← Chapters

လူရှာခြင်း

Vol. 35 Ch. 521

လူရှာခြင်း

Vol. 35 Ch. 521

ဥာဏ်ကောင်းသည့် ကျန်းယွိရန်က တစ်စုံတစ်ခုကို ချက်ချင်း ခန့်မှန်းမိသွားပြီး စူးချင်းနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

"မဟုတ်ဘူး၊ ‌ငါ ရှောင်ယင့်ကို တခြားတစ်ခုခု ခိုင်းထားလို့ပါ"

ကျန်းယွိရန်က ကျိရှောင်ယင်အား ဂရုစိုက်ပြီး သူမ ကျိ‌ရှောင်ယင်အတွက် အမှန်တကယ် စိုးရိမ်နေမှန်း စူးချင်းလည်း သိနေခဲ့သည်။ သို့သော် ကျိရှောင်ယင် ပျောက်ဆုံးနေသည့်အကြောင်းအား သူမ မည်သူ့ကိုမျှ အသိမပေးချင်ပေ။ ဤရှေးခေတ်တွင် လက်မထပ်ရသေးသည့် မိန်းကလေးတစ်ယောက်၏ ဂုဏ်သတင်းက အရာအားလုံးထက် ပိုအရေးကြီးလေ့ရှိသည်။

ရှောင်ယင် ဘာမှ မဖြစ်ရင်တောင် ကောလဟာလတွေ ပြန့်သွားနိုင်သေးတယ်။ ရှောင်ယင် လက်ထပ်ရမည့်သူက တာ့ထန်ရဲ့တော်ဝင်မိသားစုက ဖြစ်နေပြီး သူတို့မိသားစုကို ဝင်လာမယ့် သတို့သမီးကို အပြစ်အနာအဆာ ကင်းနေတာမျိုးပဲ ဖြစ်စေချင်မှာပေါ့။

“အိုး!”

ကျန်းယွိရန်က မယုံသော်လည်း အစ်မစူးချင်းက သူမကို မပြောချင်မှန်း သိလိုက်သောကြောင့် ဆက်မမေးတော့ပေ။ သို့သော်လည်း သူမ မျက်မှောင်ကြုတ်နေပြီး ထွက်သွားရန် တွန့်ဆုတ်နေသည်။

နောက်ဆုံးတွင် ကျန်းယွိရန်က ကျိရှောင်ယင် အဆင်ပြေကြောင်း သေချာစေရန် နောက်ထပ်နှစ်ရက်ဆက်နေဖို့ ဆုံးဖြတ်လိုက်သည်။

စူးချင်းက ထိုနေရာမှ ထွက်ခွာသွားပြီ ဖြစ်ကာ သူမ ပြန်သွားချိန်၌ ကျန်းယွိရန် သူမ၏မိဘများ ဘာတွေပြောနေမှန်း သူမ မသိတော့ပေ။ စူးချင်းက ရုံးတော်သို့ ပြန်သွားခဲ့ပြီး ကျိရှောင်ယင်ကို ရှာဖွေရန် သူမ စေလွှတ်လိုက်သော လူများလည်း ပြန်ရောက်လာကြသည်။ စူးချင်းကို တွေ့လိုက်သည်နှင့် သူတို့က အလောတကြီး သတင်းပို့လာကြသည်။

“သခင်မလေး၊ ကျွန်မတို့ သင်္ချိုင်းသွားခဲ့ပေမယ့် သခင်မလေးကျိရှောင်ယင်ကို မတွေ့ခဲ့ရပါဘူး။ သင်္ချိုင်းရှေ့မှာ ခြေရာတစ်ခုတောင် မရှိပါဘူး”

"သခင်မလေး၊ ကျွန်တော်တို့လည်း သခင်မလေး ကျိရှောင်ယင်ကို ရှာမတွေ့ခဲ့ပါဘူး"

စူးချင်းက မျက်မှောင်ကြုတ်ရင်း ခဏတာမျှ စဥ်းစားလိုက်သည်။

ဒါဆို ရှောင်ယင်က မွေးစားအမေရဲ့အုတ်ဂူသို့ မသွားဘဲ ကျန်းယွိရန်ကို လိုက်ပို့ဖို့ သွားခဲ့တာ ဖြစ်နိုင်တယ်။ ပြီးတော့ သူမ သွားနေတဲ့လမ်းမှာ တစ်ခုခု ဖြစ်သွားတာ ဖြစ်လိမ့်မယ်။

