← Chapters

အဲဒါက တကယ် သူပဲ

Vol. 35 Ch. 524

အဲဒါက တကယ် သူပဲ

Vol. 35 Ch. 524

ကျိရှောင်ယင်က လမ်းလျှောက်နေရင်း တစ်စုံတစ်ယောက်က သူမ၏အမည်ကို ခေါ်နေသံ ကြားခဲ့ရသည်။ သူမ လှည့်ကြည့်လိုက်ချိန်တွင် ဝတ်ရုံရှည်ထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရပြီး သူ့ဝတ်ရုံက သူ့မျက်နှာကို ဖုံးအုပ်ထားသောကြောင့် သူမ ထိုလူကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် ဘာကြောင့်မှန်းမသိ ထိုနေရာ၌ ရပ်နေသည့်လူကို အလွန် ရင်းနှီးနေသလို သူမ ခံစားနေရသည်။

"ရှောင်ယင်၊ မင်း ငါ့ကို မေ့သွားပြီလား?"

ထိုလူက ကျိရှောင်ယင် သူ့ကို မမှတ်မိသည့်အတွက် ပြင်းပြင်းထန်ထန် နာကျင်သွားဟန်ဖြင့် လှမ်းမေးလာခဲ့သည်။

"ရှင် ဘယ်သူလဲ?"

ကျိရှောင်ယင်က သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရရန် သူမ၏ခေါင်းကို ငုံ့ကြည့်လိုက်သော်လည်း ထိုလူက နေရောင်ကို ကျောခိုင်းရပ်နေသောကြောင့် သူမ သူ့ကို လုံးဝ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

"မင်း ငါ့ကို မမှတ်မိတော့ဘူးလား?"

ထိုလူက နာကျင်စွာ ထပ်မေးလိုက် ပြန်သည်။ သူက သူ့ခေါင်းကို အနည်းငယ် မော့လိုက်ပြီး သူ့ဝတ်ရုံအောက်မှ နေ၍ ကျိရှောင်ယင်ကို လှမ်းကြည့်လိုက်သည်။ ထိုနောက် ဒေါသထွက်နေသည့် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။

"အဲ့ဒါက တာ့ထန်​မင်းသား​ကြောင့်​လား"

"ရှင် ဘာတွေ ပြောနေမှန်း ကျွန်မ မသိဘူး"

ကျိရှောင်ယင်က ထိုလူ၏စကားများကြောင့် ရုတ်တရက် ထိတ်လန့်လာပြီး ထိုလူထူးဆန်းရှေ့မှ အမြန် ထွက်သွားရန် ပြင်လိုက်သည်။ သူမက တစ်စုံတစ်ခုကို အလျင်အမြန် ပြန်ပြောလိုက်ပြီး သူမကို စိတ်မသက်မသာဖြစ်စေသည့် ထိုလူရှေ့မှ အမြန် ထွက်လာခဲ့သည်။

သို့သော် ထိုအမျိုးသားကလည်း သူမ ထွက်ပြေးတော့မည်ကို မြင်သွားပြီး သူမ၏ လက်မောင်းကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။ ကျိရှောင်ယင်က အလွန်ကြောက်လန့်သွားပြီး အကူအညီ တောင်းရန် ပြင်လိုက်သော်လည်း သူမ အော်ဟစ် အကူအညီ မတောင်းနိုင်ခင်မှာပင် သူမ၏ပါးစပ်နှင့် နှာခေါင်းအား တခုခုဖြင့် ဖုံးအုပ်ခံလိုက်ရသည်။ ထူးဆန်းသောရနံ့တစ်ခုက သူမကို မူးဝေစေကာ သူမ၏ခန္ဓာကိုယ်ကို အားမရှိတော့သလို ခံစားရစေသည်။ နောက်ဆုံးတွင် ထိုလူက လမ်းလျှောက်နေရင်း သူမကို ပွေ့ဖက်ထားသလို သူမ ခံစားနေရသော်လည်း သူမ မရုန်းနိုင်ဘဲ သူ့နောက်သို့ လိုက်သွားခဲ့ရသည်။

ထိုလူက သူမကို သင်္ချိုင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်ကို သူမ ယောင်ဝါးဝါး သိနေခဲ့ပြီး ထိုလူက သင်္ချိုင်းပိုင်ရှင်အား အက်ရှရှအသံဖြင့် လှမ်းပြောနေခဲ့သည်။

