← Chapters

ဒီမျက်နှာက ကြောက်စရာကောင်းလွန်းတယ်

Vol. 35 Ch. 516

ဒီမျက်နှာက ကြောက်စရာကောင်းလွန်းတယ်

Vol. 35 Ch. 516

စားပွဲထိုးက မီးဖိုချောင်သို့ သွားကာ ဟင်းပွဲများ မှာလိုက်ပြီး မြတ်လေးလက်ဖက်ရည်တစ်အိုးယူကာ ပြန်ထွက်လာခဲ့သည်။ ထိုလူက ကောင်တာတွင် ရပ်နေသေးသည်ကို မြင်လိုက်ရသောကြောင့် သူက လှိုက်လှိုက်လှဲလှဲ တောင်းပန်လိုက်သည်။

“ဧည်သည့်၊ မတ်တပ်ရပ်ပြီး စောင့်ရတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်သွားရင် ကျွန်တော်တို့ဘက်က တောင်းပန်ပါတယ်၊ ဒီခွေးခြေခုံလေးမှာ ထိုင်ပြီး လက်ဖက်ရည်သောက်လို့ ရပါတယ်”

ထိုလူက စကားတစ်ခွန်းမှ မပြောဘဲ အေးစက်စွာ ရပ်နေဆဲဖြစ်သည်။ သူ့မျက်လုံးများက လက်ဖက်ရည်ဗန်းနှင့် လက်ဖက်ရည်ခွက်ကို လုံးဝ မကြည့်ဘဲ အပေါ်ထပ်သို့သာ မော့ကြည့်နေလေသည်။

ထိုလူက အပေါ်ထပ်သို့သာ စူးစူးစိုက်စိုက် ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် စားပွဲထိုးက သူ အပေါ်ထပ်သို့ တက်ချင်နေသည်ဟု ထင်သွားကာ ထပ်တောင်းပန်လိုက်သည်။

“အပေါ်ထပ်မှာလည်း နေရာ မရှိတော့ပါဘူး။ ကျွန်တော်တို့ဆိုင်ရဲ့ လစ်ဟင်းမှုအတွက် တောင်းပန်ပါတယ်”

ထိုလူက ဘာမှ ပြန်မဖြေဘဲ သူ့၏ရေခဲပန်းပုသဏ္ဍာန်ကိုသာ ဆက်ထိန်းထားသောကြောင့် စားပွဲထိုးကလည်း အပေါ်ထပ်သို့ လှမ်းမျှော်ကြည့်လိုက်သည်။

ဘာမှလည်း မရှိဘူး။ ဒီလူက ဘာကို ကြည့်နေတာလဲ?

စားပွဲထိုးက ထိုလူကို ရုတ်တရက် ပြန်လှည့်ကြည့်လိုက်ပြီး ထိုလူ၏အသွင်အပြင်ကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။

အို မိုးနတ်မင်းကြီးရေ.... ဒီမျက်နှာက ကြောက်စရာကောင်းလွန်းတယ်။

ထိုအချိန်တွင် စားပွဲထိုးက လုံးဝ နောင်တရနေပြီ ဖြစ်သည်။

အား... စူးစမ်းချင်စိတ်က ကြောင်ကို သတ်နိုင်တယ်တဲ့။ ငါ ဘာလို့ ဒီမျက်နှာကြီးကို သွားကြည့်မိတာလဲ? ညရောက်ရင် အိပ်မက်ဆိုးတွေ မက်တော့မှာပဲ။

စားပွဲထိုးက သူ့မျက်နှာကို မြင်သွားမှန်းသိလိုက်ချိန်တွင် ထိုယောက်ျားက ခေါင်းပြန် ငုံ့လိုက်ပြီး သူ့မျက်နှာကြီးကို သူ့ဝတ်ရုံဖြင့် ပြန်ဖုံးအုပ်လိုက်သည်။

