ပျောက်ဆုံးနေခြင်း
Vol. 35 Ch. 520
"မင်းတို့ရဲ့ သခင်မလေးကို သွားလိုက်ရှာကြ"
စူးချင်းက ကျိရှောင်ယင်အား လိုက်ရှာရန် သက်တော်စောင့်အနည်းငယ်အား အမိန့်ပေးလိုက်သည်။
ဒီကောင်မလေးက ဘာတွေလုပ်နေတာလဲ?
သက်တော်စောင့်များက အမိန့်ကို နာခံကြောင်းတုန့်ပြန်ကာ ကျိရှောင်ယင်ကို ရှာဖွေရန် ထွက်သွားကြသည်။ စူးချင်းက ရထားလုံးကို ရုံးတော်၏အပြင်ဘက်အထိ မောင်းခိုင်းလိုက်ပြီးမှ သူမ၏အပေါ်ဝတ်ကို ထပ်ဝတ်ကာ ကျိရှောင်ယင်ကို စောင့်ဆိုင်းရန် အပြင်ဘက်သို့ ထွက်လာခဲ့သည်။
အချိန်များ တဖြည်းဖြည်း ကုန်လာခဲ့သော်လည်း ကျိရှောင်ယင်ကို သွားရှာသည့် သက်တော်စောင့်များ တစ်ယောက်မှ ပြန်မလာသေးသလို ကျိရှောင်ယင်ကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
“မွေးစားအမေ့ရဲ့သင်္ချိုင်းကို သွားကြည့်လိုက်ကြဦး”
စူးချင်းက အစေခံနှစ်ယောက်ကို သူမတို့၏မွေးစားအမေ အနားယူနေသည့်အုတ်ဂူဆီသို့ သွားခိုင်းလိုက်သည်။
ရှောင်ယင်နဲ့ မွေးစားအမေကြားမှာ နက်ရှိုင်းတဲ့ဆက်ဆံရေးရှိတော့ ရှောင်ယင်က သူမ မထွက်ခွာခင် မွေးစားအမေရဲ့သင်္ချိုင်းကို သွားနေတာလည်း ဖြစ်နိုင်တယ်။
“တစ်ချို့တွေက ဒီမှာ စောင့်နေကြဦး။ မင်းတို့ရဲ့သခင်မလေး ပြန်ရောက်လာတာနဲ့ သူ့(မ)ကို ခေါ်ပြီး နားနေစခန်းကို လိုက်ခဲ့ကြ"
စူးချင်းအတွက် ထိုနေရာတွင် ကျိရှောင်ယင်အား အကြာကြီး စောင့်နေရန် မဖြစ်နိုင်သေးပေ။ တာ့ထန်၏သံတမန်နှင် သူ့၏အဖွဲ့ဝင်များက နားနေစခန်းတွင် စောင့်ဆိုင်းနေကြဆဲဖြစ်သည်။ သူမ သူတို့ကို အရင်ဆုံး သွားတွေ့ရမည် ဖြစ်သောကြောင့် စူးချင်းက အစေခံများကို ညွှန်ကြားကာ နားနေစခန်းသို့ ထွက်လာခဲ့သည်။ မနေ့ညက နှင်းများပြန် ကျလာခဲ့ပြီး နေရောင်အောက်တွင် တလက်လက်တောက်ပနေသည့် နှင်းဖွေးဖွေးများက လူတိုင်းကို မျက်စိကျိန်းစေကာ မျက်စိဖွင့်ရန် ခက်ခဲစေသည်။ စူးချင်းပင်လျှင် ရှေ့သို့ လျှောက်ရန် သူမ၏မျက်လုံးကို မှေးကျဥ်းထားရသည်။
စူးချင်း နားနေတည်းခိုဆောင်သို့ ရောက်လာချိန်တွင် တာ့ထန်၏သံတမန် ဟူးအာ့ခန်းက သူမတို့ကို အချိန်အတော်ကြာကတည်းက စောင့်နေမှန်း သိလိုက်ရသည်။ သူတို့က ထိမ်းမြားလက်ထပ်လက်ဆောင်များ သယ်ဆောင်မည့် ရထားလုံးများကို အဆင်သင့်ပြင်ထားပြီး အမြန်ထွက်ရန် ပြင်ဆင်ထားခဲ့ကြသည်။ သူက စူးချင်းနှင့် ကျိရှောင်ယင်ကို စောင့်ဆိုင်းနေခဲ့ပြီး စူးချင်းတစ်ယောက်တည်း ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် သူမနောက်သို့ လှမ်းကြည့်လိုက်သည်။
သခင်မစူးတစ်ယောက်တည်း ရောက်လာတာလား? ဘာလို့ ရထားလုံးနဲ့ မလာတာလဲ? သခင်မလေးကျိရှောင်ယင်ကရော.... ဘာလို့ မလိုက်လာတာလဲ?
