← Chapters

ဒီလောက်နဲ့ ငါနဲ့ယှဉ်မယ်လား

Vol. 8 Ch. 113

ဒီလောက်နဲ့ ငါနဲ့ယှဉ်မယ်လား

Vol. 8 Ch. 113

ယွမ်ယွမ်တောင်ကြား၊ သိုင်းလေ့ကျင့်ကွင်းနံပါတ် သုံးဆယ့်ခုနစ်။

“လော့ချန်က တကယ်ကို အမိုက်စားပဲ... ဂိုမင်နဲ့ နှုန်းမြန်မှုယှဉ်ရဲတယ်တဲ့... ဂိုမင်က လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိတဲ့သူလေ... သူ့ရဲ့သွေးစွမ်းအင်က ထကြွထက်သန်နေပြီး ချီစွမ်းအင်က မီးလျှံလိုပူပြင်းတယ်... ဆင်သုံးကောင်စွမ်းအားနဲ့ ပေါင်ခုနစ်သောင်းငါးထောင်အထိ အင်အားရှိတယ်... ဒါက သံပြားပေါ်ခုန်ပြီး တိုက်မိတာနဲ့ အတူတူပဲမဟုတ်လား…”

“ဟာ… မင်းကများ ဘာသိလို့လဲ... နှုန်းမြန်မှုမှာ ရှုံးသွားရင် စွမ်းအားအဆင့်နိမ့်တယ်လို့ အကြောင်းပြလို့ရသေးတယ်... အနည်းဆုံး မျက်နှာမပျက်ရဘူးလေ…”

“ဟုတ်သားပဲ... ဒါဆို လော့ချန်က ဒီပြိုင်ပွဲမှာ ရှုံးမယ်ဆိုတာ သိပြီးသားပဲ... ဒါပေမဲ့ သိပ်မဆိုးရွားအောင် ရှုံးချင်တာပဲ ထင်တယ်…”

“ဒါပေါ့…”

လူအုပ်ကြီးထဲတွင် ဆွေးနွေးသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ ဤနေရာတွင် လော့ချန်အနိုင်ရမည်ဟု ထင်မြင်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။

“ပြီးသွားပြီ… ”

ကူးလင်ဖန်လည်း ခေါင်းကို ခါယမ်းလိုက်သည်။

သူ့စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ်လေး ကျန်ရှိနေသေးသည်။ သို့သော် နှုန်းမြန်မှုယှဉ်ပြိုင်ရမည်ဟု ကြားလိုက်ရသည့်အခါ ထိုမျှော်လင့်ချက်လေးမှာ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။

“အံ့ဖွယ်တစ်ခုခုဖြစ်ပါစေ…”

ယွမ်ချီလန်က ယွမ်ယွမ်တောင်ကြား၏ ဝင်ပေါက်ကို ငေးကြည့်ရင်း တိတ်တဆိတ် ဆုတောင်းနေသည်။

ယွမ်ယွမ်တောင်ကြားအပြင်ဘက်...

လော့ချန်နှင့် ဂိုမင်တို့က တစ်ယောက်နှင့်တစ်ယောက် ရှေ့နောက် လျင်မြန်စွာ ပြေးထွက်သွားကြသည်။ သေချာစွာ ကြည့်လိုက်လျှင် သူတို့နှစ်ဦးစလုံးက မြူခိုးရိပ်ခြေလှမ်းဆိုသည့် တူညီသော သိုင်းကွက်ကို အသုံးပြုနေကြသည်။

ဂိုမင်က ရှေ့မှပြေးနေရင်း လော့ချန်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး မျက်လုံးများကို အနည်းငယ်မှေးကျဉ်းလိုက်သည်။

“မြူခိုးရိပ်ခြေလှမ်းရဲ့ အခြေခံကို တကယ်ကြီး ကျွမ်းကျင်ထားတာပဲ... ဒါကြောင့်လည်း ဒီလောက်မာန်တက်နေတာကိုး…”

