ဖျားယောင်းသိမ်းသွင်းခြင်း
Vol. 35 Ch. 511
“ဟုတ်တယ်၊ သားတော်... မိန်းခလေးတွေက နောက်ပိုင်းမှာ တဖြည်းဖြည်း အသက်ကြီးလာဦးမှာ၊ အဲဒီအချိန်မှာ သားတော် တခြားတစ်ယောက်ယောက်ကို ချစ်မိသွားရင် ရှောင်းကျဲယွိနဲ့ ရန်သူတွေ ဖြစ်သွားနိုင်တယ်၊ နှစ်ခါ ပြန်စဉ်းစားတာက ပိုကောင်းလိမ့်မယ်”
ကြင်ယာတော်လီကလည်း ဧကရာဇ်အိုကြီးနှင်အတူ သူမ၏သားတော်ကို အကြံဝင်ပေးလိုက်သည်။ တော်ဝင်မိသားစုမှ လူများတွင် မြင့်မြတ်သည့်အဆင့်အတန်းရှိပြီး လူတိုင်းက သူတို့ကို လေးစားရသည်ဟု ထင်နေကြသော်လည်း အချို့အရာများက သူတို့၏ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသေးသည်။
ရှောင်းမိသားစုက အဲ့မိန်းကလေးက ကလေးမမွေးနိုင်တာမျိုး ဖြစ်နေပြီး ယဲ့လွီချွမ်းကိုလည်း ကိုယ်လုပ်တော်ထပ်ယူခွင့်မပေးဘူးဆိုရင် ဘာဖြစ်လာနိုင်မလဲ? အဲ့လို ဖြစ်လာရင် သူတို့ရဲ့သားစဉ်မြေးဆက်တွေ မရှိတော့ဘဲ တာ့ထန်ရဲ့တော်ဝင်မျိုးဆက် ပျက်သုန်းသွားတော့မှာ မဟုတ်ဘူးလား?
ယဲ့လွီချွမ်းက သူ့အမေကို ကြည့်ကာ ပြန်မေးလိုက်သည်။
"မယ်တော်၊ မယ်တော်အနေနဲ့ ခမည်းတော်ရဲ့မေတ္တာကို တခြားမိန်းမတွေနဲ့ ဝေမျှဖို့ ဆန္ဒရှိလား?"
ကြင်ယာတော်လီထံတွင် သူမ၏သားတော် မေးလာသည့် တိုက်ရိုက်ဆန်ဆန် မေးခွန်းအတွက် အံ့သြနေခဲ့သည်။ အထူးသဖြင့် ဧကရာဇ်၏ရှေ့တွင် သူမ၏သားတော်က ထိုသို့ မေးမြန်းလာမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
သူမ ဆန္ဒမရှိဘူးလို့ ဖြေမိရင် ဧကရာဇ်မင်းမြတ်ရဲ့အမြင်ထဲက သူမရဲ့ပုံရိပ် ပျက်စီးသွားလိမ့်မယ်။ သူမက မနာလိုဝန်တို ရှိပြီး အမြင်မကျယ်တာကြောင့် တိုင်းပြည်ရဲ့မိခင် ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ဧကရာဇ်မင်းမြတ်က သတ်မှတ်သွားလိမ့်မယ်။
ဒါပေမယ့် သူမရဲ့စိတ်ထဲမှာတော့ တကယ်ကို လုံးဝ ဆန္ဒမရှိတာပါ။ ဘယ်အမျိုးသမီးက မိမိရဲ့ခင်ပွန်းကို အခြားမိန်းမဆီကို ပေးလှူချင်မှာတုန်း?
