← Chapters

သူတို့သဘောတူတဲ့အထိ ငါက ဆက်ပြီးတိုက်ခိုက်နေဦးမယ်

Vol. 21 Ch. 289

သူတို့သဘောတူတဲ့အထိ ငါက ဆက်ပြီးတိုက်ခိုက်နေဦးမယ်

Vol. 21 Ch. 289

“ရှောင်ဖန့် မင်းရဲ့ စေတနာကိုတော့ အသိမှတ်ပြုပါတယ်။ ဒါက ငါတို့ လုပ်နိုင်တဲ့ အတိုင်းအတာထက် အများကြီးကျော်လွန်နေပြီ။ သူတို့ အဖွဲ့တစ်ဖွဲ့ချင်းစီကလည်း အာဏာကြီးသလို မာန်မာနလည်းရှိကြတယ်။ ယန်ဟွမ်အဖွဲ့တောင် သူတို့ကို မထိန်းချုပ်နိုင်ဘူး။ မင်းကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ထိုအခြေအနေကို ကောင်းမွန်စွာ သဘောပေါက်နားလည်သော ခေါင်းဆောင်က တစ်ဦးချင်းစီအတွက် စနစ်တကျ အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့သည်။ သို့သော် သိုင်းသမားများက အလွန်မာန်မာနကြီးပြီး စွမ်းအားရှင်အဖွဲ့ကလည်း သူတို့အနေအထားနှင့် မျှခြေဖြစ်သည်။

ထို့အပြင် သိုင်းသမားများကလည်း ယနေ့ခေတ်လောကတွင် ဩဇာတိက္ကမကြီးမားနေသည်။ သူတို့ကို ပြင်းပြင်းထန်ထန်ကိုင်တွယ်ပါက လူမှုအသိုင်းအဝန်း၏ တည်ငြိမ်နေမှုကို များစွာထိခိုက်စေနိုင်သည်။ ထို့ကြောင့် နောက်ဆုံးမှာ သဘောတူညီချက်တစ်ခုကို ယူလိုက်ရသည်။

သိုင်းလောကသားများက နိုင်ငံတည်ငြိမ်ပျက်ပြားမှုကို မထိခိုက်စေဘဲ လိုအပ်ပါက ယန်ဟွမ်အဖွဲ့၏ တောင်းဆိုမှုကို လုပ်ဆောင်မည်ဟု သဘောတူကြသည်။

ထိုသဘောတူညီချက်ရပြီးနောက် သိုင်းလောကအဖွဲ့သည် ပိုမိုရဲတင်းလာကြသည်။ ပိုက်ဆံရှိအသိုင်းအဝိုင်းများကို ထိန်းသိမ်းခဟုဆိုကာ ဓားပြဆန်ဆန် ဆက်ကြေးကောက်ကြသည်။

“ခေါင်းဆောင် ပြောရမယ်ဆို ကျွန်တော်တို့စီးပွါးရေးလုပ်ငန်းရှင်စစ်စစ်တွေပါ။ ကျွန်တော်တို့ ကြိုးစားပမ်းစား ရှာဖွေထားတာတွေကို သူတို့ကိုကြောက်လို့ ပေးနေရတာဖြစ်သင့်လား။”

ဖန့်ကြွယ်ယွီထောက်ပြသည့်အချက်က သမာသမတ်ကျသည်ဆိုသော်လည်း သူတို့မှာ ရွေးစရာလမ်းမရှိနေပေ။ ယန်ဟွမ်အဖွဲ့က တန်ခိုးရှင်များကလည်း သူတို့ကို မနိုင်ဘဲ ထိန်းပဲထိန်းထားနိုင်သည်။

“ခေါင်းဆောင် ဒီလူတွေက ခေါင်းမာပြီး ခေါင်းဆောင်ရဲ့အုပ်ချုပ်မှုကို ငြင်းဆန်နေတယ်ဆို သူတို့လက်ခံလာတဲ့ အထိ ကျွန်တော်လုပ်ပေးပါ့မယ်”