ဂိုမင်သည် သူသင်ယူရန် နှစ်လ၊ သုံးလ ကြာခဲ့ရသည့် မြူခိုးရိပ်ခြေလှမ်း၏ အခြေခံကို သုံးရက်အတွင်း လော့ချန်က ကျွမ်းကျင်သွားလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။

“ဒါပေမဲ့ မင်းက မာနကြီးလွန်းတယ်... မိုက်မဲတာလည်းဖြစ်သေးတယ်... ငါနဲ့ နှုန်းမြန်မှုကို ယှဉ်ရဲတယ်တဲ့လား... ဒါဆို မင်းကရှုံးပြီး အရှက်ကွဲမှာ သေချာတယ်…”

ဂိုမင်၏ မျက်လုံးများထဲတွင် အေးစက်စက်အရိပ်အမြွက်များ ဖြတ်ပြေးသွားပြီး စိတ်ထဲတွင် လှောင်ပြောင်ရယ်မောနေသည်။ သူ့မှာ အနည်းငယ်မျှ ထိတ်လန့်မှု မရှိပေ။

လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိသူတစ်ဦးအနေဖြင့် သူက နှုန်းမြန်မှုတွင် မူလကတည်းက အားသာချက် ရှိသည်။ အနိုင်ရရန်မှာ လက်ဖျားလှုပ်လောက်သာ လွယ်ကူလှသည်။

“ရှူး…”

ဂိုမင်က အသက်ကို နက်ရှိုင်းစွာ ရှူသွင်းလိုက်ပြီး နှုန်းမြန်မှုကို ထပ်မံတိုးမြှင့်လိုက်သည်။ လော့ချန်နှင့် အကွာအဝေးကို တဖြည်းဖြည်း ချဲ့ထွင်လိုက်သည်။

လော့ချန်ကမူ အနည်းငယ်မျှ အလျင်မလိုဘဲ ဂိုမင်နောက်မှ လိုက်ပြေးနေသည်။

ချီစွမ်းအင်ကို အသုံးပြုနိုင်ခြင်းက သူ့အတွက် ယခုအချိန်တွင် အကြီးမားဆုံး အားသာချက် ဖြစ်သည်။ ထို့ကြောင့် လူအများရှေ့တွင် စောစီးစွာ ထုတ်ဖော်ပြသလိုခြင်း မရှိပေ။

သို့သော် သလင်းပြာတောင်သို့ သွားရာလမ်းတွင် ကြီးမားသော တောအုပ်တစ်ခုကို ဖြတ်ရမည်ဖြစ်သည်။ ထိုအချိန်ရောက်မှသာ ဂိုမင်ကို ကျော်တက်ရန် သူစီစဉ်ထားသည်။

တစ်နာရီခန့်အကြာတွင် ရှေ့၌ တောအုပ်တစ်ခု ပေါ်လာသည်။ ထိုတောအုပ်ထဲတွင် သစ်ပင်ကြီးများ ထီးထီးမားမား ရှိနေပြီး မြူခိုးများ ဖုံးလွှမ်းနေကာ လမ်းသေးလမ်းကျဉ်းများစွာနှင့် သစ်ပင်မျိုးစုံ ပေါက်ရောက်နေသည်။

ဤအချိန်တွင် လော့ချန်က ဂိုမင်နောက်မှ မီတာနှစ်ရာ့သုံးရာခန့် အကွာအဝေးတွင် နောက်ကျကျန်နေခဲ့သည်။

“ကောင်လေး ငါ့ဖိနပ်အောက်ကိုလာလျက်ဖို့ ပြင်ထားလိုက်တော့…”

ဂိုမင်က လော့ချန်ကို တစ်ချက်လှည့်ကြည့်ပြီး ရက်စက်စွာ ပြုံးလိုက်ကာ တောအုပ်ထဲသို့ တန်းဝင်ပြေးသွားသည်။