ဧကရာဇ်အိုကြီးကတော့ ကြင်ယာတော်လီ၏ အဖြေစကားကိုပင် မစောင့်တော့ဘဲ မည်းမှောင်နေသောမျက်နှာဖြင့် ဝင်ပြောလိုက်သည်။
“တော်ဝင်မိသားစုထဲက အမျိုးသမီးတစ်ယောက်အနေနဲ့ သာမန်ပြည်သူတွေလိုမျိုး ချစ်ခြင်းမေတ္တာကို မျှော်လင့်နေလို့ မရဘူး။ တော်ဝင်မိသားစုထဲ ဝင်ချင်ရင် သည်းခံစိတ်ရှိ ရမယ်”
ကြင်ယာတော်လီ၏နှုတ်ခမ်းများက အနည်းငယ် တွန်းကွေးလာပြီး နားလည်ပေးနိုင်သည်ဟု အဓိပ္ပါယ်ရသည့် အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။ ထို့နောက် သူမက ဧကရာဇ်အိုကြီး၏ အကြိုက်အတိုင်း ထောက်ခံပြောဆိုနေခဲ့သည်။
“အင်း၊ မယ်တော် ဆန္ဒရှိပါတယ်။ ဧကရာဇ်ဆိုတာ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ပဲ၊ ဧကရာဇ်မင်းမြတ်အနေနဲ့ တော်ဝင်မိသားစုရဲ့ အကိုင်းအခက်တွေ ပြန့်ပွားအောင် ဆောင်ရွက်တာကို မယ်တော်တို့က ကူညီပံ့ပိုးပေးသင့်တယ်လေ”
ယဲ့လွီချွမ်းက သူ့မယ်တော်၏မျက်လုံးများထဲမှ နာကြည်းမှုနှင့် အကူအညီမဲ့မှုကို အချိန်အကြာကြီး မြင်လာခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် သူက ကျိရှောင်ယင်၏မျက်လုံးများထဲသို့ ထိုအမူအရာများ ရောက်လာမည်ကို မမြင်ချင်ပေ။ သူမက ဖြူစင်ပြီး ကြင်နာတတ်သော မိန်းကလေးများ ဖြစ်ပြီး သူ့ကြောင့် သူမ၏မျက်လုံးလေးများထဲမှ အလင်းရောင်တောက်တောက်လေးများ မှေးမှိန်သွားမည်ကို သူ အမှန်တကယ် သည်းမခံနိုင်ပေ။
နောက်ဆုံးတွင် ယဲ့လွီချွမ်းက သူ့၏မိဘများအား အခိုင်အမာ ထပ်ပြောလိုက်သည်။
"ကျိရှောင်ယင်က တော်ဝင်မိသားစုအတွက် ကလေးတွေ မွေးပေးနိုင်မှာပါ။ သားတော် တခြားမိန်းမတွေကို မလိုချင်ဘူး။ ခမည်းတော် သဘောမတူရင် ဒီသားတော်က ထီးနန်းကို လက်လျော့လိုက်တော့မယ်”
အတိတ်က သူ့အတွက် ဆွဲဆောင်မှုရှိတဲ့ ရာဇပလ္လင်က အခုတော့ ကျိရှောင်ယင်လောက်တောင် အရေးမကြီးတော့ဘူး။
“မင်း... မင်း ဒီလိုပုံစံနဲ့.... ဘယ်လိုလုပ်ပြီး အုပ်စိုးရှင်ကောင်းတစ်ယောက် ဖြစ်လာနိုင်တော့မှာလဲ?”
ဧကရာဇ်အိုကြီးက စိတ်တိုလွယ်သူ ဖြစ်ကာ ယခုလည်း အလွန်ဒေါသထွက်နေပြီ ဖြစ်သည်။
တော်ဝင်မိသားစုက လူတစ်ယောက်က ဘာလို့ ဒီလောက် အစွဲအလန်းထားနိုင်ရတာလဲ? အချစ်က လူတွေရဲ့တိုက်ပွဲဝင်စိတ်ကို ဆုံးရှုံးစေနိုင်တယ်။
"တောင်းပန်ပါတယ် ခမည်းတော်ဧကရာဇ်!"
