ဥမင်လိုဏ်ခေါင်း
Vol. 35 Ch. 523
ရဲမက်ခေါင်းဆောင်လီနှင့် သူ့လူများက ကြမ်းပြင်ကျောက်ပြားများကို ခွဲခြေလိုက်ရာ မှောင်မဲနေသော အပေါက်တစ်ခုကို တွေ့လိုက်ရပြီး ရဲမက်ခေါင်းဆောင်လီပင် ထိတ်လန့်သွားရသည်။
ဒီနေရာမှာ လျှို့ဝှက်လမ်းတစ်ခုရှိနေပြီး မြို့ပြင်အထိ ရောက်နိုင်တာကို သူတို့ မသိခဲ့ကြဘူး။ ဒီလျှို့ဝှက်လမ်းကနေ ရန်သူတွေ မြို့ထဲ ဝင်လာရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို တွေးတောင် မတွေးရဲဘူး။
ခွေးသုံးကောင်ကလည်း အပေါက်ကို မြင်သွားပြီး ချက်ခြင်း ထိုးဟောင်ကာ အပေါက်ထဲသို့ ခုန်ဆင်းပြီး ဆက်ပြေးသွားကြပြန်သည်။
“မီးရှူးတိုင် ပေး”
စူးချင်းက သူမဘေးနားမှ စစ်သည်တစ်ယောက်ကိုင်ထားသော မီးရှူးတိုင်ကို လှမ်းယူလိုက်ပြီး လိုဏ်ခေါင်းထဲသို့ ခုန်ဆင်းလိုက်သည်။ ရဲမက်ခေါင်းဆောင်လီက သူတို့၏သခင်မလေးတစ်ယောက်တည်း စွန့်စားမည်ကို မည်သို့မျှ လက်မခံနိုင်ပေ။ ထို့ကြောင့် သူလည်း သူ့လူများကို အမြန် ဆွဲခေါ်ကာ လိုဏ်ခေါင်းထဲသို့ လိုက်ခုန်ဆင်းသွားသည်။
အမှောင်ထုက ခွေးများအတွက် ပြဿနာမဟုတ်ပေ။ သူတို့ ဟောင်နေရင်း လေကဲ့သို့ ပြေးလွှားနေကြသည်။
စူးချင်းကလည်း သူတို့နောက်မှ အနီးကပ် လိုက်ပါသွားခဲ့သည်။ သူမထံတွင်လည်း စစ်နတ်ဘုရားစွမ်းရည် ရှိနေသောကြောင့် အမှောင်က သူမ၏အမြင်အာရုံကို ထိခိုက်စေနိုင်ခြင်း မရှိပေ။ သို့သော် ရဲမက်ခေါင်းဆောင်လီနှင့် အခြားသူများကတော့ ထိုသို့ မလုပ်ဆောင်နိုင်ကြပေ။ မီးရှူးတိုင်မှ အလင်းရောင်က မှောင်မိုက်နေသည့် ဥမင်အတွင်းမှ ပိုးစုန်းကြူး၏အလင်းရောင်ကဲ့သို့သာ တောက်ပနိုင်တော့သည်။ ထို့ကြောင့် မကြာခင်မှာပင် သူတို့ နောက်၌ ကျန်ရစ်ခဲ့တော့သည်။
အချိန်အတော်ကြာ ပြေးလွှားလာပြီးနောက်တွင်ပင် ဥမင်လိုဏ်ခေါင်းက အဆုံးထိ မရောက်သေးပေ။ စူးချင်းက အကွာအဝေးကို တွက်ချက်ပြီး မြို့ပြင်သို့ ရောက်နေပြီ ခန့်မှန်းလိုက်သည်။
သူမရဲ့အရင် ခန့်မှန်းချက်တွေက မှားယွင်းနေပုံရတယ်။ ရှောင်ယင် မြို့ပြင်ကို မရောက်သေးဘူးလို့ သူမ ထင်ပြီး မြို့တံခါးကို ပိတ်ထားစေခဲ့တယ်။ ဒါပေမယ့် အခုတော့ ရှောင်ယင် မြို့ပြင်ကို ရောက်နေလောက်ပြီ။
ဒီအမှားက သေလောက်တဲ့အမှားပဲ။ သူမ တွက်ချက်မှုမှားခဲ့တာကြောင့် အချိန်တွေ အများကြီး နှောင့်နှေးသွားရပြီ။ သူမ အကြောက်ဆုံးကတော့ တစ်ဖက်က စစ်ကူတွေ ရောက်လာပြီး သူတို့ ရှောင်ယင်ကို ခေါ်သွားပြီးသား ဖြစ်နေမှာကိုပဲ။
စူးချင်းက ခွေးများနောက်သို့ လိုက်နေရင်း သူမ လိုက်နေလေလေ စိတ်ပူလေလေ ဖြစ်လာခဲ့သည်။ သူမက သူမထံတွင် အတောင်ပံများ ပေါက်လာပြီး ကျိရှောင်ယင်ဆီသို့ ပျံသန်းသွားနိုင်ရန်ပင် ဆန္ဒရှိနေခဲ့သည်။
ရှောင်ယင်က အမှောင်ကို ကြောက်တယ်။ အခု ဒီဥမင်လိုဏ်ခေါင်းက သူမရဲ့လက်ချောင်းတွေကိုတောင် သူမ ပြန်မမြင်နိုင်လောက်အောင် မှောင်မိုက်နေတာ လေ။ ရှောင်ယင် ဒီမှာ ဘယ်လောက်ကြောက်လန့်နေမလဲ?