“အမေ၊ သား အမေရဲ့ချွေးမကို ခေါ်လာပြီ။ ဒီသစ္စာမရှိတဲ့သားက အမေနဲ့ အဖေအတွက် သုံးနှစ်ကြာ ပူဆွေးကလကို မစောင့်ထိန်းနိုင်တော့ဘူး။ သားကို ခွင့်လွှတ်ပါ၊ သား ရှောင်ယင်ကို ချက်ချင်း လက်ထပ်မှ ဖြစ်တော့မယ်"

ထိုယောက်ျား၏စကားကို ကြားလိုက်ချိန်တွင် ကျိရှောင်ယင်က တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ဒီလူ ဒီလူက ချိုးယုံခန်းလား?

"ရှင်... ရှင်က အစ်ကိုကြီးချိုးလား?"

ကျိရှောင်ယင်က သူမ၏ ခွန်အားရှိသမျှကို စုစည်းကာ ပြန်မေးလိုက်သည်။ နောက်ဆုံးတွင် ကျိ‌ရှောင်ယင်က သူ့ကို မှတ်မိသွားသည့်အတွက် ချိုးယုံခန်းက ကျေနပ်သွားပြီး မြေပြင်ပေါ်မှ မတ်တပ်ထရပ်ကာ ကျိရှောင်ယင်ကို ပွေ့ဖက်ရန် ပြင်လိုက်သည်။

"ရှောင်ယင်က အစ်ကိုကြီးချိုးကို မှတ်မိနေသေးတယ်ပေါ့၊ မင်း ငါ့ကို မမေ့သေးဘူးပဲ"

သူမက တခဏတာမျှ တုံ့ဆိုင်းနေခဲ့သော်လည်း သူမက ချိုးယုံခန်း၏ပွေ့ဖက်မှုမှ လွတ်မြောက်ရန် ကြိုးစားလိုက်ပြီး နှင်းများပေါ်သို့ ဖင်ထိုင်ကျသွားခဲ့သည်။ ကျိရှောင်ယင်က သူမ ပြန်သတိဝင်နိုင်ပြီး ချိုးယုံခန်း၏လက်ထဲမှ လွတ်မြောက်ရန် သူမ၏မျက်နှာကို နှင်းတောထဲသို့ နှစ်ချလိုက်သည်။ လက်ရှိအချိန်တွင် သူမက ယောင်းမဖြစ်သူထံ သတင်းပြန်ပို့ပေးရန် စိတ်အားထက်သန်နေခဲ့သည်။

ကျိရှောင်ယင်က သူ့၏ပွေ့ဖက်မှုအား ရှောင်ထွက်သွားသည်ကို မြင်လိုက်ရချိန်တွင် ချိုးယုံခန်း၏မျက်လုံးများထဲမှ မုန်းတီးရိပ်များ ထွက်ပေါ်လာပြီး သူက အံကြိတ်ကာ မေးမြန်းလာပြန်သည်။

"မင်း စိတ်ပြောင်းသွားပြီလား? မင်းက စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ပုဒ်တွေအတွက် အဲ့ဒီတာတာကောင်ကို လက်ထပ်ချင်နေတာလား?"

“ကျွန်မ… ကျွန်မ ရှင့်ကို ကျွန်မအစ်ကိုလိုပဲ ဆက်ဆံခဲ့တာ၊ ကျွန်မက ဘာကို စိတ်ပြောင်းရမှာလဲ?"

နောက်ဆုံးတွင် ကျိရှောင်ယင်၏ ကြိုးပမ်းမှုူကြောင့် သူမ၏စိတ်များ ပြန်ကြည်လင်လာခဲ့သည်။ ကျိရှောင်ယင်က သူမ လွတ်မြောက်နိုင်မည့်လမ်းကို တွေးတောနေရင်း ချိုးယုံခန်း၏စကားကြောင့် မျက်မှောင်ကြုတ်ကာ ပြန်အော်လိုက်သည်။

သူမ စိတ်ပြောင်းသွားတယ်ဆိုတာက ဘာကို ဆိုလိုတာလဲ? သူမ ဘယ်တုန်းကမှ သူ့ကို မကြိုက်ခဲ့ဖူးဘူးလေ။

