← Chapters

မေးမြန်းခြင်း

Vol. 35 Ch. 513

မေးမြန်းခြင်း

Vol. 35 Ch. 513

ထိုလူက တာ့ထန်မှလူ ဖြစ်နေသည်ကို သိလိုက်သည်နှင့် ကျိရှောင်ယင်က သူမကိုယ်သူမ မထိန်းနိုင်ဘဲ ယဲ့လွီချွမ်း၏ပုံရိပ်ကို လိုက်လံရှာဖွေနေပြန်သည်။ သူမ နှလုံးခုန်က ပြင်းပြင်းထန်ထန် မြည်ဟီးနေသော်လည်း ယဲ့လွီချွမ်း၏အရိပ်အယောင်ကိုပင် သူမ မမြင်ရပေ။ ကျိရှောင်ယင်၏ ပျော်ရွှင်စိတ်များက ဟိုးအောက်ခြေအထိ ပြန်ထိုးဆင်းသွားပြီး သူမ၏တောက်ပနေသော မျက်လုံးလေးများလည်း အရောင်ပြန်မှိန်သွားသည်။

“စစ်သည်တို့ တာ့ထန်ပြည်ထောင်ရဲ့သံတမန်ကို အနားယူဖို့ လိုက်ပို့ပေးလိုက်ပါ”

စူးချင်းက သူမ၏သက်တော်စောင့်များကို ခေါ်လိုက်ပြီး ဟူးအာ့ခန်းကို နားနေဆောင်သို့ ပို့ခိုင်းလိုက်သည်။

ခနနေရင် သူမ သူ့ကို ညစာစားဖို့ ဖိတ်ခေါ်ရဦးမယ်။ ရွှေ့ရှန်က အိမ်မှာ မရှိတဲ့အချိန် သူမ မဖြစ်မနေ ဒီတာဝန်ကို ယူရမှာပေါ့။ သူမတို့ဘက်က တိုင်းတပါးရဲ့သံတမန်ကို မထီမဲ့မြင် ပြုမူနေတယ်လို့ ထင်သွားမှာကို သူမ လုံးဝ လက်မခံနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီလူက တာ့ထန်ဧကရာဇ်ရဲ့ကိုယ်စား ဒီနေရာကို ရောက်နေခဲ့တာ‌လေ။

သံတမန်ကို လိုက်ပို့ပေးပြီးနောက်တွင် စူးချင်းက စိတ်ပျက်နေပုံရသော ကျိရှောင်ယင်ကို ခေါ်ကာ အတွင်းခန်းထဲ၌ ထိုင်ခိုင်းလိုက်သည်။ သူမက အတွေးများကို မဖုံးကွယ်နိုင်ရှာသည့် ကလေးမလေးအား ပြုံးပြကာ တိုးတိုးညင်ညင် မေးမြန်းလိုက်သည်။

"မင်း စိတ်ပျက်သွားတာလား?"

ထိုစကားက ကျိရှောင်ယင်၏ မျက်နှာလေးကို နီရဲသွားစေပြီး သူမက ရှက်ကိုးရှက်ကန်း ပြန်အော်လာခဲ့သည်။

"ယောင်းမ!"

"ဟား ဟား၊ တာ့ထန်ရဲ့သံတမန်က ဘာလို့ ဒီကို ရောက်လာတာလဲဆိုတာ ခန့်မှန်းကြည့်လိုက်ပါဦး"

စူးချင်းက ကျိရှောင်ယင်၏ရှက်ရွံ့သောအမူအရာကို သဘောတကျ ကြည့်နေကာ သူမ၏မျက်နှာပေါ်မှ အပြုံးက ပို၍ တောက်ပလာပြန်သည်။

