← Chapters

ပထမဆုံးရုပ်ရှင်က အလကားပြမှာ

Vol. 21 Ch. 292

ပထမဆုံးရုပ်ရှင်က အလကားပြမှာ

Vol. 21 Ch. 292

“မင်းရဲ့ခြေထောက်တွေက ဘာဖြစ်လို့နှေးနေရတာလဲ။ ငါ မင်းကို ပြောနေတာ ကျူးသဲကွီ”

“ပြီးတော့ မင်း လူဝူခိုင် မင်းမနက်စာ မစားခဲ့ဘူးလား။ မင်း ငါရဲ့ လက်ဝါးစာမိချင်လို့လား”

“အကြိမ် ၁၀၀ ကွင်းပတ်ရမှာနော်။ မပြည့်ရင် နေလည်စာမစားရဘူး”

ဖန့်ကြွယ်ယွီက ကွင်းအလယ်မှာ ခြေထောက်ချိတ်ပြီး ထိုင်နေပြီး သူ့ဆီမှ ကမ္ဘာမြေဆွဲငင်အားလှိုင်းများ ထွက်နေသည်။ သူ့ဘေးနားပတ်လည် မီတာ၁၀၀ အတွင်းရှိ ကမ္ဘာမြေဆွဲငင်အားက သာမန်ထက် သုံးဆ ပိုများနေသည်။

ထိုအချိန်မှာ သူသည် ထိုအဖွဲ့ကို စွမ်းအားရှင်ကျင့်စဉ်၏ ပထမအပိုင်းကို သင်ပေးနေသည်။ သူသင်ပေးသည့် အပိုင်းက နတ်ဘုရားအကယ်ဒမီမှ သင်ကြားသည့်ပုံစံဖြစ်ပြီး သူကိုယ်တိုင်လေ့လာသင်ကြားရသည့် ပုံစံနှင့် ကွဲလွဲနေသည်။

သို့သော် သူတို့မှာ SSSအဆင့် စွမ်းအားရှင်အခြေခံရှိပြီး ဖန့်ကြွယ်ယွီပေးသော အားဆေးနှင့်ဆို သူတို့သည် အချိန်တိုလေးအတွင်းမှာ လျှို့ဝှက်စွမ်းအားရှင်အဖြစ် ရောက်ရှိနိုင်သည်။

ပထမနေ့မှာတင် ဖန့်ကြွယ်ယွီက သူတို့ကို ပညာပြလိုက်သဖြင့် စွမ်းအားရှင်အုပ်စုက အမိန့်နာခံသူများအဖြစ် ပြောင်းလဲလာကြသည်။ ဖန့်ကြွယ်ယွီ အရှေ့မှာ အလွန်လိမ်မာပြီး စကားနားထောင်သော ကလေးများသဖွယ်ဖြစ်နေကြပြီး ယခင်ကသူတို့၏ ပုံစံလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားရသည်။

မနက်တိုင်းလိုလို ဖန့်ကြွယ်ယွီက သူတို့ကို စွမ်းအားရှင်ကျင့်စဉ်ကို သင်ပေးပြီး သူတို့၏ အစွမ်းကို နတ်ဘုရားဓားခြောက်စင်းသိုင်းဖြင့် ဖုံးအုပ်လိုက်သည်။ သူတို့၏ အစွမ်းများမရှိသော်လည်း သူတို့၏ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးများက သာမန်လူထက်များစွာသာလွန်ပြီး နှစ်ဆမြင့်ထားသော ကမ္ဘာမြေဆွဲငင်အားကို ခံနိုင်ရည်ရှိရုံမျှသာဖြစ်သည်။

သူတို့ပြေးပြီးပါက စွမ်းအားရှင်ကျင့်စဉ်ကို သူတို့ကိုယ်တိုင်လေ့ကျင့်ရသည်။ တစ်ဝက်လောက်အားစိုက်ရုံဖြင့် နှစ်ဆပိုသော ရလဒ်ကို ရနိုင်သည်။

နေ့လည်ခင်းတွင် ဖန့်ကြွယ်ယွီက သူတို့ကို ကိုယ်ခံပညာတချို့သင်ပေးသည်။ သူတို့၏ စွမ်းအားရှင်အစွမ်းတစ်ခုတည်းကိုသာ အားကိုးပြီး တိုက်ခိုက်ပါက အလွန်ရိုးရှင်းပေလိမ့်မည်။ စကြာဝဠာအရင်းမြစ်စွမ်းအင်က စွမ်းအင်အားလုံးကို စုစည်းနိုင်သောကြောင့် မိမိအနေအထားထက် ကျော်လွန်ပြီး တိုက်ခိုက်နိုင်စွမ်းရှိသည်။

