ငါ့ကိုယ်ငါ ဆုကြေးပြန်ထုတ်နေတာလား?
Vol. 21 Ch. 284
“ကြားပေါက်အလုပ်ဟုတ်လား”
ကျောရှန်ခယ့်၏ မျက်နှာက သုံးရက်လောက် ဝမ်းချုပ်နေသည့်လူအလား ရှုံ့မဲ့သွားသည်။
ကမ္ဘာ့အဆင့်မီ ဂျာနယ်နှစ်စောင်တွင် သုတေသနစာစောင် ၂၀ ထုတ်နိုင်ခြင်းကို ကြားပေါက်အလုပ်ဟုပြောနေသည်။
ဒါဆို သုတေသီများ ဘာကြောင့်လိုအပ်နေဦးမည်နည်း။
ထူးဆန်းသည်က ဖန့်ကြွယ်ယွီက စမ်းသပ်ခန်းထဲမှာ သုတေသနပြုလုပ်နေတာကို တစ်ခါမှ မမြင်ဖူးပေ
ဒီစာစောင်များမှာဖော်ပြထားသော ရလဒ်များထွက်ရန် သုတေသနကို ဘယ်မှာပြုလုပ်ခဲ့တာလဲ။
သူ့အိမ်က စမ်းသပ်ခန်းမှာ ပြုလုပ်ခဲ့တာများလား။
ဒီလိုသုတေသနရလဒ်မျိုးကို မည်သူကမှ မထုတ်ပြနိုင်သေးပေ။ သူက ခူးချဖို့ကြိုးပမ်းမည်ဆိုပါက ခူးချနိုင်မည့် သုတေသနဟူ၍ မရှိသေးပေ။ဒီအချက်အရ သူကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှ ရလာခဲ့သော သုတေသနဟု ကောက်ချက်ချနိုင်သည်။
“ကောင်လေး..မင်းကို အထင်သေးနေတဲ့လူတွေအကုန်လုံးရဲ့မျက်နှာကို တစ်ချက်တည်းနဲ့ ဖြတ်ရိုက်လိုက် သလိုပါပဲ။ ဒီလူတွေရဲ့ မျက်နှာအတော်လေး ဖူးယောင်နေလောက်ပြီ”
Nature နှင့် Science တွင် သုတေသန အစောင်နှစ်ဆယ် ထုတ်ဝေနိုင်ခြင်းတစ်ခုတည်းနှင့်ပင် ကျောင်းရှိ ပါမောက္ခအားလုံးထက် ခေါင်းတစ်လုံးသာသည့် အနေအထားဖြစ်သည်။
“အင်း မတတ်နိုင်ဘူးလေ။ သူတို့က ကျွန်တော့်ကို အတွေ့အကြုံမရှိဘူးအရည်အချင်းမပြည့်ဝဘူးလို့ထင် နေကြတာလေ။ အဲ့တော့ ကျွန်တော့်အရည်အချင်းတွေကိုသူတို့ယုံအောင် သက်သေပြဖို့အတွက် ဒီနည်းလမ်းပဲရှိတော့တာ”
သူက တစ်ခုခုကိုလုပ်ပါက အဆုံးထိလုပ်တတ်သည့် လူမျိုးဖြစ်သည်။
“မင်းက ပျားအုံကိုမှ တုတ်နဲ့သွားထိုးတာပဲ။ အခုတော့ တရုတ်နိုင်ငံက ပညာရေးလောက တစ်ခုလုံး မင်းအကြောင်း ပွက်လောရိုက်နေကြပြီ။ မင်းက လူသိရှင်ကြားမဖြစ်အောင် နေရမဲ့လမ်းကို မသိဘူးပဲ”
“သုတေသနစာစောင် နှစ်စောင်လောက်ဆို ကိစ္စမရှိသေးဘူး။ အခုက အစောင် ၂၀ဆိုတော့ မင်းဟာကြီးက လွန်လွန်းပါတယ်ကွာ”
“ဟဲဟဲ” ဖန့်ကြွယ်ယွီက ဘာမှပြန်မပြောဘဲ ရယ်ပဲရယ်နေတော့သည်။
“ဟုတ်ပြီ ကျောင်းအုပ်ကြီးကိုသွားတွေ့လိုက်ဦးမယ်။အဲ့မှာလည်း အခြေအနေတွေက ပွက်လောရိုက်နေလောက်တယ်”
ကျောရှန်ခယ့်က ထိုသို့ပြောပြီး ဖုန်းကိုချလိုက်သည်။
ဖန့်ကြွယ်ယွီက သူ့ ဝီဘိုအကောင့်ထဲကို ဝင်လိုက်သောအခါ သူက Nature နှင့် Scienceမှာ စာတမ်းအစောင် (၂၀) ထုတ်ထားသည်ဆိုသော သတင်းက ပွက်လောရိုက်နေသည်။