ဝု... ဝု.... ဝုတ်.... ဝုတ်....
အရှေ့မှ ခွေးဟောင်သံများက ဥမင်လိုဏ်ခေါင်းအတွင်း ပဲ့တင်ထပ်နေပြီး စူးချင်းကလည်း အရှိန်ထပ်တင်ကာ ခပ်မြန်မြန် ပြေးလိုက်နေသည်။ ထိုနောက် သူမ သင်္ချိုင်းတစ်ခုအတွင်းသို့ ရောက်နေမှန်း သူမ သိလိုက်ရသည်။ စူးချင်းက သူမ လက်ထဲမှ မီးရှူးတိုင်ဖြင့် နံရံတစ်ဝိုက်မှ မီးတိုင်များကို ထွန်းညှိလိုက်ပြီး ဂူသင်္ချိုင်း၏တံခါးအား ဖွင့်နိုင်မည့် ယန္တရားခလုတ်ကို ရှာဖွေလိုက်သည်။ သူမ ထိုခလုတ်ကို နှိပ်လိုက်သည်နှင့် သင်္ချိုင်းတံခါး ပွင့်လာသည်။
ခွေးသုံးကောင်က ရှေ့မှ ဦးဆောင်ကာ ပြေးထွက်သွားကြပြန်သည်။ စူးချင်းကလည်း သင်္ချိုင်းအတွင်းသို့ ဝင်လာပြီး ဘေးပတ်ပတ်လည်ရှိ မီးရှူးတိုင်များကို မီးထွန်းရင်း လိုက်ပါလာခဲ့သည်။ နောက်ဆုံးတွင် သူမ မော့ချန်နှင့် မြောက်ပိုင်းလူရိုင်းပြည်ထောင်ကြား နယ်နိမိတ်သို့ ရောက်နေပြီဟု သူမ ခန့်မှန်းလိုက်သည်။
စူးချင်းက ခွေးသုံးကောင်နှင့်အတူ ပြေးလွှားနေခဲ့ပြီး မြောက်ဘက်ခြမ်းတွင် နှင်းများ ပိုထူထပ်သောကြောင့် ရှာဖွေကယ်ဆယ်ရေးခွေးသုံးကောင်က ဦးတည်ရာ ပျောက်ကွယ်သွားကြသည်။ သူတို့က ထိုနေရာတွင် ရပ်နေပြီး စူးချင်းကို ထိုးဟောင်နေကြပြန်သည်။
စူးချင်းက မီးရှူးတိုင်ကို ကိုင်ထားရင်း မြေပြင်ပေါ်သို့ ထိုင်ချလိုက်ကာ ခြေရာများကို ကြည့်ရှုလိုက်သည်။ ဤနေရာက ဂူသင်္ချိုင်းတစ်ခုဖြစ်သောကြောင့် အများအားဖြင့် လူသူကင်းမဲ့သောနေရာ ဖြစ်သည်။ နှင်းများ ကျနေသော်လည်း ခြေရာများအားလုံးကို ချက်ချင်း ဖုံးလွှမ်းသွားနိုင်လောက်သည်အထိတော့ မများသေးပေ။
ခဏအကြာတွင် စူးချင်းက ခြေရာတစ်ချို့ ရှာတွေ့သွားခဲ့သည်။ ထို့နောက် သူမက မီးရှူးတိုင်ဖြင့် လိုက်စစ်ဆေးရင်း အုတ်ဂူရှေ့တွင် နောက်ထပ်ခြေရာများ ထပ်တွေ့သွားကာ ထိုခြေရာများအတိုင်း လိုက်လာခဲ့သည်။
စူးချင်း သင်္ချိုင်းဂူထဲမှ ထွက်လာနိုင်ချိန်တွင် နောက်ဥမင်လိုဏ်ခေါင်းတစ်ခု ပေါ်လာပြန်သည်။ ရှာဖွေကယ်ဆယ်ရေးခွေးသုံးကောင်က ထိုလိုဏ်ခေါင်း၏အဝင်ဝကို အနံ့ခံလိုက်ကြပြီး စိတ်လှုပ်ရှားဟန် ပြလာပြန်သည်။ ထိုနောက် သူတို့က စူးချင်းကို သုံးကြိမ်ခန့် ဟောင်လိုက်ပြီး လိုဏ်ခေါင်းထဲသို့ ခုန်ဆင်းသွားကြပြန်သည်။