စူးချင်းက ဟူးအာ့ခန်း အပြည့်အဝ ပြင်ဆင်ပြီး သူမနှင့် ကျိရှောင်ယင်ကို စောင့်နေကြောင်း သိသွားပြီး ဟူးအာ့ခန်းကို တောင်းပန်လိုက်သည်။
“ကျွန်မ တောင်းပန်ပါတယ်၊ ထွက်လာခါနီးမှ အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ပါ”
"ရပါတယ်၊ ဘာမှ မဖြစ်ပါဘူး၊ ဒါနဲ့ သခင်မလေးကျိရှောင်ယင် မပါလာဘူးလား?"
ဟူးအာ့ခန်းက အပြုံးဖြင့် ခေါင်းယမ်းလိုက်သည်။
သူက သခင်မစူးနဲ့ သခင်မလေးကျိရှောင်ယင်ကို ဘယ်လို အပြစ်တင်နိုင်မှာလဲ? နှစ်ယောက်စလုံးက သူ စော်ကားဖို့ တတ်နိုင်တဲ့သူတွေ မဟုတ်ဘူးလေ။
စူးချင်းက နားနေတည်းခိုဆောင်အဝင်ပေါက်တွင် ဟူးအာ့ခန်းနှင့်အတူ ရပ်နေကာ ကျိရှောင်ယင်ကို စောင့်ဆိုင်းနေခဲ့သည်။ သူမက ခန္ဓာကိုယ်ကို နွေးထွေးစေမည့်ဆေးကို ကြိုသောက်ထားခဲ့ပြီး အအေးဒဏ်ကို သိပ်မခံစားရပေ။ ဟူးအာ့ခန်းက တာ့ထန်ပြည်ထောင်မှ အရပ်ဘက်အမှုထမ်းတစ်ဦးဖြစ်သော်လည်း သူတို့တိုင်းပြည်ရှိ မင်းမှုူထမ်းများက အလယ်ပိုင်းလွင်ပြင်မှ လူများကဲ့သို့ အားနည်းသည့် ပညာရှင်များ မဟုတ်ကြပေ။ သူတို့အားလုံးက စာပေတင်မြောက်သည့်အပြင် သိုင်းပညာလည်း ကျွမ်းကျင်သောကြောင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိကြသည်။
စောင့်ဆိုင်းရခြင်းက လူစိတ်ကို ပို၍ ပူလောင်စေသည်။ ထို့ကြောင့် ဟူးအာ့ခန်းကလည်း စောင့်နေရင်း စိတ်ပူလာကာ ရုံးတော်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။
သူတို့ရဲ့အနာဂတ် သခင်မက ဘာလို့ ဒီကို ရောက်မလာသေးတာလဲ?
စူးချင်းကလည်း စိတ်မရှည်တော့ပေ။
ဒီနေ့မှ ရှောင်ယင်က ဘာတွေ ဖြစ်နေတာလဲ? ခါတိုင်းဆို သူမက အရမ်းအချိန်တိကျတတ်တဲ့သူ မဟုတ်ဘူးလား?
တစ်ခုခုဖြစ်ခဲ့တာလား?
