ယနေ့ လော့ချန် သေရမည်
Vol. 8 Ch. 115
“တကယ်ပဲ လက်ဖဝါးရာ ထင်နေတာပဲ...”
“လော့ချန်ပြောတာတွေ အမှန်ဖြစ်နိုင်တယ်လား... သူက ဂိုမင်ထက် အမွှေးတိုင်သုံးချောင်းစာ စောရောက်ပြီး ပြိုင်ပွဲကို ပြီးမြောက်ခဲ့တာလား...”
ထို့နောက် မထင်မှတ်ထားသည့် လက်ဖဝါးရာကို နယ်စည်းကျောက်တိုင်ပေါ်တွင် တွေ့လိုက်ရသဖြင့် လူအုပ်ကြီးက အံ့အားသင့်ကာ မယုံကြည်နိုင်သော မျက်နှာများဖြင့် တအံ့တသြ ဖြစ်နေကြသည်။
ဂိုမင်ဘက်မှ လောင်းကစားထားသည့် ပြင်ပစည်းဂိုဏ်းသားတချို့ကမူ ထိုလက်ဖဝါးရာထဲတွင် ချို့ယွင်းချက် တစ်စုံတစ်ရာ ရှာဖွေရန် အလျင်အမြန်ပင် ပြေးတက်သွားကြသည်။
သို့သော် ထိုလက်ဖဝါးရာက လော့ချန်၏ ညာလက်ဖဝါးနှင့် တစ်ပုံစံတည်း ထပ်တူထပ်မျှ ဖြစ်နေသဖြင့် မည်သည့် ချို့ယွင်းချက်မှ ရှာမတွေ့ခဲ့ကြပေ။
လော့ချန်က ဂိုမင်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်း ရှုံးပြီ...”
“မဖြစ်နိုင်ဘူး...”
ဂိုမင်တစ်ယောက် သွေးတက်လာသည့်ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရပြီး လည်ပင်းနှင့် မျက်နှာတစ်ခုလုံး ချက်ချင်း နီရဲတက်လာသည်။ သူက လော့ချန်ကို ဒေါသတကြီး စိုက်ကြည့်ရင်း အော်ပြောလိုက်သည်။
“မင်းလို အသုံးမကျတဲ့ကောင်က ငါ့ထက် ဘယ်လိုလုပ်ပြီး မြန်နိုင်မှာလဲ... မင်း လှည့်စားထားတာ သေချာတယ်... ဟုတ်တယ်... မင်း လှည့်စားထားတာပဲ... ဒီလက်ဖဝါးရာက ပြဿနာရှိတယ်...”
“ဟုတ်တယ်... လှည့်စားထားတာ သေချာတယ်...”
“ဟုတ်တယ်... လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိတဲ့ သိုင်းသမားတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်မြန်နိုင်မှာလဲ... ဒါက လုံးဝမဖြစ်နိုင်ဘူး...”
ထို့နောက် ကူးဝမ်နှင့်အတူ တခြားသူများလည်း အံ့အားသင့်စွာ နိုးထလာကာ တစ်ယောက်တစ်ပေါက် အော်ဟစ်ကြသည်။
လော့ချန်က ထိုသူများကို အေးစက်စွာ တစ်ချက်လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်များက သံမဏိအပ်များကဲ့သို့ စူးရှလှသည်။
“ပြိုင်ပွဲစည်းမျဉ်းကို မင်းတို့က သတ်မှတ်တာ... ရောက်ရမယ့်နေရာကိုလည်း မင်းတို့ကပဲ သတ်မှတ်ထားတာ... ငါက တစ်ခွန်းတလေတောင် ပြောခဲ့ဖူးလား... အခု ငါကို လှည့်စားတယ်လို့ ပြောနေတာလား... ငါက အနာဂတ်ကို ကြိုတင်သိနိုင်တဲ့သူများလား...”