ထို့နောက် ခဏအကြာတွင် လော့ချန်က အခြားလမ်းကျဉ်းတစ်ခုထဲသို့ ဝင်ပြေးသွားသည်။

“ဒီလောက်ဆို တော်လောက်ပြီ…”

လေးဖက်လေးတန်တွင် လူမရှိသည်ကို မြင်သည့်အခါ လော့ချန်က ချက်ချင်း ချီစွမ်းအင်ကို လည်ပတ်လိုက်ပြီး မြူခိုးရိပ်ခြေလှမ်းကို အသုံးပြုလိုက်သည်။

“ရှူး…”

ထို့နောက် လော့ချန်၏ နှုန်းမြန်မှုက ရုတ်တရက် ဆယ်ဆခန့်ထိ မြင့်တက်သွားပြီး တောအုပ်ထဲတွင် အရိပ်တစ်ခုကဲ့သို့ လျှပ်တစ်ပြက် ပြေးထွက်သွားသည်။ သစ်ပင်များကြားရှိ မြူခိုးများပင် ရှည်လျားသော လမ်းကြောင်းတစ်ခုအဖြစ် ကွဲထွက်သွားသည်။

ဤနှစ်ရက်အတွင်း လော့ချန်က ကောင်းကင်အိုးလက်သီးစွမ်းရည်ကို လေ့ကျင့်ရင်း အာရုံမစိုက်နိုင်သည့်အခါမျိုးတွင် မြူခိုးရိပ်ခြေလှမ်းကို အနည်းငယ် လေ့ကျင့်ထားသည်။ ယခုအခါ ထိုသိုင်းကွက်မှာ အတော်အတန် ကျွမ်းကျင်လာပြီ ဖြစ်သည်။

ခြေလှမ်းများ ပို၍လျင်မြန်လာပြီး လော့ချန်၏ အရိပ်က ပိုမိုရှည်လျားလာသည်။ သူ၏ နှုန်းမြန်မှုလည်း ပိုမိုမြန်ဆန်လာပြီး ခြေဖျားထိပ်ကို တစ်ချက်ထိလိုက်ရုံဖြင့် ဆယ်မီတာကျော် ခုန်ထွက်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ မြေပြင်ပေါ်တွင် လွင့်ပျံနေသလို ခံစားရသည်။

မကြာမီတွင် လော့ချန်က တောအုပ်ထဲမှ ထွက်လာခဲ့သည်။

အနီးတစ်ဝိုက်တွင် စိမ်းစိုလှပပြီး ဝိညာဉ်မြူခိုးများ ဖုံးလွှမ်းနေသည့် သလင်းပြာတောင်က မြေပြင်ပေါ်တွင် ထီးထီးမားမား ရပ်တည်နေသည်။

“အဲ့ဒီကောင်က အခုထိ တောအုပ်ထဲမှာပဲ ရှိသေးမှာပေါ့…”

လော့ချန်က တောအုပ်ထဲသို့ တစ်ချက်လှည့်ကြည့်လိုက်ရင်း မျက်လုံးများထဲတွင် စွမ်းအင်အလင်းတန်း လက်ခနဲ ဖြတ်ပြေးသွားသည်။

ဂိုမင်က ယခင်ကဲ့သို့ နှုန်းမြန်မှုဖြင့်ဆက်လျှင် ယခုအချိန်တွင် တောအုပ်၏ ဗဟိုအထိပင် မရောက်သေးပေ။

လော့ချန်က သိပ်မမှုပဲ သလင်းပြာတောင်သို့ တန်းပြေးသွားသည်။

သလင်းပြာတောင်၏ ခြေရင်းတွင် အမြင့်ဆယ်တောင်ကျော်ရှိသည့် ကြီးမားသော ကျောက်တုံးတစ်တုံး စောင်းလျောင်းနေသည်။ ထိုကျောက်တုံးပေါ်တွင် နဂါးပျံဖီးနစ်လွင့်သော စာလုံးသုံးလုံးဖြစ်သည့် “သလင်းပြာတောင်” ဟူသော စာသားကို ရေးထိုးထားသည်။