ယဲ့လွီချွမ်းက ကြမ်ပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ခမည်းတော်ကို ထပ်ဦးညွှတ်လိုက်သည်။ သို့သော် သူ့မျက်လုံးများက မယိမ်းမယိုင် ဖြစ်နေပြီး ပြတ်သားမှုကို အတိအကျ ဖော်ပြနေကာ လုံးဝ အလျှော့မပေးခဲ့ပေ။
"မင်း.... မင်း ထွက်သွားစမ်း"
ဧကရာဇ်အိုကြီးက အလွန်အမင်း ဒေါသထွက်နေကာ သူ့အင်္ကျီလက်ဝကျယ်၏အနားစများကို ဝှေ့ယမ်းပြီး ယဲ့လွီချွမ်းအား ထွက်သွားရန် အမိန့်ပေးလိုက်သည်။ ယဲ့လွီချွမ်းက အပြစ်မကင်းသလို ခံစားနေရပုံဖြင့် သူ့ခမည်းတော်အား မော့ကြည့်က ဦးညွှတ်အရိုအသေပေးလိုက်သည်။
“သားတော်က မသိတတ်ဘဲ ခမည်းတော်ဧကရာဇ်ကို အမျက်ထွက်စေမိလို့ တောင်းပန်ပါတယ်”
“ထွက်သွားတော့”
ဧကရာဇ်အိုကြီးက ဒေါသထွက်နေဆဲဖြစ်ကာ မည်းမှောင်သောမျက်နှာဖြင့် သူ့သားတော်ကို နှင်ထုတ်လိုက်သည်။
သူ့သားတော်က မိန်းမတယောက်ကြောင့် လူတကာ တက်မက်နေတဲ့ ရာဇပလ္လင်ကို စွန့်ပစ်ချင်နေတယ်။ ဒီလို ရည်မှန်းချက်မရှိတဲ့လူက သူ့သားတော် ဖြစ်ဖို့ ဘယ်လိုထိုက်တန်မှာလဲ?
ယဲ့လွီချွမ်း၏အမူအရာက ညိုးငယ်သွားသော်လည်း သူ့နှလုံးသားက ပြတ်သားနေဆဲ ဖြစ်သည်။
သူ ဒါကို အနှေးနဲ့အမြန် ရင်ဆိုင်ရမှာမို့ မြန်မြန်ရင်ဆိုင်လိုက်တာက ပိုကောင်းတယ်လေ။ ဘယ်လို ရှေ့ဆက်ရမယ်ဆိုတာ သေချာသွားတာပေါ့။
ယဲ့လွီချွမ်း ထွက်သွားပြီးနောက် ကြင်ယာတော်လီက နဂါးသလွန်ပေါ်တွင် ဒေါသတကြီး ထိုင်နေသော ဧကရာဇ်မင်းမြတ်ကို တစ်ချက်ကြည့်သည်။ ယနေ့တွင် သူမ၏သားတော်က ဧကရာဇ်အား ဒေါသထွက်စေခဲ့သောကြောင့် သူမ ဘာမှ မပြောတော့ဘဲ တိတ်တိတ်လေး ခစားနေရန်သာ ဆုံးဖြတ်လိုက်သည်။ သူမက ဧကရာဇ်အိုကြီးအတွက် ဂန္ဓမာလက်ဖက်ရည်တစ်ခွက်ကို ထည့်ပေးပြီး သလွန်ဘေးမှ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် သူမက ဧကရာဇ်အိုကြီးအား ခပ်ဖွဖွ နမ်းကာ လက်ဖက်ရည်ကို သောက်ရန် တိုက်တွန်းလိုက်သည်။
"ဧကရာဇ်မင်းမြတ် လည်ချောင်းခြောက်သက်သာအောင် လက်ဖက်ရည်တစ်ခွက်လောက် သောက်လိုက်ပါဦးနော်”
"လီဖေး၊ ခုန သားတော် မင်းကို မေးတော့ မင်း ဘာလို့ တုံ့ဆိုင်းနေတာလဲ?”
ဧကရာဇ်အိုကြီးက ကြင်ယာတော်လီကို ညှို့မှိုင်းသောမျက်နှာဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။
သူမရဲ့စိတ်ထဲမှာ သူ့ကို နာကြည်းနေတာ ဖြစ်နိုင်လား?