စူးချင်းက ထိုလိုဏ်ခေါင်းထဲသို့ ခုန်ဆင်းလိုက်ရင်း တည်နေရာကို စစ်ဆေးရန် ရှောင်ချီအား ညွှန်ကြားလိုက်သည်။
"သခင်၊ အခု ရှောင်ချီတို့ မြောက်ပိုင်းလူရိုင်းပြည်ထောင်ကို သွားတဲ့ လမ်းပေါ်ကို ရောက်နေပါပြီ"
စနစ်ပေါ်ရှိ မြေပုံကို ကြည့်ပြီးနောက် ရှောင်ချီက စူးချင်းအား ချက်ချင်း ပြန်ပြောပြလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက သခင်၏ညွှန်ကြားချက်ပင် မလိုတော့ဘဲ အပူစွမ်းအင်ကို ရှာဖွေနေပြီ ဖြစ်သည်။
မြောက်ပိုင်းလူရိုင်းပြည်ထောင်ဆီသို့ သွားသည့်လမ်း ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် စူးချင်း ရင်ထိတ်သွားရပြန်သည်။
ချိုးယုံခန်း အသက်ရှင်နေသေးတာ ဖြစ်နိုင်လား? သူက မော့ချန်ကို သွားနိုင်မယ့် ဥမင်လိုဏ်ခေါင်းကိုတောင် ရှာတွေ့ခဲ့တာလား?
ဒါဆို သူ ဘာကြောင့် မော့ချန်ထဲကို သတ္တိရှိရှိ ဝင်လာခဲ့လဲဆိုတာ ရှင်းပြနိုင်ပြီ။ သူ မြို့ထဲကို ဝင်လာရင်တောင် သူ့ကို ဘယ်သူမှ မမြင်နိုင်တာကြောင့် သူ အရမ်းရဲတင်းနေတာပဲ။
စူးချင်းတစ်ယောက် ခွေးသုံးကောင်ကို အဖော်ပြုကာ အကွာအဝေးတစ်ခုအထိ လိုက်လာခဲ့ပြီးနောက် သူမတို့ရှေ့တွင် မြေပြိုကျနေသည်ကို တွေ့လိုက်ရပြန်သည်။ မြေကြီးများထဲတွင် ကျောက်တုံးများလည်း ရောနှောပါဝင်နေပြီး ပေါက်ကွဲပြီးနောက် လုံးဝ ပိတ်ဆို့သွားကြောင်း သိသာထင်ရှားနေသည်။
ဘယ်ဘက်တွင် နောက်ထပ်ဥမင်လိုဏ်ခေါင်းတစ်ခုရှိပြီး ၎င်းက မည်သည့်နေရာသို့ ဦးတည်သွားမှန်း မသေချာသေးပေ။ သို့သော်လည်း ခွေးသုံးကောင်က ထိုဥမင်လိုဏ်ခေါင်းထဲသို့ ပြေးဝင်သွားသောကြောင့် စူးချင်းလည်း သူတို့နောက်သို့ ဆက်လိုက်လာခဲ့သည်။
ဤနေရာမှ ဥမင်လိုဏ်ခေါင်းက ဖြတ်သန်းသွားလာရန် မလွယ်ကူလှပေ။ ဥမင်လိုဏ်ခေါင်း၏အမိုးက အလွန်နိမ့်နေသောကြောင့် စူးချင်းလည်း ခေါင်းငုံ့ကာ ခက်ခက်ခဲခဲ လမ်းလျှောက်နေရသည်။ ထိုနေရာက လေဖိအားကလည်း အတော်နည်းပုံရပြီး မီးတောက်များပင် မလှုပ်ယမ်းနိုင်တော့ပေ။
စူးချင်း ထိုဥမင်လိုဏ်ခေါင်းမှ ပြန်ထွက်လာနိုင်ချိန်တွင် သူမရှေ့၌ နောက်ထပ်ကြီးမားသော လှိုဏ်ဂူကြီးတစ်ခု ပေါ်လာပြန်သည်။ ၎င်းက နှစ်မီတာကျော်မြင့်ပြီး စတုရန်းမီတာနှစ်ဆယ်ခန့် ကျယ်ဝန်းသည်။ ထိုနေရာတွင် အနက်ရောင် သစ်သားသေတ္တာ အများအပြား ရှိနေပြီး ၎င်းတို့ထဲမှ ဆယ်လုံးကျော်က လူတစ်ယောက်အား ထည့်နိုင်လောက်သည်အထိ ကြီးမားနေသည်။
