← Chapters

မင်းနဲ့ ဘာဆိုင်လဲ

Vol. 8 Ch. 108

မင်းနဲ့ ဘာဆိုင်လဲ

Vol. 8 Ch. 108

လျှို့ဝှက်ကျမ်းရယူရန် တံဆိပ်ပြားကိုင်ဆောင်လျက် လော့ချန်က ကောင်တာသို့ တန်းတန်းမတ်မတ် ရောက်ရှိလာပြီး မှတ်ပုံတင်လိုက်သည်။

“ဟယ်... မြူခိုးရိပ်ခြေလှမ်းကျမ်း...”

ကောင်တာနောက်တွင်ရှိသော အမျိုးသမီးအကြီးအကဲတစ်ဦးက လော့ချန်သည် မြူခိုးရိပ်ခြေလှမ်းကို ရွေးချယ်လိုက်သည်ကို မြင်သောအခါ မျက်ခုံးအနည်းငယ်တွန့်လျက် ပြောလိုက်သည်။

“မြူခိုးရိပ်ခြေလှမ်းကို ကျင့်စဉ်လေ့ကျင့်ဖို့ လိုအပ်ချက်တွေကို မင်း အကုန်သိရဲ့လား...”

လော့ချန်က ထိုအမျိုးသမီးအကြီးအကဲ ဘာပြောလိုသည်ကို နားလည်၏။ သူက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ကဲ့... ကျွန်တော် စမ်းကြည့်ချင်ပါတယ်...”

အမျိုးသမီးအကြီးအကဲက ခေါင်းအနည်းငယ် ခါလိုက်သော်လည်း ထပ်မံပြောဆိုခြင်း မပြုတော့ပေ။

မိုးကောင်းကင်စည်းစိမ်ကို မျှော်လင့်ပြီး လွန်ကဲအိပ်မက်မက်နေသည့် တပည့်များကို သူမက များစွာတွေ့ဖူးပြီး ဖြစ်သည်။ အကြံပေးလည်း အချည်းအနှီးသာ။

လော့ချန်၏ အချက်အလက်များကို မှတ်ပုံတင်ပြီးနောက် အမျိုးသမီးအကြီးအကဲက လျှို့ဝှက်ကျမ်းတစ်အုပ်ကို သူ့ထံ လှမ်းပေးလိုက်သည်။

“ချီစွမ်းအင်ဆေးလုံး အလုံးသုံးဆယ်...”

လော့ချန်က ခေါင်းညိတ်လိုက်ပြီး ချီစွမ်းအင်ဆေးလုံး သုံးဆယ်ကို ချက်ချင်း ထုတ်ပေးလိုက်သည်။

ကြယ်ငါးပွင့်အဆင့် ခြေလှမ်းသိုင်းပညာတစ်ခုက တန်ဖိုးအနည်းဆုံး ငွေသိန်းပေါင်းများစွာ သို့မဟုတ် သိန်းဆယ်ဂဏန်းအထိပင် ရှိနိုင်သည်။ ချီစွမ်းအင်ဆေးလုံး သုံးဆယ်က ထိုတန်ဖိုးနှင့်ယှဉ်လျှင် ဘာမျှ မဟုတ်ပေ။

သို့သော် ဤအရာက လော့ချန်အတွက်သာ လွယ်ကူသည့်ကိစ္စ ဖြစ်သည်။

သာမန်ဂိုဏ်းပြင်ပစည်းတပည့်များအတွက်ဆိုလျှင် တစ်လလျှင် လစာအဖြစ် ချီစွမ်းအင်ဆေးလုံး ငါးဆယ်သာ ရရှိပြီး လေ့ကျင့်ရေးအတွက် သုံးစွဲပြီးနောက် ကျန်ရှိသည်မှာ အနည်းငယ်မျှသာ။ ထို့ကြောင့် ချီစွမ်းအင်ဆေးလုံး သုံးဆယ်က မဖြစ်မနေ သုံးစွဲရမည့် မနည်းသော ကုန်ကျစရိတ်တစ်ခု ဖြစ်သည်။