ထိုအတွေး သူမ၏ စိတ်ထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် စူးချင်းတစ်ယောက် စိတ်မရှည်နိုင်တော့ပေ။ သို့သော်လည်း သူမ၏စိုးရိမ်ပူပန်မှုအား တာ့ထန်မှလူများ မြင်သွားမည်ကိုလည်း သူမ လက်မခံနိုင်ပေ။
ရှောင်ယင် တစ်ခုခု ဖြစ်နေခဲ့ရင်တောင် သူမ ဟူးအာ့ခန်းနဲ့ တခြားသူတွေကို ပေးသိလို့ မဖြစ်ဘူး။
နောက်ဆုံးတွင် စူးချင်းက ကျုံးယုံကို လှမ်းခေါ်ကာ ညွှန်ကြားလိုက်သည်။
"ကျုံးယုံ၊ မင်းက ဟူးအာ့ခန်းတို့အဖွဲ့နဲ့အတူ လိုက်သွားပြီး အရင်ထွက်ခွာတော့"
တာ့ထန်ပြည်ထောင်၏သံတမန်များ မိမိတို့တိုင်းပြည်အတွင်း မည်သည့်အမှားအယွင်းမျှ မဖြစ်ရန် စောင့်ရှောက်ရမည်မှာလည်း သူမတို့၏တာဝန်သာ ဖြစ်သည်။ ထိုထိမ်းမြားလက်ဆောင်များကလည်း မျက်စိကျစရာ ဖြစ်နေပြီး လမ်းတွင် မတော်တဆ တစ်ခုခု ဖြစ်လာမည်ကို စူးချင်း စိုးရိမ်နေခဲ့သည်။ နောက်ဆုံးတွင် စူးချင်းက ရှောင်းမိသားစုစစ်တပ်မှ သူမ အယုံကြည်ရဆုံး စစ်သူကြီးကိုသာ ခေါ်ထုတ်ပြီး တာဝန်ပေးလိုက်တော့သည်။
"သြော်.... အတူတူ သွားကြမှာ မဟုတ်ဘူးလား?"
ဟူးအာ့ခန်းကလည်း စိတ်မသက်မသာ ခံစားလိုက်ရသည်။
သူက ဘာလို့ အရင်ထွက်သွားရမှာလဲ?
“ကျွန်မမှာ အရေးကြီးတဲ့ကိစ္စတစ်ခု လုပ်ဖို့ ရှိနေသေးတာကို ရုတ်တရက် သတိရသွားလို့ပါ။ လူကြီးမင်းတို့ အရင်သွားနှင့်ပါ။ ကျွန်မ အလုပ်ပြီးတာနဲ့ မီအောင်လိုက်ခဲ့ပါမယ်"
စူးချင်းက ကျိရှောင်ယင်အား ရှာမတွေ့ကြောင်း မပြောနိုင်သည့်အတွက် အလုပ်ကိုသာ အကြောင်းပြချက်အဖြစ် အသုံးချလိုက်သည်။
"သခင်မစူးမှာ လုပ်စရာ တွေရှိသေးနေရင် ကျုပ် အရင်သွားနှင့်လိုက်ပါ့မယ်”
ဟူးအာ့ခန်းဘက်မှလည်း အခြေအနေကို မေးမြန်းရန် အဆင်မပြေပေ။ ကျိရှောင်ယင် ဘာမှမဖြစ်သရွေ့ သူအတွက် အဆင်ပြေသောကြောင့် သူက အလွယ်တကူ ခေါင်းညိတ်ကာ စတင်ထွက်ခွာသွားတော့သည်။
စူးချင်းက ဟူးအာ့ခန်းနှင့်အတူ ထွက်ခွာသွားသည့် ထိမ်းမြားလက်ဆောင်တန်းကြီးကို စောင့်ကြည့်နေခဲ့ပြီး သူတို့ သူမ၏မြင်ကွင်းမှ ပျောက်ကွယ်သွားချိန်တွင် သူမ၏အမူအရာက လုံးဝ အေးစက်နေပြီ ဖြစ်သည်။
“ငါ့အမိန့်ကို နာထောင်ကြ။ သံတမန်အဖွဲ့ ထွက်ခွာသွားပြီးတာနဲ့ မြို့တံခါးတွေကို အသေပိတ်လိုက်တော့။ ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး”
“ဟုတ်ကဲ့”
စစ်သည်တစ်ယောက်က သတင်းပို့ရန် မြို့တံခါးဆီသို့ ပြေးသွားသည်။
သခင်မရဲ့အမိန့်ကို ချက်ချင်း လိုက်နာဆောင်ရွက်ရမယ်။
