← Chapters

မော့ချန်ကနေ ယင်တစ်ကောင်တောင် မလွတ်သွားစေရဘူး

Vol. 35 Ch. 522

မော့ချန်ကနေ ယင်တစ်ကောင်တောင် မလွတ်သွားစေရဘူး

Vol. 35 Ch. 522

“သခင်မလေးကို အစီရင်ခံပါတယ်၊ ဒီလက်အောက်ငယ်သားက စာရင်းသွင်းထားတဲ့လူအားလုံးကို သွားစစ်ဆေးပြီးပါပြီ၊ သံသယဖြစ်စရာ ဘာမှ မတွေ့ခဲ့ပါဘူး၊ လူတိုင်းက သူတို့ တည်းခိုတဲ့အိမ်မှာ ရှိနေကြပါတယ်”

ရဲမက်ခေါင်းဆောင်လီက လက်သီးအုပ်ကာ သတင်းပို့လိုက်သည်။

“ရှာဖွေမှု နယ်ပယ်ကို တိုးမြှင့်မယ်။ ဒီလရဲ့ ပထမရက်ကတည်းကနေ ဒီနေ့အထိ မြို့ထဲဝင်ရောက်လာတဲ့လူတိုင်းကို ထပ်စစ်ဆေးမယ်။ တစ်ယောက်မှ မကျန်ခဲ့စေနဲ့။ သူတို့ တည်းခိုတဲ့နေထိုင်တွေကိုလည်း ဂရုတစိုက် ရှာဖွေကြ။ ပြီးတော့ မြို့တွင်းက အိမ်အလွတ်တွေကိုလည်း စေ့စေ့စပ်စပ် ရှာဖွေရမယ်။ ဘိုးဘေးခန်းမကိုတောင် အလွတ်မပေးနဲ့"

စူးချင်းက မည်းမှောင်သောအမူအရာဖြင့် ထပ်အမိန့်ပေးလိုက်သည်။ လက်ရှိတွင် သူမတို့က လွန်ခဲ့သည့် နှစ်ရက်အတွင်း မြို့တွင်းသို့ ဝင်ရောက်လာသည့် လူစိမ်းများကို စုံစမ်းစစ်ဆေးနေခဲ့ပြီး ယခု သူမက လအစပိုင်းကတည်းက ဝင်ရောက်လာသူများကိုပါ ပစ်မှတ်ထား စစ်ဆေးခိုင်းလိုက်သည်။

ကျိရှောင်ယင်က လူသိများသောသူ ဖြစ်ပြီး သူမကို မြို့ပြင်သို့ မခေါ်သွားနိုင်သေးပါက ပုန်းအောင်းရန် နေရာရှာရပေလိမ့်မည်။ နောက်ဆုံး အဆင်မပြေပါက သူမတို့အနေဖြင့် တစ်မြို့လုံးကို မြေလှန်ရှာရတော့မည် ဖြစ်သည်။ သို့သော်လည်း ထိုအရာက လူအများအား ထိတ်လန့်စေမည် ဖြစ်ပြီး လွန်ကျူးသော မှန်းဆချက်များ ထွက်ပေါ်လာပါက ကျိရှောင်ယင်၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေနိုင်သည်။

လက်ရှိတွင် မြို့တံခါးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားသောကြောင့် မော့ချန်ထဲမှ ယင်ကောင်တစ်ကောင်ပင် မလွတ်မြောက်နိုင်တော့ပေ။

စစ်သည်များက စူးချင်း၏အမိန့်ကို တရိုတသေ လက်ခံပြီး လူစုခွဲကာ ရှာဖွေရမည့် နေရာများသို့ ထွက်သွားကြပြန်သည်။ စူးချင်းက သူမ စနစ်ထံ၌ ဆုလက်ဆောင်များ အကြွေးတင်နေသေးသည်ကို သတိရသွားပြီး သူမ၏သေချင်ယောင်ဆောင်နေသော စနစ်အား လှမ်းမေးလိုက်သည်။

“စနစ် ငါ ဒရုန်းလိုချင်တယ်၊ ငါမှာ အရည်အချင်း မရှိဘူးလို့ မပြောနဲ့နော်။ ငါ အခု ငါ့ညီမကို ရှာမတွေ့လို့ ဒေါသထွက်နေတာ၊ ပြီးမှ ငါ့ဆိုးတယ်လို့ လာမပြောနဲ့”