အပေါ်ထပ်တွင် အောက်ထပ်ထက် ဧည့်သည်ပိုများပြီး သူတို့က တန်ဖိုးကြီးသည့် အ၀တ်ကောင်းများကို ဝတ်ဆင်ထားကြသည်။ စူးချင်းနှင့် ကျိရှောင်ယင်တို့ အပေါ်ထပ်တက်သွားချိန်တွင် လူတစ်ယောက်က သူမတို့ကို မှတ်မိသွားပြီး အမြန်ထရပ်ကာ နှုတ်ဆက်လိုက်သည်။

စူးချင်းက သူတို့ကို တစ်ချက်ကြည့်ရုံသာ တုံ့ပြန်လိုက်ပြီး အေးစက်သောအမူအရာဖြင့် ဆိုင်ရှင်နောက်မှ လိုက်သွားကာ သီးသန့်ခန်းထဲသို့ ဝင်သွားခဲ့သည်။

သီးသန့်အခန်းက အပြင်ဘက်မှ ဆူညံသံများကိုပင် တားဆီးပေးနိုင်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဝင်ဝင်ချင်းမှာပင် အရွက်များ စိမ်းစိုနေသည့် ထင်းရှူးပင်များနှင့် ဝါးပင်များ ပါဝင်သည့် ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရသည်။ စားပွဲများနှင့် ကုလားထိုင်များကလည်း အပြင်ဘက်မှ ခုံများထက် ပိုအဆင့်မြင့်ပုံရသည်။ ထိုစားပွဲများနှင့် ကုလားထိုင်များအားလုံးကို ဇီးသားဖြင့် ပြုလုပ်ထားပြီး လက်ရာမြောက်သော ကနုတ်လက်ရာများဖြင့် အလှဆင်ထားသည်။

စူးချင်းက စားသောက်ခန်း၏အပြင်အဆင်ကို အများကြီး ထည့်မစဥ်းစားသော်လည်း အစားအသောက်၏အရည်အသွေးနှင့်ပတ်သတ်လျှင်တော့ သူမထံတွင် တောင်းဆိုမှုများစွာ ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူမက ဟင်းပွဲများ မမှာခင် ဆိုင်ရှင် ဟင်းလျာစာရင်း ရွတ်ပြနေသည်ကို အေးအေးဆေးဆေး နားထောင်နေခဲ့သည်။ ထို့နောက်မှသာ သူမက ဟင်းပွဲများ စတင်မှာယူတော့သည်။

“ဝက်ဝံလက်ပေါင်းတစ်ပွဲ၊ ငါးပေါင်းတစ်ပွဲနဲ့ အသီးအရွက်ဟင်းလျာ နှစ်ပွဲ။ မြန်မြန် သွားပြီး ပြင်ဆင်ပေး!”

ဆိုင်ရှင်က အထူးဧည့်သည်တော်များ ရောက်လာမှာသာ ဝက်ဝံလက်ဟင်းပွဲကို ထုတ်ပြောလေ့ရှိသည်။

ဝက်ဝံတွေကို သတ်နိုင်တဲ့ မုဆိုးက အနည်းငယ်ပဲ ရှိတော့ ဒီဝက်ဝံလက်တွေက အရမ်းအဖိုးတန်တယ်။ သူ ဝက်ဝံလက် ရနိုင်တယ်လို့ ထုတ်ပြောရင်တောင် ဝက်ဝံလက်က စျေးကြီးလွန်းလို့ သာမန်လူတွေ တတ်နိုင်တဲ့ဟင်းပွဲ မဟုတ်ဘူး။ ဒါပေမယ့် သခင်လေးရဲ့ဇနီးကတော့ တခြားလူတွေနဲ့ မတူဘူး။ သူမမှာ ပိုက်ဆံတွေ အများကြီး ရှိတယ်။ သူမရဲ့အရက်ချက်ရုံမှာ မီးခိုးခေါင်းတိုင်ကနေ မီးခိုးတွေ ထွက်နေသရွေ ရွှေလျန်တစ်သောင်းဆိုတာ သူမအတွက် ဘာမှ မဟုတ်ဘူး။