“မနက်က ဘယ်သူတွေ တာဝန်ကျတာလဲ”

စူးချင်းက တံခါးဝမှ အစောင့်နှစ်ယောက်ကို လှမ်းမေးလိုက်သည်။

“ကျွန်တော်တို့က မနက်ကမှ တာဝန်ချိန် ပြောင်းထားတာပါ၊ မနေ့ညက တာဝန်ကျတဲ့သူတွေက အနားယူနေပါပြီ”

အစောင့်နှစ်ယောက်က ကမန်းကတန်း သတင်းပြန်ပို့လိုက်သည်။

"ရှောင်ယင် ထွက်သွားတာကို မင်းတို့ မြင်လိုက်လား?"

စူးချင်းက သူတို့ကို ထပ်မေးလိုက်သည်။

"ကျွန်တော်တို့ တာဝန်လွှဲပြောင်းပြီးစမှာ သခင်မလေးကျိရှောင်ယင်က အထုပ်တစ်ထုပ် ကိုင်ပြီး ထွက်သွားတာကို ကျွန်တော်တို့ တွေ့လိုက်ပါတယ်"

အစောင့်တစ်ယောက်က ကမန်းကတန်း ပြန်ဖြေလိုက်သည်။

ရှောင်ယင်က အထုပ်တစ်ထုပ်နဲ့ ထွက်သွားတာဆိုတော့ ကျန်းယွိရန်ကို လိုက်ပို့ဖို့ သွားတာ ဖြစ်နိုင်တယ်။ သေချာသွားပြီ၊ ကျန်းယွိရန်ရဲ့အိမ်ကို သွားတဲ့လမ်းမှာ သူမ တစ်ခုခု ဖြစ်သွားခဲ့တာပဲ။

“အရှေ့ဘက်ခြမ်းမှာ ကင်းလှည့်နေတဲ့ စစ်သည်တွေကို သွားရှာလာခဲ့”

စူးချင်းက ကင်းတပ်သားများအား သွားခေါ်ခိုင်းလိုက်သည်။ ကင်းတပ်သားများက ရုံးတော်ရှိ အစောင့်များနှင့် တချိန်တည်း တာဝန်ချိန်လွှဲပြောင်းလေ့ရှိကြသည်။ စူးချင်းက သူတို့ ကျိရှောင်ယင်အား တွေ့ မတွေ့နှင့် ဤရက်အနည်းငယ်အတွင်း သံသယဖြစ်ဖွယ်လူများ ရှိ မရှိ မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

မကြာခင်မှာပင် ကင်းအဖွဲ့၏ခေါင်းဆောင် ရောက်ရှိလာပြီး သခင်မလေးက သူ့ကို ဘာ့ကြောင့် ရှာမှန်းမသိသောကြောင့် သူလည်း အလွန်စိတ်လှုပ်ရှားနေပုံရသည်။

“ဒီနေ့မနက် မင်းတို့ရဲ့အဖွဲ့တွေ ကင်းလှည့်တုန်းက ရှောင်ယင်ကို တွေ့ခဲ့ကြသေးလား?"

စူးချင်းက သူ့ကို ခပ်ပြတ်ပြတ် မေးလိုက်သည်။

“သခင်မကို ပြန်ဖြေပါတယ်၊ သခင်မလေးကျိရှောင်ယင်က အိတ်တစ်အိတ်ကိုင်ပြီး လမ်းပေါ်မှာ သွားနေတာကို ကျွန်တော်တို့ တွေ့လိုက်ပါတယ်။ ကျွန်တော်တို့ သူ့(မ)ကို နှုတ်ဆက်ပေမယ့် သူ(မ)က အလျင်လိုနေပုံရပြီး ကျွန်တော်တို့ကို သတိမထားမိပုံရပါတယ်”

စူးချင်းက ကျိရှောင်ယင်၏အကြောင်းကို မေးမြန်းလိုက်ချိန်မှသာ ကင်းအဖွဲ့၏ခေါင်းဆောင် သက်ပြင်းချနိုင်သွားခဲ့သည်။

ဟူး... တော်ပါသေးရဲ့၊ ဒါဆို သူ ဘာအမှားမှ မလုပ်ခဲ့မိဘူး‌ပေါ့၊

"မင်းတို့ ဒီမနက်ခင်း ကင်းလှည့်တဲ့အချိန်မှာ သံသယဖြစ်ဖို့ကောင်းတဲ့ လူမျိုး တွေ့ခဲ့ကြသေးလား? ပြီးတော့ လွန်ခဲ့တဲ့နှစ်ရက်အတွင်း မြို့ထဲကို သူစိမ်းတွေ ဝင်လာခဲ့သေးလား? ဝင်လာတဲ့ သူတွေကိုရော စစ်ဆေးပြီးပြီလား? ရှောင်ယင်ကို‌ရော ဘယ်အချိန်လောက် တွေ့လိုက်တာလဲ?"