စူးချင်းက အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။ စနစ်ကလည်း အမှန်တကယ် “Host မှာ အရည်အချင်း မပြည့်မီသေးဘူး” ဟု ပြောရန် ပြင်နေခဲ့ပြီး စူးချင်း၏နောက်ဆက်တွဲ စကားများကြောင့် ထိုသို့မပြောရဲတော့ပေ။ ထို့ကြောင့် စနစ်က သွယ်ဝိုက်ငြင်းဆိုလိုက်သည်။

[ဒရုန်းက ဒီနေရာမှာ အသုံးမဝင်နိုင်ဘူး၊ ဒါပေမယ့် Host အတွက် ရဲခွေးတစ်ကောင် ပေးမယ်။ Host က ညီမလေးရဲ့အဝတ်အစားတွေကို အနံ့ခံပြီး ရှာဖွေနိုင်ပါလိမ့်မယ်]

စူးချင်း၏မျက်နှာက မည်းမှောင်နေပြီး သူမ ဘာမှ ပြန်မပြောသောကြောင့် စနစ်လည်း စိတ်မသက်မသာဖြစ်နေရှာသည်။

သွားပြီ... အားလုံး ပြီးသွားပြီ၊ ဒီငရဲဘုရင်မက ငါ့ကို ဖောက်ခွဲတော့မှာပဲ။

[အဲဒါက အလုပ်မဖြစ်ဘူးထင်ရင်...... Host အတွက် ရဲခွေး ၃ ကောင် ပေးပါ့မယ်]

စူးချင်းက အေးတိအေးဆက် တုံ့ပြန်လိုက်သည်။

"ဟုတ်ပြီလေ၊ ငါ့ညီမကို ရှာမတွေ့ရင်တော့ နင် ငါ့ဒေါသကို သိတယ်မှတ်လား?"

"သူ(မ)ကို ရှာတွေ့မှာပါ။ ဒါတွေအားလုံးက ထိပ်တန်းရဲခွေးတွေပါ”

စနစ်က ၎င်း၏နဖူးမှ အေးစက်စက်ချွေးများကို သုတ်လိုက်ရင်း စခရင်ပေါ်ရှိ ရှာဖွေကယ်ဆယ်ရေးသုံးခွေး အိုင်ကွန်ကို နှိပ်ချလိုက်သည်။ ရှာဖွေကယ်ဆယ်ရေးသုံး ခွေးသုံးကောင်က စူးချင်းရှေ့သို့ ချက်ချင်း ထွက်ပေါ်လာပြီး သုံးကောင်လုံးက ဝံပုလွေခွေးမျိုးစိတ် ဖြစ်သည်။ သူတို့၏မျက်လုံးများက စူးရှတောက်ပနေပြီး အသိဥာဏ်နှင့် ယုံကြည်မှုပြည့်ဝနေပုံရသည်။

စူးချင်းက ကျိရှောင်ယင်၏ ပန်းထိုဖိနပ်များနှင့် အဝတ်များကို ထိုခွေးများ အနံ့ခံနိုင်ရန် ထုတ်ပေးလိုက်သည်။

ခွေးသုံးကောင်က ခေါင်းငုံ့ကာ ဂရုတစိုက် အနံ့ခံလိုက်ကြပြီး စူးချင်းဘက်သို့ လှည့်ကာ နှစ်ကြိမ်ခန့် ဟောင်လိုက်ကြသည်။

“ကောင်းပြီ၊ သွားကြရအောင်”

ရှာဖွေကယ်ဆယ်ရေးသုံး ခွေးများ၏ ယုံကြည်မှုပြည့်နေသော မျက်လုံးများကို စိုက်ကြည့်ရင်း စူးချင်းက ကျိရှောင်ယင်ကို ရှာတွေ့နိုင်တော့မည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

စူးချင်းက သူတို့ကို မချည်နှောင်ထားဘဲ သူမက သူတို့နောက်မှ လိုက်သွားပြီး သူတို့ကို လွတ်လွတ်လပ်လပ် လမ်းပြစေခဲ့သည်။