ဤသည်မှာ သလင်းပြာတောင်၏ နယ်နိမိတ်ကျောက်တိုင်ပင် ဖြစ်သည်။

လော့ချန်၏အရိပ်က တစ်ချက်လှုပ်ရှားလိုက်ပြီး ကျောက်တိုင်၏ ဘယ်ဘက်ခြမ်းသို့ ရောက်လာသည်။ ထို့နောက် လက်ဖဝါးအား အားအပြည့်ဖြည့်ကာ ကျောက်တိုင်ပေါ်သို့ တစ်ချက်ဖိပုတ်လိုက်သည်။

“ဘုန်း…”

ထိုကျောက်တိုင်၏ ပစ္စည်းက အလွန်မာကျောသဖြင့် လော့ချန်၏ အင်အားဖြင့်ပင် လက်မဝက်အနက်ရှိသည့် လက်ရာတစ်ခုကိုသာ ချန်ထားနိုင်ခဲ့သည်။ လော့ချန်က ခဏစဉ်းစားပြီးနောက် ကြယ်ကြွေဓားကို ထုတ်ယူလိုက်သည်။

“ရွှပ်… ရွှပ်… ရွှပ်…”

ဓားသည် နဂါးအမြီးကဲ့သို့ လှုပ်ရှားလျက် လော့ချန်၏ လက်ရာနားက ကျောက်သားတစ်ခုပေါ်တွင် “လော့ချန်” ဟူသော စာလုံးနှစ်လုံးနှင့် ရက်စွဲကို ထွင်းထားလိုက်သည်။

“ဒီလိုဆိုရင်တော့ ဘာမှ ပြောစရာမရှိတော့ဘူးပေါ့…”

လော့ချန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဓားကို အိတ်ထဲသို့ ပြန်ထည့်ကာ လာရာလမ်းအတိုင်း ပြန်ပြေးသွားသည်။

တောအုပ်အစွန်းသို့ ထပ်မံရောက်ရှိချိန်တွင် ဂိုမင်ကို လုံးဝ မတွေ့ရသေးပေ။

“သူ့ရဲ့နှုန်းမြန်မှုကို ငါ အထင်ကြီးလွန်းသွားတာပဲ…”

လော့ချန်က တစ်ယောက်တည်း ရေရွတ်လိုက်ပြီး ခေါင်းခါလျက် တောအုပ်ထဲသို့ ပြန်ဝင်သွားသည်။

အသက်ရှူသံ ဆယ်ကြိမ်ကျော်အကြာတွင်…

“ရှူး…”

အရိပ်တစ်ခုက တောအုပ်ထဲမှ ထွက်ပေါ်လာသည်။ ထိုသူမှာ ဂိုမင်ပင် ဖြစ်သည်။

ဂိုမင်က နယ်နိမိတ်ကျောက်တိုင်သို့ အပြေးအလွှားရောက်လာပြီး လက်ရာတစ်ခုချန်ထားကာ လော့ချန်၏အရိပ်ကို မတွေ့ရသဖြင့် မျက်နှာပေါ်တွင် မာန်တက်စွာ ပြုံးလိုက်သည်။

“ဒီလောက်နဲ့ ငါနဲ့ နှုန်းမြန်မှုယှဉ်မယ်တဲ့လား… ဒီတစ်ခါဆို မင်းကို စိတ်နှလုံးအပြည့်နဲ့ လက်ခံအောင် အရှုံးကိုပြရမယ်... လူအများရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အမှိုက်တစ်ယောက်လို့ ဝန်ခံရမယ်…”

ချီစွမ်းအင်ဆေးလုံးများ အကြီးအကျယ် ရရှိမည်ဖြစ်ပြီး လော့ချန်၏ မျက်နှာကို လူအများရှေ့တွင် နင်းချေနိုင်မည်ဟု တွေးမိရင်း ဂိုမင်က စိတ်လှုပ်ရှားစွာ မြူခိုးရိပ်ခြေလှမ်းကို အသုံးပြုကာ လာရာလမ်းအတိုင်း ပြန်ပြေးသွားသည်။

ယွမ်ယွမ်တောင်ကြား၊ သိုင်းလေ့ကျင့်ကွင်းနံပါတ် သုံးဆယ့်ခုနစ်...