အခု သူမ အမေအိုကြီးတစ်ယောက်လို ခံစားနေရတယ်။ သမီးမိန်းကလေးတစ်ယောက် ကြီးပြင်းလာတဲ့အခါ တစ်စုံတစ်ဦးနဲ့ လက်ထပ်သွားလိမ့်မယ်။ ဒါပေမယ့် သူမ သဘောကျတဲ့လူနဲ့ လက်ထပ်ခွင့်ရတာတော့ ကံကောင်းတာပေါ့လေ။ ရှေးခေတ်မှာ သူတို့ မကြိုက်မနှစ်သက်တဲ့လူကို လက်ထပ်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတဲ့ အမျိုးသမီးတွေ အများကြီး ရှိနေတုန်းပဲ။ ရှေးခေတ်က မိန်းခလေး အများအပြားက သူမတို့ရဲ့ဆန္ဒကို ဆန့်ကျင်ပြီး အတင်းအကြပ် ဖိအားပေး ခံခဲ့ကြရတယ်၊ သူမတို့ထဲက အနည်းငယ်ကပဲ သူမတို့ ချစ်မြတ်နိုးတဲ့သူကို လက်ထပ်နိုင်ခဲ့ကြတယ်။ အဲ့လိုတွေသာ မဟုတ်ခဲ့ရင် လျန်ကျူးလိုမျိုး စွဲမက်ဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုး ရှိလာမှာ မဟုတ်ဘူးလေ။

(T/n: လျန်ကျူး ဆိုတာက တို့တွေ ငယ်ငယ်က မြဝတီမှာ ပြဖူးတဲ့ လိပ်ပြာချစ်သူ ကို ပြောတာပါ၊ လျန်စန်းပေါ်နဲ့ ကျူးယင်ထိုက်ရဲ့ ကြေကွဲဖွယ် အချစ်ဇာတ်လမ်းပေါ့)

ယဲ့လွီချွမ်းက ရှောင်ယင်အပေါ် ရိုးသားပြီး အခြားမိန်းမတွေ မရှိသရွေ့ သူတို့က လိုက်ဖက်တဲ့ စုံတွဲလေးတစ်တွဲ ဖြစ်လာမှာ သေချာပါတယ်။

ယောင်းမဖြစ်သူ၏စကားက ကျိရှောင်ယင်၏နှလုံးခုန်နှုန်းကို တဖန်ပြန်မြန်လာစေပြန်သည်။ ဥာဏ်ရည်ထက်မြက်သော မိန်းကလေးတစ်ယောက်ဖြစ်သည့် သူမကလည်း ထိုအရာကို အလွယ်တကူ မှန်းဆနိုင်သည်။ ထို့ကြောင့် သူမ၏မျက်နှာက ပို၍ပင် နီရဲလာပြီး ခေါင်းမမော့နိုင်လောက်အောင် ရှက်ရွံ့နေတော့သည်။ သို့သော် သူမနှုတ်ခမ်းပေါ်ရှိ အပြုံးလေးက သူမကို သစ္စာဖောက်နေပြီး သူမ၏ပျော်ရွှင်မှုကို ထုတ်ဖော်နေဆဲပင်။

"မင်း တာ့ထန်ကို လိုက်သွားဖို့ ဆန္ဒရှိလား? နန်းတော်မှာ စည်းကမ်းတွေ အများကြီး ရှိမှာနော်၊ မင်းက လွတ်လပ်မှုကို သဘောကျတာ မဟုတ်ဘူးလား? မင်း လိုက်လျောညီထွေနေနိုင်ပါ့မလား?”

ကျိရှောင်ယင်ကို အလေးအနက် မေးမြန်းနေသည့်အချိန်တွင်တော့ စူးချင်း၏ မျက်နှာပေါ်မှ အပြုံးများလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