ကြင်ယာတော်လီက အံ့ကြိတ်ကာ ခဏတာမျှ တွေးတောနေပြီး နောက်ဆုံးတွင် သူမ၏သားတော်အတွက် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ သူမက ဧကရာဇ်အိုကြီးအား တည်ငြိမ်စွာ မော့ကြည့်ရင်း ပြန်ဖြေလိုက်သည်။
“အရှင်မင်းကြီး၊ ချန်ချဲ့က တော်ဝင်မိသားစုထဲက အမျိုးသမီးတစ်ဦးပါ၊ တော်ဝင်မိသားစုဝင်တစ်ယောက် အနေနဲ့ မနာလို မဖြစ်သင့်ပါဘူး။ ညီအစ်မတွေ ဘယ်လောက်ပဲရှိရှိ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ သင့်မြတ်အောင် နေထိုင်သင့်ပါတယ်။ ဒါပေမယ့် မိန်းမတစ်ယောက်အနေနဲ့တော့.... ခင်ပွန်းသည်ကို တခြားလူနဲ့ မမျှဝေချင်တာ အမှန်ပါပဲ”
ကြင်ယာတော်လီ၏စကားကို ကြားလိုက်ရချိန်တွင် နဂိုညှို့မှိုင်းနေသည့် ဧကရာဇ်အိုကြီး၏မျက်နှာက လုံးဝ မည်းမှောင်သွားပြီး သူမကို စူးစူးရှရှ စိုက်ကြည့်နေသည်။ ကြင်ယာတော်လီကတော့ ဧကရာဇ်အိုကြီး၏ စူးရှသောအကြည့်ကို အေးအေးဆေးဆေး ပြန်ရင်ဆိုင်လိုက်သည်။
ဧကရာဇ်အိုကြီးက သူမကို အချိန်အကြာကြီး ကြည့်နေပြီးမှ ရုတ်တရက် သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် သူက ကျန်းရဲ့သားတော်ပဲ!"
ဧကရာဇ်အိုကြီးက ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဧကရီအား ပြန်တွေးသွားမိချင်း ဖြစ်သည်။
အရင် ဧကရီဟောင်းက သူမ ဧကရီ ဖြစ်လာဖို့နဲ့ သူမရဲ့သားတော် ထီးနန်းဆက်ခံနိုင်ဖို့ လီဖေးရဲ့ ဘဝတစ်ဝက်လောက် အိပ်ယာပေါ်မှာ နေရအောင် လုပ်ခဲ့တယ်။ သူ့သားတော်သုံးပါးက တူညီတဲ့မိခင်ကနေ မွေးလာတာ မဟုတ်တာကြောင့် သေတဲ့အထိ တိုက်ခိုက်ခဲ့ကြတယ်။ သူ့မှာသာ အမျိုးသမီးတစ်ယောက်ပဲ ရှိခဲ့ရင် ဒီလိုအငြင်းပွားမှုမျိုးတွေ ရှိလာမှာ မဟုတ်ဘူး။
"သားတော်ကို နားလည်ပေးတဲ့အတွက် ဧကရာဇ် မင်းမြတ်ကို ကျေးဇူးတင်ပါတယ်"
ဧကရာဇ်အိုကြီး စိတ်ပြောင်းသွားကြောင်း နားလည်လိုက်သည့်အတွက် ကြင်ယာတော်လီ၏မျက်လုံးများ အရောင်တောက်လာသည်။ သူမက ချက်ချင်း ဒူးထောက်ကာ သူမ၏သားတော်အတွက် ဧကရာဇ်အိုကြီးကို ကျေးဇူးတင်စကားဆိုလိုက်သည်။
“ဓလေ့ထုံးထမ်းရေးရာဌာနက လူတွေကို ဆင့်ခေါ်ပြီး ထိမ်းမြားခွင့်တောင်းဖို့ မော့ချန်ကို စေလွှတ်ပေးမယ်”