"ဟုတ်​ကဲ့၊ အခုပဲ သွားပြီး ပြင်​ဆင်ပေးပါ့​မယ်​"

စူးချင်းက ဝက်ဝံလက်ပေါင်း မှာယူလိုက်သည့်အတွက် ဆိုင်ရှင်၏မျက်နှာပေါ်မှ အပြုံးက ပိုတောက်ပလာပြီး စူးချင်းကို ဦးညွှတ်ကာ သီးသန့်ခန်းထဲမှ ပြန်ထွက်သွားသည်။

ကျိရှောင်ယင် စိတ်လွတ်နေသေးသည်ကို မြင်လိုက်ရသဖြင့် စူးချင်းက အပြုံးဖြင့် လှမ်းပြောလိုက်သည်။

"ခနနေရင် မင်း ပိုစားသင့်တယ်။ မင်း ဗိုက်ပြည့်နေမှ မင်း တွေးဖို့ ခွန်အားတွေ ရှိတော့မှာ"

စူးချင်းက သူမအပေါ် အလွန်ကြင်နာနေပြီး နူးညံ့သိမ်မွေ့စွာ ဆက်ဆံနေသည်ကို မြင်လိုက်ရချိန်တွင် ကလေးမလေးက ယောင်းမဖြစ်သူကို ချန်ထားခဲ့ရန် ပို၍ပင် ဝန်လေးလာသည်။ ထို့ကြောင့် သူမက သူမ၏ခေါင်းကို စူးချင်း၏ပုခုံးပေါ်သို့ မှီလိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

“ယောင်းမ၊ ညီမ တစ်သက်လုံး ဘယ်သူ့ကိုမှ လက်မထပ်တော့ဘူး။ ယောင်းမရဲ့အနားမှာပဲ အမြဲနေတော့မယ်၊ ယောင်းမဘက်က အဆင်ပြေရဲ့လား?"

"အင်း၊ ရတယ်၊ ငါ့မှာ ကန့်ကွက်စရာ မရှိဘူး"

စူးချင်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ဒါက သူမ လိုချင်တာ အတိအကျပဲ။ သူမလည်း ယောင်းမလေးနဲ့ မခွဲချင်ဘူးလေ။ ရှောင်ယင် အိမ်ထောင်မပြုခဲ့ရင်တောင် သူမနဲ့ ရွှေ့ရှန့်က ရှောင်ယင်ကို ပြုစုပျိုးထောင်ဖို့ တတ်နိုင်သေးတယ်။

ယောင်းမဖြစ်သူက သဘောတူလိုက်သောကြောင့် ကျိရှောင်ယင်က ယောင်းမဖြစ်သူ၏လက်မောင်းကို ဆုပ်ကိုင်ထားလိုက်သည်။ သို့သော် ယဲ့လွီချွမ်း၏ ချစ်ရည်ရွှမ်းနေသော မျက်လုံးနက်နက်များက သူမရှေ့တွင် ပေါ်လာပြန်သောကြောင့် ကျိရှောင်ယင်တစ်ယောက် သူမ၏ရီဝေဝေမျက်လုံးများကို ချက်ချင်း မှိတ်ချလိုက်ရသည်။

သူမ ဒီအကြောင်းကို ထပ်မတွေးချင်တော့ဘူး။ ဒါပေမယ့် သူမရဲ့နှလုံးသားက ဘာကြောင့် ဒီလောက်ထိ နာကျင်နေရတာလဲ?