ယခုအချိန်တွင် ကျိရှောင်ယင်တစ်ယောက် ကျန်းယွိရန်၏အိမ်သို့ သွားရာလမ်းတွင် ပြန်ပေးဆွဲခံလိုက်ရကြောင်း စူးချင်း ပို၍ ယုံကြည်လာပြီ ဖြစ်သည်။ ကျိရှောင်ယင် ​​မြို့ထဲ၌ ရှိ မရှိ ဆုံးဖြတ်ရန် သူမ အချိန်ကိုမေးမြန်းကာ အတည်ပြုရန် လိုအပ်နေပြီ ဖြစ်သည်။

"သခင်မလေး၊ သခင်မလေးကျိရှောင်ယင်ကို တွေ့လိုက်တာက မနက်အစောကြီးပါ။ အခုအချိန်နဲ့တွက်ရင် တစ်ရှီးချန်လောက် ရှိပါပြီ။ အခုရက်ပိုင်းအတွင်း မြို့ထဲကို ဝင်ရောက်လာတဲ့ မျက်နှာသစ်တွေကတော့ အများကြီးပါ။ သူတို့အားလုံးက မြို့ရဲ့ကျော်ကြားမှုကြောင့် ဆွဲဆောင်ခံရပြီး ရောက်လာတဲ့ သာမန်ပြည်သူတွေနဲ့ အခြားကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေပါ။ မြို့တံခါးကနေ ဝင်လာသမျှ သူစိမ်းတွေ အားလုံးကို သေသေချာချာ စစ်ဆေးထားပြီး မှတ်တမ်းတွေလည်း ရှိပါတယ်။ သခင်မလေး ကြည့်ချင်ရင် အခုချက်ချင်း မှတ်တမ်းတွေ သွားယူပေးပါ့မယ်”

ကင်းအဖွဲ့၏ခေါင်းဆောင်က ချက်ချင်း ပြန်သတင်းပို့လိုက်သည်။ ဤသည်မှာ ရှောင်းကျဲယွိ၏ စိတ်ကူးဖြစ်ပြီး မြို့ထဲသို့ လူများ ဝင်ရောက်လာချိန်တွင် သူစိမ်းများအားလုံးက လုံခြုံရေးအတွက် စာရင်းသွင်းကြရမည် ဖြစ်သည်။ သူတို့က ဆွေမျိုးများဆီ အလည်လာခြင်း သို့မဟုတ် ကပ်ဘေးမှ ထွက်ပြေးလာခြင်း စသည်ဖြင့် သူတို့ရောက်လာသည့် အကြောင်းပြချက်ကိုလည်း ပြောပြရမည် ဖြစ်သည်။

အကယ်၍ သူတို့က ဒုက္ခသည်များဖြစ်နေလျှင် သူလျှိုများ ခိုးဝင်ခြင်းမှ ကာကွယ်ရန် သူတို့ကို အထူးအစောင့်များဖြင့် တစ်နေရာတည်း၌ ထားရှိမည် ဖြစ်သည်။ ဆွေမျိုးများထံ လာရောက်လည်ပတ်သူ ဖြစ်လျှင်လည်း သူတို့ကို လက်ခံမည့် အိမ်ရှင်ကို ရှင်းရှင်းလင်းလင်း စာရင်းသွင်းထားရမည် ဖြစ်ပြီး သူတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများက သူတို့ကို ခေါ်ရန် ကိုယ်တိုင်ကိုယ်ကျ လာရောက်ရမည် ဖြစ်သည်။

၎င်းက မော့ချန်၏ သာယာဝပြောရေးနှင့် တည်ငြိမ်ရေးအတွက် အာမခံပေးရန် ရှောင်းကျဲယွိ အထူးစီစဥ်ထားသော နည်းလမ်းဖြစ်သည်။

