အခန်း (၅၁၅)
Vol. 35 Ch. 515
"အင်း၊ မြန်မြန်သွားလေ!"
စူးချင်းက သူမကို ခေါင်းညိတ်ပြလိုက်သည်။
ဒီမိန်းကလေးနှစ်ယောက်ရဲ့ အလုပ်အပေါ် စိတ်အားထက်သန်မှုက သူမကို ကျေနပ်စေတယ်။ မိန်းခလေးတွေက ယောကျာ်းတွေထက် ပိုနိမ့်ကျတယ်လို့ ဘယ်သူက ပြောလဲ? မိန်းကလေးတွေကို ယုံယုံကြည်ကြည့် ပျိုးထောင်လိုက်ရင် သူမတို့လည်း အဲဒီအမျိုးသားတွေလိုမျိုး စီမံခန့်ခွဲခွင့်နိုင်မှာ သေချာတယ်။
လီရွှမ်းအာက သူမဗိုက်ကို ဆုပ်ကိုင်ရင်း သူမ၏အိမ်ဆီသို့ ပြန်ပြေးသွားခဲ့သည်။ အလုပ်ရုံရှိ အိမ်သာများက အများသုံးဖြစ်ပြီး အမျိုးသားများပါ အသုံးပြုကြသည်။ ထို့ကြောင့် သူမနှင့် ကျန်းယွိရန်တို့က သူမတို့ အိမ်သာသုံးချင်ပါက အိမ်သို့သာ ပြန်ပြေးကြသည်။
ဘာပဲဖြစ်ဖြစ် အိမ်က သိပ်မှ မဝေးတာ။
စူးချင်း ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် လီတာ့နျိုတစ်ယောက် အလုပ်သမားများအား ဦးဆောင်နေသည် တွေ့လိုက်ရသည်။ သူက ကျောက်မီးသွေး တူးချင်းကို ထောင်ဟွားဟူမှ အခြားရွာသားများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး လီမောင်နှမက အရက်ချက်ရုံနှင့် ဆိုင်များကို တာဝန်ယူကြတော့မည် ဖြစ်သည်။
လီတာ့နျိုက ရည်မှန်းချက်ကြီးသူ မဟုတ်ပေ။ သူက သူ့မိသားစုကို ပြုစုစောင့်ရှောက်ချင်ပြီး မိသားစုကို ထောက်ပံ့ရန် ငွေရှာရခြင်းကိုသာ သဘောကျသူ ဖြစ်သည်။ ထို့ကြောင့် အရက်ဆိုင်က သူ့အတွက် အတော်လေး သင့်လျော်သည်။ စူးချင်းက သူနှင့် လီရွှမ်းအာတို့အတွက် ရှယ်ယာ ၁၀ ရာခိုင်နှုန်း ပေးခဲ့ပြီး သူတို့ အလုပ်ကြိုးစားနေသရွေ့ တစ်နှစ်အတွင်း သူတို့ ထောင်ဟွားဝူတွင် ဘဝတစ်ဝက်စာ ရှာမှရနိုင်မည့်ဝင်ငွေထက် ပိုသော ငွေပမာဏတစ်ခု ရရှိနိုင်ပေလိမ့်မည်။
အလုပ်ရုံရှိ အမျိုးသားအလုပ်သမားများကို ထိန်းချုပ်ရန် တစ်စုံတစ်ယောက် မရှိ၍ မဖြစ်ပေ။ လီတာ့နျိုက သူတို့ကို စူးစူးရဲရဲ စိုက်ကြည့်ရုံမျှဖြင့် ဤလူများက သူ့ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သူတို့က အလုပ်တွင် လုံးဝ မခိုကပ်ဘဲ လီတာ့နျို၏ညွှန်ကြားချက်အတိုင်း အလုပ်လုပ်ကြသည်။ အရက်ထည့်ရန် သစ်သားစည်များ လုပ်နေကြသည့် လက်သမားပင် မခိုကပ်ရဲကြပေ။
လီတာ့နျိုက ကြမ်းတမ်းလွန်းပြီး နူးညံ့သောအလုပ်များကို မလုပ်နိုင်သောကြောင့် စူးချင်းက သူ့ကို အရက်စပ်နည်း မသင်ပေးတော့ဘဲ အလုပ်သမားများကိုသာ စီမံခန့်ခွဲစေခဲ့သည်။