ကျိရှောင်ယင်က သူမ၏ရင်ဘတ်ထဲမှ နာကျင်မှုကြောင့် သူမ၏ရင်ဘတ်ကို ပြန်ဖိထားလိုက်သည်။ စူးချင်းကလည်း သူမ၏အပြုအမူကို မြင်သွားပြီး သူမကို ကြာကြာ မဆွဲထားနိုင်မှန်း နားလည်သွားသည်။ သူမက ကျိရှောင်ယင်၏ ရေတံခွန်ကဲ့သို့ ဖြာကျနေသော အနက်ရောင်ဆံနွယ်ရှည်များကို လက်ဖြင့် ပွတ်သပ်ကာ မိခင်အိုကြီးတစ်ယောက်၏ လေသံဖြင့် ပြောလိုက်တော့သည်။

"ထားလိုက်ပါတော့၊ မင်း ငါတို့ကို တွေ့ချင်ရင် စာသာ ပို့လိုက်၊ မင်း အစ်ကိုကြီးနဲ့ ငါ မင်းကို လာတွေ့မယ်"

"တကယ်လား? ယောင်းမနဲ့ အစ်ကိုကြီးက ညီမကို တကယ်လာတွေ့ပေးမှာလား?"

ကျိရှောင်ယင်၏ မှိန်ဖျော့နေသော မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။

ဒါဆို သူမ ငြင်းစရာ မလိုတော့ဘူးလေ။ မဟုတ်ရင် သူမရဲ့အစ်ကိုကြီးနဲ့ ယောင်းမကို မတွေ့ရတော့ဘူးလို့ တွေးလိုက်တာနဲ့ ငိုချင်လာသလို ခံစားရတယ်။

“ဟုတ်တယ်၊ ငါတို့ အားလပ်ရက်ခရီးအတွက် အပန်းဖြေခရီးထွက်လို့ရတယ်”

ထိုအချိန်မှသာ မျက်ရည်များကြားထဲမှ ကျိရှောင်ယင်၏အပြုံးကို စူးချင်း ပြန်မြင်လိုက်ရသည်။

သူမရဲ့ အရင်ဘဝမှာတုန်းက သူမက တိုက်ခိုက်သတ်ဖြတ်ဖို့ပဲ အာရုံစိုက်နေခဲ့ပြီး ခရီးတွေ ထွက်ဖို့ လုံးဝ စိတ်မဝင်စားခဲ့ဘူး။ အခု သူမနဲ့ ‌ရွှေရှန့်တို့ ကမ္ဘာကြီးကို သိမ်းပိုက်ပြီး သမုဒ္ဒရာလေးစင်းအတွက် ငြိမ်းချမ်းမှုတွေ ယူဆောင်ပေးပြီးရင် သူမတို့ရဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင် နေဖို့ အချိန်ပေးနိုင်လာလိမ့်မယ်။ အချိန်တန်ရင် ရထားလုံးတစ်စီးနဲ့ ကမ္ဘာအနှံ့ ခရီးထွက်ကြမယ်။ တွေးကြည့်ရုံနဲ့တင် ကြည်နူးစရာကောင်းတဲ့ ဘဝတစ်ခုပဲ။

"အပန်းဖြေခရီးထွက်တာလား?"

ကျိရှောင်ယင်က ထိုအသုံးအနှုန်းကို ယခင်က မကြားဖူးခဲ့ပေ။ သူမ တောက်ပနေသော အနက်ရောင်မျက်လုံးများက ပေကလပ်ပေကလပ် ဖြစ်သွားပြီး ယောင်းမဖြစ်သူကို စိတ်ရှုပ်ထွေးစွာ ကြည့်နေပြန်သည်။

စူးချင်းက သူမ၏အမှားအတွက် ရှက်ပြုံး ပြုံးလိုက်သည်။

သူမ ဘာလို့ ဒီရှေ့ခေတ်မှာ ခေတ်သစ်စကားလုံးတွေကို ပြောမိသွားတာလဲ?