“မင်း ဘာလို့ ပေါက်ကရေတွေ ပြောနေတာလဲ? အရင်တုန်းက မင်း ငါ့ကို မြင်လိုက်တိုင်း မင်းရဲ့မျက်လုံးတွေ လင်းလက်နေတာ မဟုတ်ဘူးလား? မင်း အမြဲတမ်း ငါ့ကို အစ်ကိုကြီးချိုးလို့ ချိုချိုသာသာ ခေါ်ခဲ့တယ်လေ။ အခု မင်းကို စိတ်ပြောင်းအောင်လုပ်လိုက်တာက အဲ့တာတာကောင်ပဲ။ ရှောင်ယင်၊ မင်း ဘာလို့ ငါ့ကို ဒီလို ပြောနိုင်တာလဲ? မင်းအတွက်နဲ့ ငါ အများကြီး လုပ်ခဲ့ပြီးပြီ။ မင်းအတွက်နဲ့ ငါ ငါ့မိသားစုကို ဖျက်ဆီးခဲ့ရတယ်၊ ဒါပေမယ့် မင်းကတော့ ဂုဏ်ကျက်သရေနဲ့ စည်းစိမ်တွေအတွက် အဲ့ဒီတာတာကောင်ကို လက်ထပ်ချင်နေတာလား?"

ချိုးယုံခန်း၏ မျက်လုံးများထဲတွင် သွေးရောင်များ လွှမ်းလာပြန်သည်။ သူက ကျိရှောင်ယင်ကို အရူးတစ်ယောက်လို အော်ငေါက်လိုက်သောကြောင့် ကျိရှောင်ယင်က ထိတ်လန့်သွားကာ နောက်ဆုတ်သွားပြီး ငိုနေခဲ့သည်။

ကျိရှောင်ယင်ဘက်မှ ကြည်လျှင် ချိုးယုံခန်းက နူးညံ့သိမ်မွေ့ပြီး သူမအပေါ် အမြဲတမ်း နူးညံ့ကြင်နာစွာ ပြောဆိုဆက်ဆံလေ့ရှိသည်။ သူက သူမအပေါ် ဤကဲ့သို့ တစ်ခါမှ မအော်ဟစ်ဖူးပေ။ ထို့ကြောင့် သူမ ကြောက်ရွံ့သွားသည်က ပုံမှန်သာ ဖြစ်သည်။

ကျိရှောင်ယင် သူ့ကို ရှောင်တိမ်းနေပြီး သူမ၏မျက်လုံးများထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်ကို မြင်လိုက်ရချိန်တွင် ချိုးယုံခန်းက အသက်ကို ပြင်းပြင်းရှူကာ သူမဆီသို့ လျှောက်သွားလိုက်သည်။ သူက အော်ဟစ်ခြင်းကို ရပ်တန့်လိုက်ပြီး နူးညံ့သိမ်မွေ့သော လေသံအဖြစ် ချက်ချင်း ပြောင်းလဲလိုက်သည်။

"ရှောင်ယင်၊ မင်းရဲ့ အစ်ကိုကြီးနဲ့ အဲဒီကဝေမက မင်းကို အတင်းအကြပ် ဖိအားပေးခဲ့တာလား? အစ်ကိုကြီးချိုးကို ပြောပြ၊ မင်း အဲဒီတာ့ထန်ကလူကို လက်မထပ်ချင်ဘူးဆိုတာ အစ်ကိုကြီုးချိုး သိတယ်၊ မင်းက စည်းစိမ်ဥစ္စာတွေကို မက်မောတဲ့သူ မဟုတ်ဘူး။ အစ်ကိုကြီးချိုးကို ပြောပါဦး၊ မင်းရဲ့နှလုံးသားထဲမှာ အစ်ကိုကြီးချိုး ရှိနေသေးတယ် မဟုတ်လား?"