သူမ အပြင်ထွက်လိုက်သည်နှင့် သူမ၏သက်တော်စောင့်များကလည်း သူမကို ကာကွယ်ရန် သူမနောက်မှ လိုက်ပါလာကြသည်။ ရှာဖွေကယ်ဆယ်ရေးသုံး ခွေးသုံးကောင်ကို မြင်လိုက်ရချိန်တွင် ထိုသက်တော်စောင့်များ၏မျက်လုံးများမှ ထူးဆန်းသောအရောင်များ ထွက်ပေါ်လာသည်။

ဒီခွေးတွေ ဘယ်တုန်းက စာဖတ်ခန်းထဲကို ဝင်သွားတာလဲ?

သူတို့ တံခါးဝမှာ စောင့်ကြည့်နေကြတာလေ။ ဒီလို ခွေးကြီးသုံးကောင်မပြောနဲ့ အိမ်ထဲကို ယင်ကောင်တွေ ဝင်သွားရင်တောင် သူတို့ သိနိုင်သေးတယ်။

သို့သော် ထိုသက်တော်စောင့်များက သူတို့၏ပါးစပ်ကို ပိတ်ထားရန် သင်ယူထားပြီး ဖြစ်သည်။

နားမလည်ရင်တောင် မေးခွန်းတွေ မေးလို့ မဖြစ်ဘူးလေ။ သူတို့ရဲ့တာဝန်က သူတို့ရဲ့သခင်မလေးကို ကာကွယ်ဖို့ပဲ၊ သခင်မလေးအတွက် အန္တရာယ် မရှိသရွေ့ သူတို့ တခြားအရာတွေကို မမြင်ချင်ယောင်ဆောင်နေလို့ ရတယ်။

အချိန်က မှောင်ရိပ်သန်းလာပြီ ဖြစ်သောကြောင့် စူးချင်းက သူမနောက်မှ သက်တော်စောင့်များကို ထင်းရှူးမီးတိုင်နှစ်တိုင် ယူလာစေပြီး ရှာဖွေကယ်ဆယ်ရေး ခွေးသုံးကောင်နောက်မှ လိုက်သွားရန် အမိန့်ပေးလိုက်သည်။ ခွေးသုံးကောင်ကလည်း ရုံးတော်မှ ထွက်သည်နှင့်တပြိုင်နက် ခေါင်းမော့ကာ လေကို ရှူရှိုက်လိုက်ကြသည်။ မကြာခင်မှာပင် သူတို့က အရှေ့ဘက်လမ်းဆီသို့ တိတိကျကျ ဦးတည်လိုက်ကြသည်။

စူးချင်းက ထိုခွေးများကို ကြည့်နေပြီး မျက်ခုံးပင့်လိုက်သော်လည်း သူတို့အပေါ် အနည်းငယ် ယုံကြည်မှု တိုးလာသည်။

ရှောင်ယင့်ကို နောက်ဆုံး တွေ့လိုက်တဲ့နေရာက အရှေ့လမ်းလေ။ ကျန်းယွိရန်ရဲ့အိမ်ကို သွားတဲ့လမ်းမှာ သူမ အဖမ်းခဲ့လိုက်ရတာ။

အခု ဒီခွေးတွေက အရှေ့ဘက်ကို ဦးတည်နေတော့ ရှောင်ယင်ကို ရှာတွေ့မှာ သေချာနေပြီ။

[ဒီစနစ်က တော်တယ်မလား?]

စနစ်က ရုတ်တရတ် ပြောလာပြီး အနည်းငယ် မာန်တက်နေပုံရသည်။

"အပျော်မစောနဲ့ဦး!" စူးချင်းက အေးစက်သောမျက်နှာဖြင့် ပြစ်တင်ရှုတ်ချလိုက်သည်။

လူကိုတောင် ရှာမတွေ့သေးဘူး၊ စနစ်စုတ်က လာမောက်မာနေတယ်။

ဆူပူကြိမ်းမောင်းခံလိုက်ရသည့် စနစ်ကတော့ နောက်တစ်ခါ အသံမထွက်ရဲတော့ပေ။

ဒီရှာဖွေကယ်ဆယ်ရေးခွေးတွေက ကျိရှောင်ယင်ကို မရှာနိုင်ရင် Host က သူ့အပေါ်ကိုပဲ အပြစ်ပုံချပြီး သူ့ကိုပဲ ဒေါသထွက်မှာ သေချာတယ်။