ထို့နောက် သူမက ကျိရှောင်ယင်ကို ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်သည်။

“အပျော်အနေနဲ့ ရှုခင်းတွေ ကြည့်ဖို့ ခရီးသွားတာကို ပြောတာပါ”

ကျိရှောင်ယင်က ပြုံးလိုက်ပြီး သူမက ပုံမှန်အတိုင်း တက်ကြွလန်းဆန်းသောပုံစံ ပြန်ဖြစ်သွားပြန်သည်။ သူမက လက်ခုပ်ပင် တီးနေပြီး စိတ်လှုပ်ရှားစွာဖြင့် ထောက်ခံနေသည်။

"အိုး၊ အိုး၊ အဲဒါက အရမ်းကောင်းတယ်၊ ညီမလည်း ညီမ ပျော်ရအောင် တတိယမင်းသားကို ခေါ်သွားပေးခိုင်းမယ်"

"မင်းပဲ လုံးဝ လက်မထပ်တော့ဘူးဆို!"

စူးချင်းက သူမ၏ယောင်းမလေးကို နောက်ပြောင်သည်။ တတိယမင်းသားဟု ပြောလိုက်ချိန်တွင် သူမ၏ မျက်လုံးများက ပိုတောက်ပလာပြီး ချစ်ရိပ်များ ပြည့်နှက်နေလေသည်။ သေချာသည်မှာ သူမက သူမ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချထားပြီး ဖြစ်သော်လည်း စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို နောက်တစ်ကြိမ် မတွေ့ရမည်ကို စိုးရိမ်နေသောကြောင့်သာ ငြင်းဆန်နေခဲ့ခြင်း ဖြစ်သည်။

“ယောင်းမ"

သူမ၏ယောင်းမကို စူးစူးရှရှ ခေါ်လိုက်သည့် ကျိရှောင်ယင်၏မျက်နှာလေးက နီရဲနေသည်။ သူမက ရှက်ရွံ့စွာ ပြုံးနေသော်လည်း သူမ၏မျက်လုံးလေးများက တောက်ပနေဆဲပင်။

ဆိုင်ရှင်က လှပသော လက်ဖက်ရည်ဗန်းကို ကိုင်ဆောင်ကာ အောက်ထပ်မှ ပြန်တက်လာသည်။ သီးသန့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သူမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး လေသံကလည်း ချိုသာလွန်းလှသည်။

“သခင်မလေး၊ ဒါ ကျွန်တော်တို့ဆိုင်ရဲ့ ဖူအာလက်ဖက်ရည်ပါ၊ သခင်မလေးတို့ စမ်းသောက်ကြည့်ပါဦး”

"ဖူအာလက်ဖက်ရည်?"

ထိုစကားက စူးချင်းကို မျက်ခုံးပင့်သွားစေသည်။

သူမ မှတ်ထားတာ မမှားရင် ဒီလက်ဖက်ရည်က ယူနန်ဘက်က လာတဲ့ လက်ဖက်ရွက်ကို ကျိုထားတာပဲ။ သူတို့က သူတို့ရဲ့လက်ဖက်ရွက်ကို ပြင်ပကမ္ဘာသို့ သယ်ယူဖို့ ယူနန်ပြည်နယ်ကနေ အထူးလမ်းကြောင်းဖောက်လုပ်ခဲ့တာကိုတောင် သူမ ပြန်သတိရသွားပြီ။ ရှေးဟောင်းလက်ဖက်မြင်းစီးလမ်းလို့ ခေါ်ခဲ့ကြတာ မဟုတ်ဘူးလား?

ဒါဆို ရှေးဟောင်းလက်ဖက်မြင်းစီးလမ်းက အခု ရှိနေပြီလား? မဟုတ်ရင် ဖူအာ လက်ဖက်ရည်က ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာနိုင်တာလဲ?

"ဒီလက်ဖက်ရည်က ဘယ်ကနေ လာတာလဲ?"