ကူးဝမ်က ဒေါသတကြီး ဟမ်းခနဲ အော်လိုက်သည်။
“ဟမ်... မင်းက ဘယ်လိုနည်းနဲ့ လှည့်စားထားမှန်း ဘယ်သူသိမှာလဲ... မင်းက ဒီသလင်းပြာတောင်မှာ နေတာဆိုတော့ ဒီနယ်စည်းကျောက်တိုင်ပေါ်မှာ လက်ဖဝါးရာ ထည့်ထားတာ တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်တာပဲ...”
လော့ချန်က လှည့်စားခဲ့သည်ဖြစ်စေ မလှည့်စားခဲ့သည်ဖြစ်စေ ထိုကိစ္စက အရေးမကြီးပေ။ အရေးကြီးသည်မှာ လော့ချန်ဘက်မှ ထောက်ခံပြောဆိုပေးမည့်သူ တစ်ယောက်မှ မရှိခြင်းပင်ဖြစ်သည်။ ထို့ပြင် ဤကိစ္စမျိုးကို ချေပရန်လည်း မဖြစ်နိုင်ပေ။
သူတို့အားလုံး တစ်ညီတစ်ညွတ်တည်း ပြောဆိုလိုက်ကြလျှင် လော့ချန်ကို လှည့်စားသူအဖြစ် စွပ်စွဲပြီး အတည်ပြုလိုက်နိုင်မည် ဖြစ်သည်။
အခြားပြင်ပစည်းဂိုဏ်းသားများကမူ အေးစက်စွာ ဘေးမှ ကြည့်နေကြသည်။
အလုပ်သင်တပည့်တစ်ဦးအဖြစ်မှ တက်လာသည့် အသုံးမကျသူတစ်ယောက်ကို စွပ်စွဲခံရလျှင်လည်း စွပ်စွဲခံရသည်ပင်။ ရှုံးသွားလျှင် ပိုကောင်းမည်ဟု ထင်နေကြသည်။
ယွမ်ကျီလန်နှင့် တခြားသူ အနည်းငယ်ကမူ လော့ချန်အတွက် မတရားခံရသည်ဟု ခံစားရသော်လည်း သူတို့၏အဆင့်အတန်းမှာ နိမ့်ကျလွန်းသဖြင့် မည်သူမှ ဂရုမစိုက်ခဲ့ကြပေ။
ဂိုမင်က ထိုအခြေအနေကို မြင်လိုက်ရသဖြင့် ပိုမိုမာန်တက်လာပြီး မျက်လုံးများကို မှေးကျဉ်းကာ အော်ပြောလိုက်သည်။
“လော့ချန် အခုလို အနေအထားမှာ မင်းမှာ ဘာပြောစရာရှိသေးလဲ... မင်း လှည့်စားထားတာဆိုတော့ ဒီပြိုင်ပွဲမှာ မင်းက ရှုံးတာပဲ... ယွမ်ချီဆေးလုံးတွေကို ကောင်းကောင်းမွန်မွန် ထုတ်ပေးလိုက်မယ်ဆိုရင်... ငါက မင်းကို အနည်းငယ် ဂုဏ်သိက္ခာလေး ထားပေးလိုက်မယ်...”
လော့ချန်က အေးစက်စွာ ပြုံးလိုက်သည်။ ထိုသူများ၏ ရှက်ဖွယ်ကောင်းသော အပြုအမူများသည် သူ့မျက်စိရှေ့တွင် အလွန်ထင်ရှားစွာ ပေါ်လွင်နေ၏။ သို့သော် ထိုသူများ၏ အိပ်မက်လှလှလေးများက အချည်းနှီး ဖြစ်ရမည်သာ။
“ဟား... ဟား... ဟား... မင်းက အကြောင်းပြချက်လိုချင်တယ်ဆိုရင် ငါကမင်းကို အကြောင်းပြချက်ပေးမယ်...”
လော့ချန်က အေးစက်စွာ ပြုံးလိုက်ပြီး နယ်စည်းကျောက်တိုင်အနီးသို့ လျှောက်သွားကာ လူဦးခေါင်းအရွယ်ရှိ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး ဂိုမင်ဆီသို့ ပစ်ပေါက်လိုက်သည်။
"ဘုန်း…"
ဂိုမင်က ထိုကျောက်တုံးကို လက်ဖြင့်ဖမ်းလိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
“မင်း ဘာလုပ်တာလဲ... သတ္တိရှိလို့ တစ်ယောက်ချင်း တိုက်မယ်ဆိုရင် မင်းပြောလိုက်... အချိန်မရွေးဘူး...”