"ရှောင်ချီ၊ မော့ချန်ရဲ့ဆယ်လီပတ်လည်အကွာအဝေးအတွင်းမှာ ရှိနေတဲ့ လူတွေရဲ့ခန္ဓာကိုယ်အပူချိန်ကို စစ်ဆေးပေး”

စနစ်ကို ကြိမ်းမောင်းပြီးနောက် စူးချင်းက ဖန်သားပြင်ပေါ်မှ အပူစွမ်းအင်ကို ရှာဖွေရန် ရှောင်ချီအား လှမ်းအမိန့်ပေးလိုက်သည်။

အဲ့လို ရှာလိုက်ရင် လူများတဲ့နေရာတွေကို ချက်ချင်း ရှာဖွေနိုင်လိမ့်မယ်။ အဲ့နေရာကို စစ်သည်တချို့ ထပ်လွှတ်လိုက်တာက လူအများကြီးကို တပြိုင်တည်း ရှာနိုင်ပြီး ရှာဖွေရေးလုပ်ငန်းစဥ်ကို ပိုထိရောက်စေလိမ့်မယ်။

“ဟုတ်ကဲ့ပါ သခင်”

ရှောင်ချီက စူးချင်း စစ်ခိုင်းသမျှ စစ်ဆေးရန် ဖန်သားမျက်နှာပြင်ဆီသို့ ချက်ချင်း ပြေးသွားတော့သည်။ သူမက သခင်၏အမိန့်အတိုင်း လူ့ခန္ဓာကိုယ်၏အပူငွေ့ကို စစ်ဆေးခဲ့ပြီး လူတော်တော်များများ ရှာ‌တွေ့ခဲ့သည်။ ထို့နောက် သူမက နောက်ဆုံးအကြိမ် ချိုးယုံခန်းကို လိုက်ဖမ်းစဥ်ကအတိုင်း သူမ၏သခင် အလွယ်တကူ ရှာဖွေနိုင်ရန် တည်နေရာများ ဆွဲထုတ်ပေးလိုက်သည်။

ရှောင်ချီ အမှတ်အသားပြုပေးသော တည်နေရာကို ရပြီးနောက်တွင် စူးချင်းက သူမ၏သက်တော်စောင့်များကို ချက်ချင်း အဖွဲ့သုံးဖွဲ့ ခွဲစေကာ မြေပုံပေါ်မှ အမှတ်အသားပြုထားသည့် တည်နေရာများအတိုင်း မြောက်ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်သို့ တစ်ဖွဲ့စီ သွားခိုင်းလိုက်သည်။

သူမကတော့ ရဲခွေးသုံးကောင်၏အနောက်မှ ဆက်လိုက်နေကာ အရှေ့ဘက်သို့ ဦးတည်နေခဲ့သည်။

ကောင်းကင်ကြီးက ပိုပိုမှောင်လာသလို နှင်းများကလလည်း ကျဆင်းလာပြန်သည်။ နှင်းများက အခြားရနံ့များကို ဖုံးလွှမ်းနိုင်သောကြောင့် စူးချင်းကို ပို၍ စိုးရိမ်လာစေပြန်သည်။

ကံကောင်းထောက်မစွာဖြင့် နှင်းများက မထူထပ်ဘဲ ရှာဖွေကယ်ဆယ်ရေးသုံး ခွေးသုံးကောင်က နှင်းများထဲမှ အနံ့များကို ခွဲထုတ်နိုင်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။ သူတို့က အလွန်လျင်မြန်စွာ သွားနေကြပြီး စူးချင်းကလည်း သူတို့နောက်မှ အနီးကပ်လိုက်ပါလာခဲ့သည်။

လမ်းတစ်လျှောက်တွင် မြို့တွင်းရှိ နေရာတိုင်း၌ မီးရောင်များ တွေ့နေရပြီး စစ်သည်များက အိမ်တိုင်းကို လိုက်ရှာနေပုံရသည်။ ကယ်ဆယ်ရေးခွေးသုံးကောင်က စူးချင်းအား မြို့၏အရှေ့ဘက်ရှိ မြို့စောင့်နတ်ကွန်းဆီကို ခေါ်ဆောင်သွားခဲ့သည်။

ထိုအချိန်တွင် စူးချင်း၏နှလုံးခုန်သံက အလွန်အမြန်လာပြီ ဖြစ်သည်။

ရှောင်ယင့်ကို ဒီနေရာမှာ ဖမ်းဆီးထားတာလား?