စူးချင်းက လက်ဖက်ရည်တစ်ငုံ သောက်ကြည့်လိုက်ပြီး ထိုလက်ဖက်ရည်ခွက်ကိုလည်း သဘောကျသွားခဲ့သည်။ အပြာရောင်ပန်းပွင့်သေးသေးလေးများ ပုံပေါ်ထားသည့် လက်ဖက်ရည်ခွက်သေးသေးလေးက ရှေးခေတ်၏အနုပညာ ကျက်သရေကို အပြည့်အဝ ဖော်ပြနေပြီး လက်ဖက်ရည်ကတော့ ရွှေရောင်ဖြစ်ကာ ချိုမြသောအရသာရှိသည်။

ဆိုင်ရှင်က အပြုံးဖြင့် ပြန်ဖြေလာသည်။

“သခင်မလေး၊ ဒီလက်ဖက်ခြောက်ကို သူဌေးရဲ့ဆွေမျိုးတစ်ယောက် ယူလာပေးတာပါ။ ယူနန်အနောက်ပိုင်းက လာတယ်လို့ပြောတယ်။ ဖူအာလက်ဖက်ရွက်က ကြာကြာသိမ်းထားလေ အရသာပိုကောင်းလေလေ ဖြစ်ပြီး ပိုတန်ဖိုးကြီးလာလေလေပဲ"

"ဟုတ်လား? အဲ့နေရာက တော်‌တော်ဝေးတယ်”

စူးချင်းက ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်လည်း ဤလက်ဖက်ရွက်က တန်ဖိုးကြီးကြောင်း သူမ သိထားပြီး ဖြစ်သည်။

ရှေးခေတ်မှာက ဆက်သွယ်ရေးတွေ မဖွံ့ဖြိုးသေးဘူးလေ။ မြို့တစ်မြို့ကနေ အခြားမြို့ကို သွားလာဖို့တောင် ရက်အနည်းငယ်ကြာပြီး ရထားလုံးကို မူးလောက်အောင် စီးရလိမ့်မယ်။ တချို့ ကုန်ပစ္စည်းတွေ ဆိုရင် သွားယူဖို့ တစ်လ၊ နှစ်လလောက် အချိန်ယူရပြီး ပြန်လာဖို့လည်း တစ်လ၊ နှစ်လလောက် အချိန်ယူရပြန်တယ်။ ဆိုတော့ နှစ်တစ်ဝက်လောက် လမ်းပေါ်မှာ ရထားလုံးနဲ့ ပင်ပင်ပန်းပန်း ဖြတ်သန်းပြီး အန္တရာယ်များတဲ့ခရီးရှည်ကြီးကို ရင်ဆိုင်ရမှာ သေချာတယ်။

"ဟုတ်တယ်။ ဒီလက်ဖက်ရည်က အဝေးက ရောက်လာတာမို့ ကျွန်တော်တို့သူဌေးက အဲဒါကို ရတနာတစ်ခုလို သဘောထားခဲ့တာပါ။ အခုက သခင်မလေး ရောက်လာလို့သာ သူဌေးက ဒါကို ထုတ်ပေးဖို့ ဆန္ဒရှိခဲ့တာပါ”

ဆိုင်ရှင်က သူ့၏သူဌေး မျက်နှာကောင်းရစေရန် စူးချင်း ရှေ့တွင် သူ့သူဌေးအတွက် စကားကောင်းများ ပြောပေးနေသည်။ ထိုမှသာ နောင်တွင် စူးချင်းက သူတို့ဆိုင်အား စောင်မကြည့်ရှူမည် ဖြစ်သည်။

“ကောင်းပြီ”

စူးချင်းက သူမ နားလည်ကြောင်းပြသရန် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမ၏အမူအရာက ဘာမှ မထူးခြားသလို ပြန်ဖြစ်သွားပြီး ဆိုင်ရှင်ကို ထပ်မကြည့်တော့ပေ။

စူးချင်း၏ အမူအရာ ပြန်အေးစက်သွားသည်ကို မြင်လိုက်ရသော ဆိုင်ရှင်ကလည်း သူ တစ်ခုခု မှားသွားကြောင်း ချက်ချင်း နားလည်လိုက်သည်။

သူ သခင်မလေး ဒေါသထွက်အောင် တခုခု လုပ်လိုက်မိတာလား?

