ကိုယ်ဝန် (၂)
Vol. 35 Ch. 519
စူးချင်းက ဘာမှ ပြန်မပြောနိုင်သေးခင် ရှောင်ချီက စနစ်ထဲမှ လှမ်းသတိပေးလိုက်သည်။
“ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက အစပ်လျှော့စားသင့်တယ်”
“သင့်တင့်သလောက်တော့ စားလို့ ရပါတယ်။ ကောင်လေးဆို အချဉ် ကြိုက်ပြီး ကောင်မလေးဆို အစကြိုက်တယ်လို့ ပြောကြတယ်လေ"
စူးချင်းက ရှောင်ချီလောက်တော့ စိတ်မပူပေ။ သူမ အနည်းငယ်သာစားလျှင် အဆင်ပြေနိုင်သည်ဟု သူမ ထင်နေပြီး ရှောင်ချီက အစိုးရိမ်လွန်နေသည်ဟု သူမ တွေးနေခဲ့သည်။
ထို့အပြင် ကျိရှောင်ယင်က သူမအတွက် သိုးသားကို ကင်ရန် အလုပ်ကြိုးစားခဲ့ပြီး သူမ တစ်လုပ်မျှ မစားလျှင် ကျိရှောင်ယင် ဝမ်းနည်းသွားမည်ကိုလည်း သူမ စိုးရိမ်နေခဲ့သည်။
"ဒါဆို နည်းနည်းပဲ စားနော်!"
ရှောင်ချီကတော့ စိတ်ပူနေဆဲပင်။ စူးချင်းက အပြုံးဖြင့် ခေါင်းယမ်းလိုက်သည်။
ဒီကောင်မလေးက အရမ်းကို အစိုးရိမ်လွန်နေတာပဲ။
“ယောင်းမ ညီမ အခု သွားယူလာပေးမယ်”
ကျိရှောင်ယင်က တံခါးကို တွန်းဖွင့်ပြီး သိုးသားများ သွားယူရန် မီးဖိုချောင်ဆီသို့ လျှောက်သွားနေပြန်သည်။
သူမရဲ့ယောင်းမ ပြန်လာပြီလားဆိုတာ သိရအောင် သူမ အရင်ပြန်လာခဲ့တာလေ။ အဲ့လိုမဟုတ်ဘဲ သိုးသားတွေ ကင်ထားပြီး အေးသွားရင် အရသာရှိမှာ မဟုတ်တော့ဘူး။
စူးချင်းက ထိုင်ခုံတွင် ထိုင်နေရင်း ကျိရှောင်ယင်ကို စောင့်ဆိုင်းနေခဲ့သည်။ သိပ်မကြာခင်မှာပင် ကျိရှောင်ယင်က အစေခံမိန်းကလေးနှစ်ယောက်နှင့်အတူ ပြန်ရောက်လာခဲ့သည်။ သူမတို့ သုံးယောက်လုံး လင်ဗန်းများ သယ်ဆောင်လာကြပြီး ကျိရှောင်ယင်၏လင်ဗန်းထဲတွင် အသားသီတံများဖြင့် ပြည့်နှက်နေသည်။ သူမ၏နောက်မှ အစေခံမိန်းကလေးနှစ်ယောက်က ဗန်းမုန့်ကြော်နှင့် သိုးသားဖြင့်ချက်ထားသော မုန်လာဥနီဟင်းရည်ကို သယ်ဆောင်လာကြသည်။
“ယောင်းမ၊ ညီမ ယောင်းမကို ဟင်းချက်နည်း နည်းနည်းပြမယ်”