မြို့စောင့်နတ်ကွန်းဆီက ကြီးမားသည့်အဆောက်အဦးမဟုတ်ဘဲ ခန်းမကြီးနှင့် အနောက်ဘက် အဆောင်သေးသေးလေးသာ ရှိသည့်နေရာတစ်ခု ဖြစ်သည်။ ရှေးယခင်က နံ့သာပေါင်း ပူဇော်ပြီး ဝတ်ပြုသူများ ရှိခဲ့သော်လည်း ယခုအခါ ဆိတ်သုဉ်းနေပြီ ဖြစ်သည်။ မြို့စောင့်နတ်ကွန်းကို စောင့်ရှောက်သည့် လူများကလည်း စစ်ဘေးကြောင့် ထွက်ပြေးသွားကြသည်။ ထို့ကြောင့် ထိုနေရာက ပုန်းအောင်းရန်နှင့် ဖုံးကွယ်ရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။

စူးချင်း ရောက်သွားချိန်တွင် ရဲမက်ခေါင်းဆောင်လီက သူ့လူများနှင့်အတူ မြို့စောင့်နတ်ကွန်းထဲမှ ပြန်ထွက်လာခဲ့သည်။ စူးချင်း ခွေးနက်ကြီးသုံးကောင်နှင့်အတူ ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် သူက သူမဆီသို့ အလျင်အမြန် ပြေးလာကာ သတင်းပို့လိုက်သည်။

"သခင်မလေး၊ သခင်မလေးရဲ့အမိန့်အတိုင်း မြို့ထဲမှာရှိတဲ့ အိမ်အလွတ်တွေနဲ့ ဘုရားကျောင်းတွေ၊ နတ်ကွန်းတွေပါမကျန် အားလုံး စစ်ဆေးပြီးပါပြီ၊ ဒါပေမယ့် ဘာမှ မတွေ့ရပါဘူး"

စူးချင်းက သူ့ကို စိုက်ကြည့်လိုက်သည်။ သူက တာဝန်သိပြီး အလုပ်ကို ကောင်းစွာ လုပ်နေသော်လည်း လူကို ရှာမတွေ့ခြင်း ဖြစ်ကြောင်း သူမ ယူဆလိုက်သည်။

ထိုအချိန်တွင် ကယ်ဆယ်ရေးခွေးများက စူးချင်းကို လှည့်ကြည့်ကာ ထိုးဟောင်နေကြသည်။

စူးချင်းက ရဲမက်ခေါင်းဆောင်လီကို ထပ်မေးလိုက်သည်။

"အထဲမှာ သေသေချာချာ ရှာပြီးပြီလား?"

“သခင်မလေး၊ ကျွန်တော်တို့ ဒီနေရာတစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာဖွေပြီးပါပြီ၊ ဘယ်သူမှ မရှိဘူးဆိုတာ သေသေချာချာ အတည်ပြုခဲ့ပါတယ်"

ရဲမက်ခေါင်းဆောင်လီက ကမန်းကတန်း ပြန်ဖြေသည်။

သူ အဆူခံရတော့မှာလား? သခင်မလေးက သူ သေသေချာချာ မရှာဖွေဘူးလို့ ထင်သွားတော့မှာလား?

“ကောင်းပြီလေ၊ တခြားနေရာတွေကို သွားရှာကြဦး။ ဒီမှာ ငါ့ကို ကူညီဖို့ လူနှစ်ယောက်လောက် ချန်ထားခဲ့လိုက်”

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ရဲမက်ခေါင်းဆောင်လီကို တခြားနေရာသို့ သွားခိုင်းလိုက်သည်။ သူမက ထိုနေရာကို ထပ်ရှာရန် ပြင်ဆင်လိုက်သည်။