လီရွှမ်းအာက တက်ကြွသူဖြစ်ပြီး သင်လွယ်တက်လွယ်ဖြစ်ကာ အာရုံစိုက်တတ်သူဖြစ်သည်။ သူမနှင့် ကျန်းယွိရန်တို့နှစ်ယောက်လုံးက လွမ်ဟုန်နှင့် မတူဘဲ သတိထားစရန်လည်း နားလည်ကြသည်။ လွမ်ဟုန်ကတော့ အခြားသူကို သတိမမူ ချိုးယုံခန်းအား သူမ၏လုပ်ငန်းစဉ်တစ်ခုလုံး စောင့်ကြည့်ခွင့်ပေးခဲ့သူ ဖြစ်သည်။
အလုပ်ရုံထဲမှ ကျန်းယွိရန်က တဆေးထည့်နေခြင်း ဖြစ်သည်။ အရက်ချက်ရုံ၏အတွင်းပိုင်းက ပူလွန်းသောကြောင့် သူမလည်း ချွေးများ စီးကျနေသည်။ အမျိုးသမီးများက အမျိုးသားများကဲ့သို့ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာ နေခွင့်မရသည့်အတွက် မည်မျှပူနေပါစေ သူမ အဝတ်အစားများ ၀တ်ဆင်ထားရသည်။ သူမ အလုပ်လုပ်နေစဉ် ချွေးများ ကျလာပါက လက်ကိုင်ပုဝါဖြင့်သာ သုတ်ရတော့သည်။ စူးချင်းကို တွေ့လိုက်ရချိန်တွင် ကျန်းယွိရန်က ဝမ်းသာအားရ အော်ခေါ်လိုက်သည်။
"အစ်မစူးချင်း"
"ဒီနေ့ အရက်ချက်တာ ဘယ်လောက်ရလဲ?"
စူးချင်းက ကျန်းယွိရန်ကို ပြုံးပြလိုက်ရင်း ပေါ့ပေါ့ပါးပါး လှမ်းမေးလိုက်သည်။
“ဒီနေ့ အိုးသုံးဆယ်လောက် ချက်ပြီးပြီ”
ကျန်းယွိရန်က တွက်ချက်ပြီး စူးချင်းကို ပြန်ဖြေလိုက်ပြီး စူးချင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"မြောက်ပိုင်းလူရိုင်းပြည်ထောင်ကို ဘယ်အချိန် သွားမှာလဲ?"
နှစ်သစ်ကူးချိန် နီးကပ်လာပြီ ဖြစ်သောကြောင့် ကျန်းမိသားစုက ကျန်းလောင်ချီနှင့် တွေ့ဆုံရန် မြောက်ပိုင်းလူရိုင်းပြည်ထောင်သို့ သွားကြမည် ဖြစ်သည်။ ထိုအချိန်တွင် ကျန်းယွိရန်လည်း သူတို့နောက်မှ လိုက်သွားရမည် ဖြစ်သည်။
"ကျွန်မ... နှစ်သစ်ကူးမှာ သွားရမှာ!"
ကျန်းယွိရန်က သူမ၏ ခြေဖျားလေးများဖြင့် မြေပြင်ကို တူးဆွရင်း ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။
သူမနဲ့ ကျုံးယုံတို့ကြားမှာ အချစ်ရေး တစ်ခုရှိပြီးကတည်းက သူမ ကျုံးယုံနဲ့ တစ်ရက်တောင် မခွဲချင်တော့ဘူး။ ကျုံးယုံက နှစ်သစ်ကူးအတိုင်ခင် မြောက်ပိုင်းလူရိုင်းပြည်ထောင်ကို ပြန်မသွားတော့ဘူး။ သူက မော့ချန်မှာ နေပြီး သူ့မိခင်ကို အဖော်ပြုပေးမှာ။ သူ သူမိခင်ရဲ့အုတ်ဂူကို သန့်ရှင်းရေး လုပ်ပြီးရင်လည်း အကိုကြီးရှောကို ကူညီဖို့ လော့ချန်ကို သွားလိမ့်မယ်။ နောင်မှာ သူမတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပြန်တွေ့ဖို့က ကြာဦးမှာဆိုတော့ အခု သူမ သူနဲ့ မခွဲခွာချင်ဘူး။