သို့သောလည်း လူတစ်ယောက်အား ထိုသေတ္တာထဲသို့ ထည့်လိုက်လျှင် ထိုလူ အသက်ရှင်နိုင်မည် မဟုတ်ပေ။ လေဝင်လေထွက်မရှိသည့် နေရာဖြစ်သောကြောင့် အသက်ရှုကြပ်ကာ သေဆုံးကြပေလိမ့်မည်။
စူးချင်းတစ်ယောက် သူမ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိပြန်သည်။
ဖြစ်နိုင်တာက... ရှောင်ယင်က သေသွားပြီလား?
ဝု... ဝု.... ဝုတ်...
စူးချင်းက ကျိရှောင်ယင် သေတ္တာထဲတွင် ရှိ မရှိ သိနိုင်ရန် သေတ္တာများအားလုံးကို ဖွင့်ရန် ပြင်ဆင်နေခဲ့သည်။ ထိုအချိန်တွင် ရှာဖွေကယ်ဆယ်ရေး ခွေးသုံးကောင်က ဘယ်ဘက်ရှိ ဂူထဲသို့ ထိုးဟောင်လိုက်ပြန်သည်။ စူးချင်းကလည်း ထိုနေရာသို့ အမြန် ပြေးဝင်သွားလိုက်သည်။
အထဲတွင် ထင်းရှူးမီးတိုင်များ ရှိနေပြီး စူးချင်း ယူလာသည့် မီးရှူးတိုင်ကြောင့် မဟုတ်ဘဲ တစ်စုံတစ်ဦးက ကျောက်နံရံတွင် မီးတိုင်များ တပ်ဆင်ထွန်းညှိုထားပြီး ထိုဂူကို အလင်းပေးထားပုံရသည်။ ထို့ကြောင့် စူးချင်းလည်း ခုန်ပေါက်နေသော မီးတောက်များအောက်မှ ဂူအတွင်းပိုင်း အခြေအနေကို လှမ်းမြင်လိုက်ရသည်။
ထိုနေရာက ဘာမှ လိုလိုသေး မရှိအောင် ပြင်ဆင်ထားသည့် အခန်းတစ်ခု ဖြစ်ပြီး စားပွဲများ၊ ကုလားထိုင်များ၊ ခုံတန်းလျားများနှင့် ကုတင်များ ရှိနေသည့်အပြင် ၎င်းတို့အားလုံးက အကောင်းဆုံးပရိဘောဂများ ဖြစ်နေသည်။ အပေါက်ဝနှင့် မျက်နှာချင်းဆိုင်တွင် လှလှပပ ထွင်းထုပုံဖော်ထားသည့် မဟော်ဂနီအိပ်ယာကြီးတစ်ခု ရှိနေသည်။ ထိုခုတင်၏ကန့်လန့်ကာကို နိမ့်ချထားသောကြောင့် အတွင်းပိုင်းအခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ခွေးသုံးကောင်ကတော့ ထိုကုတင်ပေါ်သို့ လှမ်းကြည့်ကာ ထိုးဟောင်နေကြပြန်သည်။
စူးချင်းက သူမ၏ရင်ခုန်သံကို ထိန်းကာ ခုတင်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။ သူမ လက်ကို ဆန့်ပြီး ခုတင်၏ကန့်လန့်ကာကို မတင်လိုက်ရာ ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် မိန်းခလေးတစ်ဦးကို တွေ့လိုက်ရသည်။ သူမက စူးချင်း ရှာနေသည့် ကျိရှောင်ယင်သာ ဖြစ်သည်။
"ရှောင်ယင်၊ ရှောင်ယင်?"