“တော်ဝင်မိသားစုထဲက အချစ်ဆိုတာက အချစ်ဇာတ်လမ်းတွေထဲကလို စိတ်ကူးယဥ်ဆန်ဆန်နဲ့ ဆွတ်ပျံ့ကြည်နှူးစရာမျိုးတွေ မဟုတ်ဘူး။ ရှုပ်ထွေးသတဲ့ ကျင့်ဝတ်တွေက မင်းကို ချည်နှောင်ထားလိမ့်မယ်၊ ယဲ့လွီချွမ်းအတွက်ကတော့ သူကတော့ မင်းထက်တောင် ပိုခက်ခဲဦးမယ်။ မင်း သူ့ကို တွေ့ရဖို့က မလွယ်နိုင်ဘူး၊ တော်ဝင်နန်းတော်ထဲက အမျိုးသမီးတစ်ယောက်က အထီးကျန်မှုကို သည်းခံနိုင်ရမယ်။ နေ့တိုင်း နေ့တိုင်း စောင့်ဆိုင်းတာအပြင် လုပ်နိုင်တာဆိုလို့ ဘာမှ မရှိဘူး။ အဲ့လိုနေ့ရက်တွေက ရိုးရှင်းတဲ့ဘဝက သာမာန်ဇနီးမောင်နှံရဲ့နေ့ရက်တွေလောက် ပျော်စရာကောင်းမှာ မဟုတ်ဘူး။ ပြီးတော့ အဲ့နေရာက မင်းရဲ့မိသားစုနဲ့ လီထောင်ချီ ဝေးတယ်။ မင်း လက်ထပ်ပြီး အဲဒီကို လိုက်သွားတာက မင်း တစ်သက်လုံး မင်းရဲ့မိသားစုဆီကို ဘယ်တော့မှ ပြန်လို့မရနိုင်တော့ဘူးလို့ ဆိုလိုတယ်!”

စူးချင်းက သူမ တာ့ထန်ဘက်မှ တောင်းဆိုမှုအား လက်မခံရသေးသည့်အချိန်ကို အခွင့်ကောင်းယူကာ ကျိရှောင်ယင်အား ကောင်းကျိုးဆိုးကျိုးများအားလုံး ပြောပြလိုက်သည်။

သူမနှင့် ရှောင်းကျဲယွိတို့၏သဘောအရတော့ ကျိရှောင်ယင်ကို တာ့ထန်သို့ မသွားစေချင်ပေ။

ကျိရှောင်ယင်က သူမ၏နှုတ်ခမ်းကို ကိုက်ထားပြီး အနည်းငယ် မျက်မှောင်ကြုတ်နေကာ သူမ၏ကြည်လင်နေသော မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ယောက်မဖြစ်သူ၏စကားက သူမကို တော်တော်လေး တွေဝေသွားစေပုံရသည်။

သူမ ယဲ့လွီချွမ်းကို နှစ်သက်ပေမယ့် သူမရဲ့အစ်ကိုကြီးနဲ့ ယောင်းမကို မထားခဲ့နိုင်ဘူး။

သူမ၏ဘဝတစ်လျောက်လုံး သူမ၏အစ်ကိုကြီးနှင့် ယောင်းမအား မတွေ့နိုင်တော့သည်ကို တွေးမိရုံဖြင့် ကျိရှောင်ယင်၏နှလုံးသားကို နာကျင်စေပြီး မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။

သို့သော် ယဲ့လွီချွမ်းကို စွန့်လွှတ်ရန် တွေးလိုက်ပြန်လျှင်လည်း သူမ၏နှလုံးသားက နာကျင်လာပြန်သည်။ ထိုအချိန်တွင်မျိုးတွင် သူမ အသက်ဆက်ရှင်ချင်စိတ်ပင် ကုန်ခန်းသွားရပြန်သည်။

ကျိရှောင်ယင် နာကျင်ခံစားနေရသည်ကို မြင်လိုက်သောကြောင့် စူးချင်းက သူမကို မကြည့်ရက်တော့ဘဲ သူမ၏ပခုံးကို ဖက်ကာ တိုးတိုးလေး နှစ်သိမ့်ပေးလိုက်သည်။

“မင်း သေသေချာချာ စဉ်းစားလို့ရပါသေးတယ်။ မင်းရဲ့အစ်ကိုကြီးနဲ့ ငါ တာ့ထန်ဘက်ကို ဘာကတိမှ မပေးရသေးဘူး။ မင်း ပြန်မဖြေခင် သေသေချာချာ စဉ်းစားလေ၊ ပြီးမှ ငါ့ကို ပြောပြပေါ့!”