လျှို့ဝှက်ကျမ်းကို လော့ချန်ထံ ပေးအပ်ပြီးနောက် အမျိုးသမီးအကြီးအကဲက ထပ်မံ သတိပေးလိုက်သည်။

“ဒီမြူခိုးရိပ်ခြေလှမ်းကျမ်းမိတ္တူက ခုနစ်ရက်အကြာမှာ သူ့အလိုလို ပျက်စီးသွားမယ်... ဒီကျမ်းမိတ္တူကို ဂိုဏ်းပြင်ပကို ထုတ်ယူခွင့်မရှိသလို ပုဂ္ဂလိကအနေနဲ့ လူအများကို လွှဲပြောင်းပေးခွင့်လည်း မရှိဘူး... ဒါမှမဟုတ်ရင် စွမ်းအားဖျက်သိမ်းခံရတာက သေးငယ်တဲ့ကိစ္စဖြစ်ပြီး ဆိုးရွားရင် အသက်ဆုံးရှုံးနိုင်တယ်...”

“အကြီးအကဲ စိတ်ချပါ... ကျွန်တော်က ကိုယ့်အသက်ကို ပေါ့ပေါ့ပါးပါး မလုပ်ပါဘူး...”

လော့ချန်က ကျမ်းစာအုပ်ကို သိမ်းဆည်းလိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ထိုအခါ အမျိုးသမီးအကြီးအကဲက တစ်စုံတစ်ခု သတိရသွားပြီး ထပ်ပြောလိုက်သည်။

“ဒီနေ့က ယမ်ဖုန်းအကြီးအကဲက မြူခိုးရိပ်ခြေလှမ်းကို ရှင်းပြပို့ချမယ့်နေ့ပဲ... ယမ်ဖုန်းအကြီးအကဲရဲ့ မြူခိုးရိပ်ခြေလှမ်းက ပြည့်စုံမှုအဆင့်ထိ ကျင့်ကြံပြီးသားဖြစ်တယ်... မင်းစိတ်ဝင်စားရင် ဆုံယွမ်တောင်ကြားကိုသွားပြီး နားထောင်ကြည့်လို့ရတယ်... ဒါပေမဲ့ သူ့ရဲ့သင်ကြားမှုက အဖိုးအခ နည်းနည်းများတယ်... တစ်ကြိမ်ကို ချီစွမ်းအင်ဆေးလုံး နှစ်ဆယ် ပေးရမယ်...”

ဤစကားကို ကြားသောအခါ လော့ချန်၏ မျက်လုံးများက တလက်လက် တောက်ပလာသည်။

ကြယ်ငါးပွင့်အဆင့်သိုင်းပညာက သာမန်သိုင်းပညာများနှင့် မတူပေ။ လေ့ကျင့်လိုသည်ဟု ဆိုရုံဖြင့် အောင်မြင်နိုင်သည့်အရာ မဟုတ်ပေ။ အကယ်၍ ရှေ့လူများ၏ အတွေ့အကြုံများကို ရရှိခဲ့ပါက အားစိုက်ထုတ်မှု ထက်ဝက်ဖြင့် ရလဒ်နှစ်ဆ ရရှိနိုင်သည်။

လော့ချန်အတွက် ယခုအခါ ချီစွမ်းအင်ဆေးလုံးများ မပြတ်လပ်သော်လည်း သူလိုအပ်နေသည်မှာ စွမ်းအား ဖြစ်သည်။

“အကြီးအကဲကို ကျေးဇူးတင်ပါတယ်...”