လူတွေအများကြီးထဲမှ ဟူရီတစ်ဦးတည်းကသာ ဖန့်ကြွယ်ယွီ၏ စကားကို တစ်လုံးမကျန် နားထောင်ပြီး မှတ်မိနေသည်။ လေ့ကျင့်ပြီး ၁၈ ရက်မြောက်နေ့တွင် ဟူရီသည် နောက်ဆုံးမှာ ကျော်ဖြတ်နိုင်ခဲ့သည်။

ထိုနှုန်းနှင့်ဆို နှစ်လအတွင်း လူတိုင်းသည် စွမ်းအားရှင် အဆင့်-၂ကို သေချာပေါက်ဖြတ်ကျော်နိုင်မှာဖြစ်ပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က နတ်ဘုရားဘုံက စွမ်းအားရှင်တစ်ဦးထက် မနိမ့်ပေ။

အစတုန်းက ဖန့်ကြွယ်ယွီကို ပမာမခန့်လုပ်နေသော စွမ်းအားရှင်များက သူ့ကိုတဖြည်းဖြည်း လေးစားလာကြ သည်။ နောက်ဆုံးမှာ ဖန့်ကြွယ်ယွီအပေါ် ထားရှိသော သူတို့၏ အမြင်က လုံးဝပြောင်းလဲကုန်ကြသည်။

အကြံပေးလူငယ်လေးက တကယ့်ကိုအရည်အချင်းရှိသည်ဆိုတာ လက်ခံလာကြပြီး ဖန့်ကြွယ်ယွီကို ကြည့်သော အကြည့်များက လေးစားသည့်အကြည့်များ ပြည့်နှက်နေသည်။

“အာ ကလေးတွေက သင်လို့ရသားပဲ”

သူတို့က ကြိုးစားပမ်းစားလေ့ကျင့်နေတာကိုကြည့်ပြီး ဖန့်ကြွယ်ယွီက သဘောကျနေသည်။ သူတို့၏ စိတ်ရင်းများက မဆိုးပေ။သေချာလေ့ကျင့်သင်ကြားပေးလျှင် သူတို့က ပိုပြီးတာဝန်သိလာကြမည်။ နောက်ပိုင်းမှာ သူတို့ကို နတ်ဘုရားအကယ်ဒမီထဲဝင်ခိုင်းဖို့ မခဲယဉ်းတော့ပေ။

“ဟူရီ ငါခဏတော့ ခွင့်ယူဦးမယ်။ ဒီအတောအတွင်း မင်းသူတို့ကို သေချာစောင့်ကြည့်နေ။ လေ့ကျင့်တာကို ရပ်လို့မရဘူး။ ဩဂုတ်လမှာ သိုင်းလောကအဖွဲ့က သိုင်းသမားတွေနဲ့ ငါတို့တွေ တွေ့ဖို့ရှိတယ်”

“ဟုတ် အကြံပေးဖန့်”

ဟူရီက သူ့ကို တလေးတစား အလေးပြုသည်။ သူက ဖန့်ကြွယ်ယွီ၏ နံပါတ်တစ်ပရိတ်သက်ဖြစ်တာ သံသယဖြစ်ဖွယ်မရှိပေ။

ဖန့်ကြွယ်ယွီက ပွဲတချို့တက်ရန် ခဏသွားရပေဦးမည်။ ရုပ်ရှင်အဖွဲ့က “ကောင်ကင်ယံထက်တိုက်ပွဲခေါ်သံ” ပထမအပိုင်းကို ရိုက်ကူးပြီးစီးခဲ့ပြီးဖြစ်သည်။

နတ်ဘုရားအကယ်ဒမီက ဆရာများကလည်း တိုက်ခိုက်ခန်းများကို ရိုက်ကူးပြီး ဖြစ်သည်။ ဆရာခန်းက ရိုက်ကူးပြီးစီးသည့် အခန်းများကို သူ့ကိုလွှဲပေးခဲ့ပြီးပြီမို့ ရှောင်းရီက တည်းဖြတ်ဖို့သာကျန်တော့သည်။

ဩဂုတ်လ ၁၅ရက်နေ့တွင် “ကောင်းကင်ယံထက်က တိုက်ပွဲခေါ်သံ” ပထမပိုင်းကို ထုတ်လွှင့်မှာဖြစ်သည်။ ထိုအပိုင်းသည် ရှောင်းယန်က ဝူထန်မြို့ကထွက်ပြီး ဆေးပညာအင်မော်တယ်နှင့်တွေ့ဆုံသော အပိုင်းနှင့် အဆုံးသတ်မှာဖြစ်သည်။