“မဟုတ်ဘူး… မဟုတ်ဘူး၊ ကျွန်မ ရှင့်ကို တစ်ခါမှ မကြိုက်ဖူးဘူး။ ကျွန်မ ရှင့်ကို အစ်ကိုတစ်ယောက်လိုပဲ မြင်တာ"

ကျိရှောင်ယင်က သူမ၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းရင်း ငြင်းဆန်လိုက်သည်။

ကျိရှောင်ယင်က ထိုမျှဒေါသကြီးနေသည့် ချိုးယုံခန်းကို ကြောက်ရွံ့နေပြီး မြေပြင်မှထကာ ပြေးရန် အခွင့်အရေးကို ချောင်းမြောင်းနေခဲ့သည်။ အဒေါ်ချိုး၏အုတ်ဂူက ဆင်ခြေဖုံးအရပ်တွင် ရှိပြီး ဤနေရာသို့ လူအနည်းငယ်သာ ရောက်လာလေ့ရှိသည်။ ပတ်ပတ်လည်တွင်လည်း မည်သူမျှ မရှိသောကြောင့် သူမ အဆုတ်ကွဲအောင် အော်ဟစ်လျှင်ပင် မည်သူကမျှ သူမအား လာကယ်မည် မဟုတ်ပေ။

သို့သော်လည်း အနီးနားရှိလူများ သူမ အသံကို ကြားနိုင်ရန် သူမ မျှော်လင့်နေပြီး အကူအညီ တောင်းရန် တွေးနေမိသေးသည်။ သူမ အကူအညီတောင်းရန် အော်ဟစ်လိုက်ချိန်တွင် ချိုးယုံခန်းက သူမ၏အော်သံကြောင့် စိတ်တိုသွားတော့သည်။ သူက သူမ နောက်သို့ လိုက်လာပြီး သူမ၏ပခုံးကို ကိုင်ကာ နှင်းတောထဲသို့ ကြမ်းတမ်းစွာ ပစ်ချလိုက်သည်။ ထို့နောက် သူက သူမ၏ပခုံးကို လှုပ်ယမ်းကာ မေးမြန်းနေပြန်သည်။

“မင်းက အကြင်နာမဲ့တဲ့ မိန်းမပဲ။ ငါက မင်းကို အရမ်းချစ်ပြီး မင်းအတွက် ငါ့အသက်ကို စွန့်လွှတ်နိုင်တာတောင် မင်းက ငါ့ကို ဒီလို ဆက်ဆံတယ်ပေါ့"

"ဟင့်အင်၊ လွှတ်.... လွှတ်ပါ... ကျွန်မကို သွားခွင့်ပေး"

ကျိရှောင်ယင်က သူမ၏ပုခုံးပေါ်မှ ဖိအားကို ခံစားလိုက်ရပြီး နာကျင်စွာ ငိုအော်လိုက်သည်။

"ငါ့ မင်းကိုနာကျင်အောင် လုပ်မိသွားတာလား?"

"တောင်းပန်ပါတယ်၊ အစ်ကိုကြီးချိုး တောင်းပန်ပါတယ်။ နောက်ဆို အစ်ကိုကြီးချိုးက ပိုနူးညံ့ပါ့မယ်။ မင်း အစ်ကိုကြီးချိုးကို စိတ်မဆိုးနဲ့နော်၊ ဟုတ်ပြီလား?"

ကျိရှောင်ယင် ငိုနေသည်ကို မြင်လိုက်ရသော ချိုးယုံခန်းက သူ့လက်များကို အမြန် ပြန်လွှတ်ပေးလိုက်ပြီး သူ့လက်ချောင်းများဖြင့် သူမ၏မျက်ရည်များကို ညင်သာစွာ သုတ်လိုက်သည်။ သူက သူ့လေသံကို နူးညံ့သိမ်မွေ့အောင် ထိန်းပြောနေသော်လည်း ထိုအက်ရှရှလေသံက ကျိရှောင်ယင်ကို ပို၍ ထိတ်လန့်လာစေသည်။ ထိုအချိန်တွင် ရုတ်တရက်​ ​လေပြင်းတစ်​ချက်​ တိုက်​ခတ်​သွားပြီး ချိုးယုံခန်း၏ ဝတ်ရုံရှည်ပေါ်မှ ခေါင်းဆောင်းက ပြုတ်ကျသွားတော့သည်။

“အား”