ဧကရာဇ်အိုကြီးက သက်ပြင်းချလိုက်ပြီး ဓလေ့ထုံးတမ်းရေးရာဝန်ကြီးအား သွားခေါ်ရန် မိန်းမစိုးတစ်ယောက်အား အမိန့်ပေးလိုက်သည်။
လက်ရှိမှာ ကျိရှောင်ယင်ရဲ့အဆင့်အတန်းက သာမန်မဟုတ်တော့ဘူး။ သူမက တော်ဝင်မိသားစုဝင် မဟုတ်သေးပေမယ့် ရှောင်းကျဲယွိရဲ့ တားဆီးမရနိုင်တဲ့ အရှိန်အဟုန်အပေါ် မူတည်ပြီး ဆုံးဖြတ်ရရင် သူ မြို့တော်ကို သိမ်းပိုက်ပြီး မင်းဆက်ကို ပြောင်းလဲဖို့က အချိန်တစ်ခုပဲ လိုတော့တယ်။
တကယ်လို့ ရှောင်းကျဲယွိ အလယ်ပိုင်းလွင်ပြင်ရဲ့ဧကရာဇ်ဖြစ်လာခဲ့ရင် ကျိရှောင်ယင်က မင်းသမီးလေးလေး ဖြစ်လာပြီး သူမရဲ့ မူရင်းနာမည်နဲ့ အစစ်အမှန် မင်းသမီးလေး ဖြစ်လာလိမ့်မယ်။ အလယ်ပိုင်းလွင်ပြင်က တိုင်းပြည်ကြီးဖြစ်ပြီး တာ့ထန်ကတော့ ဘေးက ပြည်ထောင်ငယ်လေးသာသာပဲ။ အဲ့အချိန်ရောက်လာရင် သူ့သားတော်က ကျိရှောင်ယင်ကို လက်ထပ်နိုင်တော့မှာ မဟုတ်ဘူး။
အခု အိမ်ထောင်ပြုလည်း အိမ်ထောင်ပြုတာပဲ၊ နောက်မှ အိမ်ထောင်ပြုလည်း အိမ်ထောင်ပြုတာပဲ၊ အဲ့လိုဆိုမှတော့ စောတာက နောက်ကျတာထက် ပိုကောင်းတယ်။ အခုနေ သွားတောင်းမှ ကျိရှောင်ယင်ကို ရနိုင်မှာမို့ မြန်မြန်ဆန်ဆန် လူလွှတ်လိုက်တာ အကောင်းဆုံးပဲ။
ယဲ့လွီချွမ်းက သူမအတွက် အများကြီး စွန့်စားခဲ့ကြောင်း ကျိရှောင်ယင် မသိသေးပေ။ သို့သော် သူမက ယဲ့လွီချွမ်း ထွက်သွားပြီးကတည်းက သူ့ကို လွမ်းဆွတ်တမ်းတနေခဲ့သည်။ သို့သော်လည်း သူမက သာမန် မိန်းခလေးသာ ဖြစ်ပြီး ဖီးနစ်တစ်ကောင်ဖြစ်လာရန် ဆန္ဒရှိနေခြင်းက သူမ စိတ်ကူးယဥ်နေခြင်း ဖြစ်ကြောင်း သူမ ခံစားနေမိပြန်သည်။
သို့သော် အကြောင်းပြချက်က စိတ်ခံစားမှုကို ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။ ထိုအရာက မသင့်တော်သော အရာမှန်း သူမ သိနေသော်လည်း သူ့ကို တမ်းတနေသည့် သူမ၏စိတ်ကို သူမ မထိန်းချုပ်ထားနိုင်ခဲ့ပေ။ ညဉ့်ဘက်ရောက်လာတိုင်း တာ့ထန်၏တောင်တန်းပြာ တွေ့ဆုံပွဲတွင် ယဲ့လွီချွမ်းက သူမအား ကယ်တင်ခဲ့သည့် မြင်ကွင်းကို သူမ မြင်ယောင်နေမိတတ်သည်။ သူမ မေ့ပစ်ရန် ကြိုးစားလေလေ ထိုပုံရိပ်များက ပို၍တိကျလာလေလေ ဖြစ်နေပြန်သည်။
စူးချင်းက ကျိရှောင်ယင်၏ စိတ်ထဲမှ အတွေးများကို မသိခဲ့ပေ။ နှစ်သစ်ကူး ရောက်ခါနီးပြီ ဖြစ်သောကြောင့် သူမ အလုပ်များနေခဲ့သည်။ သူမ အိပ်ချိန်နှင့် စားချိန်မှ လွဲလျှင် တနေ့ခင်းလုံး အရက်ချက်ရုံ၌ အရက်ချက်ပြီး ညဘက်တွင်လည်း ပါးနီမှုန့်နှင့် နှုတ်ခမ်းနီများ လုပ်နေခဲ့သည်။