အပြင်ပိုင်းတွင် စူးချင်းက မည်သည့်အမူအရာကိုမျှ မဖော်ပြထားသော်လည်း သူမ၏အတွင်းစိတ်ကတော့ စိုးရိမ်စိတ်ကြောင့် ပူလောင်နေပြီ ဖြစ်သည်။
ရံဖန်ရံခါတွင် သူမက ရုံးတော်ဘက်သို့ လှမ်းကြည့်နေတတ်သည်။
ရှောင်ယင်ကို လိုက်ရှာဖို့ လွှတ်လိုက်တဲ့လူတွေလည်း ပြန်မလာကြဘူး။ ဒါက ကောင်းတဲ့ အရာ မဟုတ်ဘူး။
ကျိရှောင်ယင် သွားတတ်သည့်နေရာက အနည်းငယ်သာ ရှိသောကြောင့် စူးချင်းက လီရွှမ်းအာ၏အိမ်သို့ အရင် ထွက်လာခဲ့သည်။ ကျိရှောင်ယင်က လီရွှမ်းအာနှင့် ကျန်းယွိရန်တို့အပေါ် အကောင်းဆုံးဆက်ဆံရေး ရှိခဲ့ပြီး သူမ မထွက်ခွာမီ သူမတို့အား နှုတ်ဆက်ရန် သွားနိုင်ကြောင်း စူးချင်းတွေးလိုက်မိခြင်းပင်။
စူးချင်း လီရွှမ်းအာ၏အိမ်သို့ ရောက်ရှိသွားချိန်တွင် လီရွှမ်းအာက ကျန်းယွိရန်၏အိမ်သို့ သွားရန် ပြင်ဆင်နေချိန် ဖြစ်သည်။ စူးချင်းကို တွေ့လိုက်ချိန်တွင် သူမက နွေးနွေးနွေးထွေး ကြိုဆိုလိုက်သည်။
"အစ်မစူးချင်း၊ အစ်မ ဘာလို့ ဒီကိုရောက်လာတာလဲ?"
"ရှောင်ယင်၊ မင်းကို ရှာဖို့ ရောက်လာခဲ့သေးလား?"
စူးချင်းက တခြားဘာမှ မပြောဘဲ လိုရင်းကိုသာ မေးလိုက်သည်။
"မလာပါဘူး၊ ဘာဖြစ်လို့လဲ?"
လီရွှမ်းအာက ခေါင်းခါလိုက်ပြီး သူမ၏စိတ်ထဲမှ တစ်မျိုးဖြစ်သွားခဲ့သည်။
“ဘာမှ မဖြစ်ပါဘူး”
စူးချင်းက သူမကို စကားတစ်ခွန်းနှစ်ခွန်း ပြောကာ ကျန်းယွိရန်၏အိမ်ဆီသို့ လျှောက်သွားလိုက်သည်။ ယနေ့တွင် ကျန်းယွိရန်၏မိသားစုကလည်း မြောက်ပိုင်းလူရိုင်းပြည်ထောင်သို့ ပြောင်းရွှေ့ကြမည်ကို သူမ မှတ်မိနေသေးသည်။ ကျိရှောင်ယင်က သူတို့ကို လွှတ်ပို့ရန် သွားတာမျိုးလည်း ဖြစ်နိုင်သည်ဟု သူ ဖြေတွေး တွေးနေမိပြန်သည်။
လီရွှမ်းအာက စူးချင်း၏နောက်မှ လိုက်ပါလာပြီး စူးချင်း၏အမူအရာကြောင့် တစ်ခုခုဖြစ်နေသည်ကို သူမ ခံစားနေမိသော်လည်း မေးလည်းမမေးရဲပေ။
“အရင်ဆုံး အရက်ချက်ရုံကို သွားလိုက်ဦး။ ဒီနေ့ ကျန်းယွိရန် ထွက်သွားပြီးရင် အဲ့နေရာကို မင်းတစ်ယောက်တည်း တာဝန်ယူရတော့မှာ"
လီရွှမ်းအာက သူမနောက်သို့ လိုက်လာနေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက သူမ မလိုက်လာစေရန် လမ်းလွှဲပေးလိုက်သည်။
"ယွိရန်တို့မိသားစုက ဒီနေ့ မြောက်ပိုင်းလူရိုင်းပြည်ထောင်ကို ပြောင်းရွှေ့တော့မှာဆိုတော့ ကျွန်မ သူတို့ကို နှုတ်ဆက်ချင်သေးတယ်"
နောက်ဆုံးတော့ သူမတို့နှစ်ယောက်က ညီအစ်မကောင်းတွေ ဖြစ်ပြီး ဘယ်အချိန်မှ ပြန်ဆုံကြမလဲဆိုတာ သူမလည်း မသိတော့ဘူး။ အဲ့ဒါကြောင့် သူမ ယွိရန်ကို လိုက်ပို့ ချင်သေးတယ်။