ထိုအရာက အလွန်ကြောက်စရာကောင်းသည့် မျက်နှာတစ်ခုဖြစ်ပြီး မျက်လုံးနှစ်ဖက်စလုံး၏ အောက်မျက်ခွံများက အပြင်ဘက်သို့ လှန်နေကာ အတွင်းဘက်မှ ပန်းနုရောင်အသားကိုပင် မြင်နေရသည်။ မျက်နှာပေါ်ရှိ အရေပြားများကလည်း မီးလောင်ကျွမ်းခံထားပုံရပေါ်ပြီး အနီရောင်နှင့် အမည်ရောင်အကွက်များ ရောယှက်နေကာ ရှုံ့တွနေသည်။ နှာတံက ပျောက်ကွယ်နေပြီး နှာခေါင်းနှစ်ပေါက်ပဲ ကျန်တော့သလို ပါးစပ်ကလည်း ပိတ်နိုင်မရဘဲ အတွင်းဘက်မှ သွားများပေါ်နေလောက်အောင် ပွင့်ဟနေသည်။

ထိုမျှကြောက်စရာကောင်းသည့်မျက်နှာကို မြင်လိုက်ရချိန်တွင် ကျိရှောင်ယင်တစ်ယောက် အလွန်ကြောက်လန့်သွားပြီး ပြန်မေ့လဲသွားတော့သည်။ ချိုးယုံခန်းကလည်း ကျိရှောင်ယင်၏ ပြင်းထန်သော တုံ့ပြန်မှုကို မြင်လိုက်ရသောကြောင့် ရုတ်တရက် ရူးသွပ်မတက် ဖြစ်သွားခဲ့သည်။ သူက တစ်စုံတစ်ဦးအား ကိုက်ဖြတ်စားသောက်ရန် အဆင်သင့်ဖြစ်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ နှင်းများကို အစွမ်းကုန် ထုချေနေပြီး သူ့၏ဒေါသူပုန်ထနေသော အော်သံကြီးကလည်း ကောင်းကင်အထိ လွှင့်ပျံတက်သွားတော့မယောင် ဖြစ်နေခဲ့သည်။

"စူးချင်း၊ ကျိရွှေ့ရှန့်၊ ငါ မင်းတို့ကို သတ်ပစ်မယ်။ ငါ မင်းတို့ကို အပိုင်းပိုင်း ဖြတ်ပစ်မယ်…”

သူ့ဒေါသကို ဖြေဖျောက်ပြီးနောက်တွင် ချိုးယုံခန်းက နှင်းပြင်ပေါ်တွင် လဲလျောင်းနေသော ကျိရှောင်ယင်ကို ငုံ့ကြည့်ကာ သူ့၏ပူလောင်နေသော မျက်လုံးများမှ မျက်ရည်စနှစ်ချောင်း စီးကျလာပြန်သည်။

ချိုးယုံခန်းက နာကျင်နသည့်ဝေဒနာကို သည်းခံရင်း သူ့မျက်နှာကို ပြန်ထိကြည့်လိုက်သည်။

သူလည်း အရင်ကတုန်းက ချောမောတဲ့ လူငယ်လေး ဖြစ်ခဲ့ဖူးတာပေါ့။ အဲ့အချိန်တွေတုန်းက ရှောင်ယင်က သူ့ကို မြင်တာနဲ့ အမြဲတမ်း ချိုချိုသာသာ ပြုံးပြလေ့ရှိတယ်။ အခုတော့ သူမက သူ့ကို အရမ်းကြောက်သွားပြီး မူးလဲသွားခဲ့တယ်။ ဒါက သူ့ကို သေလောက်အောင်နာကျင်စေတယ်။

‌ချိုးယုံခန်းက နှင်းပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး ကျိရှောင်ယင်၏ချောမွတ်သော မျက်နှာလေးကို မရဲတရဲ ထိကြည့်နေကာ သူ့ပါးပြင်ပေါ်မှ မျက်ရည်များ တသွယ်သွယ် စီးကျလာပြန်သည်။

"ရှောင်ယင်၊ ငါ မင်းကို အဆုံးရှုံးမခံနိုင်ဘူး။ ကျေးဇူးပြုပြီး ငါ့ရဲ့လက်ရှိရုပ်ရည်ကို မကြောက်လန့်ပါနဲ့”

