မင်းက မလုပ်နိုင်မှတော့ မင်းကိုယ်စား စီမံခန့်ခွဲပေးမယ်
Vol. 21 Ch. 288
ဖန့်ကြွယ်ယွီအတွက် မဲပေးခြင်းအစီအစဉ်သည် သိုက်သိုက်ဝန်းဝန်းညီညီညွတ်ညွတ်ဖြင့် ပြီးဆုံးခဲ့ရသည်။ သူ၏ အောင်မြင်မှုပန်းတိုင်များနှင့် ခေါင်းဆောင်၏ ထောက်ခံမှုများကြောင့် သူသည် ပညာရှင်ဟူသော ရာထူးက ပိုမိုသေချာသွားသည်။
အစည်းအဝေးပြီးသည့်နောက် ခေါင်းဆောင်က သူနှင့် အတူ နေ့လည်စာစားဖို့ ဖိတ်လာခဲ့သည်။ ထိုသို့ ဖိတ်ကျွေးခြင်းက ကြုံတောင့်ကြုံခဲကိစ္စရပ်ဖြစ်သည်။ အလုပ်များသော ခေါင်းဆောင်အဖို့ ထမင်းကိုဖြစ်သလိုစားရတာ များပေသည်။သူက အရေးကြီးပုဂ္ဂိုလ်များနှင့် ဆုံမှသာ စိမ်ပြေနပြေ စားသောက်ခြင်းဖြစ်သည်။
ခေါင်းဆောင်က အရေးကြီးပုဂ္ဂိုလ်ဖြစ်သဖြင့် ဖန့်ကြွယ်ယွီက သူ၏အိမ်ကို ဖိတ်ခေါ်ခဲ့သည်။ သို့သော် ခေါင်းဆောင်၏ ရှေ့တွင် ထိုနေရောင်ခြည်စွမ်းအင်သုံး ဓာတ်ပေါင်းဖိုကိုထုတ်သုံးရတာ ရှက်နေခဲ့သည်။
ဂျာနယ်လစ်များက ဝင်ပေါက်ရှေ့မှာ ဆက်ပြီးပိတ်ဆို့ထားသော်လည်း ဖန့်ကြွယ်ယွီ ဝင်သည်နှင့် တားမည့်လူတော့ မရှိနေပေ။ ထို့ပြင် ခေါင်းဆောင်၏ သက်တော်စောင့်များလည်းရှိနေသဖြင့် ပိတ်ပင်တားဆီးမှု မရှိပေ။သူက အိမ်ကို ချောချောမွေ့မွေ့ ပြန်ရောက်ခဲ့သည်။
“ခေါင်းဆောင်..ဘာများ သုံးဆောင်လိုပါလဲခင်ဗျာ”
ဖန့်ကြွယ်ယွီကမေးသည်။
“ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်။ အသက်ကြီးပြီးဆိုတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာကို ပိုသဘောတွေ့ပါတယ်။ ဆန်ပြုတ်နဲ့ အသီးအရွက်စားပါမယ်”
ခေါင်းဆောင်၏ အကြိုက်ကိုကြည့်ခြင်းဖြင့် သူ၏ တစ်နေ့တာက မည်မျှပင် ရိုးရှင်းမလဲဆိုတာ မှန်းဆနိုင်သည်။
“အမကျွမ်းရီ..စားဖိုမှူးကို နေ့လည်စာပြင်ခိုင်းလိုက်ပါ။ ပါဝင်ပစ္စည်းတွေက လတ်ဆတ်ပြီးတော့ သန့်ရှင်းရမယ်။ ခေါင်းဆောင် စိတ်ထဲငြိုငြင်အောင် မလုပ်ချင်ဘူး”
“ဟုတ်ကဲ့ နားလည်ပါပြီ သခင်လေး”
ဖန့်ကြွယ်ယွီ၏ စကားကိုကြားပြီး ကျွမ်းရီ၏ စိတ်ထဲပိုမိုလေးစားလာသည်။သူက ယခင်ကထက် ပိုပြီးရင့်ကျက်လာပြီဟုလည်း စိတ်ထဲမှ ကောက်ချက်ချမိသည်။
“ရှောင်ဖန့်..မင်းမှာလျှို့ဝှက်ချက်တွေတော့ရှိရမယ်။ ဒါပေမဲ့ ငါမမေးပါဘူး။ မင်းမှာ ဒီလောက် နယ်ပယ်အစုံမှာ အောင်မြင်မှုတွေရှိနေတာ သေချာတာတော့ မင်းပြောပြလို့ မရတဲ့ အကြောင်းဆိုတာ ရှိမှာပါပဲ။ ဒါပေမဲ့ ပညာရှင်ဖြစ်လာပြီဆိုတာနဲ့ ဒါကြီးကိုင်ထားပြီး ဘာမှမလုပ်ဘဲနေလို့တော့မရဘူးလေ”
“ခေါင်းဆောင်က ကျွန်တော့်ကို ဘာလုပ်စေချင်လဲဆိုတာ ပြောပါခင်ဗျာ”
ခေါင်းဆောင်က သူနှင့် ကိစ္စတစ်ခုခုအတွက် ညှိနှိုင်းရန် စကားဦးသမ်းနေသည်ဆိုတာ သိနေသည်။