လော့ချန်က ထိုကျောက်တုံးကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
“မင်းရဲ့ ခွေးမျက်လုံးတွေနဲ့ သေချာကြည့်လိုက်...”
ဂိုမင်က ခေါင်းငုံ့ကြည့်လိုက်ရာ သူ၏မျက်နှာအရောင်က ချက်ချင်း ဖြူဖျော့သွားသည်။
ထို့နောက် အော်ဟစ်နေကြသည့် ပြင်ပစည်းဂိုဏ်းသား အနည်းငယ်သည်လည်း အသက်ရှူကြပ်နေသည့် ဘဲများကဲ့သို့ ရုတ်တရက် အသံတိတ်သွားကြသည်။
ကျောက်တုံးပေါ်တွင် လော့ချန်ဟူသည့် စာလုံးနှစ်လုံးနှင့် ယနေ့ရက်စွဲကို ထွင်းထားသည့် စာလုံးများက ထင်ရှားစွာ ရေးထိုးထားသည်။
လော့ချန်က အေးစက်စွာ ပြောလိုက်သည်။
“လက်ဖဝါးရာက တိုက်ဆိုင်မှုဖြစ်နိုင်တယ်ဆိုရင်... ဒီစာလုံးတွေကရော တိုက်ဆိုင်မှုဖြစ်နိုင်သေးတယ်လား... မင်းတို့ ရှုံးလို့ လောင်းကြေးမပေးချင်ရင် အခုပဲ ငါ့ရှေ့မှာ ဒူးထောက်ပြီး ဦးသုံးကြိမ်ချလိုက်... ငါက မင်းတို့ကို ခွင့်လွှတ်ပေးဖို့ စဉ်းစားပေးမယ်...”
ဂိုမင်၏ မျက်နှာအရောင်က မည်းမည်းညစ်ညစ် ဖြစ်နေသည်။ သူက လော့ချန်အား လှည့်စားသူဟု စွပ်စွဲလိုက်ပြီး ချက်ချင်းဆိုသလို သူ၏မျက်နှာကို ပြန်လည်ရိုက်ခံလိုက်ရကာ သူက အရှုံးကို လက်မခံချင်သူဖြစ်ပြီး တမင်သက်သက် စွပ်စွဲသူအဖြစ် အားလုံးရှေ့တွင် ရှင်းရှင်းလင်းလင်းဖြစ်သွားသည်။
ဂိုမင်က လူအုပ်ကြီးထဲတွင် မြို့စားသမီးကို တွေ့လိုက်ရသည်။ သူက မြို့စားသမီးကို ဖိတ်ကြားလာခဲ့ခြင်းမှာ သူ၏စွမ်းဆောင်မှုကို ပြသရန်ဖြစ်သော်လည်း နောက်ဆုံးတွင် သူကိုယ်တိုင်ကသာ လူရွှင်တော်တစ်ယောက်အဖြစ် ပြောင်းလဲသွားရသည်။
“ဒါ ယူလိုက်...”
ဂိုမင်က အံကြိတ်ထားရင်း ယွမ်ချီဆေးလုံးတစ်သေတ္တာကို လော့ချန်ထံ လှမ်းပေးလိုက်သည်။ သူ၏လက်များက အနည်းငယ်တုန်ရီနေသည်။ ဤယွမ်ချီဆေးလုံးများက သူ၏ စည်းစိမ်တစ်ခုလုံးပင် ဖြစ်သည်။
ဂိုမင်ဘက်မှ လောင်းထားသည့် ပြင်ပစည်းဂိုဏ်းသားများလည်း နှလုံးသားထဲတွင် သွေးများ ယိုစီးနေသလို ခံစားနေရသည်။
ယွမ်ချီဆေးလုံးကို ထုတ်ပေးပြီးနောက် ဂိုမင်က လှည့်ထွက်သွားတော့၏။
ယနေ့ သူ၏ဂုဏ်သိက္ခာက လုံးဝပြိုလဲသွားပြီဖြစ်သဖြင့် ဤနေရာတွင် တစ်စက္ကန့်မျှပင် ဆက်နေလိုခြင်း မရှိတော့ပေ။
“ဂိုမင် မင်းတစ်ခုခု မေ့နေတယ်ထင်တယ်...”