စူးချင်းက ထိုနေရာအား ထပ်ရှာချင်နေသည်ကို တွေ့နေရသော်လည်း ရဲမက်ခေါင်းဆောင်လီက ဘာမှ ထပ်မပြောရဲဘဲ သူက စူးချင်းအတွက် မီးတုတ်များကိုင်ဆောင်ထားသည့် သူ့လူနှစ်ယောက်ကို အမြန် စေလွှတ်ပေးလိုက်သည်။

သူက မလိုအပ်ဘူးလို့ ခံစားရပေမယ့် သခင်မလေးက သူ့ကို မယုံမှတော့ သွားကြည့်ပါစေပေါ့။ ဘာပဲဖြစ်ဖြစ် မြို့စောင့်နတ်ကွန်းက အကြီးကြီးမှ မဟုတ်တာ။ ဝင်သွားပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။

စူးချင်းက ကယ်ဆယ်ရေးခွေးသုံးကောင်နှင့်အတူ မြို့စောင့်နတ်ကွန်းထဲသို့ လိုက်သွားခဲ့ပြီး ကယ်ဆယ်ရေးခွေးသုံးကောင်က မြို့စောင့်နတ်မင်း၏ပူဇော်ပလ္လင်အောက်သို့ တိုက်ရိုက် တွားသွားဝင်သွားသည်ကို သူမ တွေ့လိုက်ရသည်။

ရဲမက်ခေါင်းဆောင်လီကလည်း တံခါးဝတွင် ရပ်နေကာ ထိုခွေးများကို ကြည့်နေပြီး ထွက်မသွားသေးပေ။

ဒီခွေးသုံးကောင်က ဘာရှာတွေ့နိုင်မလဲဆိုတာကို သူ သိချင်သေးတယ်။

"ဒီပလ္လင်ကို ဖယ်လိုက်"

စူးချင်းက ခွေးများ ပူဇော်ပလ္လင်အောက်သို့ ဝင်သွားသည်ကို တွေ့သွားပြီး ရဲမက်များအား ထိုပလ္လင်ကို ဖယ်ခိုင်းလိုက်သည်။

သူတို့အဖို့ မြို့စောင့်နတ်မင်း၏ပူဇော်ပလ္လင်ကို ဖယ်ရှားရန် မဖြစ်နိုင်ပေ။ စစ်သည်နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မလှုပ်မယှက် ဖြစ်နေကြသည်။

"ကျွန်တော် ဖဘ်ပေးမယ်"

ရဲမက်ခေါင်းဆောင်လီက သူ အစွမ်းပြရန် အခွင့်အရေး ရောက်လာပြီဟု တွေးကာ သူ့လူနှစ်ယောက်ကို ခေါ်ပြီး အထဲသို့ ဝင်လာခဲ့သည်။

ခွေးသုံးကောင်က ကြမ်းပြင်ကို တူးဆွပြီး ခြိမ်းချောက်သံဖြင့် ထိုးဟောင်နေကာ ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်။

“ထောင်ချောက်တွေ၊ လှိုဏ်ခေါင်းတွေ ရှိ၊ မရှိ သေသေချာချာ စစ်ဆေးကြည့်ကြဦး”

စူးချင်းက ထိုနေရာကို အရင်စစ်ဆေးခိုင်းလိုက်ပြီး ကြမ်းပြင်ကို လိုက်ခေါက်စေခဲ့သည်။ ရဲမက်ခေါင်းဆောင်လီက သူ့လူများနှင့်အတူ ထိုနေရာကို ဓားဖြင့် လိုက်ခေါက်လိုက်သည်။ သူတို့ မျှော်လင့်ထားသည့်အတိုင်း ပဲတင်သံတစ်ခုကို ကြားလိုက်ရသည်။

“အဲ့နေရာကို ခွဲလိုက်”

စူးချင်းက ထိုနေရာကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ယန္တရားများ တပ်ဆင်ထားသည့်အရိပ်အယောင်ကို ရှာမတွေ့သောကြောင့် ကြမ်းပြင်ကို ခွဲရန် အမိန့်ပေးလိုက်သည်။ လိုဏ်ခေါင်းပြိုကျသွားပါက ကျိရှောင်ယင် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် စူးချင်းအနေဖြင့် ဖောက်ခွဲရေးပစ္စည်းများကိုပင် မသုံးရဲပေ။

All Chapters