"အင်း ဒါဆိုလည်း လာလေ"
စူးချင်းအနေဖြင့် ထိုတောင်းဆိုမှုကို ငြင်းဆန်ရန် မဖြစ်နိုင်ပေ၊ သူမတို့ကြားမှ ညီအစ်မ သံယောဇဥ်က နက်ရှိုင်းသောကြောင့် သူမအနေဖြင့် ကျန်းယွိရန်ကို နှုတ်ဆက်ချင်နေသည်မှာ ပုံမှန်သာ ဖြစ်သည်။ စူးချင်းကိုယ်တိုင် အတွက်လည်း ကျန်းယွိရန်ကို နှုတ်ဆက်ရန် အခွင့်ကောင်း ဖြစ်သည်။
စူးချင်းနှင့် လီရွှမ်းအာတို့က ကျန်းမိသားစုနေအိမ်ထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်လာခဲ့ကြသည်။ ကျန်းယွိရန်က ခြံဝင်းထဲမှ ပစ္စည်းများကို ရထားလုံးပေါ်သို့ ရွှေ့နေပြီး သူမ၏မျက်လုံးများက နီရဲနေက သူမ ဤနေရာကို ခွဲခွာရန် လက်မခံနိုင်သေးကြောင်း ထင်ရှားနေသည်။
ကျန်းယွိရန်၏မိဘများကလည်း သူမ နောက်တွင် ရှိနေကြပြီး အဝင်ဝတွင် ဝန်အပြည့်တင်ထားသော ရထားတွဲ ၃ စီး ရပ်ထားပြီး ဖြစ်သည်။
အဖေကျန်းနှင့် အမေကျန်းတို့က မူလက ဆင်းရဲသောကြောင့် သူတို့ နောက်ထပ်ဒုက္ခရောက်မည်ကို စိုးရိမ်နေကြသည်။ ထို့ကြောင့် သူတို့ စုဆောင်းထားသမျှ အရာအားလုံးကို မြောက်ပိုင်းလူရိုင်းပြည်ထောင်သို့ သယ်ယူသွားရန် ဆုံးဖြတ်ထားကြသည်။
အဒေါ်လီနှင့် ထောင်ဟွားဝူမှ အမျိုးသမီးတချို့ကလည်း အဒေါ်ကျန်းကို လာတွေ့ကြသည်။
သူမတို့အားလုံးက သူမတို့၏ သူငယ်ချင်းဟောင်းကို နှုတ်ဆက်ရန် ဆန္ဒမရှိကြဘဲ မျက်ရည်များဝဲနေကြသည်။
စူးချင်းကို တွေ့လိုက်ချိန်တွင် ကျန်းစုံတွဲက သူမဆီသို့ အမြန်ပြေးလာကြသည်။
"စူးချင်း၊ မင်း ငါတို့ကို နှုတ်ဆက်ဖို့ လူကိုယ်တိုင် ရောက်လာတာလား?"
စူးချင်းက ခေါင်းညိတ်ပြရင်း ပြန်ပြောလိုက်သည်။
"ဘေးကင်းလုံခြုံတဲ့ ခရီးလမ်းဖြစ်ပါစေ"
"အစ်မစူးချင်း"
ကျန်းယွိရန်က တုံ့ဆိုင်းစွာ ပြေးလာပြီး စူးချင်း၏လက်ကို ဆုပ်ကိုင်ကာ သူမ၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာသည်။
"ငါတို့ ပြန်ဆုံကြမယ်"
စူးချင်းက သူမလက်ကို ပြန်ဆွဲဖယ်ရင်း နှစ်သိမ့်ပေးလိုက်သည်။ သူမက ပုံမှန်အားဖြင့် ရှောင်းကျဲယွိ၊ ကျိရှောင်ယင်နှင့် သူမ၏မိသားစုဝင်များမှ လွဲ၍ အခြားမည်သူနှင့်မျှ ထိတွေ့ဆက်ဆံလေ့မရှိပေ။ ယခုလည်း သူမ မသိစိတ်ဖြင့် အလိုအလျောက် တွန်းဖယ်လိုက်ခြင်း ဖြစ်ပြီး တွန်းဖယ်လိုက်ပြီးမှ ကျန်းယွိရန် မတော်တဆ ထိခိုက်သွားမည်ကို သူမ စိုးရိမ်သွားရပြန်သည်။
“အစ်မစူးချင်း၊ ရှောင်ယင်က ဘာလို့ ရောက်မလာတာလဲ?"