“ငါတို့ရဲ့ လောင်းကစားကတိကဝတ်ထဲမှာ ယွမ်ချီဆေးလုံးတင် မဟုတ်ဘူးလေ...”
ဂိုမင်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လော့ချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“မင်း တကယ်ပဲ ဒီကိစ္စကို ဒီလောက်ထိ ပြတ်သားအောင် လုပ်ချင်တာလား...”
လော့ချန်က မထီမဲ့မြင်ပြုသည့်ဟန်ဖြင့် အေးဆေးစွာ ပြန်မေးလိုက်သည်။
“တကယ်လို့ ငါ ရှုံးသွားခဲ့ရင် မင်းက ငါ့ကို လွှတ်ပေးမှာတဲ့လား...”
ဂိုမင်၏ နဖူးပေါ်ရှိ သွေးကြောများက ရုတ်တရက် ထင်ရှားစွာ ပေါ်ထွက်လာပြီး အကြာကြီး ရုန်းကန်နေပြီးနောက် မျက်လုံးများနီရဲလျက် တိုးညှင်းစွာ ပြောလိုက်သည်။
“ငါ မှားသွားတယ်... ငါကသာ အသုံးမကျတဲ့သူပါ...”
ထိုစကားတစ်ခွန်း ထွက်လာသည်နှင့် တစ်ဖက်တစ်ချက်ရှိ လူအုပ်ကြီးတစ်ခုလုံး ဆူညံသွားသည်။
ဂိုမင်တစ်ယောက် မူးမေ့လဲကျတော့မလို ဖြစ်နေသည်။
အသုံးမကျသူတစ်ယောက်ရှေ့တွင် လူအုပ်ကြီးအလယ်တွင် ခေါင်းငုံ့ပြီး အမှားဝန်ခံရသည်မှာ မယုံနိုင်လောက်သည့် အရှက်တကွဲ အကျိုးနည်းဖြစ်ရပ်ပင် ဖြစ်သည်။
လော့ချန်က ခေါင်းတစ်ချက်ညိတ်ပြီး ထပ်ပြောလိုက်သည်။
“မှတ်ထား... ဒီနေ့ကစပြီး မင်းက မြူခိုးရိပ်ခြေလှမ်းကို ဆက်လေ့ကျင့်ခွင့်မရှိတော့ဘူး...”
“ဘာ...”
ဂိုမင်တစ်ယောက် အံ့အားသင့်စွာ ရပ်တန့်သွားပြီး ထိုစကားကို သူကိုယ်တိုင် ပြောခဲ့ဖူးသည်ကို ယခုမှ ပြန်သတိရလိုက်သည်။
ဤသို့ဆိုလျှင် သူ လပေါင်းများစွာ ကြိုးစားလေ့ကျင့်ထားသည့် မြူခိုးရိပ်ခြေလှမ်းက အချိန်နှင့် အားအင်များကို အလဟဿ ဖြုန်းတီးလိုက်ရသည်နှင့် မခြားနားပေ။
"ဝေါ့…"
ထိုအကြောင်းကို စဉ်းစားမိသည်နှင့် ဂိုမင်တစ်ယောက် ဆက်လက် သည်းမခံနိုင်တော့ဘဲ သွေးတစ်ပွက်အန်လိုက်ပြီး ဒေါသတကြီးဖြင့် မူးမေ့လဲကျသွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့် နေရာတွင်ရှိသူအားလုံး အံ့အားသင့်စွာ တိတ်ဆိတ်သွားကြသည်။
ဤရလဒ်က ဤသို့ ဖြစ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့သလို လော့ချန်က ဤမျှပြတ်သားစွာ လုပ်ဆောင်ပြီး ဂိုမင်အား ဂုဏ်သိက္ခာတစ်စက်မျှပင် မချန်ထားခဲ့သည်ကိုလည်း မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။
လော့ချန်ကမူ မျက်နှာအမူအရာ အေးဆေးတည်ငြိမ်နေသည်။
သူတစ်ပါးကို စော်ကားသူသည် သူတစ်ပါးထံမှ စော်ကားခံရမည်သာ။ ဂိုမင်က ဤမျှ ရန်လိုစွာ ဖိအားပေးလာသဖြင့် သူက သနားညှာတာမှုပြုရန် မဖြစ်နိုင်ပေ။
“တကယ့်ကို အသုံးမကျတဲ့သူပဲ...”