ကျိရှောင်ယင်က အသားသီတံများကို စားပွဲပေါ်တင်လိုက်ပြီး အစေခံမိန်းကလေးများ ယူဆောင်လာပေးသည့် ဗန်းထဲမှ ဗန်းမုန့်ကြော်တစ်ခုကို လှမ်းယူလိုက်သည်။ ထို့နောက် သူမက သိုးသားသီတံနှစ်ချောင်းကို ဗန်းမုန့်ကြော်ပေါ်သို့ တင်လိုက်နေရင်း စူးချင်းကို အပြုံးဖြင့် လှမ်းပြောနေသေးသည်။
"ယောင်းမ ဒီကို ကြည့်ပါဦး"
ကျိရှောင်ယင်က ပြောနေရင်းဖြင့် အသားသီတံကို ဗန်းမုန့်ထဲသို့ ဖိကာ အသားမျာကို မုန့်ဖြင့် ဖုံးအုပ်လိုက်သည်။ ထို့နောက် သူမက အသားများကို ဗန်းမုန့်ဖြင့်ဖိထားပြီး တုတ်နှစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
“ဒီလို ထုပ်ပြီး စားတာက ပိုမွှေးတယ်”
သူမ၏သရုပ်ပြမှုအပြီးတွင် ကျိရှောင်ယင်က စူးချင်းကို တောက်ပသော မျက်လုံးများဖြင့် မျှော်လင့်တကြီး စိုက်ကြည့်နေသည်။ သူမ၏အကြည့်များက ပြောနေသည်မှာ “ယောင်းမ၊ ညီမလေးကို ချီးမွမ်းပေး၊ တော်တယ်လို့ ပြောပေး” ဟုသာ ဖြစ်ပေလိမ့်မည်။
"အရမ်းကောင်းတယ်"
စူးချင်းက ကျိရှောင်ယင် စားစရာ ပြင်ဆင်နေသည့်ပုံစံကို မြင်သွားပြီး ရှင်ကျန်းမှလူများက သိုးသားတုံးများကို ဗန်းမုန့်ဖြင့် ထုပ်ကာ စားသောက်ကြသည်ကို သတိရသွားခဲ့သည်။
ရှောင်ယင်က ဒါကို ဘယ်သူဆီကနေ သင်ယူခဲ့တာလဲ?
“ဒီနေ့ ဗန်းမုန့်ကြော်နေရင်း ဗိုက်ဆာလို့ သိုးသားကင်နှစ်ချောင်းကို ဒီလိုဗန်းမုန့်နဲ့ ထုပ်စားလိုက်တယ်။ တကယ်ကို အရသာရှိလွန်းတယ်”
ကျိရှောင်ယင်က စကားပြောနေရင်း သူမ ထုပ်ထားသော အသားနှင့် ဗန်းမုန့်ကို စူးချင်းအား လှမ်းပေးလိုက်သည်။
“ယောင်းမ စမ်းစားကြည့်”
“အင်း”
စူးချင်းက အပြုံးဖြင့် ဗန်းမုန့်ကို လှမ်းယူကာ တစ်ကိုက် ကိုက်လိုက်သည်။ သိုးသားကင်နှင့် ဗန်းမုန့်၏အနံ့နှင့် အရသာက အချိုးညီညီ ရောစပ်နေပြီး ဆီမပါသော်လည်း အရသာရှိလှသည်။ ငရုတ်သီးကလည်း အလွန်အကျွံ စပ်နေခြင်း မဟုတ်ဘဲ မီးသွေးမီးဖိုပေါ်တွင် လှော်ထားသော ငရုတ်နံ့လေးသင်းနေရုံသာ ဖြစ်သည်။ ဗန်းမုန့်က အစပ်ကို ပြေပျောက်စေပြီး အရသာပို ရှိလာစေသည်။ စူးချင်း၏ပါးစပ်ထဲမှ အရသာခံဖုလေးများ ချက်ချင်း ပွင့်သွားပြီး သူမက အားပါးတရာ စတင် စားနေတော့သည်။
“ယောင်းမ အရသာရှိလား?”