"အင်းပါ၊ နှစ်သစ်ကူးရောက်မှ မင်းကို ပြန်လိုက်ပို့ပေးဖို့ လူတွေ လွှတ်ပေးမယ်"
တကယ်တော သူမ ကျန်းယွိရန်ရဲ့အတွေးတွေကို နားလည်ပေးနိုင်တယ်။ အစပိုင်းတုန်းကတော့ သူမလည်း အကြင်နာကင်းမဲ့သူတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် ရွှေ့ရှန့်ကို ချစ်မိတဲ့ပြီးနောက် စိတ်ပူရတယ်ဆိုတဲ့ ခံစားချက်ကို သူမ သိလာရတယ်။
ပြီးတော့ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ နေ့တိုင်းနေ့တိုင်း သူမ အိပ်ယာနိုးလာတိုင်း ရွှေ့ရှန့်ရဲ့ရင်ခွင်ထဲမှာ ရှိနေခဲ့တယ်။ အခု သူ ထွက်သွားတာနဲ့ ခုတင်တစ်ဝက် လွတ်နေသလို ဖြစ်နေပြီး သူမ ကောင်းကောင်းမအိပ်နိုင်တော့ဘူး။ ညတိုင်းညတိုင်း အကြိမ်ပေါင်းများစွာ ပြန်နိုးလာတတ်တယ်။
"ကျေးဇူးတင်ပါတယ်၊ အစ်မစူးချင်း၊ ကျွန်မ နှစ်သစ်မတိုင်ခင် အရက်တွေ အများကြီးချက်ပေးခဲ့မယ်နော်။ အမှာစာအားလုံး မလွတ်သွားစေရဘူးလို့ အာမခံပါတယ်”
ကျန်းယွိရန်က စူးချင်းကို ကျေးဇူးတင်လိုက်သည်။ သူမ အလုပ်ကို နှစ်ဆကြိုးစားလုပ်ဆောင်ခြင်းကသာ သူမ၏ အသက်ကို ကယ်တင်ပေးခဲ့သ်ည့ စူးချင်း၏ကြင်နာမှုအတွက် ပြန်ပေးဆပ်နိုင်မည်ဟု ကျန်းယွိရန် ယုံကြည်ထားခဲ့သည်။
"အင်း အရမ်းကောင်းတယ်"
စူးချင်းက ကျန်းယွိရန် အလုပ်အပေါ်ထားသည့် သဘောထားကို အလွန်ကျေနပ်နေသည်။ သူမက ထောင်ဟွားဝူမှ မိန်းကလေးများကြားတွင် ဉာဏ်အကောင်းဆုံးနှင့် သတ္တိအရှိဆုံး ဖြစ်ပြီး သူမက ညာလက်ရုံးလည်း ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် စူးချင်းက ကျန်းယွိရန်အား မြောက်ပိုင်းလူရိုင်းပြည်ထောင်ဆီသို့ ပြန်မလွှတ်ချင်ပေ။
"အစ်မစူးချင်း၊ အမေက အစ်မကို အိမ်မှာ ညစာ လာစားဖို့ ဖိတ်ခိုင်းလိုက်တယ်"
လီရွှမ်းအာက အိမ်သာသွားရာမှ ပြန်လာခဲ့ပြီး အထဲသို့ ပြန်ဝင်ဝင်ချင်း စူးချင်းကို လှမ်းပြောလိုက်သည်။ ထိုစဥ်က အဒေါ်လီက စူးချင်းတို့ကို ထမင်းကျွေးချင်သော်လည်း မကျွေးဖြစ်ခဲ့ပေ။ သူမ ထိုအကြောင်းကို တစ်ချိန်လုံး တွေးနေခဲ့ပြီး သတ်ထားသော သိုးများမှ သိုးသားတချို့ကို နှင်းတောထဲတွင် မြုပ်ပြီး အေးခဲထားခဲ့သည်။ သူမက သူတို့ကို ထမင်းစားဖိတ်ရန် ရှောင်းကျဲယွိနှင့် စူးချင်းကို အားလပ်မည့်အချိန်ကို စောင့်နေခဲ့သည်။
နောက်ဆုံးတွင် ရှောင်းကျဲယွိက စစ်တပ်နှင့်အတူ ပြန်ထွက်ခွာသွားခဲ့သည်။ ယခု စူးချင်း အရက်ချက်ရုံသို့ ရောက်နေကြောင်း ကြားလိုက်ရသောကြောင့် အဒေါ်လီက သမီးဖြစ်သူမှတဆင့် အမြန် ဖိတ်ခေါ်ခိုင်းလိုက်ခြင်းပင်။