တစ်ခွန်းကျေးဇူးတင်စကားဆိုပြီးနောက် လော့ချန်က သိုင်းပညာပြတိုက်ကြီးမှ ထွက်ခွာလာခဲ့သည်။

လော့ချန် ထွက်သွားသည်နှင့် တပြိုင်နက် ဂိုဏ်းပြင်ပစည်းအကြီးအကဲများစွာက ကောင်တာဆီသို့ ချက်ချင်း စုရုံးလာကြသည်။

လော့ချန်ကြောင့် ယွမ်မန်လီက ဂိုဏ်းပြင်ပစည်းအကြီးအကဲလေးဦးကို အနိုင်ယူခဲ့ပြီး ထို့ကြောင့် အကြီးအကဲများစွာ၏ အကျိုးအမြတ်များကို ထိခိုက်စေခဲ့သည်။

ဂိုဏ်းပြင်ပစည်းအကြီးအကဲ အများအပြားသည် လော့ချန်ကို စောင့်ကြည့်နေကြပြီး သူနှင့် ယွမ်မန်လီ၏ ရယ်စရာပုံရိပ်များကို မြင်တွေ့လိုကြသည်။

“ရေအကြီးအကဲ... အဲဒီလော့ချန်က ဘယ်လျှို့ဝှက်ကျမ်းကို ရွေးချယ်လိုက်တာလဲ...”

မီးခိုးရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသော ယမ်အကြီးအကဲက ကောင်တာနောက်ရှိ အမျိုးသမီးအကြီးအကဲအား မေးလိုက်သည်။

ဤအကြောင်းကို ဖုံးကွယ်စရာ အကြောင်းမရှိသဖြင့် ရေအကြီးအကဲက ပြောလိုက်သည်။

“မြူခိုးရိပ်ခြေလှမ်းကျမ်း...”

“မြူခိုးရိပ်ခြေလှမ်းကျမ်း...”

ဤစကားထွက်လာသည်နှင့်တပြိုင်နက် ထိုနေရာတွင်ရှိသော အကြီးအကဲများအားလုံး မှင်သက်မိသွားပြီး မျက်နှာထက်တွင် အံ့အားသင့်မှုများ ပေါ်ထွက်လာသည်။

ယမ်အကြီးအကဲက မထီမဲ့မြင်ပြုဟန်ဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။

“အသုံးမကျသူဆိုတာ အသုံးမကျသူပဲ... မြေပြင်ပေါ်မှာ ခြေလှမ်းဖြည်းဖြည်းမလှမ်းဘဲ တစ်ခါတည်း မိုးကောင်းကင်ထိ တက်ရောက်ချင်နေတာပဲ... လူသာမန်ဘဝဖြတ်ကျော် အဆင့်ငါးခုရှိတဲ့သူတစ်ယောက်က မြူခိုးရိပ်ခြေလှမ်းကို ကျင့်ကြံချင်တယ်တဲ့... ဆင်ကြီးတစ်ကောင်ကို တစ်ကိုယ်လုံးမျိုချင်တာနဲ့ ဘာကွာလဲ... ဒီလောက်မိုက်မဲတဲ့လူကို ယွမ်မန်လီ အဲဒီမိန်းကလေးက ဘာကြောင့် အထင်ကြီးနေရတာလဲ မသိဘူး...”

အခြားအကြီးအကဲများက ဘာမှမပြောကြသော်လည်း မျက်နှာထက်တွင် သဘောတူညီမှုအရိပ်အယောင်များ ပေါ်ထွက်နေသည်။

မြူခိုးရိပ်ခြေလှမ်း၏ နယ်ပယ်က နက်ရှိုင်းလှပြီး ၎င်း၏ စစ်မှန်သောစွမ်းအားက ကြယ်ခြောက်ပွင့်အဆင့် ခြေလှမ်းသိုင်းပညာနှင့် ယှဉ်နိုင်သည်။ သို့သော် ကျင့်ကြံရန် အလွန်ခက်ခဲလှသဖြင့် ၎င်း၏ အနှစ်သာရကို ကျွမ်းကျင်အောင် ဆုပ်ကိုင်နိုင်သူ အနည်းငယ်သာ ရှိသည်။ ထို့ကြောင့်ပင် ၎င်းကို ကြယ်ငါးပွင့်အဆင့်သိုင်းပညာအဖြစ် အဆင့်လျှော့ချခံခဲ့ရသည်။

လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးခုရှိသူကို မဆိုထားနှင့် ထုံရွှမ်တတိယနယ်ပယ်ရှိ ဂိုဏ်းပြင်ပစည်းထူးချွန်သူများပင် မြူခိုးရိပ်ခြေလှမ်းကို ရွေးချယ်ကျင့်ကြံရာတွင် အလွန်ခက်ခဲသဖြင့် နောက်ဆုံးတွင် စွန့်လွှတ်ခဲ့ကြရသည်။

မြင့်မားသောနယ်ပယ်သို့ ကျင့်ကြံမထားနိုင်သည့် ကြယ်ငါးပွင့်သိုင်းပညာက စွမ်းအားအရ ကြယ်လေးပွင့်သိုင်းပညာကိုပင် မမီပေ။

အကြီးအကဲများ၏ ဆွေးနွေးသံများကို လော့ချန်က မကြားလိုက်ချေ။ ကြားလျှင်လည်း ဂရုမစိုက်ပေ။ သူ၏စိတ်ထဲတွင် ယခုအခါ စွမ်းအားမြှင့်တင်ရန်သာ တွေးတောနေသည်။

“ပြည့်စုံမှုအဆင့် ရောက်ရှိထားတဲ့ မြူခိုးရိပ်ခြေလှမ်းကို သွားကြည့်သင့်တယ်...”

လမ်းညွှန်ချက်များကို မေးမြန်းပြီးနောက် လော့ချန်က ဆုံယွမ်တောင်ကြားသို့ တန်းတန်းမတ်မတ် ထွက်ခွာလာခဲ့သည်။

ဆုံယွမ်တောင်ကြားက ရွှမ်ယွမ်ဂိုဏ်း၏ ဂိုဏ်းပြင်ပစည်းဗဟိုဧရိယာတွင် တည်ရှိပြီး သင်ကြားရေးခန်းမများစွာ တည်ဆောက်ထားသည့် ကျယ်ပြောလှသော သင်ကြားရေးပုံစံ တောင်ကြားတစ်ခု ဖြစ်သည်။

ထိုနေရာတွင် ဂိုဏ်းပြင်ပစည်းအကြီးအကဲများက နေ့စဉ်နေ့တိုင်း ကျင့်စဉ်သိုင်းပညာများကို ရှင်းပြပို့ချပေးပြီး တပည့်များ၏ သံသယများကို ဖြေရှင်းပေးကာ သင်ကြားပို့ချသည့် သိုင်းပညာ၏အဆင့်အလိုက် အဖိုးအခများ ကောက်ခံသည်။

ခဏအကြာတွင် လော့ချန်က ဆုံယွမ်တောင်ကြားအဝင်ဝသို့ ရောက်ရှိလာခဲ့သည်။ အဝင်ဝဘေးတွင် ဧရာမကြေငြာစာတမ်းတစ်ခု ထောင်ထားပြီး ၎င်းပေါ်တွင် ယနေ့သင်ကြားမည့် ကျင့်စဉ်သိုင်းပညာများနှင့် သင်ကြားမည့်နေရာများကို မှတ်တမ်းတင်ထားသည်။

ကြေငြာစာတမ်းအောက်တွင် ကျောက်စားပွဲများနောက်တွင် အကြီးအကဲ ဆယ်ဦးကျော်က ထိုင်နေပြီး မှတ်ပုံတင်ခြင်းနှင့် လမ်းညွှန်ပေးခြင်းတို့ကို တာဝန်ယူထားသည်။ ပတ်ဝန်းကျင်တွင် ဂိုဏ်းပြင်ပစည်းတပည့်များစွာက စုရုံးနေကြသည်။