“တစ်နှစ်မှာ ရေးသားထုတ်ဝေမှု တစ်ခု သို့ နှစ်ခု ရအောင်လုပ်ခိုင်းတာ မများလွန်းဘူးမလား”
“ဟား မများပါဘူးခင်ဗျာ။ ကျွန်တော်က ငါးခုလောက်ထိ ရအောင်လုပ်နိုင်ပါတယ်။”
ဖန့်ကြွယ်ယွီက သူ့နိုင်ငံ၏ ကောင်းကျိုးအတွက်ဆို မငြင်းဆန်ဝံ့ပေ။
“ပြီးတော့ ရှေ့လျှောက် ကျွန်တော့်ရဲ့ ရှာဖွေဖော်ထုတ်မှုတွေက နိုင်ငံရဲ့ စီးပွါးရေး၊ နိုင်ငံရေး နဲ့ ပတ်ဝန်းကျင်အတွက် အကျိုးပြုစေရပါ့မယ်လို့ ကတိပြုပါတယ်”
“ကဲ မင်းဘက်က ဒီလောက်သေချာနေပြီဆိုမှတော့ ငါစိတ်အေးပါပြီ။ ပြီးတော့ မင်းရဲ့လုပ်ငန်းခွင်ကိုလည်း
ကျန်းနန်တက္ကသိုလ်မှာ စီစဉ်ပေးနိုင်ပါတယ်။လိုအပ်တဲ့ ကျောင်းသားကို မင်းကိုယ်တိုင်ခန့်အပ်နိုင်ပါတယ်။ ဒါမှလည်း နိုင်ငံ့အတွက် အရည်အချင်းရှိတဲ့ လူငယ်တွေကိုပြုစုပျိုးထောင်နိုင်မှာ”
“ခေါင်းဆောင် အမိန့်ရှိသလို လုပ်ဆောင်ပါ့မယ်”
ရှောင်းရီရှိပါက စမ်းသပ်မှုပေါင်းများစွာ ဖော်ထုတ်နိုင်ပြီး ကျောင်းသားများကို လက်တွေ့ပါဝင်လုပ်ဆောင် ခိုင်းနိုင်သည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တာနှင့်အညီ အလုပ်ခွင်အတွက် လိုအပ်သမျှ ပစ္စည်းတိုင်းကို ဝယ်ယူနိုင်သည်။
“နောက်ဆုံးတော့ ငါဖြစ်စေချင်သလိုဖြစ်လာတာပဲ ဟား”
ခေါင်းဆောင်က အားပါးတရရယ်မောသည်။
“ခေါင်းဆောင် ဟိုးတစ်ခေါက်က ကျွန်တော်ပေးခဲ့တဲ့ ဖိုက်တာဂျက်လေယာဉ်နဲ့ ရေငုပ်သင်္ဘောအတွက် ပုံစံတွေက အဆင်ပြေလား”
“ဟုတ်တယ်။ ငါတို့တွေ ပထမဆုံးပုံစံငယ်ကိုတောင် ထုတ်ပြီးတာမို့လို့ စမ်းသပ်ပြီး ပျံသန်းတာတွေတောင် လုပ်ပြီးပြီ။ ယခင်က ထုတ်ခဲ့တဲ့ ဂျက်လေယာဉ်စွမ်းဆောင်ချက်ထက် အများကြီးသာလွန်တယ်။ ၈၀% လောက်ပဲ ဆင်တူတယ်ဆိုပေမဲ့ စစ်သည်တွေကတော့ ပျံသန်းတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေကြပြီ”
“ကောင်းတာပေါ့။နောက်ထပ်ပြီးတော့ အဝေးထိန်းဒုံးကျည်၊ ကျည်ကားဖျက်ဒုံးကျည်၊ နှင့် ရေငုပ်သင်္ဘောဖျက်ဒုံးကျည် ပုံစံငယ်တို့ကိုဆက်ပြီး ထုတ်ပေးပါမယ်”
ထိုစကားကိုကြားပြီး ခေါင်းဆောင်က ဇောချွေးပျံလာသည်။ ဖန့်ကြွယ်ယွီမလုပ်နိုင်သော ကိစ္စက ရှိသေးလားဟုတောင် တွေးမိသည်။
“ဒါဆို မင်းကိုလာကြိုဖို့လူတစ်ယောက် လွှတ်လိုက်ပါ့မယ်”
“ရပါတယ်ခေါင်းဆောင်။ စကိုင်းနက်မှာ တင်ထားပေးပါ့မယ်။ခေါင်းဆောင်ဖတ်ချင်တယ်ဆို တစ်ယောက်ယောက်ကို အဲ့ကနေ ယူခိုင်းလို့ရပါတယ်”
“စကိုင်းနက်” ဖန့်ကြွယ်ယွီ ဘာကိုဆိုလိုလဲဆိုတာ ခေါင်းဆောင် မသိနေပေ။
“ရှောင်ဖန့်..စကိုင်းနက်ဆိုတာ ငါတို့နိုင်ငံရဲ့ အလုံခြုံဆုံးကွန်ယက်ကြီးတစ်ခုမဟုတ်လား။ မင်းက အဲ့မှာ ဘယ်လိုလုပ်ပြီး ဖိုင်ကိုတင်နိုင်မှာလဲ”