ထို့အပြင် သူမ ကျိုးပေါ်ထံ၌ အရက်အိုး ၁၀၀ အကြွေးတင်နေခဲ့ပြီး ထိုအကြွေးကို ပြန်ဆပ်ခဲ့ဦးမည် ဖြစ်သည်။ ယဲ့လွီချွမ်းကလည်း နောက်ထပ် အရက်ရနိုင်ရန် လောဆော နေသေးသည်။ သူမ အရက်ချက်ရုံကို တိုးချဲ့ထားခဲ့ထားသော်လည်း တစ်နေ့လျှင် အိုး ၂၀ ဆယ်သာ ချက်နိုင်ခဲ့သည်။ ယခု နှစ်သစ်ရောက်ရန် ခုနစ်ရက်သာ လိုတော့ပြီး မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းသည့်အခါ စားသောက်ပွဲကျင်းပရန် အရက်အိုးများ လိုနေသေးသည်။ ထို့အပြင် စူးချင်းက စစ်သည်များအတွက်လည်း ဆုကြေးငွေနှင့် အရက်အိုးတချို့နှင့် ဆုချရန် တွေးထားခဲ့သည်။ ထို့ကြောင့် သူမ နေ့ရောညပါ အရက်ချက်နေလျင်ပင် လုံလောက်မည် မဟုတ်တော့ပေ။
ရှောင်းကျဲယွိကလည်း တပ်သားသစ်များစုဆောင်းခြင်း၊ စစ်သူကြီးကောင်းများ ရှာဖွေ စုဆောင်းခြင်းနှင့် ရုံးလုပ်ငန်းများကို ကိုင်တွယ်ရင်း အလုပ်များနေခဲ့သည်။ သူက နေ့တိုင်း မနက်မိုးလင်းသည်နှင့် ထွက်သွားပြီး ညဘက်မှ ပြန်ရောက်လာတတ်သည်။ နှစ်ယောက်သား အိပ်ချိန်၌သာ တွေ့ဆုံနိုင်ပြီး တခြားအချိန်များတွင် ကိုယ်စီအလုပ်ရှုပ်နေခဲ့ကြသည်။
ကျုံးယုံက မော့ချန်သို့ ပြန်ရောက်လာပြီး စူးချင်းကို သူ့အတွက် မိန်းမကူတောင်းပေးရန် တောင်းဆိုခဲ့သေးသည်။ နောက်ဆုံးတွင် သူမ၏တပည့်ကောင်းလေး ဉာဏ်အလင်းရသွားပြီ ဖြစ်ကြောင်း သိလိုက်ရသောကြောင့် စူးချင်းကလည်း ချက်ချင်း သဘောတူလိုက်သည်။
ကျန်းယွိရန်က မိန်းကလေးကောင်းတစ်ယောက် ဖြစ်သောကြောင့် သူမအနေဖြင့်လည်း ကျန်းယွိရန်ကို စိတ်တိုင်းကျပြီး အပြစ်ဆိုစရာ မရှိပေ။ လက်ထပ်ခွင့် သွားတောင်းမည်ဟု တွေးလိုက်ချိန်တွင် လိုအပ်သည့် အရာတိုင်းအား မည်သည့်နည်းလမ်းနှင့်မျှ လက်လွှတ်မခံရန် သူမ ဆုံးဖြတ်လိုက်သည်။