ကျိရှောင်ယင်က ဆုံးဖြတ်ချက် မချနိုင်တော့ဘဲ စူးချင်း၏ရင်ခွင်ကို မှီကာ တွေဝေနေခဲ့သည်။

သူမ ဘယ်လိုပဲ ရွေးချယ်ခဲ့ပါစေ သူမ နာကျင်ရမှာ သေချာတယ်!

စူးချင်းက သူမ၏ပခုံးကို ညင်ညင်သာသာ ပုတ်ကာ ထပ်ပြောလိုက်သည်။

“အခု ပြန်သွားလိုက်ဦး!"

ကျိရှောင်ယင် ငိုနေသည်ကို မြင်ရခြင်းက စူးချင်းကိုလည်း နာကျင်စေခဲ့သည်။

သားသမီးတွေက လက်ထပ်ရလို့ ပျော်ရွှင်နေရင်တောင် မိဘတွေကတော့ ဝမ်းနည်းတတ်ကြသေးတာပဲ။ အခုလိုဖြစ်နေတော့ ပိုဆိုးတာပေါ့။

ကျိရှောင်ယင်က အိမ်ပြန်ရောက်သည်အထိ တွေဝေငေးမောကာ ချီတုံချတုံ ဖြစ်နေဆဲပင်။ စူးချင်းကတော့ ချင်ထျဲကို ရှာရန် ထွက်သွားပြီး ဖြစ်သည်။

ဒီလောက်ရက်တွေ ကြာနေတာတောင် သူက ဘာလို့ မိုတစ်ခု မသွန်းလောင်းနိုင်ရသေးတာလဲ?

ချင်ထျဲက ရှောင်းကျဲယွိနှင့် ပူးပေါင်းလိုက်ပြီး သူက ရှောင်းမိသားစုစစ်တပ်တွင် အလွန်လေးစားတန်ဖိုးထားခံရသူ ဖြစ်လာခဲ့သည်။ သူ့အတွက် အိမ်၊ အမှုထမ်းများ၊ အစေခံများနှင့် အထူးသက်တော်စောင့်များပင် ပေးအပ်ထားပြီး အခြားဘယ်သူကိုမှ မပေးသည့် အဆင့်အတန်းတစ်ခု ပေးအပ်ထားခဲ့သည်။

ချင်ထျဲ၏အိမ်က မော့ချန်၏ အချက်အချာ ကျသောနေရာဖြစ်တွင် ရှိပြီး ချမ်းသာသူများ နေထိုင်သည့်နေရပ် ဖြစ်သည်။

စူးချင်း ရောက်ရှိသွားချိန်တွင် ချင်ထျဲက အစေခံများအား ဒေါသတကြီး အော်ဟစ်နေလေသည်။

“မင်းတို့ကို ဘယ်သူက ဝင်ခွင့်ပြုလို့လဲ? မင်းတို့အားလုံး ထွက်သွားကြစမ်း!”

လင်ဗန်းများကို သယ်ဆောင်ထားသည့် အစေခံနှစ်ယောက်က ကြောက်လန့်တကြား ပြန်ပြေးထွက်လာပြီး သူမတို့ ကိုင်ထားသောလင်ဗန်းပေါ်တွင် မစားရသေးသော ထမင်းပန်းကန်များ ရှိနေသည်။

စူးချင်းက သူတို့ကို တားဆီးကာ မေးမြန်းလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ?"