လော့ချန်က ကြေငြာစာတမ်းပေါ်တွင် မြူခိုးရိပ်ခြေလှမ်းကို တစ်ချက်ကြည့်ရုံဖြင့် ရှာတွေ့လိုက်သည်။ သင်ကြားပို့ချမည့်သူမှာ ယမ်ဖုန်းအကြီးအကဲဖြစ်ပြီး အဖိုးအခမှာ ချီစွမ်းအင်ဆေးလုံး နှစ်ဆယ်ဖြစ်သည်။

“အကြီးအကဲ... ကျွန်တော် မြူခိုးရိပ်ခြေလှမ်းကို သင်ယူချင်ပါတယ်...”

လော့ချန်က ကျောက်စားပွဲရှေ့သို့ ရောက်ရှိလာပြီး ချီစွမ်းအင်ဆေးလုံး နှစ်ဆယ်ကို လှမ်းပေးလိုက်သည်။

“အရှေ့တောင်ဘက် နံပါတ် ၃၇ လေ့ကျင့်ရေးကွင်း...”

ကျောက်စားပွဲနောက်ရှိ အကြီးအကဲက ခေါင်းမဖော်ဘဲ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ပေးလိုက်သည်။

လော့ချန်က တံဆိပ်ပြားကို လက်ခံယူပြီး ဆုံယွမ်တောင်ကြားထဲသို့ ဝင်ရောက်လာခဲ့သည်။

ဆုံယွမ်တောင်ကြားအတွင်းက အလွန်ကျယ်ပြန့်ပြီး ဧရိယာအကျယ်အဝန်းမှာ မိုင်ပေါင်းငါးဆယ်ခန့် ရှိသည်။ နေရာအနှံ့တွင် လေ့ကျင့်ရေးကွင်းများဖြင့် ပြည့်နှက်နေပြီး လူများက အလာအသွားများနေသည်။

လမ်းညွှန်ချက်အတိုင်း လော့ချန်က သုံးဆယ့်ခုနစ်နံပါတ် လေ့ကျင့်ရေးကွင်းကို မကြာမီ ရှာတွေ့လိုက်သည်။

ထိုလေ့ကျင့်ရေးကွင်းသည် ဝါးပင်တောအုပ်အစွန်းတွင်ရှိပြီး ရှေ့ဆုံးတွင် မြင့်မားသော စင်မြင့်တစ်ခု ရှိသည်။ စင်မြင့်ရှေ့တွင် ကျောက်စိမ်းထိုင်ခုံများစွာ ထားရှိထားပြီး လူသုံးဆယ်ခန့် ထိုင်နှင့်ပြီးဖြစ်သည်။

လော့ချန်က တစ်ချက်အကဲခတ်ကြည့်လိုက်ရာ မျက်လုံးများက အနည်းငယ် မှေးကျဉ်းသွားသည်။

ထိုလူသုံးဆယ်ခန့်က ချီစွမ်းအင်အလှိုင်းများ အလွန်သန်မာလှပြီး အနိမ့်ဆုံးအဆင့်ရှိသူများပင် လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိသည့် သိုင်းသမားများ ဖြစ်ကြသည်။ အများစုမှာ ထုံရွှမ်တတိယနယ်ပယ်ရှိ သိုင်းသမားများ ဖြစ်သည်။

ထိုအထဲတွင် လူအနည်းငယ်က ချီစွမ်းအင်အလှိုင်းများသည် ရေလှိုင်းကဲ့သို့ အားပြင်းလှပြီး ထုံရွှမ်တတိယနယ်ပယ်အထွဋ်အထိပ်ရှိ ထူးချွန်သူများဖြစ်နိုင်သည်။

“ဟယ်... မင်းပဲ...”