သူမတို့၏မွေးစားအမေ မရှိတော့သည့်အတွက် စူးချင်းက ကျုံးယုံအတွက် စေ့စပ်လကက်ဆောင် ဝယ်ပေးခဲ့သည်။ သူမထံတွင် ပိုက်ဆံအများကြီး ရှိသောကြောင့် အရာရာကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ခဲ့သည်။ စူးချင်းက တာ့ထန်၏ဧကရီဟောင်းထံမှ သူမ သိမ်းယူလာခဲ့သော ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာအချို့ကိုပင် ထုတ်ယူခဲ့သည်။ သူမ ထုတ်ယူလိုက်သည့် ပစ္စည်းတစ်ခုစီကပင် အထင်ကြီးလောက်စရာ ဖြစ်နေခဲ့သည်။ ထို့နောက် သူမက မွေးဇာတာနှင့် အမည်အား တိုက်စစ်ရန် ကျွမ်းကျင်သော အောင်သွယ်ကို ရှာခဲ့ပြီး ရှောင်းကျဲယွိနှင့် သူမ၏မင်္ဂလာပွဲထက်ပင် သေသေချာချာ ပြင်ဆင်ထားခဲ့သည်။
ကျန်းမိသားစုကလည်း ကျုံးယုံ လက်ထပ်ခွင့်တောင်းလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ သူထံ၌ ဘာမှ မရှိလျှင်ပင် သူတို့၏သမီးကို လက်ထပ်ပေးရန် ဆန္ဒရှိနေခဲ့သည်။ ထို့အပြင် စူးချင်းက ကျုံးယုံ၏မိဘနေရာမှ ဦးဆောင်ပေးပြီး တန်ဖိုးကြီးသော စေ့စပ်လက်ဆောင်များကိုလည်း ယူဆောင်ခဲ့သေးသည်။ သူတို့ သဘောမတူနိုင်စရာ အကြောင်းဟူ၍ မြူတစ်မှုန်စာပင် မရှိတော့ပေ။
ကျုံးယုံ၏အိမ်ထောင်ရေး ပြေလည်သွားပြီ ဖြစ်သောကြောင့် စူးချင်းက ကြက်နှင့် ငါးကို အကောင်လုံးကင်ပြီး ရှောင်းကျဲယွိနှင့်အတူ သူမတို့ မွေးစားအမေ၏အုတ်ဂူဆီသို့ ရောက်လာကြပြန်သည်။ အုတ်ဂူပေါ်ရှိ နှင်းများမရှိဘဲ လုံးဝ ရှင်းလင်းသန့်စင်နေသည်။ ကျုံးယုံက သူ့အမေအပေါ် အလွန်သိတတ်သူ ဖြစ်ပြီး သူ မော့ချန်တွင် ရှိနေသရွေ့ သူအမေ၏အုတ်ဂူ နေ့တိုင်း သန့်ရှင်းရေးလာလုပ်လေ့ရှိသည်။
"မွေးစားအမေ၊ ရွှေ့ရှန့် နဲ့ ကျွန်မ မွေးစားအမေကို တွေ့ဖို့ ရောက်လာပြီ"
စူးချင်းက အမွှေးတိုင်ကို မီးညှိပြီး အမွှေးတိုင်အိုးသို့ ထိုးစိုက်လိုက်သည်။ ထို့နောက် သူမက မွေးစားအမေ၏အုတ်ဂူကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် မီးအိမ်အောက်၌ ပန်းထိုးနေသည့် မွေးစားအမေ၏ နူးညံ့ကြင်နာသော အကြည့်များနှင့် အသွင်အပြင်က သူမ၏မျက်လုံးရှေ့တွင် ပေါ်လာသောကြောင့် စူးချင်း၏မျက်လုံးများ နီရဲလာပြန်သည်။
ရှောင်းကျဲယွိက အရက်တစ်ခွက်ကို အုတ်ဂူရှေ့သို့ သွန်နေရင်း တိုးတိုးလေးပြောလိုက်သည်။
“မွေးစားအမေ၊ စိတ်ချပါ။ ကျွန်တော် ယုံအာ့ကို ဂရုစိုက်ပါ့မယ်။ လာမယ့်နွေဦး ပန်းတွေ ပွင့်တဲ့အခါ မွေးစားအမေနဲ့ မွေးစားအဖေ တွေ့ဆုံနိုင်ဖို့ ကျွန်တော် ခေါ်သွားပေးမယ်”
"သခင်လေး၊ အရေးကြီးတဲ့ သတင်းတစ်ခုပါ.... အရမ်းအရေးကြီးပါတယ်!"