စူးချင်း ရောက်လာသည်ကို မြင်နေရသော်လည်း ကျိရှောင်ယင် လိုက်မလာသည့်အတွငက် ကျန်းယွိရန်က မေးလာတော့သည်။
အခု သူမက ထွက်သွားရတော့မယ်။ ရှောင်ယင်ကလည်း သိပ်မကြာခင် လက်ထပ်ရတော့မယ်။ သူမတို့ နောက်တစ်ကြိမ် ထပ်မတွေ့နိုင်လောက်တော့ဘူး။ အဲ့ဒါကြောင့် သူမ ရှောင်ယင်ကို ပိုတွေ့ချင်နေမိတယ်။
"ရှောင်ယင် ဒီကို မလာဘူးလား?"
ဘေးတွင် ရှိနေသည့် လီရွှမ်းအာက စိုးရိမ်တကြီး ဝင်မေးလိုက်သည်။
ခုန အစ်မစူးချင်း ရှောင်ယင်ကို ရှာနေတော့ သူမက ရှောင်ယင် ယွိရန်နဲ့အတူ ရှိနေတယ်လို့ ထင်နေခဲ့တာလေ။ ဒါဆို အခု ရှောင်ယင် ဘယ်မှာလဲ?
"မလာဘူး၊ သူ(မ) မနေ့ကပြောတော့ ဒီမနက် ငါ့ကို လာတွေ့မယ်တဲ့"
ကျန်းယွိရန်က ခေါင်းခါလိုက်သည်။ ထိုနောက် သူမက စူးချင်းကို တချက်ကြည့်လိုက်ပြန်သည်။
ရှောင်ယင်တစ်ခုခုဖြစ်နေတာလား?
ကျန်းယွိရန်ကို တွေ့ရန်လာမည့် ကျိရှောင်ယင် ဘယ်ရောက်သွားမှန်းမသိသောကြောင့် စူးချင်းလည်း ပို၍ စိုးရိမ်လာတော့သည်။
“ဒီတံဆိပ်ကိုယူပြီး မြို့စောင့်တပ်သားတွေကို ပြလိုက်ပါ။ သူတို့က မင်းတို့ကို ထွက်သွားခွင့် ပေးလိမ့်မယ်"
စူးချင်းက သူမအား ကိုယ်စားပြုနိုင်သည့် သင်္ကေတတစ်ခုကို ထုတ်ယူပြီး ကျန်းယွိရန်အား လှမ်းပေးလိုက်သည်။
မြို့တံခါးကို သူမရဲ့အမိန့်နဲ့ ပိတ်ထားပြီးပြီ၊ ဘယ်သူမှ ထွက်ခွာခွင့် မရှိတော့ဘူး။ ဒီတံဆိပ်မပါရင် ကျန်းမိသားစုလည်း မြို့ထဲကနေထွက်နိုင်မှာ မဟုတ်ဘူး။
"ဘာလို့ မြို့ကို ပိတ်ထားတာလဲ?"
ကျန်းယွိရန်က တံဆိပ်ပြားကို လှမ်းယူလိုက်သော်လည်း သူမ၏စိတ်ထဲတွင် မသက်မသာဖြစ်နေသလို ခံစားနေရသည်။
ရှောင်ယင်ရောက် မလာသလို အစ်မစူးချင်းကလည်း မြို့ကို ပိတ်ဆို့ဖို့ အမိန့်ပေးထားတယ်။ ရှောင်ယင်တစ်ခုခု ဖြစ်နေတာ ဖြစ်နိုင်မလား?
"အင်း... မင်းတို့ မြန်မြန်ထွက်သွားသင့်ပြီ!"
စူးချင်းက ဘာမှ မရှင်းပြဘဲ ကျန်းယွိရန်နှင့် သူမ၏မိဘများအား ထွက်သွားရန်သာ တိုက်တွန်းလိုက်သည်။ ထိုနောက် သူမက ရုံးတော်ဘက်သို့ ပြန်လှည့်လိုက်သည်။
"အစ်မစူးချင်း၊ ရှောင်ယင်တစ်ခုခုဖြစ်နေတာလား?"