မှူးမတ်တိုင်းမှာ သူတို့ရဲ့ မတူညီတဲ့ စိတ်နေစိတ်ထားတွေ ရှိကြတယ်။ တချို့အရာတွေက စကားအဖြစ်တောင် ပြောလို့ မရဘူး။

ဆိုင်ရှင်က စူးချင်းကို ဦးညွှတ်လိုက်ပြီး နောက်ပြန်ဆုတ်သွားကာ အဓိပ္ပါယ်မဲ့စကားများ ဆက်မပြောရဲတော့ပေ။

“ယောင်းမ ဒီလက်ဖက်ရည်က အရမ်းအရသာရှိတယ်!”

ကျိရှောင်ယင်ကလည်း လက်ဖက်ရည်တစ်ငုံ မြည်းစမ်းကြည့်လိုက်ခဲ့သည်။ လက်ဖက်ရည်၏အရသာက အစပိုင်းတွင် ခါးသက်သလို ခံစားရသော်လည်း နောက်ပိုင်းတွင် ချိုမြိန်လာသည်။ လက်ဖက်ရည်၏ရနံ့က ပြင်းထန်လွန်းလှသည်ဟု ထင်ရသော်လည်း စွဲမက်ဖွယ်ကောင်းသောရနံ့ ဖြစ်သည်။ ထို့ကြောင့် သူမ မှတ်ချက်ပေးလိုက်ခြင်း ဖြစ်သည်။

"မင်း ကြိုက်လို့လား?"

စူးချင်းက ကျိရှောင်ယင်က ထိုလက်ဖက်ရည်အား နှစ်သက်နေသည်ကို မြင်သွားပြီး သူမကို ပြန်မေးလိုက်သည်။

ရှောင်ယင် တာ့ထန်မှာ သူမ ကြိုက်တဲ့ လက်ဖက်ရည် သောက်နိုင်ဖို့ ကျိရှောင်ယင်ရဲ့ ခန်းဝင်ပစ္စည်းတွေထဲမှာ ဖူအာလက်ဖက်ရွက်တွေ ထည့်ပေးလိုက်သင့်လား? အဲ့ဒါဆိုရင်‌တော့ တစ်ယောက်‌ယောက်ကို ယူနန်သွားခိုင်းပြီး ဝယ်ခိုင်းမှ ရလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ဖူအာလက်ဖက်ရွက်က တခြားလက်ဖက်ရွက်တွေလို မဟုတ်ဘူး။ တခြားလက်ဖက်ရွက်တွေက သိမ်းထားတာကြာသွားရင် သောက်လို့ မကောင်းတော့ဘူး။ ဖူအာ လက်ဖက်ရွက်ကတော့ အရောင်ပိုရင့်လာလေလေ အရသာပိုပြင်းလေလေပဲ။

“ဟုတ်ကဲ့” ကျိရှောင်ယင်ကတော့ ယောင်းမဖြစ်သူ သူမ၏ခန်းဝင်ပစ္စည်းအတွက် ဖူအာလက်ဖက်ရွက် တလှည်းစာ သွားဝယ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်ကို မသိဘဲ ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်သည်။

အောက်ထပ်တွင်လည်း စားပွဲထိုးက ရုပ်ဆိုးသည့်လူ လိုချင်သည့် အစားအစာများကို ဆီစိမ်စာရွက်ဖြင့် ထုပ်ကာ သူ့ဆီသို့ လှမ်းပေးလိုက်သည်။

"ဧည်သည့်၊ ခင်ဗျားမှာထားတာတွေ အကုန်ရပါပြီ"

ထိုလူက အလွန်ထူးဆန်းနေပြီး လက်ဖက်ရည်လည်း မသောက်သလို စားပွဲထိုးချပေးစထားသည့် ထိုင်ခုံတွင်လည်း မထိုင်နေခဲ့ပေ။ သူက ထိုနေရာတွင်သာ ရပ်နေပြီး လှေကားထစ်များကိုသာ ငေးမော ငေးကြည့်နေလေသည်။

All Chapters