"ကျွန်​မ​တို့က သခင်ကြီး​ဆီကို စားစရာ သွားပို့ပေးတာပါ၊ ဒါပေမယ့် သခင်ကြီးက သူ့ကို အ​နှောင့်အ​ယှက်​ ပေးတယ်ဆိုပြီး ​ဒေါသထွက်​​သွားပါတယ်”

စူးချင်းကို တွေ့လိုက်ရချိန်တွင် အစေခံများ၏မျက်နှာက ပို၍ ပျက်ယွင်းလာကြပြီး ပြန်ဖြေနေသည့် အစေခံမလေး၏အသံက ခြင်တစ်ကောင်၏အသံထက်ပင် တိုးလျနေသေးသည်။

"ဒါက မင်းတို့ရဲ့သခင်ကြီးအတွက် မနက်စာလား နေ့လည်စာလား"

နေ့လယ်စာ စားရန် အချိန်နီးနေပြီ ဖြစ်သောဖြင့် စူးချင်းက အစေခံနှစ်ယောက်ကို ထပ်မေးလိုက်သည်။

"သခင်ကြီးက မနက်စာလည်း မစားပါဘူး၊ ဒါက နေ့လည်စာပါ"

အစေခံနှစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေနေကြသည်။ သူမတို့ သခင်ကြီးအား ကောင်းကောင်းမပြုစုနိုင်သည့်အတွက် သူမတို့သခင်လေး၏ဇနီးက သူမတို့အား အပြစ်တင်မည်ကို စိုးရိမ်နေကြသည်။ စူးချင်းက သူမတို့အား ပြန်ရောင်းထုတ်လိုက်မည်ကိုလည်း စိုးရိမ်နေကြသည်။ မည်သို့ပင်ဖြစ်စေ ချင်ထျဲထံတွင် စည်းမျဥ်းများစွာ မရှိသောကြောင့် အခြားသခင်များထက် ခစားရန် ပိုမိုလွယ်ကူသည်ဟု သူမတို့ သတ်မှတ်ထားကြသည်။ သြဇာအာဏာကြီးမားပြီး စည်းကမ်းတင်းကျပ်သော သခင်မတစ်ဦးထံသို့ ရောင်းစားခံလိုက်ရပါက သူမတို့၏ဘဝ ပျက်သုဉ်းသွားပေလိမ့်မည်။

ချင်ထျဲ မနက်စာ မစားရသေးကြောင်း ကြားလိုက်ရချိန်တွင် စူးချင်းက အဖြစ်အပျက်ကို သဘောပေါက်သွားခဲ့သည်။

သူ မိုခွက်အတွက် အလုပ်ရှုပ်နေပြီး အတွေးများနေတာကြောင့် ပြင်ပက အနှောင့်အယှက်တွေကို လက်မခံချင်တာဖြစ်နိုင်တယ်။ တကယ်တော့ ဒါက အလုပ်မဖြစ်ဘူး။ ဆာလောင်နေမှတော့ ဘာလုပ်နိုင်တော့မှာလဲ?

စူးချင်းက အစေခံများဆီမှ စားစရာများကို တောင်းယူလိုက်သည်။

"အဲ့လင်ဗန်းတွေ ငါ့ကို ပေးခဲ့"

"ဟုတ်ကဲ့"

စူးချင်းက စိတ်မဆိုးသည်ကို မြင်လိုက်ရသောကြောင့် အစေခံမလေးနှစ်ယောက် စိတ်သက်သာရာရသွားကြသည်။ သူမတို့ စူးချင်းကို တရိုတသေ ပြန်ဖြေလိုက်ကြပြီး စားစရာဗန်းကို စူးချင်းဆီသို့ လက်နှစ်ဖက်ဖြင့် လေးလေးစားစား လှမ်းပေးလိုက်သည်။

"မင်းတို့ ထွက်သွားလို့ ရပြီ!"