ချိုးယုံခန်းက သတိလစ်နေသော ကျိရှောင်ယင်ကို ကောက်ပွေ့လိုက်ပြီး မြို့စောင့်နတ်ကွန်းဆီသို့ လျှောက်သွားခဲ့သည်။ သူက ထိုလျှို့ဝှက်လမ်းမှတဆင့် မော့ချန်သို့ ခိုးဝင်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်က ကျိရှောင်ယင်ကို ပြန်ပေးဆွဲရန် မဟုတ်ဘဲ စူးချင်းကို အသေခံဗုံးခွဲရန်သာ ဖြစ်သည်။

ဒီမိန်းမက သူတို့တစ်မိသားစုလုံးကို ထိခိုက်စေခဲ့ပြီး သူ့ကို ရွေးချယ်စရာမရှိအောင် လုပ်ခဲ့တယ်။ သူမကို ပြာဖြစ်အောင် မီးရှို့ဖို့က လွဲပြီး သူ ဘာကိုမှ မလိုချင်ခဲ့ဘူး။

ဒါပေမယ့် သူက သူ့အစီအစဥ်ကို အလောတကြီး မစခဲ့ဘူး။ သူက သူ့မိဘတွေနဲ့ ချိုးယွဲ့ရဲ့သင်္ချိုင်းကို သွားလည်ဖို့ အစားအစာတွေ ဝယ်ချင်လို့ ဝမ်ယွဲ့လို့ကို သွားခဲ့တယ်၊ ဒါပေမယ့် မထင်မှတ်ပဲ အဲ့နေရာမှာ စူးချင်းနဲ့ ရှောင်ယင်ကို တွေ့ဆုံခဲ့ရတယ်။

ရှောင်ယင်ကို မြင်လိုက်တဲ့အချိန်မှာ သူ့အတွက် လက်စားချေတာက ဘာမှ မဟုတ်တော့ဘူး။ အရေးလည်း မကြီးတော့ဘူး။ သူရဲ့ သူမအပေါ် လွမ်းဆွတ်မှုတွေနဲ့ တောင့်တမှုတွေက လှိုင်းလုံးကြီးတစ်ခုလို မြင့်တက်လာခဲ့တယ်။ ပြီးတော့ ရှောင်ယင် ယဲ့လွီချွမ်းနဲ့ လက်ထပ်ရတော့မယ်လို့ ကြားလိုက်တဲ့အချိန်မှာ သူ့နှလုံးသားကို ဓားနဲ့ ခုတ်ပိုင်းခံလိုက်ရသလို ဖြစ်သွားခဲ့တယ်။

ရှောင်ယင်နဲ့ ကလဲ့စားချေဖို့က သူဘဝမှာ သူ အသက်ဆက်ရှင်နေဖို့ တွန်းအားပေးခဲ့တဲ့ အရာနှစ်ခုပဲ။ သူ့မှာ ရှောင်ယင် မရှိရင် သူ ဘယ်လို ဆက်အသက်ရှင်ရမှာလဲ?

အစကတော့ သူ့ရဲ့ ဒီမျက်နှာကြောင့် ရှောင်ယင့်အနားကို မသွားတော့ဘဲ သူမကို တိတ်တဆိတ် ကာကွယ်ပေးဖို့ပဲ သူ တွေးထားခဲ့တယ်။ ဒါပေမယ့် အခုတော့ သူ အဲ့လို မလုပ်နိုင်တော့ဘူး။ ရှောင်ယင် တခြားလူနဲ့ လက်ထပ်မှာကို သူ မကြည့်နေနိုင်ဘူး။ ရှောင်ယင်က ယဲ့လွီချွမ်းအတွက် ကလေးမွေးပေးပြီး ယဲ့လွီချွမ်းကို ချိူချိုသာသာ ပြုံးပြနေမှာလား?

မရဘူး၊ သူ လုံးဝ ခွင့်မပြုနိုင်ဘူး။ ဒီလောကကြီးကို ဖျက်ဆီးပစ်ရမယ်ဆိုရင်တောင်.... သူ ငရဲပြည်ကို သွားရင်မယ်ဆိုရတောင်.. သူ လူတိုင်းကို သတ်ပစ်ရမယ်ဆိုရင်တောင်…

ရှောင်ယင်က သူ့ကို မုန်းတီးနေရင်တောင်...

သူ လုံးဝ ခွင့်မပြုနိုင်ဘူး။

All Chapters