"အင်း၊ ငါ့ကိုပေး"

စူးချင်းက သူမ ပိုစိုးရိမ်နေလေလေ သူမ ပိုတည်ငြိမ်လေလေဖြစ်သည်။

လွန်ခဲ့တဲ့ တစ်ရှီးချန်မှာ ရှောင်ယင်က မြို့ထဲမှာ ရှိနေသေးတယ်။ အဲ့တော့ အခုလည်း မြို့ထဲမှာ ရှိနေနိုင်သေးတယ်။ ရှောင်ယင် မြို့ထဲမှာ ရှိနေသရွေ့တော့ ရှာဖို့ အလွယ်လေးပဲ။ သူမကို တွေ့ဖို့ အိမ်တိုင်းကို လိုက်ရှာလိုက်ရင် ရပြီ။

ခဏအကြာတွင် စစ်သည်တစ်ယောက်က လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မြို့ထဲသို့ ဝင်ရောက်လာသူများ၏ မှတ်တမ်းများကို စူးချင်း စစ်ဆေးနိုင်ရန် ယူဆောင်လာပေးခဲ့သည်။ စူးချင်းက ထိုစာရင်းကို တချက်သာ ကြည့်လိုက်ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မော့ချန်သို့ လူတစ်ရာခန့် ဝင်ရောက်ခဲ့ကြောင်း သူမ သိလိုက်ရသည်။ သူတို့ထဲမှ အများစုက မြို့ခံများ၏ဆွေမျိုးများ ဖြစ်ကြပြီး ဒုက္ခသည် အနည်းအကျဥ်းလည်း ပါဝင်သည်။

"ဒီလူတွေ တည်းခိုတဲ့ အိမ်တွေကို လိုက်စစ်ဆေးကြည့်ကြ"

စူးချင်းက ၎င်းတို့၏ ဆွေမျိုးများထံ အလည်လာသူများအား စစ်ဆေးရန် စစ်သည်တစ်ချို့အား အမိန့်ပေးလိုက်သည်။ ဒုက္ခသည်အသစ်များလည်း သူတို့အတွက် သတ်မှတ်ပေးထားသည့် နေရာတွင် ရှိနေသေးကြောင်း အတည်ပြုရန် လူလွှတ်လိုက်သေးသည်။

စစ်သည်များက သူမ၏အမိန့်ကို လက်ခံပြီး စုံစမ်းရှာဖွေရန် ထွက်ခွာသွားကြသည်။ စူးချင်းကတော့ ကျိရှောင်ယင် ပြန်‌ရောက်နေပြီလားဟု ကြည့်ရန် ရုံးတော်၏အနောက်ဘက်မှ အိမ်ဆီသို့ ပြန်လာခဲ့သည်။

ဒါက နားလည်မှုလွဲနေတဲ့ မတော်တဆမှုတစ်ခု ဖြစ်နေဖို့ သူမ မျှော်လင့်တယ်။ ရှောင်ယင်က သူမကို အိမ်မှာ စောင့်နေရင် အကောင်းဆုံးပဲ။

စူးချင်း မျှော်လင့်ချက်အပြည့်ဖြင့် ပြန်လာခဲ့သော်လည်း စိတ်ပျက်သွားရပြန်သည်။ ကျိရှောင်ယင်က ပြန်ရောက်မလာဘဲ လေထုထဲတွင် ပျောက်ကွယ်သွားသလို ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့သည်။

ယခု ကျိရှောင်ယင် ပျောက်ဆုံးနေကြောင်း အတည်ပြုနိုင်သွားပြီ ဖြစ်သောကြောင့် စူးချင်းလည်း စိုးရိမ်နေပြီ ဖြစ်သည်။ ကျိရှောင်ယင် ပျောက်ဆုံးသွားခြင်းကြောင့် သူမ ကိုယ်ဝန်ရှိနေခြင်းအတွက် ပျော်ရွှင်မှုများပင် ဖယ်ရှားခံလိုက်ရပြီး စိုးရိမ်စိတ်များသာ ကျန်ရစ်နေတော့သည်။