အချိန်ကုန်လွန်လာသည်နှင့်အမျှ လူအုပ်ကြီး၏ အကြည့်များက ပို၍ စိတ်အားထက်သန်လာသည်။

ဤပြိုင်ပွဲ၏ ရလဒ်က ကြိုတင်သိထားပြီးဖြစ်သော်လည်း နိဂုံးမဖော်ပြမီ လူအုပ်ကြီးက မျှော်လင့်စိတ် လှုပ်ရှားနေဆဲ ဖြစ်သည်။

အပြင်စည်းတပည့်များစွာက လော့ချန်သည် ဂိုမင်ထက် မည်မျှ နောက်ကျကျန်မည်ကို ခန့်မှန်းပြောဆိုနေကြသည်။

“ငါကြည့်ရတာ လော့ချန်က အနည်းဆုံး သုံးမိနစ်လောက်တော့ နောက်ကျမယ်ထင်တယ်…”

“ဟာ… ရန်ရှီ မင်း သူ့ကို အထင်ကြီးလွန်းနေပြီ... အမှိုက်တစ်ယောက်က ဂိုမင်နဲ့ တန်းတူယှဉ်နိုင်စရာ အကြောင်းမရှိဘူး... အနည်းဆုံး ဆယ်မိနစ်လောက်တော့ နောက်ကျမှာပဲ…”

လူအုပ်ထဲတွင် ဆွေးနွေးသံများ ဆူညံစွာ ထွက်ပေါ်နေသည်။

“ချီစွမ်းအင်ဆေးလုံးတွေ ထုတ်ပေးလိုက်တော့…”

ထိုအချိန်တွင် လူအုပ်ထဲမှ ပုဂ္ဂိုလ်အနည်းငယ်က ယွမ်ချီလန်ရှိရာသို့ ရောက်လာကြသည်။ ၎င်းတို့မှာ ဂိုမင်နှင့်အတူ လောင်းထားသည့် အပြင်စည်းတပည့်များပင်။

ယွမ်ချီလန်က မျက်ခုံးများ တွန့်သွားပြီး အထုပ်ကို ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ဖက်ထားသည်။

“ဘာလို့လဲ… ပြိုင်ပွဲက မပြီးသေးဘူးလေ…”

ကျူးမင်က အနည်းငယ်ဝသော ခန္ဓာကိုယ်ဖြင့် ရယ်မောလျက် ပြောသည်။

“ပြီးမပြီးက အရေးကြီးလို့လား… မင်းကများ လော့ချန်က ဂိုမင်ကို အနိုင်ရလိမ့်မယ်လို့ စိတ်ကူးယဉ်နေတာလား…”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ… ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲပြီးမှ ပြောကြတာပေါ့…”

ယွမ်ချီလန်က နီရဲသော နှုတ်ခမ်းများကို ဖွဖွလေး ကိုက်ထားသည်။

သူမစိတ်ထဲတွင်လည်း လော့ချန် အနိုင်ရလိမ့်မည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။ သို့သော် ယခုအချိန်တွင် အလျင်အမြန် အရှုံးပေးလိုက်လျှင် မျက်နှာပျက်စရာ ဖြစ်နေပေလိမ့်မည်။

“ဟာ…”

ကျူးမင်က မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် ခေါင်းခါလိုက်သည်။

“မင်းကများ အမှိုက်တစ်ယောက်ကို မျှော်လင့်ချက်ထားနေတာ…”