ကျိရှောင်ယင်က စူးချင်း အသားဗန်းမုန့် စားနေသည်ကို ကြည့်နေရင်း သူမ၏မျက်ဝန်းများ တောက်ပလာပြန်သည်။ သူမ၏ယောင်းမက အားပါးတရာ စားနေသည်ကို မြင်လိုက်ရသောကြောင့် သူမ မေးချင်နေသေးသည်။
“အရသာ ရှိတယ်”
စူးချင်းက ခေါင်းညိတ်ပြရင်း ဆက်စားနေကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ ဗန်းမုန့် ကုန်သွားခဲ့ပြီး သူမ၏အစာအိမ်အတွက် အောက်ခြေကိုသာ ဖြည့်နိုင်သလို ခံစားလိုက်ရသည်။
“သခင်၊ သိုးသားစွပ်ပြုတ်က သောက်လို့ ရတယ်။ အကင်တွေကို လျှော့စားပါ။ အကင်တွေက မီးသွေးကြောင့် သန့်ရှင်းမှု မရှိဘဲ ကင်ဆာဖြစ်စေတယ်”
ရှောင်ချီ၏ အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာသည်။ စူးချင်းက သိုးသားဟင်းရည်ကို တချက်ကြည့်လိုက်ပြီး မဆိုးဘူးဟု သတ်မှတ်လိုက်သည်။ အဖြူရောင်ဟင်းရည်ကို ကြည့်ရသည်မှာ အချိန်အတော်ကြာ ပြုတ်ခဲ့ကြောင်း ထင်ရှားနေသည်။ ဟင်းရည်၏အရသာက အပူချိန်အပေါ်မူတည်ပြီး အပူချိန်မှန်ကန်သရွေ့ စားကောင်းနေပေလိမ့်မည်။ စူးချင်းက ကျိရှောင်ယင် လှမ်းပေးလိုက်သည့် ပန်းကန်လုံးကို ယူကာ ဟင်းရည်တစ်ငုံသောက်ကြည့်လိုက်သည်။ သိုးသား၏အနံ့လည်း မရှိတော့သလို အရသာကလည်း ကောင်းမွန်နေပြီး ကျိရှောင်ယင်၏ ဟင်းချက်ကျွမ်းကျင်မှုက သိသိသာသာ တိုးတက်လာသည်ကို သူမ တွေ့လိုက်ရသည်။
ဒီမိန်းကလေးက ယဲ့လွီချွမ်းအတွက် သူတို့တိုင်ပြည်ရဲ့ အစားအစာ ချက်ပြုတ်နည်းကို သင်ယူနေတာဖြစ်နိုင်လား? ဒီဟင်းနှစ်ပွဲက တာ့ထန်ကလူတွေ ကြိုက်တတ်တဲ့ဟင်းပွဲတွေလေ။
"မနက်ဖြန် ကျင့်ရှီလျိုမြောင်ကို ပြန်ရတော့မှာဆိုတော့ ဒီည စောစောအိပ်လေ"
စားသောက်ပြီးသည်နှင့် အိပ်ငိုက်လာသောကြောင့် စူးချင်းက သမ်းဝေနေရင်း ကျိရှောင်ယင်ကိုပါ သတိပေးလိုက်သည်။
ကိုယ်ဝန်ဆောင်နေချိန်မှာတောင် ဒီလောက်ကြီးကျယ်တဲ့ တုံ့ပြန်မှုမျိုး ရှိလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။ ထူးဆန်းလိုက်တာ.... အခုတော့ ကိုယ်ဝန်စရှိတဲ့အချိန်မှာကိုပဲ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ရဲ့ တုံ့ပြန်မှု လက္ခဏာတွေအားလုံးကို ခံစားနေရပြီ။
“ဟုတ်ကဲ့”
တာ့ထန်၏သံတမန်က သူမ၏အဘိုးထံသို့ လက်ထပ်ခွင့်တောင်းရန် သွားမည့်အကြောင်း စဉ်းစားမိချိန်တွင် ကျိရှောင်ယင်၏မျက်နှာတစ်ခုလုံး နီရဲလာပြန်သည်။
စူးချင်းက သူမ၏အခန်းထဲသို့ ပြန်ဝင်ကာ ရေချိုးလိုက်သည်။ ထို့နောက် ကုတင်ပေါ်သို့ လဲလျောင်းလိုက်သည်နှင့် သူမ အိပ်ပျော်သွားပြီး အိပ်မက်ပင် မက်နေသေးသည်။ ကလေးများကို စောင့်ရှောက်သော ကွမ်ရင်မယ်တော်က သူမဆီသို့ ဝဝတုတ်တုတ် ကလေးလေးနှစ်ယောက်ကို ခေါ်ဆောင်လာသည်ဟု သူမ အိပ်မက်မက်နေခဲ့သည်။
ထိုဖွံ့ထွားသော ကလေးလေးနှစ်ယောက်က စူးချင်း စိတ်ကူးထားသည့် ကလေးများနှင့် အတူတူ ဖြစ်နေပြီး သူတို့ထံတွင် မျက်လုံးကြီးကြီးလေးများနှင့် ကွေးညွတ်အောင် ပြုံးနေသည့် နှုတ်ခမ်းပါးလေးများ ရှိကြသည်။ စူးချင်းကို တွေ့လိုက်ချိန်တွင် သူတို့က သူတို့၏လက်နှစ်ဖက်ကို ဖွင့်ကာ သူမကို “မေမေ”ဟု လှမ်းခေါ်လိုက်သည်။ စူးချင်းကလည်း ထိုချစ်စဖွယ်ကလေးငယ်များကို မြင်သွားပြီး သူတို့ကို အမြန်ပွေ့ဖက်လိုက်သည်။ ထိုအချိန်တွင် သူမ ရုတ်တရက် ပြန်နိုးသွားခဲ့သည်။
စူးချင်းက သူမ၏မျက်လုံးကို ဖွင့်လိုက်ပြီး အိပ်မက်ထဲမှ ကလေးနှစ်ယောက်အကြောင်း ပြန်တွေးကာ သူမ၏ဗိုက်လေးကို ပွတ်သပ်လိုက်မိပြန်သည်။
"အဲဒါဆို မင်းတို့က ကောင်လေးတွေလား? မေမေနဲ့တွေ့ဖို့ ရောက်လာကြတာလား?"