စူးချင်းက ဝမ်းသာအားရ အော်ခေါ်နေသော်လည်း ကျိရှောင်ယင်က တုံ့ပြန်နိုင်ခြင်း မရှိသေးပေ။ သူမက ဆေးခပ်ခံထားရပုံပေါ်နေသောကြောင့် စူးချင်းက သူမအတွက် ဖြေဆေး အမြန်ထုတ်ကာ သူမကို တိုက်ကျွေးလိုက်သည်။ ဖြေဆေးကို စားပြီးနောက် ကျိရှောင်ယင် ပြန်နိုးလာပြီး သူမ တစ်စုံတစ်ယောက်၏လက်ထဲ၌ ရှိနေသည်ကို သိသွားကာ စူးချင်း ချက်ချင်း တွန်းထုတ်လိုက်သည်။ ထို့နောက် သူမက ကုတင်ပေါ်သို့ ပြန်လှဲချလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် ကာထားကာ သူမ၏မျက်လုံးများကို မှိတ်ထားရင်း ကြောက်လန့်တကြား အော်ဟစ်နေတော့သည်။
"ငါ့ကို မထိနဲ့၊ ငါ့ကို မထိနဲ့၊ ငါ့ကို လွှတ်ပေး... လွှတ်ပေး"
သူမ ကြောက်ရွံ့နေပုံရပြီး ထိုအရာက ကြောက်ရွံ့မှုအတွက် ပြီးပြည့်စုံသော တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်က တုန်ယင်နေရုံသာမက အသံများလည်း တုန်ယင်နေသည်။
ကျိရှောင်ယင်အား ထိုကဲ့သို့ မြင်လိုက်ရသည်အတွက် စူးချင်း၏နှလုံးသားတစ်ခုလုံး နာကျင်သွားရသည်။ ထို့ကြောင့် စူးချင်းက သူမကို ပြန်ဆွဲရန်ပင် လက်မလှမ်းဝံ့တော့ဘဲ ကျိရှောင်ယင်ကို အရင်နှမ့်သိမ်းပေးရန် သူမ ရောက်နေကြောင်း ပြောပြလိုက်သည်။
"ရှောင်ယင်က ငါပါ။ ယောင်းမလေ၊ ယောင်းမက မင်းကို ကယ်ဖို့ ရောက်လာပြီလေ"
"ယောင်းမ? ယောင်းမလား?…”
ကျိရှောင်ယင်က စူးချင်း၏အသံကို ကြားသွားမှသာ သူမ၏မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ ယောင်းမဖြစ်သူက ခုတင်ဘေးတွင် အမှန်တကယ် ထိုင်နေသည်ကို မြင်လိုက်ရမှ သူမက ကလေးတစ်ယောက်လို စူးချင်း၏ရင်ခွင်ထဲသို့ တိုးဝင်ကာ ငိုချလိုက်တော့သည်။
“မငိုနဲ့တော့ ရပြီ… အခု ဘာမှ မဖြစ်တော့ဘူး”
ကျိရှောင်ယင် ဝမ်းနည်းကြေကွဲဖွယ် ငိုနေသည်ကို မြင်နေရခြင်းက စူးချင်းကိငု အလွန်စိတ်မကောင်း ဖြစ်စေသည်။ ထို့ကြောင့် သူမက ကျိရှောင်ယင်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ နူးနူးညံ့ညံ့ နှစ်သိမ့်ပေးလိုက်သည်။