ရုပ်ရှင်တစ်ခုလုံးက လေးနာရီကြာမြင့်ပြီး “the lord of the rings” ဇာတ်ကားနီးပါး ရှည်လျားသည်။

ထိုအပိုင်းမှာ ဇာတ်ဆောင်များ၏အခန်းက အရမ်းမကြွသေးသော်လည်း ဖန့်ကြွယ်ယွီ အရင်တစ်ခေါက်က ထုတ်ပြခဲ့သော တိုက်ခိုက်ခန်းများက အရမ်းကြီး ကြောက်စရာမကောင်းနေပေ။ သို့သော် ထိုအခန်းများသည် ယနေ့ခေတ် အထူးပြုလုပ်ချက်အဖွဲ့များအနေဖြင့် မရနိုင်သော အနေအထားဖြစ်သည်။

VRစက်များက အိမ်တိုင်းနီးပါးမှာရှိနေသော်လည်း ထိုစက်များ၏ အထူးပြုလုပ်ချက်များက လွန်စွာမှ ရိုးရှင်းပေသည်။

တရုတ်ပြည်က ရုပ်ရှင်ရုံများနှင့် ကိုက်ညီသည့် VRစက်များတပ်ဆင်ပြီးနောက် ထိုစက်များ၏ အထူးပြုလုပ်ချက်များသည် ထန်ရွှမ်ကုမ္ပဏီက ထုတ်သောဂိမ်းထက် မညံ့ဘူးဟု တရားဝင် အတိအလင်းကြေညာထားသည်။

ရုပ်ရှင်ရုံတင်သည့်နေ့တွင် ဖန့်ကြွယ်ယွီက သတင်းစာရှင်းလင်းပွဲကိုတက်ပြီး သူသည် ငါးမိနစ်စာပရိုမိုးရှင်း ဗီဒီယိုကိုပင် တည်းဖြတ်ပြီးတင်ခဲ့သည်။

ထိုဗီဒီယိုတွင် တိုက်ခိုက်ခန်းများနှင့် ဇာတ်ဆောင်များ၏ သရုပ်ဆောင်ချက်များကို မျက်လုံးဖြည့်ကြည့်တာနှင့်ပင် လုံးဝသေသပ် ကောင်းမွန်နေသည်။ VR ဇာတ်ရုံအတွေ့အကြုံများနှင့် ပေါင်းစပ်ပါက ကြည့်ရှုသည့် မြင်ကွင်းက အလွန်ပင် ထူးခြားကောင်းမွန်ပေလိမ့်မည်။

သတင်းစာရှင်းလင်းပွဲကို ဖန့်ကြွယ်ယွီပိုင်ဆိုင်သော ကြယ်ငါးပွင့်ဟိုတယ်မှာ ကျင်းပသည်။

သူက လက်ရှိနာမည်ကြီးနေသူဖြစ်တာမို့ သတင်းစာရှင်းလင်းပွဲက နိုင်ငံတကာဖက်ရှင်ရှိုးပွဲအလား ခမ်းနားကြီးကျယ်လှသည်။

သတင်းထောက်များစွာက သူ့ထက်ငါအပြိုင်အဆိုင် မေးခွန်းများ မေးမြန်းကြသည်။

“ကြည့်ဦး ဟူရီယောင်…သူ့မျက်နှာက အမာရွတ်တွေပျောက်သွားတာမဟုတ်လား။ ပြီးတော့ သူက လက်ရှိအသက်ထက် အများကြီးငယ်သွားသလိုပဲ”

“မြန်မြန် မြန်မြန် ဓာတ်ပုံရိုက်လေ”

“သူတို့ရောက်လာပြီ။ ဥက္ကဌဖန့် နဲ့ ဥက္ကဌဝမ်လည်း ရောက်လာပြီ”

….

တခဏအကြာမှာ သတင်းစာရှင်းလင်းပွဲ စတင်တော့သည်။ ရင်းနှီးမြှုပ်နှံသူများဖြစ်ကြသော ဖန့်ကြွယ်ယွီနှင့် ဝမ်ချုံးက စင်ပေါ်တက်ပြီး အဖွင့်အမှာစကားပြောကြသည်။

ဖန့်ကြွယ်ယွီက ထိုပွဲများနှင့် အကျွမ်းတဝင်မရှိသူမို့ မေးခွန်းအများစုကို ဝမ်ချုံးအားဖြေခိုင်းသည်။ ဂျာနယ်လစ် အများစုက သူဖြေတာကို မကျေနပ်နိုင်ပဲ ဖန့်ကြွယ်ယွီ၏ နာမည်ကို အော်ခေါ်ကြသည်။ အစီအစဉ်တင်ဆက်သူက ဖန့်ကြွယ်ယွီကို တစ်ချက်လှမ်းကြည့်ပြီး အကဲခတ်သည်။ ဖန့်ကြွယ်ယွီက ခေါင်းညိမ့်ပြတော့မှ သူ့ကို မိုက်ခရိုဖုန်းလွှဲပေးသည်။