နောက်တစ်နေ့တွင် စူးချင်းက ပုံမှန်အတိုင်း အစောကြီး နိုးလာခဲ့သည်။ ယနေ့တွင် သူမတို့ ကျင့်ရှီလျိုမြောင်သို့ ပြန်သွားရမည် ဖြစ်ပြီး ခရီး မနှောင့်နှေးစေရန် မနက်စာစားပြီးသည်နှင့် ထွက်ခွာရမည် ဖြစ်သည်။ ထို့ကြောင့် စူးချင်းက အိပ်ယာမှ ထပြီး အဝတ်အစား လဲလိုက်သည်။ ထိုနောက် သူမက ကျိရှောင်ယင်ကို သွားနှိုးလိုက်သည်။ ကျိရှောင်ယင်က သူမ ထက်စောစော နိုးနေသည် သူမ သိလိုက်ရသော်လည်း ယခု ဘာလုပ်နေမှန်း မသိဘဲ အိမ်ခန်းထဲတွင် မရှိတော့ပေ။
စူးချင်းက ကျိရှောင်ယင်က သူမအတွက် ဟင်းသွားချက်နေသည်ဟု တွေးကာ အစေခံမိန်းကလေးများကို ရေနွေးယူလာပေးရန် ညွှန်ကြားလိုက်သည်။
ရှေးခေတ်က ကြေးနီဇလုံများကို အသုံးပြုကြပြီး ဇလုံထဲသို့ ရေလောင်းချလိုက်လျှင် ရေက ပို၍ ကြည်လင်လာသလို ခံစားရစေသည်။ အစေခံမိန်းကလေးများက ရေ၏အပူချိန်ကို သင့်တင့်အောင် ပြင်ဆင်ပေးခဲ့ပြီး စူးချင်းက ထိုရေကို သုံးကာ မျက်နှာသစ်ပြီး ကိုယ်လက်သန့်စင်လိုက်သည်။
စူးချင်းက သူမအတွက် ဆံပင်ဖြီးပေးရန် အစေခံမိန်းကလေးများ၏ အကူအညီကိုလည်း ယူလေ့မရှိပေ။ သူမက မျက်နှာသစ်ပြီးသည်နှင့် သူမ၏ဆံပင်ကို ဆံချည်မျှင်ဖြင့် ပြန်ချည်ကာ ကျောက်စိမ်းဆံထိုးဖြင့် ရစ်ပတ်ထုံးဖွဲ့လေ့ရှိသည်။
အစေခံမိန်းကလေးများက သူမ၏ဆံပင်ကို လှပသည့်ဆံထုံးပုံစံ ဖြစ်အောင် ဖြီးပေးမည်ဟု အကြိမ်ပေါင်းများစွာ ပြောခဲ့သော်လည်း သခင်မဖြစ်သည့် စူးချင်းကတော့ သူမ၏ဆံပင်ကို ထိုသို့ ပြင်ဆင်ထားလျှင် တာအိုသီလရှင်နှင့်တူသည်ဟု အမြဲလိုလို ခံစားခဲ့ရသည်။ အိမ်ထောင်သည်အမျိုးသမီးများက ဆံထုံးမြင့်မြင့် ထုံးဖွဲ့ရပြီး နောက်တွဲဆံထုံး၊ နတ်သမီးတောင်ပံဆံထုံး၊ တိမ်ဆံထုံးစသည်ဖြင့် ဆံပင်ပုံစံအမျိုးမျိုး ရှိပြီး ပုံစံတစ်မျိုးစီက လှပသည့် ဆံပင်ပုံစံသာ ဖြစ်သည်။