ထို့နောက် စူးချင်းက သူမတို့ကို ထွက်သွားခွင့်ပေးလိုက်သည်။

မော်တာအတွက် ဒီမိုပုံစံခွက်က အရမ်းအရေးကြီးတယ်။ နောက်ဆိုရင် ချင်ထျဲဆီကို အစားအစာ ပို့ပေးဖို့ သက်တော်စောင့်တွေကို စီစဉ်ခိုင်းရမယ်။ ဒါမှ မိုပုံစံခွက် မပေါက်ကြားစေဘဲ ဘေးကင်းလုံခြုံနိုင်လိမ့်မယ်။

စူးချင်းက တံခါးကို နှစ်ကြိမ်ခန့် ခေါက်လိုက်ရာ အခန်းအတွင်းမှ ချင်ထျဲ၏ ဒေါသထွက်နေသော အသံ ထွက်ပေါ်လာပြန်သည်။

"မစားဘူး၊ ငါ မစားဘူးလို့ ပြောပြီးပြီ၊ ငါ့ကို လာမနှောင့်ယှက်နဲ့"

"ကျွန်မပါ"

ချင်ထျဲက စူးချင်း၏အသံကို ကြားသွားပြီး တံခါးဖွင့်ရန် အမြန်ပြေးလာကာ စူးချင်းကို ထိတ်လန့်တကြား ကြည့်နေပြန်သည်။

သွားပြီ၊ ပြီးသွားပါပြီ။ သခင်မလေးက ပုံစံခွက်အကြောင်း မေးတော့မယ်ထင်တယ်၊ သူ လုပ်လို့ မပြီးသေးဘူး။ အခု သူ ဘာလုပ်သင့်လဲ?

ချင်ထျဲ၏မျက်လုံးများထဲတွင် အပြစ်ရှိဟန်အရိပ်အယောင်များ ပြည့်နှက်နေပြီး သူက စူးချင်းကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"သခင်မလေး၊ သခင်မလေးက ဘာလို့ ဒီကို ရောက်နေတာလဲ?"

စူးချင်းက ချင်ထျဲ၏ ရှုပ်ပွနေသော ဆံပင်များနှင့် မုတ်ဆိတ်မွှေးများ၊ သူ့မျက်လုံးများအောက်မှ အမည်းဝိုင်းကြီးများနှင့် ချိုင့်ဝင်လုနီးပါးမျက်လုံးအိမ်များကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူက သူ့ခေါင်းကို ဆက်တိုက်ကုတ်နေပုံရပြီး သူ့ဆံပင်များက ဧရာမ ငှက်သိုက်ကြီး ဖြစ်နေပြီ ဖြစ်သည်။ စူးချင်းက သူ့ကို မည်မျှ အပြစ်မတင်ရက်တော့ပေ။

နောက်ဆုံးတွင် စူးချင်းက သူ့ကို အပြုံးဖြင့်သာ ပြန်ဖြေလိုက်သည်။

"လူကြီးမင်း၊ ထမင်း အရင်စားလိုက်ပါ။ စားပြီး ခွန်အားပြည့်သွားမှ အလုပ်လုပ်ဖို့ အားအင်တွေ ရှိလာမှာပေါ့"

"ကျေးဇူးတင်ပါတယ် သခင်မလေး"

စူးချင်းက သူ့အတွက် ကိုယ်တိုင်ကိုယ်ကျ အစားအသောက်များ လာပို့ပေးနေသောကြောင့် ချင်ထျဲတစ်ယောက် စိတ်လှုပ်ရှားသွားပြီး သူ့မျက်လုံးများပင် နီရဲလာသည်။ စူးချင်းက သူ့အတွက် သရဲငါးကောင်အား သတ်ပေးခဲ့သည်ကို သိပြီးကတည်းက ချင်ထျဲ၏စိတ်နှလုံးထဲမှ စူးချင်း၏ရာထူးက နတ်ဘုရားကဲ့သို့ မြင့်မားနေခဲ့သည်။

"ရှင် ပြဿနာတစ်ခုခု ကြုံနေလို့လား?"