လူအုပ်ထဲတွင် ရှရီ၏ဘေးတွင် ရပ်နေသည့် အစိမ်းရောင်ဝတ်ရုံဝတ်လူငယ်တစ်ဦးက မျက်နှာမည်းမည်းညစ်ညစ်ဖြင့် ပြောလိုက်သည်။
သူက ကောင်းမွန်သည့် ပြဇာတ်တစ်ခုကို ကြည့်ရှုရန် မျှော်လင့်ထားခဲ့သော်လည်း ရလဒ်က သူ၏ဆန္ဒနှင့် ဆန့်ကျင်ဘက် ဖြစ်သွားသည်။
“ယန်ချီဆရာကြီး ဒေါသမထွက်ပါနဲ့... သူလည်း ဒီလို ခဏလောက်ပဲ မာန်တက်နိုင်တာပါ...”
ရှရီက အေးစက်စွာ ပြုံးလိုက်ပြီး လော့ချန်ကို စူးစိုက်ကြည့်ရင်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။
ယန်ချီက အကြည့်လှည့်လိုက်ပြီး မေးလိုက်သည်။
“မင်း သူ့ကို အခုပဲ ဖြေရှင်းချင်တာလား... သေချာလုပ်နိုင်မှာလား... သူက ဂိုမင်ထက် ပိုမြန်နိုင်တယ်ဆိုတော့ သာမန်လူမဟုတ်ဘူးထင်တယ်...”
ရှရီက ရယ်ပြီး ပြောလိုက်သည်။
“စိတ်ချပါ... ငါက ကြယ်လေးပွင့်ဝိညာဉ်ဆေး မင်ကျင်းဆေးလုံးကို သောက်ထားတယ်... ဒီရက်ပိုင်း ငါ့ရဲ့ စွမ်းအားက အဆမတန် တိုးတက်လာပြီး နောက်ထပ်အဆင့်တစ်ခုကိုတက်ဖို့ နီးနီးကပ်ကပ်ဖြစ်နေပြီ... လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိတဲ့ သိုင်းသမားတွေကိုတောင် အလွယ်တကူ လွှမ်းမိုးနိုင်တယ်... အသုံးမကျတဲ့ကောင်တစ်ယောက်ကို ဖြေရှင်းဖို့ဆိုတာ လေညင်းခတ်သလောက်ပဲ အရမ်းလွယ်ကူတယ်...”
ယန်ချီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကောင်းပြီ... ဒါဆိုလည်း လုပ်လိုက်... မမေ့နဲ့... လုံးဝ သနားညှာတာမှု မပြဖို့ပေါ့... ငါတို့ မင်းသားတန်းကို ရန်စတဲ့သူဟာ သေရာလမ်းကို ရောက်ရမယ်ဆိုတာ လူအားလုံးကို သိစေရမယ်...”
“စိတ်ချပါ... ဒီနေ့ လော့ချန် သေရမယ်...”
“လော့ချန် အရင်တုန်းက ငါတို့ တစ်ကြိမ်တိုက်ဖူးပြီး ဘယ်သူအနိုင်ရမှန်း မသိခဲ့ဘူး... ဆက်ပြီး ထပ်တိုက်ကြဖို့ တိုက်ဝံ့ရဲ့လား...”