“ရှောင်ဖန့် သူတို့အကြောင်းမင်းမသိသေးပါဘူး။ နှစ်ပေါင်းများစွာကျင့်ကြံလာခဲ့တဲ့ သိုင်းသမားတွေဆို အင်အားကြီးမားတာ ပြောစရာတောင်မလိုဘူး။ ယန်ဟွမ်အဖွဲ့က အတော်ဆုံးလူတောင် သူတို့ကို ယှဉ်နိုင်တဲ့အနေအထားပဲရှိတာ”

“ခေါင်းဆောင် ဒါဆို တစ်ခုလောက်မေးပါရစေ။ ကျွန်တော်တို့ရဲ့ အင်အားကို မပြုန်းတီးစေဘဲ ဒီပြသနာကိုရှင်းနိုင်မယ်ဆို ခေါင်းဆောင်လက်ခံနိုင်မလား”

“ဒါပေါ့ လက်ခံတာပေါ့”

ခေါင်းဆောင်က မဆိုင်းမတွ ခေါင်းညိမ့်သည်။

“အဲ့လိုသာလုပ်နိုင်မယ်ဆို မင်းက သူရဲကောင်းဖြစ်ပြီ။ ဒါနဲ့ နေပါဦး မင်းဘယ်လိုလုပ်မယ်လို့ တွေးထားလဲ”

“လွယ်ပါတယ်။ စွမ်းအားရှင်နဲ့ သိုင်းသမားတွေ ပေါင်းစပ်ထားတဲ့ အဖွဲ့သစ်တစ်ဖွဲ့ကို တည်ထောင်လိုက်မှာပေါ့”

“မင်းပြောတော့ လွယ်လိုက်တာ”

“သူတို့က နဂိုတည်းက အုပ်ချုပ်တာကို လက်မခံတာ။ သူတို့လက်ခံတယ်ထားဦး သူတို့စိတ်ကြိုက်လုပ် နေကြမှာပဲ။ ဒီအဖွဲ့ဆိုတာလည်း အနှစ်အပါတဲ့ အကာသက်သက် အဖွဲ့လိုပဲ ဖြစ်နေမှာ”

“ဟဲဟဲ အဖွဲ့ဖွဲ့ပေးဖို့က ခေါင်းဆောင်ရဲ့တာဝန်ပါ။ ကျွန်တော့်အလုပ်က သူတို့လက်ခံလာအောင်လုပ်ဖို့ပါ။ ပြီးတော့ တစ်ခုခုလုပ်ဆောင်ဖို့ တရားဝင်အကြောင်းပြချက်တစ်ခုတော့လိုမှာလေ။ ဟုတ်တယ်မလား”

“လူလည်လေး”

အခုထိ ပြောဆိုလာပြီးမှ ဖန့်ကြွယ်ယွီက တရားဝင်အကြောင်းပြချက်တစ်ခုလိုအပ်နေတာကို ခေါင်းဆောင်က သိလိုက်ရသည်။ ခေါင်းဆောင်သာ နောက်ကွယ်မှ အထောက်အပံ့ပြုထားပါက သူက တရားဝင်လုပ်ကိုင် နိုင်ပြီဖြစ်သည်။

“ဒါပဲလား ကျန်တာဘာမှ မလိုတော့ဘူးလား”

“ယန်ဟွမ်အဖွဲ့ထဲက အတော်ဆုံးစွမ်းအားရှင်အဖွဲ့တစ်ဖွဲ့ပေးပါ။ အများကြီးမလိုပါဘူး။ အယောက် ၃၀လောက်ပါပဲ။ တစ်လ နှစ်လအတွင်း သိုင်းလောကအဖွဲ့အစည်းကို စတင်လှုပ်ရှားပါမယ်”

“မင်း သေချာပြီလား”

“သိပ်ကိုသေချာတာပေါ့ဗျာ”

“ကောင်းပြီ”

ဖန့်ကြွယ်ယွီ၏ မျက်လုံးထဲမှာ သံသယဖြစ်ဖွယ်အရိပ်အယောင် တစ်စွန်းတစတောင် မတွေ့ရသဖြင့် ခေါင်းဆောင်လည်း စိတ်ချသွားသည်။

“အဲ့တာဆို ဒီနေ့ကစပြီး ယန်ဟွမ်မှာ အဖွဲ့သစ်တစ်ဖွဲ့ ထပ်ပြီးဖွဲ့မယ်။ မင်းအဲ့အဖွဲ့မှာ ဒါရိုက်တာလုပ်ဖို့ ဆန္ဒရှိလား”