ထိုကဲ့သို့ ပြင်ဆင်ထုံးဖွဲ့မှုများအားလုံးက အကြီးတန်းအစေခံများ မသင်မနေရ သင်ယူခဲ့ရသည့် သင်ခန်းစာများ ဖြစ်သည်။ သူမတို့ သခင်လေး၏ဇနီးကို ခစားရမည်မှန်း သူမတို့ သိထားပြီး သခင်လေး၏ဇနီး မြင့်မြတ်လှပစေရန်အတွက် သူမတို့အားလုံး အလုပ်ကြိုးစားခဲ့ကြသည်။ နောက်ဆုံးတွင် သခင်လေး၏ဇနီးက ဤရိုးရှင်းသောဆံပင်ပုံစံကိုသာ သဘောကျပြီး သူမတို့ သင်ယူခဲ့သည့် ဆံထုံးပုံစံများက လုံးဝ အသုံးမဝင်တော့ပေ။
စူးချင်းက ထိုအစေခံမလေးများ ဘာတွေ တွေးနေမှန်း မသိဘဲ သူမ ဆေးကြောပြီးသည်နှင့် အစားအသောက်များ ယူလာခိုင်းလိုက်သည်။ သူမ မနက်အစောကြီး နိုးလာသောကြောင့် ဗိုက်ဆာနေပြီဖြစ်သလို ဗိုက်ထဲမှ ကလေးလေးကိုလည်း အစာမငတ်စေချင်ပေ။
“နောက်ထပ်ပူပူနွေးနွေး စားစရာလေးတွေ ပြင်ဆင်ပြီး ငါ့ရထားလုံးပေါ်မှာ တင်ထားလိုက်ပါ”
စူးချင်းက အစေခံမိန်းကလေးများကို အစားအစာများ ပြင်ဆင်ခိုင်းပြီး ရထားလုံးပေါ် တင်ပေးရန် တောင်းဆိုလိုက်သည်။ ထိုအချိန်တွင် ရှောင်ချီက ဝင်ပြောလာပြန်သည်။
“သခင်၊ ခရီးစဥ်တလျောက်လုံး စားသောက်ဖို့ကိစ္စကို ရှောင်ချီတာဝန်ထားလိုက်ပါ။ ရှောင်ချီက ဟင်းချက်နည်းတွေ ပြင်ဆင်ထားပြီးပါပြီ။ သခင် အာဟာရပြည့်အောင် စားရဖို့ ရှောင်ချီ အာမခံပါတယ်” ၏
စူးချင်းက ရှောင်ချီ၏အသံကို ကြားသွားပြီး အံသြသွားပြန်သည်။
ဒါက ဘာလို့ ခေတ်သစ်က ကြော်ငြာတွေလိုမျိုး အသံဖြစ်နေရတာလဲ? ဒါပေမယ့် ရှောင်ချီရဲ့ ကောင်းမွန်တဲ့ အထောက်အပံ့နဲ့ဆိုရင် လမ်းပေါ်မှာ ဆာလောင်မှာ ပူနေဖို့ မလိုတော့ဘူး။ ပြီးတော့ အစားအသောက်တွေ ပိုပြင်ပြီး စနစ်ထဲမှာ ထည့်ထားလို့လည်း ရသေးတယ်။
ရှောင်ချီကတော့ သူမ စိုက်ထားသည့် ဟင်းသီးဟင်းရွက်ဥယျာဉ်လေးကို ကြည့်ကာ ပြုံးနေလေသည်။
ကံကောင်းလို့ပေါ့၊ ရှောင်ချီမှာ ဘာမှ လုပ်စရာမရှိတဲ့အချိန် ဒီအသီးအရွက်တွေ စိုက်ထားခဲ့မိတယ်။ အရင်ကတော့ ဒါကို သခင်အတွက် နှစ်သစ်ကူး Surprise ပေးမလို့ပဲ။ သခင် အသီးအရွက်တွေ စားချင်နေတာကို ရှောင်ချီ သိနေတယ်လေ။
မြောက်ဘက်တွင် ဆောင်းရာသီက ရှည်လျားပြီး အေးခဲနေသောကြောင့် ဂေါ်ဖီထုပ်နှင့် မုန်လာဥနီများအပြင် အသီးအရွက်ချဉ်များသာ ရှိသည်။ လတ်ဆတ်သော အသီးအရွက်များကတော့ မြင်ပင်မမြင်နိုင်ပေ။