သတင်းထောက်များစွာရှိတာမို့ မေးခွန်းတိုင်းကို မဖြေနိုင်ဘဲ အစီအစဉ်တင်ဆက်သူက သတင်းထောက်တချို့ကို ကျပန်းရွေးပြီး မေးစေသည်။

“မစ္စတာဖန့် အရင်တစ်ခေါက်တုန်းက ကောင်းကင်ယံထက်က တိုက်ပွဲခေါ်သံ ကားပေါင်း ၄၀လောက်ကို ဖန်တီးဖို့ ရည်ရွယ်ထားတယ်လို့ ခင်ဗျားဖြေခဲ့တယ်မလား။ ဒါက ဟုတ်ပါသလား ခင်ဗျာ”

ပထမဆုံးမေးမြန်းသော သတင်းထောက်၏ မေးခွန်းက အလွန်ကောင်းမွန်လှသည်။

“ဇာတ်ကား ၄၀က တကယ်ပဲ များလို့လား။ တစ်ကားမှာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံတယ်ထားဦး ဇာတ်ကားလေးဆယ်ဆို ဘီလီယံ ၄၀ပဲရှိမှာလေ”

“ဝိုး”

ပရိတ်သက်ဘက်က အသံများ စီခနဲ ထွက်လာသည်။ ဖန့်ကြွယ်ယွီက ဘီလီယံ ၄၀ကို ဘာမှ မဟုတ်သလိုပြောနေသည့် ပုံစံက အလွန်ပင် ထူးဆန်းလှသည်။

“ကောင်းပါပြီ နောက်တစ်ယောက်”

“မစ္စတာဖန့်က ဒီရုပ်ရှင်ကို ဟောလိဝုဒ်နဲ့ ကတောက်ကဆဖြစ်ပြီး ရိုက်ဖို့ဆုံးဖြတ်ခဲ့တာဆို။ အဲ့တာက မှန်ပါသလား ခင်ဗျာ”

“ဟုတ်ပါတယ် မှန်ပါတယ်”

ဖန့်ကြွယ်ယွီက ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။

သတင်းထောက်များက သူတို့နားကိုပင် မယုံနိုင်အောင်ဖြစ်နေကြသည်။ ဘယ်လောက်ပဲ စီးပွါးရေးပြိုင်ဆိုင်မှု ရှိနေပါစေ မည်သူမှ ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း မပြောကြပေ။ ဖန့်ကြွယ်ယွီတစ်ဦးတည်းကသာ မီဒီယာရှေ့မှာ အခုလို ပွင့်ပွင့်လင်းလင်းပြောရဲသည်။

“ဒါဆို ခင်ဗျားရဲ့ ရည်ရွယ်ချက်ကဘာလဲ။ ဟောလိဝုဒ်ရုပ်ရှင်တွေကို အလဲထိုးဖို့လား”

“အလဲထိုးဖို့ ဟုတ်လား”

ဖန့်ကြွယ်ယွီက ခေါင်းကိုခါရင်း ပြန်ဖြေသည်။

“ငါ့ရည်ရွယ်ချက်က ဟောလိဝုဒ်ရုပ်ရှင်ကို ဖျက်စီးဖို့”

“မစ္စတာဖန့် ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်။ ဟောလိဝုဒ်ဇာတ်ကားတွေက တရုတ်မှာ အရမ်းနာမည်ကြီးတာ။ ခင်ဗျား ဖြစ်ချင်သလို ဖြစ်လာနိုင်မှာမဟုတ်ဘူး”

“ဟုတ်တယ် အဲ့တာကြောင့် အထူးအစီအမံတွေ လုပ်ထားတယ်။ “ကောင်းကင်ယံထက်က တိုက်ပွဲခေါ်သံ ဇာတ်ကား” ကို နိုင်ငံအနှံ့က VR ရုံတွေမှာ အလကားပြသဖို့ စီစဉ်ထားတယ်။ ကျွန်တော်ပြောတာယုံပါ။ ဒီဇာတ်ကားကို ကြည့်ပြီးလျှင် ဟောလိဝုဒ်က ကားတွေက ဘာမှမဟုတ်ဘူးဆိုတာ သိလာကြလိမ့်မယ်။သူတို့ရဲ့ အထူးပြုလုပ်ချက်တွေက ငါးဆယ်ဆင့်တောင် မတန်ဘူး”

စာစဉ်ပြီး၏

All Chapters