“ကျွန်တော်မလုပ်ချင်ဘူး”

ခေါင်းဆောင်က သောက်လက်စ ဆန်ပြုတ်တောင် ပြန်အန်ထွက်မလိုဖြစ်သွားသည်။ သူက ဖန့်ကြွယ်ယွီကို ရာထူးပေးသော်လည်း သူက မလိုချင်နေပေ။

“ခေါင်းဆောင်လည်း ကျွန်တော့်ပုံစံကိုသိတာပဲ။ ကျွန်တော်က လွတ်လွတ်လပ်လပ်နေရတာပဲ ကြိုက်တာ။ ကျန်းနန်တက္ကသိုလ်က ပါမောက္ခဆိုတဲ့ နာမည်ပဲ ကျွန်တော့်ကိုပေးထားတာ။ ခေါင်းဆောင်က ဒါရိုက်တာရာထူးထပ်ပေးရင် ကျွန်တော်စိတ်ရှုပ်လာတော့မယ်”

“ဟား ဟုတ်ပါပြီ။ ဒါဆို အဲ့ဌာနအတွက် ဂုဏ်ထူးဆောင် အကြံပေးရာထူးဆိုရင်ရော ဘယ်လိုလဲ။ ရုံးပိုင်းကိစ္စတွေ ဘာမှ လုပ်စရာမလိုဘူး ဆိုပေမဲ့ လုပ်ပိုင်ခွင့်အာဏာပေးထားမယ်လေ”

“ကျေးဇူးပါ ခေါင်းဆောင်။ ဒါနဲ့ ဌာနနာမည်ကရော ခေါင်းဆောင်”

“မင်းတွေးနေတာငါသိပါတယ်။ မင်း အဆင်ပြေမယ်ထင်တဲ့ သင့်လျော်တဲ့ နာမည်တစ်ခုရွေးထားပါ။အဲ့ဌာနက ယန်ဟွမ်အဖွဲ့ရဲ့ တရားဝင်ဌာနခွဲတစ်ခုဖြစ်မယ်”

“ဟုတ်ကဲ့ နားလည်ပါပြီ”

“ရှောင်ဖန့် မင်းစိတ်ထဲပြင်ဆင်ထားဖို့ တစ်ခုတော့ ကြိုပြောခဲ့ဦးမယ်”

“ဟုတ်ကဲ့ ပြောပါ ခေါင်းဆောင်”

“ယန်ဟွမ်ဌာနက စွမ်းအားရှင်တွေက တော်လည်းတော်ကြသလို မာန်မာနတွေလည်းရှိကြတယ်။ ယခုလက်ရှိ စွမ်းအားရှင်ခေါင်းဆောင်က စစ်တပ်ကလာတာဖြစ်ပြီး နိုင်ငံအပေါ် အရမ်းသစ္စာရှိတာ။ သူတို့အားလုံးကလည်း ခေါင်းဆောင်ဖြစ်သူကို လေးစားကြပြီး သူ့အမိန့်ဆို တသွေမတိမ်းလိုက်နာကြတာ”

“ဒါပေမဲ့ မင်းတောင်းဆိုထားတဲ့ အဖွဲ့ကို မင်း မအုပ်ချုပ်နိုင်လျှင် သူတို့ကမင်းစကားနားထောင်မှာမဟုတ်သလို မင်းရဲ့ လုပ်ငန်းပိုင်းမှာလည်း အနည်းနဲ့အများ ထိခိုက်လာနိုင်တယ်”

“သူတို့အရမ်းလေးစားနေမှာကို စိုးရိမ်နေတာ။ မလေးစားတဲ့လူတွေကို သင်ခန်းစာကောင်းကောင်းပေးရတာကို အကြိုက်ဆုံးပဲ”

ဖန့်ကြွယ်ယွီ၏ ပုံစံကိုကြည့်ပြီ အဖွဲ့အတွက် အနည်းငယ်စိုးရိမ်လာသည်။ အဖွဲ့သားများက ပြသနာမရှာဘဲ ဖန့်ကြွယ်ယွီပြောသလို လုပ်ဆောင်ဖို့ မျှော်လင့်နေသည်။