နောက်ဆုံးတွင် စူးချင်းက ရုံးတော်ဘက်သို့ ပြန်လာပြီး ဘယ်မှ ပြန်မထွက်ခွာနိုင်ဘဲ တပ်ဖွဲ့အသီးသီးထံမှ သတင်းများကို စောင့်ဆိုင်းနေခဲ့သည်။ သူမက မှောင်မဲနေသော မျက်နှာဖြင့် စာဖတ်ခန်းထဲတွင် ထိုင်နေပြီး ကျိရှောင်ယင်အား ခေါ်သွားသူက မည်သူဖြစ်မည်ကို တွေးတောနေပြန်သည်။

ရှောင်ယင့်ကို ခေါ်သွားတဲ့လူက ဝမ်ယွိလင် လွှတ်လိုက်တဲ့ သူလျှိုဖြစ်နိုင်လား? တစ်ဖက်မှာ သူက လော့ချန်ကို တိုက်ခိုက်ဖို့ တပ်ဖွဲ့တွေ အများကြီး စေလွှတ်ထားခဲ့တယ်။ အခြားတစ်ဖက်မှာလည်း ရွှေ့ရှန့် အညံ့ခံစေဖို့ ဖိအားပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ရှောင်ယင်ကို ဖမ်းဆီးဖို့ လူလွှတ်ထားတာလည်း ဖြစ်နိုင်တယ်။ ဒီဖြစ်နိုင်ခြေက အရမ်းအလားအလာ များလွန်းတယ်။

ဝမ်ယွိလင်က လော့ချန်ကို အရယူဖို့ ဆုံးဖြတ်ထားပုံပဲ။ ပြီးတော့ သူ့ရဲ့ပန်းတိုင်က လော့ချန်တစ်ခုတည်းတင် မဟုတ်ဘဲ လော့ချန်နောက်က သံရိုင်းတွင်းနဲ့ ကျောက်မီးသွေးတွင်းလည်း ပါနိုင်တယ်။ ဝမ်ယွိလင်ရဲ့စရိုက်အရဆိုရင် သူက ဒီလိုစက်ဆုပ်ဖွယ်ကောင်းတဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့သူ အဖြစ်နိုင်ဆုံးပဲ။

ရှောင်ယင်သာ သူတို့လက်ထဲ ရောက်သွားရင်တော့ အားလုံးအတွက် အန္တရာယ်ရှိနေပြီ!

ထိုအတွေးများက စူးချင်းကို ပို၍ ပို၍ စိုးရိမ်လာစေပြီး သူမ ထိုင်မရ ထမရ ဖြစ်နေပြန်သည်။ သူမ ထိုကဲ့သို့ စိတ်လှုပ်ရှားခဲ့သည့်နောက်ဆုံးအကြိမ်က ဝမ်ချန်းရှန်၏ လူများ ရှောင်ချန်အား ခေါ်ဆောင်သွားခဲ့စဥ်က ဖြစ်သည်။ ယခုတစ်ခါက ကျိရှောင်ယင် ဖြစ်ပြီး ထိုလူများက သူမ ဂရုစိုက်ဆုံးသူများ ဖြစ်သည်။

စူးချင်းက ချိုးယုံခန်းဖြစ်နေနိုင်မည့် ဖြစ်နိုင်ချေကိုလည်း ထည့်သွင်းစဥ်းစားခဲ့သေးသည်။

သူက ရှောင်ယင်အပေါ် အရမ်းအစွဲအလမ်းကြီးပြီး ရှောင်ယင့်အတွက် မွေးစားအမေကိုတောင် သတ်ပစ်ခဲ့သေးတယ်။ ပြီးတော့ မြောက်ပိုင်းလူရိုင်းတွေကိုတောင် ခေါ်လာပြီး မော့ချန်ကို ဒုက္ခပေးခဲ့သေးတယ်။ နောက်တော့ လျှို့ဝှက်လမ်းကို ဖောက်ခွဲပြီး ပျောက်ကွယ်သွားခဲ့တယ်။

ဒါပေမယ့် ချိုးယုံခန်းရဲ့ စေ့စေ့စပ်စပ် တွေးခေါ်မှုတွေကို ပြန်စဥ်းစားတော့လည်း သူ လွတ်မြောက်သွားရင် သူက ဒီထောင်ချောက်ထဲသို့ ပြန်လျှောက်ဝင်လာပါ့မလား? သူ ဝင်လာမယ်ဆိုရင် သူ့အတွက် အသက်ရှင်ဖို့ အလားအလာ မရှိတော့ဘူး။