ကျူးမင်၏ စကားမဆုံးမီ ရုတ်တရက် အံ့ဩသံတစ်ခု ထွက်ပေါ်လာသည်။

“အို့… တစ်ယောက်ယောက် ပြန်ရောက်လာပြီထင်တယ်။ ဂိုမင်ဖြစ်မှာလား…”

အဝေးတွင် အရိပ်တစ်ခုက သိုင်းလေ့ကျင့်ကွင်းနံပါတ် သုံးဆယ့်ခုနစ်သို့ ပြေးလာနေသည်။

“မဖြစ်နိုင်ဘူး... ဒီလောက်မြန်မြန်နဲ့ ဘယ်လိုလုပ် ပြန်ရောက်လာနိုင်မှာလဲ... ဂိုမင်ဆိုရင်တောင် ဒီလောက်မြန်ဖို့ မဖြစ်နိုင်ဘူး…”

“အင်း… တိုက်ဆိုင်တာပဲ ဖြစ်မှာပေါ့…”

လူအုပ်ထဲမှ အကြည့်များက တစ်ပြိုင်နက်တည်း ထိုအရိပ်ဆီသို့ ဦးတည်သွားသည်။

လူအများစုက ပြန်ရောက်လာသူသည် ဂိုမင်ဖြစ်ဖို့ မဖြစ်နိုင်ဟု ထင်မြင်ကြသည်။

ယွမ်ယွမ်တောင်ကြားမှ သလင်းပြာတောင်သို့ အကွာအဝေးက ဆယ်မိုင်ကျော် ရှိသည်။ ဂိုမင်၏ နှုန်းမြန်မှုဖြင့်ပင် ဤမျှလျင်မြန်စွာ သွားလာ၍ မရနိုင်ပေ။

လော့ချန်ကိုဆိုလျှင် မည်သူမျှ စဉ်းစားမထားခဲ့ပေ။ အကြောင်းမှာ ၎င်းက လုံးဝမဖြစ်နိုင်သောကြောင့်ပင်။

ထိုအရိပ်က အလွန်မြန်ဆန်စွာ ပြေးလာပြီး ခဏအကြာတွင် သိုင်းလေ့ကျင့်ကွင်းနံပါတ် သုံးဆယ့်ခုနစ်မှ တစ်ရာမီတာ အကွာအဝေးသို့ ရောက်ရှိလာသည်။

ထိုအခါမှသာ လူအုပ်ကြီးက ရောက်လာသူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့ရသည်။

လရောင်ဖြူရောင် အပြင်စည်းတပည့်၏ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်ပေါ်တွင် ရွှမ်ယွမ်ဂိုဏ်း၏ အပြင်စည်းတပည့်များ၏ “ရွှမ်” စာလုံးပုံစံ ထူးခြားစွာ ရိုက်နှိပ်ထားသည်။ ခါးတွင် ဓားရှည်တစ်လက်ကို သိုင်းထားပြီး ထူးခြားသော ကျက်သရေရှိမှုကို ပြသနေသည်။

ရောက်လာသူကို မြင်တွေ့လိုက်ရသည့်အခါ ဆူညံသံများက ရုတ်တရက် တိတ်ဆိတ်သွားပြီး မျက်လုံးတစ်စုံချင်းစီက ပြူးကျယ်စွာ ဖြည့်နှက်လျက် တိတ်ဆိတ်မှုက ထိတ်လန့်ဖွယ်ရာ ဖြစ်လာသည်။

ရှူးကွမ်ချီက မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်သည်။

“ဘယ်လိုလုပ်ပြီး သူဖြစ်နိုင်မှာလဲ…”

“ရွှတ်…”

အရိပ်တစ်ခုက တစ်ချက်လှုပ်ရှားလိုက်ပြီး သိုင်းလေ့ကျင့်ကွင်းနံပါတ် သုံးဆယ့်ခုနစ်ရှေ့သို့ ရောက်လာသည်။ ထိုသူမှာ လော့ချန်ပင် ဖြစ်၏။

All Chapters