“ကဲ ဒါဆို ဒီကိစ္စကိုမင်းကိုလွှဲခဲ့ပြီ။ ငါကူညီရမဲ့ကိစ္စရှိရင် ငါ့ကိုယ်ရေးအရာရှိကို အချိန်မရွေးဆက်သွယ်လိုက်ပါ” ကိစ္စအားလုံးပြီးခဲ့ပြီမို့ ခေါင်းဆောင်က ယန်ကျင်းကို ပြန်ဖို့ပြင်ဆင်သည်။

“ခေါင်းဆောင်ကို ယန်ကျင်းထိလိုက်ပို့ပေးဖို့ ကျွန်တော်တစ်ယောက်ယောက်ကို ထည့်ပေးလိုက်ပါ့မယ်”

“ရတယ် မလိုပါဘူး။ ငါတို့က ပြည်သူတွေအတွက် အမှုထမ်းရမှာလေ။ သူတို့ကို မလိုအပ်ပဲ အလုပ်မများစေချင် ပါဘူး”

“ဟုတ်ပါတယ် ခေါင်းဆောင်ပြောတာမှန်ပါတယ်ဗျ”

“ဟုတ်ပြီ အကြံပေးအဖြစ် ခန့်အပ်လွှာကို နောက်ရက်တွေမှာ မင်းအိမ်ကို ပို့ပေးလိုက်ပါ့မယ်”

“ဟုတ်ကဲ့ဗျ။ သတင်းကောင်းလေးတွေ စောင့်မျှော်နေပါ့မယ်”

….

“သခင်လေး သူတို့ကို ပူးပေါင်းစေချင်ရင် သိုင်းလောကအဖွဲ့ဆီသွားဖို့ လုပ်ပေးမယ်လေ။ ဘာလို့ သပ်သပ်မဲ့ ဒုက္ခရှာနေတာလဲ”

ကူးရီ၏ အသံက သူ၏နားထဲ ပဲ့တင်သံထပ်လာသည်။

ဖန့်ကြွယ်ယွီက ကူးရီကို အားလပ်ရက်ရှည်ပေးထားသော်လည်း ကူးရီက ဘယ်မှမသွားဘဲ နတ်ဘုရားအကယ်ဒမီမှာပဲ တစ်လလုံးနေခဲ့သည်။ သူ၏ တန်ခိုးများကလည်း အလွန်ကြီးထွားလာတော့သည်။

“ဒီတစ်ခေါက်က မတူဘူးကွ။ သူတို့ကို အသာလေးတိုက်ခိုက်လို့ရပေမဲ့ ငါ့ကို သစ္စာခံဖို့ကျခဲယဉ်းတယ်။ ငါက သူတို့ကို အသာလေးအနိုင်ရနိုင်မဲ့ နည်းလမ်းကိုရှာရမယ်”

“သခင်လေးပြောတာကို ကျွန်တော်နားမလည်နေဘူး”

“မင်းနားမလည်လည်း ဘာမှမဖြစ်ဘူး”

ဖန့်ကြွယ်ယွီက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုသည်။

သူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ရတာကို ငြီးငွေ့လာပြီး မတူညီသည့် အသစ်အဆန်းတစ်ခုကို လုပ်ဆောင်

လိုသည်။နောက်ထပ် တစ်ချက်က သူက ဒီအခွင့်အရေးကိုအကြောင်းပြုပြီး နတ်ဘုရားအကယ်ဒမီအတွက် လိုအပ်နေသော အရည်အချင်းရှိသိုင်းသမားများကို ရရှိနိုင်မည်။ ထို့ကြောင့် ဒီကိစ္စကို သူကိုယ်တိုင်ဖြေရှင်းရမည်။

“ကဲသွားကြစို့။ ဒီညတော့ ငါနဲ့ အချိန်ဖြုန်းရမှာပဲ။ ငါက သိုင်းအသစ်တစ်ခုကို သင်ထားတာမကြာသေးဘူး။ အဲ့သိုင်းကို မကြာခင်မှာ ထုတ်သုံးရတော့မယ်”

“ဟုတ်ကဲ့ သခင်လေး”

All Chapters