ရုတ်တရက် အာမေဋိတ်သံတစ်ခု ထွက်ပေါ်လာပြီး လူရိပ်တစ်ခုက ထရပ်လိုက်သည်။

လော့ချန်က တစ်ချက်ကြည့်လိုက်ရာ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

ထိုသူသည် ယခင်က မင်းသမီးလေးဟွာနောက်လိုက်လာခဲ့သည့် အရပ်ရှည်သော လူငယ်ဖြစ်နေသည်။

ဤမျှ တိုက်ဆိုင်မှုရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုသူသည်လည်း မြူခိုးရိပ်ခြေလှမ်းကို ရွေးချယ်လေ့ကျင့်နေခြင်း ဖြစ်သည်။

ဂိုရှန်းသည်လည်း မထင်မှတ်ထားသဖြင့် လော့ချန်ကို ကြည့်ရင်း အကြံအစည်ဖြင့် ရယ်မောလိုက်သည်။

“မင်းဒီကို ဘာလုပ်ဖို့ရောက်လာတာလဲ... ဟားမဟုတ်မှလွဲရော မင်းလို အသုံးမကျတဲ့သူက မြူခိုးရိပ်ခြေလှမ်းကို လေ့ကျင့်ချင်နေတာလား...”

လော့ချန်က မျက်နှာထက်တွင် တည်ငြိမ်မှုသာ ထင်ဟပ်လျက် ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ယူပြီး လေ့ကျင့်ရေးကွင်းရှေ့ရှိ ကျောက်စိမ်းပြားထဲသို့ ထည့်လိုက်ကာ အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

"ဟမ်..."

ဤလုပ်ရပ်က လူအများ၏အာရုံကို ချက်ချင်းဆွဲဆောင်လိုက်သည်။

လော့ချန်သည် လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးခုသာရှိသည်ကို မြင်သောအခါ လူတို့က ပို၍ပင် အံ့အားသင့်သွားကြသည်။

လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးခုရှိသူတစ်ဦးက မြူခိုးရိပ်ခြေလှမ်းကို ရွေးချယ်လေ့ကျင့်ရဲသည်မှာ ယခင်က မကြုံဖူးသေးပေ။

ဤအရာသည် အချိန်ဖြုန်းသလိုဖြစ်ပြီး ဉာဏ်အမြော်အမြင်ထူးချွန်သည့် သိုင်းပညာထူးချွန်သူတစ်ဦးမဟုတ်လျှင် မဖြစ်နိုင်ပေ။

“ဒီလူက ဘယ်သူလဲ... လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးခုရှိတဲ့သူက မြူခိုးရိပ်ခြေလှမ်းကို ရွေးချယ်ရဲတယ်တဲ့...”

“မဟုတ်မှလွဲရော အခုမှအသစ်ဝင်လာတဲ့ ထူးချွန်သူတစ်ယောက်ဖြစ်မလား... မကြာသေးခင်က ဂိုဏ်းပြင်ပစည်းမှာ ကြယ်ကိုးပွင့်သိုင်းဝိညာဉ်ရှိတဲ့ ထူးချွန်သူတွေ အသစ်ရောက်လာတယ်လေ... အဲဒီထဲက လင်ချူးလန်ဆိုတဲ့သူက အသက်ဆယ့်ငါးနှစ်မပြည့်သေးဘဲ ဓားနှလုံးအဆင့်အလယ်တန်းနီးကပ်နေပြီး တစ်သောင်းမှာ တစ်ယောက်သာရှိတဲ့ ဓားသိုင်းထူးချွန်သူတစ်ယောက်ပဲ... သူ့ရဲ့ ဉာဏ်အမြော်အမြင်ကလည်း ထူးချွန်လှတယ်...”