စူးချင်းက ချင်ထျဲ၏ နီရဲနေသော မျက်လုံးများကို မြင်လိုက်သော်လည်း ထိုအရာနှင့်ပတ်သတ်ပြီး ဘာမှ ထပ်မမြင်တော့ပေ။ သူမက အခန်းထဲသို့သာ ဝင်သွားခဲ့သည်။ သို့သော် အခန်းထဲတွင် လေဝင်လေထွက် မရှိသည်မှာ ကြာနေပုံရပြီး အနံ့ကပင် ကြောက်စရာကောင်းနေသည်။

ဒီလို ကြောက်စရာကောင်းတဲ့ ပတ်ဝန်းကျင်က အတွေးအခေါ်နဲ့ ပတ်သတ်တဲ့ အလုပ်တွေ လုပ်ကိုင်ဖို့ အထောက်အကူ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက လူကို စိတ်တိုလွယ်စေတာမျိုးပဲ ဖြစ်လာလိမ့်မယ်။

"ကျုပ် ပုံသွင်းဖို့ ပစ္စည်းတွေ အများကြီးသုံးခဲ့တယ်၊ ဒါပေမယ့် တစ်ခုမှ အဆင်မပြေဘူး"

စူးချင်း၏မေးခွန်းကို ကြားလိုက်ရချိန်တွင် ချင်ထျဲက အမူအရာ ပြောင်းသွားပြီး သူ အားနာနေဟန်ရပြီး သူ့ကိုယ်သူ မချင့်မရဲ ဖြစ်နေပုံလည်းရသည်။

ဒီပုံစံခွက်က အရမ်းအနုစိတ်လွန်းတယ်။ ပစ္စည်းတွေ အဆင်မပြေရင် သူလည်း ဘာမှ လုပ်လို့ မရနိုင်လောက်တော့ဘူး။

"ဘယ်လို ပစ္စည်းတွေ လိုအပ်လို့လဲ? ကျွန်မ နည်းလမ်းရှာပြီး ကူညီပေးပါ့မယ်"

“ဒီလို ရှည်မျောမျောအရာတွေ လုပ်ဖို့ သန့်စင်တဲ့သံ လိုတယ်။ အဲ့တာမှ အရှိန်ပြင်းပြင်းနဲ့ အနက်ကြီးကို တူးမှ ရမှာ.... ဒါကြောင့်...”

ချင်ထျဲက စူးချင်း၏မော်တာပုံစံ ပန်းချီမှ ကိုယ်ထည်နေရာကို ညွှန်ပြရင်း ပြောလိုက်သည်။

သူ အဲဒီနေရာမှာတင် အခက်အခဲ ကြုံနေရပြီ။ ပြီတော့ လိုချင်တဲ့ အရပ်မျက်နှာကို လှည့်ဖို့ ဘီးကလည်း အရမ်းတိကျဖို့ လိုနေသေးတယ်။

"အင်း၊ ဒါဆို ရှင်က သန့်စင်ထားတဲ့ သံမဏိလိုနေတာပေါ့။ နောက်ဆိုရင် တစ်ခုခု လိုအပ်တာနဲ့ ကျွန်မကို ပြောဖို့ သက်တော်စောင့်တွေကို လွှတ်လိုက်ပါ။ ရှင့်ဘာသာ ခေါင်းထိုင်ကုတ်နေတာက ဘာမှ အသုံးမဝင်ဘူး”

ထို့နောက် စူးချင်းက ချင်ထျဲ၏ ရှုပ်ပွနေသော စားပွဲခုံကို စူးစမ်းလိုက်သည်။ ထိုစားပွဲပေါ်တွင် ပုံစံငယ်လေးများ ပြည့်နှက်နေပြီး သူမ လိုချင်သည့် မော်တာပုံစံကို သစ်သားဖြင့် လုပ်ထားပြီးသား ဖြစ်သည်။ သို့သော် သစ်သားက လက်တွေ့သုံးရန်အတွက် မဖြစ်နိုင်ဘဲ အလှဆင်ရန်အတွက်သာ အသုံးပြုနိုင်သည်။

"သခင်မလေး၊ ဒါက အဆင်ပြေမယ်လို့ သခင်မလေး ထင်လား?"

All Chapters