည်သူက နှစ်ဟု ပြောရဲမည်နည်း။
မျိုးနွယ်ခေါင်းဆောင်မှာ ယီယွမ်လုံ၊ ပထမအကြီးအကဲမှာ ယီရှင်းချန်၊ ဒုတိယအကြီးအကဲမှာ ယီထျန်းယွမ်ဖြစ်သည်။ ဤသည်ကို ထုတ်ပြောလျှင် လူအများကို ထိတ်လန့်စေနိုင်လိမ့်မည်။
အခန်း ၇၂၇ ပြီးပါပြီ။