“နောက်တစ်ရက်မှပေါ့၊ ဒီနေ့ တာ့ထန်က သံတမန် ရောက်နေတယ်၊ ငါ့မှာ အချိန် မရှိသေးဘူး”
စူးချင်းက ခေါင်းယမ်းကာ ငြင်းဆန်လိုက်သည်။ သူမ ကျိရှောင်ယင်အတွက် အချိန်ပေးရန် ပြန်သွားရမည် ဖြစ်ပြီး တာ့ထန်၏သံတမန်အတွက်လည်း ဧည့်ခံပွဲကျင်းပပေးရမည် ဖြစ်သည်။ ထိုကြောင့် ယနေ့ညတွင် သူမ လုပ်စရာများစွာ ရှိနေသေးသည်။
စူးချင်းက အရက်ချက်ရုံမှ ပြန်ထွက်လာခဲ့ပြီး ရုံးတော်ဆီသို့ ပြန်လာခဲ့သည်။ ကျိရှောင်ယင်က သူမ အဘိုး၏ အခန်းတွင် နေထိုင်ပြီး စူးချင်းနှင့် ရှောင်းကျဲယွိတို့က ဘေးအိမ်းတွင် နေထိုင်ကြသည်။ ရှင်းရုဟိုင်က ပင်မအခန်းကို ရှောင်းကျဲယွိအတွက် ပေးခဲ့သော်လည်း ရှောင်းကျဲယွိက လက်မခံခဲ့ပေ။ လာမည့်နွေဦးရာသီ ပန်းများပွင့်လာချိန်၌ သူနှင့် စူးချင်းတို့က သူတို့၏အိမ်ကြီးကို သူတို့ဘာသာ ဆောက်ရန် စီစဉ်ထားခဲ့သောကြောင့် ပင်မအိမ်တွင် နေထိုင်ရန် မလိုအပ်ပေ။
စူးချင်း ပြန်ရောက်သွားချိန်တွင် ကျိရှောင်ယင်က ကြောင်တက်တက်ဖြင့် စားပွဲပေါ်၌ ဝမ်းလျားမှောက်နေဆဲဖြစ်သည်။ သူမ၏မျက်လုံးထောင့်များတွင် မျက်ရည်များ ရှိနေပြီး သူမ ဆုံးဖြတ်ချက် မချနိုင်သေးပုံရသည်။
“အရင် စားရအောင်။ စားပြီးမှ ဆက်စဉ်းစားတော့"
စူးချင်း တံခါးကို တွန်းဖွင့်ဝင်လိုက်ချိန်တွင် ကျိရှောင်ယင်၏ စိတ်ဝိဥာဏ်ကင်းမဲ့နေသော အသွင်အပြင်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက ကျိရှောင်ယင်ဆီသို့ လျောက်သွားလိုက်ပြီး သူမကို ဆွဲထူလိုက်သည်။ ယနေ့တွင် ဘာမှ မချက်ထားသောကြောင့် အိမ်တွင် စားရန် မဖြစ်နိုင်တော့ဘဲ စားသောက်ဆိုင်သို့ ဦးတည်လိုက်ကြသည်။
မော့ချန်ရှိ အကြီးဆုံးစားသောက်ဆိုင်ဖြစ်သော ဝမ်ယွဲ့လို့က မော့ချန်၏အစည်ကားဆုံး နေရာတွင် တည်ရှိသည်။ ပတ်ဝန်းကျင်ကလည်း သာယာပြီး အစားအသောက်ကလည်း အရသာရှိသောကြောင့် အနည်းငယ် ဈေးကြီးသည့်တိုင် စားသုံးသူများက မငြိုညင်ကြပေ။ သူမတို့ ရောက်သွားချိန်တွင် စားသောက်ဆိုင်တစ်ခုလုံး ပြည့်ကျပ်နေပြီး ထိုင်ခုံအလွတ်တစ်ခုပင် မရှိတော့ပေ။
သို့သော် စူးချင်း စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် မန်နေဂျာက သူမကို မှတ်မိသွားပြီး သူမကို ကြိုဆိုရန် ကောင်တာနောက်မှ အမြန်ပြေးထွက်လာခဲ့သည်။
"သခင်မလေး၊ သခင်မလေးကို ကြိုဆိုပါတယ်၊ သခင်မလေး ဒီကို ရောက်လာတာက ဒီနိမ့်ကျတဲ့ဆိုင်ငယ်လေးအတွက် ဂုဏ်ယူစရာပါ"