လော့ချန်က လေ့ကျင့်ရေးကွင်းထဲသို့ ဝင်ရောက်လာသည်ကို မြင်သောအခါ လူတို့က အသံအုပ်အုပ်ဖြင့် ဆွေးနွေးနေကြသည်။ သူ၏အထောက်အထားကို ခန့်မှန်းရင်း စကားများနေကြသည်။

ဂိုရှန်းသည်လည်း တခဏမှင်သက်မိသွားပြီး ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“လော့ချန်... မင်းလို အသုံးမကျတဲ့သူက တကယ်ပဲ ဝင်လာရဲသေးတယ်ပေါ့... မြူခိုးရိပ်ခြေလှမ်းက ဘယ်လိုအဆင့်ရှိတဲ့ သိုင်းပညာလဲ မင်းသိရဲ့လား... မင်းလို အရည်အချင်းနဲ့ဆိုရင် တစ်သက်လုံး တံခါးဝတောင် မထိနိုင်ဘူး...”

“ချီစွမ်းအင်ဆေးလုံးတွေကို အလဟဿမဖြုန်းနဲ့တော့... အမြန်ပြန်ထွက်သွားစမ်း... မင်းလို အလုပ်သင်တပည့်က အဲဒီနေရာမှာပဲ နေသင့်တယ်...”

ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတို့က လော့ချန်၏ အထောက်အထားကို ခန့်မှန်းမိသွားကြသည်။

“သူက အဲဒီလော့ချန်ပဲ... အသုံးမကျတဲ့သူတစ်ယောက်က မြူခိုးရိပ်ခြေလှမ်းကို လေ့ကျင့်ချင်တယ်တဲ့... တကယ်ကို ရယ်စရာပဲ...”

“ချီယွမ်စမ်းသပ်မှုမှာ ပထမနေရာရခဲ့တာနဲ့ တကယ်ပဲ ကိုယ့်ကိုယ်ကို ထူးချွန်သူလို့ ထင်နေတာလား... ဒီလောက် မိုးနဲ့မြေမသိတဲ့သူကြောင့်ပဲ ဆရာကြီးကျင်းမင်တို့ကို ရန်စခဲ့တာ...”

လူတို့က အသံအုပ်အုပ်ဖြင့် ဆွေးနွေးနေကြပြီး သူတို့၏လေသံထဲတွင် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေသည်။

ဂိုဏ်းပြင်ပစည်းတပည့်များက အလုပ်သင်တပည့်များကို အမြဲတစေ မထီမဲ့မြင်ပြုကြသည်။

အလုပ်သင်တပည့်တစ်ဦးက ဂိုဏ်းပြင်ပစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ခံရသည်ပင်ဖြစ်စေ ထိုအရာသည် မပြောင်းလဲပေ။

အထူးသဖြင့် ထိုသူက အသုံးမကျသည့် သိုင်းဝိညာဉ်ကို နိုးကြားထားသည့် အသုံးမကျသူတစ်ဦးဖြစ်နေလျှင် ပိုလို့ပင်။

ဤလူတို့၏ မျက်လုံးများထဲတွင် လော့ချန်က သူတို့နှင့် တူညီသောလေ့ကျင့်ရေးကွင်းတွင် အတူတကွ လေ့ကျင့်ရန် အရည်အချင်း မရှိပေ။

လော့ချန်၏ စိတ်ထဲတွင် ဒေါသတစ်ခုကို ဖုံးကွယ်ထားရင်း ဂိုရှန်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။

“ငါခြေထောက်နဲ့ငါ... ငါ ဘာကိုလေ့ကျင့်လေ့ကျင့် ဘယ်ကိုသွားသွား မင်းနဲ့ ဘာဆိုင်လဲ... မင်းက ဒီလောက် စကားကြီးစကားကျယ်တွေ ပြောနေတာ မြူခိုးရိပ်ခြေလှမ်းကို ဘယ်အဆင့်ထိ ကျင့်ကြံထားပြီးပြီလဲ... ပြည့်စုံမှုအဆင့်ထိ ရောက်သွားပြီလား... ဒါမှမဟုတ် ပြောင်းလဲမှုအဆင့်ထိရောက်သွားပြီလား...”

သူ၏ မျက်နှာထက်တွင် မထီမဲ့မြင်ပြုသည့် အပြုံးတစ်ခု ထင်ဟပ်နေသည်။

All Chapters