တရုတ်နိုင်ငံ၏ ပညာရေးအဆင့်အတန်းမြင့်မားလာသည်နှင့် အမျှ သုတေသနကိစ္စရပ်များကို လူထုက စိတ်ဝင်စားလာကြသည်။ ထို့ကြောင့် သုတေသီများကလည်း မင်းသားမင်းသမီးများတန်းတူ နာမည်ကြီးလာကြသည်။
“ဥက္ကဌဖန့်ရဲ့ ခေါင်းဆို ဆုကြေးဘယ်လောက်တောင်ပေါက်မလဲ မသိဘူး။ သေချာတာတော့ သူ့ဦးနှောက် ငါတို့နဲ့ မတူဘူး။ ပိုက်ဆံရှာနိုင်တဲ့အပြင် သုတေသနပါလုပ်နိုင်သေးတယ်”
“သူရေးထားတဲ့ခေါင်းစဉ်ကိုဖတ်ပြီး ငါနားမလည်ဘူးဆို ယုံမှာတောင်မဟုတ်ဘူး။ငါလည်း တက္ကသိုလ် ကျောင်းဆင်းတစ်ဦးပါပဲ။ ကိုယ်ရတဲ့ဘွဲ့ကိုတောင် သံသယဝင်လာပြီ”
“မင်းတစ်ယောက်တည်းမဟုတ်ဘူး။ ငါလည်း ပေကျင်းတက္ကသိုလ်ကျောင်းဆင်း Ph.D တစ်ဦးပဲ။ သူရေးထားတဲ့ ခေါင်းစဉ်တွေရဲ့ တစ်ဝက်ကိုတောင် နားမလည်ဘူး။ ငါ့ကိုယ်ငါ ဘွဲ့ရဖို့အထိ အရည်အချင်းမရှိဘူးလို့ ထင်လာမိတယ်”
“ဥက္ကဌက ဂြိုဟ်သားတွေဆီက ဒေတာတွေများ ခိုးလာခဲ့တာလား”
“အခုမှပဲ ဘာလို့ သူဒီလောက်ချမ်းသာလဲဆိုတာ သိတော့တယ်။ ဘယ်အရာမဆို သုတေသနက အရေးပါတာပဲ။ သူ့ သုတေသနတွေကို စီးပွါးရေးမှာ ပြန်ပြီးအသုံးချတော့ အမြတ်ထွက်တာပေါ့”
“EGFRဆိုတာ ဘာကြီးလဲ”
…
ချီးကျူးသံများအပြင် သံသယဖြစ်သည့် စကားများလည်းတစ်ပြိုင်တည်းပေါ်လာသည်။
“ဒီကိစ္စကိုသေချာတွေးကြည့်တော့ တစ်ခုခုထူးဆန်းနေတယ်။ ၂၁နှစ်အရွယ်ကောင်လေးက နယ်ပယ်အခု ၂၀နဲ့ပတ်သက်ပြီး စာစောင်ထုတ်တယ်။ နယ်ပယ်တစ်ခုအတွက် လေ့လာလျှင်တောင် အနှစ် ၂၀ကြာတာ။အခုဟာက ယုံဖို့ခဲယဉ်းတယ်”
“သူက တစ်ယောက်ယောက်ဆီကနေ သုတေသနကို ပိုက်ဆံပေးဝယ်ပြီး စာရေးသူနေရာမှာ သူ့နာမည်ထည့်လိုက်တာများလား။ သူ့အတွက် ပိုက်ဆံဆိုတာ ပေါနေတာမဟုတ်လား”
“အင်း အခုပြောသလိုမျိုး ဖြစ်နိုင်တယ်။ ဒီ့ထက်ပိုပြီး သေချာစုံစမ်းဖို့လိုမယ်”
“ထွီ မင်းတို့တွေက ငါ့ကို မနာလိုဖြစ်နေကြတာမလား”
ဖန့်ကြွယ်ယွီက ထိုမှတ်ချက်များကို သိပ်ပြီး ဂရုမစိုက်ပေ။ သူ့စာတမ်းများက သာမန်လူနားလည်နိုင်သော အနေအထားထက် ပိုပြီး သာလွန်နေသည်။
ဖန့်ကြွယ်ယွီက ပို့စ်တစ်ခုကို ချက်ချင်းကောက်တင်သည်။
“မင်းတို့သံသယဖြစ်တာကို နားလည်ပါတယ်။ ငါ့သုတေသနတွေကလည်း နည်းနည်းခက်တာကိုး။ ဒီသုတေသနတွေအကုန် ငါ့ဘာသာလုပ်ထားတာဆိုတာ ကျိန်ပြီးပြောရဲတယ်။ စစ်ချင်တဲ့သူရှိရင် ကြိုက်တဲ့သူလာစစ်နိုင်ပါတယ်။သက်သေအထောက်အထားနှင့်တကွပြနိုင်တဲ့လူဆို သန်း ၁၀၀ဆုကြေးပေးမယ်”
သူက ထိုသို့ရေးလိုက်သည်နှင့် အွန်လိုင်းတစ်ခွင် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။
“ငါ့ကိုယ်ငါ ဆုကြေးပြန်ထုတ်နေတာပါလား”