စူးချင်းက စိမ်းပြာရောင်ချည်၀တ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ခေါင်းပေါ်တွင် ဆံပင်အဆင်တန်ဆာပင် မရှိပေ။ သူမ မိတ်ကပ်မလိမ်းထားသော်လည်း သူမ၏မျက်နှာက ပင်ကိုယ်အတိုင်း ချစ်စရာကောင်းနေသေးသည်။ သူမ၏မျက်လုံးများက ရေခဲနှင့် နှင်းများကဲ့သို့ အေးစက်နေသောကြောင့် သူမ၏အလှတရားက မြင့်မြတ်ခြင်းကို ဖော်ဆောင်နေပြီး ချဥ်းကပ်ရန် မဝံ့မရဲ ဖြစ်စေသည်။ စားသောက်ဆိုင်အတွင်းရှိ စားသောက်သူများက နတ်သမီးလေးများကဲ့သို့ လှပသော စူးချင်းနှင့် ကျိရှောင်ယင်ကို ကြည့်ရှုနေကြပြီး မည်သူမျှ သူမတို့ကို မရိုမသေလုပ်ရဲခြင်း မရှိပေ။
စူးချင်းက စားသောက်ဆိုင်ထဲသို့ လှမ်းကြည့်လိုက်ပြီး ထိုင်ခုံအလွတ် မရှိသည်ကို သတိပြုမိသွားခဲ့သည်။ သူမက ဆိုင်ရှင်ကို လှမ်းမေးလိုက်သည်။
"နေရာရှိသေးလား?"
“သီးသန့်ခန်းတစ်ခန်း လွတ်နေပါသေးတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပေးပါ"
ဆိုင်ရှင်က သူ့ကိုယ်တိုင် လမ်းပြပေးကာ ရှေ့မှ လျောက်သွားပြီး စူးချင်းက ကျိရှောင်ယင်ကို ခေါ်ကာ အပေါ်ထပ်သို့ တက်သွားခဲ့သည်။ ထိုအချိန်မှသာ အောက်ထပ်၌ ဆွေးနွေးသံများ ထွက်ပေါ်လာသည်။ တာ့ထန်တိုင်းပြည်မှ သံတမန်များ ထိမ်းမြားလက်ဆောင် သယ်ယူလာသည်ကို လူတိုင်း မြင်ဖူးကြပြီး ထိုကိစ္စကို စတင် ဆွေးနွေးနေကြသည်။
“သခင်လေးရဲ့ဇနီးနောက်က လိုက်သွားတဲ့တစ်ယောက် သခင်လေးရဲ့ညီမကွ။ တာ့ထန်က သခင်လေးရဲ့ညီမငယ်ကို လက်ထပ်ဖို့ ထိမ်းမြားလက်ထပ်လက်ဆောင်တွေနဲ့အတူ သံတမန်တစ်ယောက် လွှတ်လိုက်တယ်လို့ ငါ ကြားခဲ့တယ်”
"တာ့ထန်က မင်းသားလား? တာ့ထန်မှာ တတိယမင်းသားပဲ ကျန်တော့တယ်လို့ ငါ ကြားဖူးတယ်။ အဲ့စကားသာ မှန်နေရင် တာ့ထန်ရဲ့တတိယမင်းသားက အနာဂတ်မှာ ဧကရာဇ်ဖြစ်လာမှာ မဟုတ်ဘူးလား? ဒါဆို သခင်လေးရဲ့ညီမက ဧကရီဖြစ်လာတော့မှာလား?”
"ဟုတ်သားပဲ၊ တတိယမင်းသားနဲ့ လက်ထပ်လိုက်ရင် သူ(မ)က အနာဂတ်ဧကရီ ဖြစ်လာတော့မှာကွ”
“သခင်လေးရဲ့ညီမငယ်ကိုလည်း ကြည့်ဦးလေ၊ မြင့်မြတ်တဲ့သွင်ပြင်လက္ခဏာအပြည့်ပဲ။ တစ်ချက်ကြည့်လိုက်တာနဲ့ တိုင်းပြည်မိခင်တစ်ယောက်ရဲ့ ကံကြမ္မာတွေ ရှိနေမှန်း သိသာတယ်”
“ဒါပေမယ့် သခင်လေးရဲ့ညီမငယ်ကတော့ မပျော်ဘူးလို့ ငါ ထင်တယ်။ သူ(မ)က တာ့ထန်ကလူကို လက်ထပ်ဖို့ ဆန္ဒရှိပါ့မလား? သခင်လေးက သူ(မ)ကို အတင်းအကြပ် လက်ထပ်ခိုင်းတာ ဖြစ်နိုင်လား?”