ကျိရှောင်ယင်က ပြင်းထန်စွာ ငိုကြွေးနေခဲ့ပြီး မူးမေ့လုနီးပါး ဖြစ်နေခဲ့သည်။ စူးချင်းက သူမကို နှစ်သိမ့်ပေးခဲ့ပြီး နောက်ဆုံးတွင် သူမ၏ထိတ်လန့်မှုများ လျော့နည်းလာကာ သူမ၏ အခြေအနေ ပြန်ကောင်းလာခဲ့သည်။ သို့သော် သူမက ရင်ဘတ်များ တဆတ်ဆတ် တုန်နေသည်အထိ ရှိုက်နေဆဲဖြစ်ကာ သူမ၏ကြီးမားပြီး ကြည်လင်သော မျက်လုံးများထဲ၌ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ သူမက သူမ၏အဝတ်အစားများကို အမြန် ငုံ့ကြည့်လိုက်ပြီး သူမ၏အဝတ်အစားများက ဟောင်းနွမ်းစုတ်ပြတ်နေသောကြောင့် သူမ စော်ကားခံရခြင်း ရှိ မရှိကိုပင် မသေချာတော့ပေ။ သူမက စိတ်မသက်မသာဖြင့် စူးချင်းကို မေးလိုက်သည်။
“ယောင်းမ… ကျွန်မ”
“မဟုတ်ဘူး၊ မင်းရဲ့ အပျိုစင်အမှတ်ရှိနေတုန်းပဲ"
စူးချင်းက ခေါင်းယမ်းလိုက်သည်။ သူမလည်း ထိုအရာအတွက် စိတ်ပူမိပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့သော် ကျိရှောင်ယင်၏လက်မောင်းပေါ်ရှိ အပျိုစင်အမှတ်က ထိုနေရာတွင် ရှိနေသေးသည်ကို သူမ မြင်လိုက်ရသောကြောင့် သူမလည်း စိတ်သက်သာရာရနိုင်ခဲ့သည်။
“ဟင့်… ယောင်းမ.... ညီမကို ဖမ်းခေါ်လာတဲ့သူက ချိုးယုံခန်းပဲ။ သူက သူ့ကို လက်ထပ်ဖို့ ညီမကို အတင်းအကြပ် ဖိအားပေးခဲ့တယ်...”
သူမ ဖြူစင်နေသေးကြောင်း အတည်ပြုပြီးနောက်တွင် ကျိရှောင်ယင်က ထပ်ငိုနေပြီး သူမ၏အတွေ့အကြုံကို မျက်ရည်လည်ရွှဲဖြင့် ပြောပြလာခဲ့သည်။
မနက်အစောပိုင်းတွင် ကျိရှောင်ယင်က ကျန်းယွိရန်ကို နှုတ်ဆက်ရန် ရုံးတော်မှ ထွက်လာခဲ့ခြင်း ဖြစ်ပြီး ပန်းထိုးပိုက်ဆံအိတ်၊ အဝတ်အစားအသစ်တစ်စုံနှင့် လက်ဝတ်ရတနာ သေတ္တာတစ်လုံး ယူဆောင်လာခဲ့သည်။ သူမက အနာဂတ်တွင် လက်ထပ်ကာ တာ့ထန်သို့ လိုက်သွားရတော့မည် ဖြစ်ပြီး ဤခွဲခွာမှုက တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံနိုင်မည့် နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်သည်။ ထို့အပြင် ကျန်းယွိရန် လက်ထပ်ချိန်၌ သူမ မလာနိုင်တော့သည်ကို တွေးမိသောကြောင့် ကျိရှောင်ယင်က ကျန်းယွိရန်အတွက် မင်္ဂလာဆောင်လက်ဆောင်ကြိုပေးရန် တွေးထားခဲ့သည်။ သူမထံတွင် သူမ၏အစ်ကိုကြီး ဝယ်ပေးထားသော ပတ္တမြားများ စီခြယ်ထားသည့် ရွှေဆံထိုးတစ်ချောင်း ရှိသည်။ သူမကိုယ်တိုင် မဝတ်ဆင်ရက်ဘဲ သိမ်းထားခဲ့သော်လည်း ယခုအချိန်တွင် သူမ ကျန်းယွိရန်အတွက် ပေးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း သူမ ကျန်းယွိရန်၏အိမ်သို့ သွားရာလမ်းပေါ်တွင် တစ်ခုခု ဖြစ်ခဲ့သည်။