ဖန့်ကြွယ်ယွီက သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိသဖြင့် ယခုလို ကြေညာချက်ထုတ်နိုင်ခြင်းဖြစ်သည်။
“ဥက္ကဌက ခပ်ပြတ်ပြတ်ပဲ။ သံသယဝင်နေတဲ့လူတွေ ကိုယ့်ဘာသာကိုယ်သိကြ”
“ပြသနာမရှာနေကြနဲ့။ နင်တို့အရမ်းမှန်တယ်ဆို သက်သေနဲ့တကွသွားပြလိုက်။ ဥက္ကဌက နင်တို့ကို ဆုကြေးတောင်ပြန်ပေးဦးမယ်”
“ကဲ ငါ့ကိုကူပြီး သက်သေအထောက်အထား ရှာပေးကြပါဦး။ ဆုကြေးရရင် ပြန်ခွဲပါ့မယ်”
“နင်တို့ စကားပြောဆင်ခြင်အောင် ဥက္ကဌက တစ်ဖက်လှည့်ပညာပြလိုက်တာ”
…
“ကျောင်းအုပ်ကြီး သတင်းထူး သတင်းထူးပြောရဦးမယ်”
ကျောရှန်ခယ်က ပြုံးပြီး ကျောင်းအုပ်ကြီးအခန်းထဲဝင်လာသည်။ ဖန့်ကြွယ်ယွီ၏ လုပ်ရပ်ကြောင့် သူလည်းဂုဏ်တက်ရတော့မည်။
အခန်းထဲမှာ လူအပြည့်ဖြစ်နေတာမို့ ကျောရှန်ခယ့် အံ့ဩသွားရသည်။
“မစ္စတာကျော..မင်းပြောမဲ့ သတင်းကို ငါကြားပြီးပါပြီ”
“ကျောင်းအုပ်ကြီး ဒါဆို ဖန့်ကြွယ်ယွီကို သံသယကင်းကင်းနဲ့ ပါမောက္ခရာထူးပေးလို့ရပြီပေါ့”
ဖန့်ကြွယ်ယွီကို ပါမောက္ခရာထူးအတွက် ကန့်ကွက်မဲပေးခဲ့သူများက ခေါင်းငိုက်စိုက်နေကြသည်။
“ဟူး ပါမောက္ခကိစ္စက ပြသနာမဟုတ်တော့ဘူး။ သူ့ကို ငါတို့ကျောင်းမှာခန့်လို့ရပါဦးမလား”
ကျန်းနန်တက္ကသိုလ်က တရုတ်မှာနာမည်ကြီးဆိုသော်လည်း တကမ္ဘာလုံးမှာ သူ့ထက်နာမည်ကြီးသည့် ကျောင်းများစွာရှိနေသည်။ ဥပမာ ဟားဗတ်တက္ကသိုလ်၊ ရေးလ်တက္ကသိုလ်နှင့် အောက်စဖို့တက္ကသိုလ် တို့ဖြစ်သည်။ ထိုကျောင်းများကလည်း သူ့ကို ရာထူးခန့်အပ်ဖို့အသည်းအသန်ကြိုးပမ်းကြတော့မည်။
တကယ်တော့ ဖန့်ကြွယ်ယွီက ဘာမှလုပ်စရာမလိုပေ။ သူ့နာမည်ကြားရုံဖြင့် ကျောင်းက အလိုလိုနာမည် ကြီးပြီးသားဖြစ်သည်။ ကျန်းနန်တက္ကသိုလ်က ထိုကျောင်းကြီးများနှင့်မယှဉ်နိုင်သလို ဖန့်ကြွယ်ယွီကိုလည်း စိတ်အနှောင့်အယှက်ပေးမိခဲ့သည်။
“ဟမ် ဒါတွေက မင်းတို့တွေရဲ့ ခေါင်းမာတဲ့ တယူသန်အတွေးတွေကြောင့်ဖြစ်ရတာ”ကျောရှန်ခယ့်က ဒေါသတကြီးပြောသည်။ “အရင်အပတ်ထဲက သူ့ကို ပါမောက္ခရာထူးပေးလိုက်ရမှာ။ သူက ငါတို့ကျောင်းအတွက် အဖိုးတန်ရတနာတစ်ပါးပဲ။ တစ်နှစ် နှစ်နှစ်အတွင်း ငါတို့ကျောင်းက ပြည်တွင်းမှာ ထိပ်သီးဖြစ်လာမှာ။ ပေကျင်းနဲ့ ယန်ကျင်းတက္ကသိုလ်တွေတောင် ငါတို့ကို ယှဉ်နိုင်မှာမဟုတ်တော့ဘူး”
“ဟင်း အတွေးတိမ်တဲ့ သောက်ရူးတွေ”
ပါမောက္ခများက စကားတစ်ခွန်းပင်ပြန်မပြောနိုင်ပေ။
“မင်းတို့ ဒီကိစ္စကိုဘယ်လိုရှင်းမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
ကျန်ကိစ္စကို ကျောင်းက ကြည့်ရှင်းလိုက်မည်။ သူ့အလုပ်က အေးအေးဆေးဆေးပွဲကြည့်နေရုံပဲဖြစ်သည်။