တံခါးဝမှ ဝင်လာသည့် လူတစ်ယောက်က ထိုဆွေးနွေးမှု ကြားသွားခဲ့ပြီး သူ့၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။ ထိုအမျိုးသားက မီးခိုးရောင်၀တ်စုံနှင့် အစိမ်းရောင် အပေါ်ဝတ်ရုံကို ၀တ်ဆင်ထားပြီး သူ့မျက်နှာက မည်းမှောင်နေသည်။ သူက ခရီးသွားများကဲ့သို့ ဝတ်ဆင်ထားကာ သူ့ဖိနပ်မှ ရေခဲနှင့် နှင်းများကို ကြည့်လျှင် သူ ခရီးရှည်မှ ရောက်လာခဲ့ကြောင်း ထင်ရှားနေသည်။
“ဧည့်သည်၊ ထိုင်ခုံ မကျန်တော့ဘူး။ ကျွန်တော် ခင်ဗျားအတွက် လက်ဖက်ရည် တခွက် ပြင်ပေးပါ့မယ်"
စားသုံးသူတစ်ယောက် ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် စားပွဲထိုးက ကမန်းကတန်း ကြိုဆိုလိုက်သည်။ ထိုလူက သူ့၏မျက်နှာကို တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော် သူက စူးစမ်းချင်စိတ်ဖြင့် လည်ပင်းကို ဆန့်တန်းကာ ထိုလူ၏မျက်နှာနှင့် ဝတ်ရုံကို သေသေချာချာ လှမ်းကြည့်လိုက်သည်။
"မလိုဘူး။ ငါအတွက် သိုးသားနှစ်ကျင်၊ ကြက်ကင်တစ်ကောင်၊ ငါးတစ်ကောင်နဲ့ မုန့်ပေါင်းဆယ်လုံး ထည့်ပေး"
ထိုလူ၏အသံက ကြမ်းရှရှဖြစ်နေပြီး သစ်ခေါက်များ အချင်းချင်းပွတ်တိုက်သံကဲ့သို့ ကွဲအက်နေသည်။ စားပွဲထိုးက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ချင်သောကြောင့် လှမ်းကြည့်လိုက်သော်လည်း သူက မမြင်စေချင်ပုံရကာ ခေါင်းငုံ့ထားပြန်သည်။
"ကောင်းပါပြီ၊ လက်ဖက်ရည် အရင်သောက်ရင်း ခဏစောင့်ပေးပါ။ ကျွန်တော် ခင်ဗျားအတွက် သွားပြင်ဆင်ပေးပါ့မယ်"
စားပွဲထိုးက ထိုလူ၏မျက်နှာကို မမြင်ရသောကြောင့် စိတ်မသက်မသာ ဖြစ်နေသော်လည်း ဆက်ကြည့်နေရင် သူ အရိုက်ခံရတော့မည်ကို စိုးရိမ်သည့်အတွက် စားစရာများ ထုတ်ပိုးပေးရန် မီးဖိုချောင်သို့ ဝင်သွားတော့သည်။
ထိုအခါမှသာ ထိုလူက ကောင်တာရှေ့တွင် ရပ်နေရင်း အပေါ်ထပ်သို့ မျှော်ကြည့်ရန် ခေါင်းကို အနည်းငယ် ပြန်မော့လိုက်သည်။ စားသောက်ဆိုင်ထဲမှ လူများကလည်း ကျိရှောင်ယင် ကြင်ယာတော်မင်းသမီး ဖြစ်လာတော့မည့်အကြောင်း ပြောဆိုနေကြဆဲ ဖြစ်သည်။ ထိုလူက သူ့လက်သီးများကို တင်းနေအောင်ဆုပ်ထားပြီး သူ့ပတ်ဝန်ကျင်တွင် မှုန်ကုပ်ကုပ်ရောင်ဝါများ ဝန်းရံနေသည်။