လော့ချန်က ရှရီကို အစောကတည်းက သတိထားမိထားပြီး အေးစက်စွာ ပြောလိုက်သည်။
“ဘာလို့ မရဲရမှာလဲ...”
ရှရီက ရက်စက်စွာ ပြုံးလိုက်ပြီး နေရာတွင်ရှိသည့် ဂိုဏ်းအကြီးအကဲများကိုကြည့်ကာ ပြောလိုက်သည်။
“ဂိုဏ်းအကြီးအကဲများခင်ဗျာ ကျွန်တော်နဲ့ လော့ချန်တို့ တရားမျှတတဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို လုပ်မှာမို့ သက်သေအဖြစ် လုပ်ပေးကြပါ...”
ထိုစကားထွက်လာသည်နှင့် အနီးအနားရှိ လေထုက ရုတ်တရက် ပွက်လောရိုက်သွားသည်။
လူအုပ်ကြီးတစ်ခုလုံး တစ်လှိုင်းမပြီးခင် နောက်တစ်လှိုင်း ထပ်တက်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။ လော့ချန်က ပြင်ပစည်းဂိုဏ်းသား ဂိုမင်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချပြီးသည့်နောက် ယခုမူ ရှရီနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို ဆက်လက် လုပ်ဆောင်ရတော့မည် ဖြစ်သည်။
သို့သော် ချင်ယွမ်စမ်းသပ်ပွဲအကြောင်းကို သိရှိထားသူများကမူ နှလုံးသားထဲတွင် နားလည်ထားသည်။
ချင်ယွမ်စမ်းသပ်ပွဲတွင် ယွမ်မန်လီ၏ ပေါ်ထွက်လာမှုက ကျင်းမင်နှင့် ရှရီတို့၏ ဂုဏ်သိက္ခာကို လုံးဝ ပြိုလဲသွားစေခဲ့သည်။ ရှရီဆိုလျှင် လူအုပ်အလယ်တွင် ဒူးထောက်ခဲ့ရပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်သွားခဲ့ရသည်။
သူတို့က ယွမ်မန်လီကို ရန်စရန် မရဲဝံ့သဖြင့် ဤအကြွေးအကြီးစားကို လော့ချန်ထံတွင်သာတင်ပြီး ပြန်လည်တောင်းဆိုရတော့မည် ဖြစ်သည်။
ဂိုဏ်းအကြီးအကဲများက သူတို့နှစ်ဦး သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို လုပ်ဆောင်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ ယန်ဖုန်းဂိုဏ်းအကြီးအကဲ၏ မျက်ခုံးက အနည်းငယ်တွန့်သွားပြီး လော့ချန်ကို ကြည့်ကာ မေးလိုက်သည်။
“လော့ချန် မင်းရဲ့ဆုံးဖြတ်ချက်က ဘယ်လိုလဲ...”
ယန်ဖုန်းဂိုဏ်းအကြီးအကဲက လော့ချန်အပေါ် ခံစားချက်ကောင်းမွန်သောကြောင့် ဤသို့ မေးလိုက်ခြင်းမှာ လော့ချန်အား အခက်အခဲမှ ဆုတ်ခွာပြီး ရှရီ၏စိန်ခေါ်မှုကို ငြင်းပယ်ရန် အကြံပေးလိုခြင်း ဖြစ်သည်။
သို့သော် လော့ချန်က တိုက်ရိုက်ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကျွန်တော် လက်ခံပါတယ်...”
လော့ချန်က လူသတ်ခြင်းကို မနှစ်သက်ပေ။ သို့သော် ပိုပြီး တိကျစွာပြောရလျှင် သူက သတ်သင့်သူများနှင့် သူ့ကို သတ်လိုသူများကိုသာ သတ်ဖြတ်တတ်သည်။
ရှရီက ဒုတိယအုပ်စုထဲတွင် ပါဝင်သည်။ ယခု ထိုသူက သူ့ဘာသာသူ ထွက်လာပြီး စိန်ခေါ်လာသဖြင့် သူ၏ဆန္ဒနှင့် ထပ်တူကျလှသည်။