စူးချင်းက ထိုအသီးအရွက်ချဥ်များကို ကြာရှည်မစားနိုင်ဘဲ သူမ၏စားချင်စိတ်ကို ဖြည့်ဆည်းရန် တိုဟူး အနည်းငယ် လုပ်ရုံသာတတ်နိုင်သည်။
လက်ရှိတွင် ရှောင်ချီက မကျေမနပ်ဟန်လေးဖြင့် မျက်မှောင်ကြုတ်နေပြန်သည်။
ဟူး.... ဒီမှာ အသီးတွေလည်း မရှိဘူး။ သခင်က အသီးအနှံတွေကို ပိုကြိုက်တာလေ။ ငါကဘာလို့ တာဝန်ပျက်ကွက်မိတာတုန်း။ ဘာလို့ အသီးအနှံတွေ စောစော ကြိုမစိုက်ထားရတာလဲ?
ဆောင်းရာသီတွင် ခရီးသွားရခြင်းက ခရီးကို ပိုကြန့်ကြာစေသည်။ ပုံမှန်အားဖြင့် သူတို့ နှစ်ရက်အတွင်း ကျင့်ရှီလျိုမြောင်သို့ ရောက်နိုင်သော်လည်း ဤနှင်းထူထပ်သော အခြေအနေကြောင့် သုံးရက်မှ လေးရက်အထိ အချိန်ယူရမည်ပင်။ ရှောင်ချီက သူ့သခင်ကို သနားနေမိပြန်သည်။
စူးချင်းကတော့ ရှောင်ချီ ဘာတွေတွေးနေမှန်း မသိဘဲ သူမ ကိုယ်လက်ဆေးကြောပြီးသည်နှင့် အစေခံမိန်းကလေးများကို မေးမြန်းလိုက်သည်။
"ရှောင်ယင်ကို တွေ့သေးလား?"
“သခင်မ၊ သခင်မလေးကျိရှောင်ယင်က မနက်စောစောကတည်းက အပြင်ထွက်သွားတာပါ”
"ဘယ်သွားတာလဲ?"
စူးချင်းက အနည်းငယ် အံ့အားဟန်ဖြင့် ပြန်မေးလိုကြ်သည်။
သူမတို့ ခရီးထွက်တော့မှာကို သိနေရက်နဲ့ ရှောင်ယင်က ဘာလို့ အပြင်ထွက်သွားတာလဲ?
"ဘာမှ မပြောသွားပါဘူး"
အစေခံမိန်းကလေးက ခေါင်းခါလိုက်သည်။
သူမတို့ရဲ့သခင်တွေက ဘယ်သွားမယ်လို့ မပြောသွားရင် သူမတို့မှာ မေးဖို့ အခွင့်အရေးမရှိဘူးလေ။
"ရပြီ၊ မင်းတို့ ထွက်သွားကြတော့!"
စူးချင်းက ထိုအစေခံများထံမှ ဘာမှ မမေးနိုင်မှန်း နားလည်နေပြီး သူမတို့ကို ထွက်သွားခိုင်းလိုက်သည်။ ကျိရှောင်ယင်က တစ်ခုခုဝယ်ရန် အပြင်ထွက်သွားသည်ဟု သူမ တွေးလိုက်ပြီး စိတ်ထဲ မထားတော့ပေ။ ထို့နောက် ရထားလုံးများကို တပ်ဆင်စေပြီး အစားအသောက်များနှင့် လက်ဆောင်များ တင်ဆောင်ခိုင်းလိုက်သည်။ သို့သော်လည်း သူမတို့ ထွက်ခွာရန် သဘောတူထားသည့်အချိန်အထိ ကျိရှောင်ယင် ပြန်မလာသေးပေ။ ထိုအချိန်တွင် စူးချင်းတစ်ယောက် စိတ်ပူလာတော့သည်။