ထိုအတွေးများကြောင့် နောက်ဆုံးတွင် စူးချင်က ချိုးယုံခန်းဖြစ်နိုင်ချေ နည်းပါးသည်ဟု တွက်ဆခဲ့သည်။ သို့သော် သူမက သတိလက်လွတ်မနေခဲ့ပေ။ ချိုးယုံခန်း မော့ချန်အတွင်းသို့ စိမ့်ဝင်နေခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ဒုက္ခသည်များကို စုံစမ်းစစ်ဆေးဖို့ လူများ ထပ်လွှတ်လိုက်သည်။

စောင့်ဆိုင်းရချိန်များက ကြာရှည်လွန်းသည်မှာ သဘာဝသာ ဖြစ်ပြီး စူးချင်းလည်း ဆက်မထိုင်နိုင်တော့ဘဲ ဒုက္ခသည်စခန်းသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ သူမ ထိုနေရာသို့ ရောက်သွားချိန်တွင် ဒုက္ခသည်အသစ်များ အားလုံး ထိုနေရာတွင် ရှိနေကာ ရေတွက်ပြီး ဖြစ်ကြောင်းနှင့် တယောက်မျှမလျော့နေကြောင်း သိလိုက်ရသည်။

ရှင်းရုဟိုင်က သူတို့ကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမေးမြန်းနေခဲ့ပြီး စူးချင်းက ဘေးမှ နားထောင်နေခဲ့သည်။ ထိုအချိန်မှသာ ရှင်းရုဟိုင်ကလည်း စစ်ဆေးမေးမြန်းမှုတွင် အလွန်ကျွမ်းကျင်သည်ကို သူမ သိလိုက်ရသည်။ သူလျှိုတစ်ဦး ဝင်ရောက်လာပါက ရှင်းရုဟိုင်၏စစ်ဆေးမေးမြန်းမှုအောက်တွင် သူ့ကိုယ်သူ ဖော်ထုတ်မိမည်မှာ အသေအချာဖြစ်သည်။

စူးချင်းက စစ်သည်များကို ရေယူလာစေပြီး ဒုက္ခသည်များ၏မျက်နှာများအား ရေဖြင့် ဆေးကြောရန် အမိန့်ပေးလိုက်သည်။ စစ်ဆေးမှုအပြီးတွင် မသင်္ကာဖွယ်လူအချို့ကို ရုံးတော်သို့ ခေါ်ဆောင်လာခဲ့ပြီး ကျန်သူများအား ဒုက္ခသည်စခန်းသို့ ပြန်ခိုင်းလိုက်သည်။

ထိုဒုက္ခသည်များကလည်း စိတ်မသက်မသာ ဖြစ်နေပြီး ထိတ်လန့်ကြောက်ရွံ့ကာ အကူအညီမဲ့သလို ဖြစ်နေကြသည်။

မော့ချန်က အခြေအနေကောင်းတယ်လို့ သိရတဲ့အတွက် သူတို့ ရောက်လာကြတာလေ။ သူတို့ရောက်တာနဲ့ ဘာကြောင့် အဖမ်းခံလိုက်ရတာလဲ?

မနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခဲ့သော်လည်း ဘာမှ မထူးခြားသေးပေ။ စူးချင်းက ရုံးတော်သို့ အရင် ပြန်သွားခဲ့ပြီး အစေခံများက သူမအတွက် စားစရာ ယူလာပေးသော်လည်း သူမထံတွင် စားချင်စိတ် မရှိတော့ပေ။ ရှောင်ချီက သူမအတွက် ကြက်ဥမုန့် လုပ်ပေးခဲ့ပြီး စူးချင်း စားနေချိန်တွင် အပြင်မှ အစောင့်တစ်ယောက်၏သတင်းပို့သံကို ကြားလိုက်ရသည်။

"သခင်မလေး၊ ရဲမက်ခေါင်းဆောင်လီ ပြန်ရောက်လာပါပြီ!"

ရဲမက်ခေါင်းဆောင်လီ ပြန်ရောက်လာကြောင်း ကြားလိုက်ရသောကြောင့် စူးချင်းက သူ့ကို အလျင်အမြန် ဝင်ခွင့်ပြုလိုက်သည်။

"ဘယ်လိုလဲ? သူတို့ရဲ့ ဆွေမျိုးတွေဆီကို အလည်လာတဲ့သူတွေထဲမှာ သံသယဖြစ်ဖို့ကောင်းတဲ့သူတွေ ရှိသေးလား?”

All Chapters