ငါရဲ့ ကြားပေါက်စီးပွါးရေး
Vol. 21 Ch. 283
“သို့ မစ္စတာဖန့်ကြွယ်ယွီ ..ဂုဏ်ယူပါတယ်။ ငါတို့ဂျာနယ်ကို လာရောက်တင်သွင်းခဲ့တဲ့ မင်းရဲ့ စာစောင်ဖြစ်တဲ့ “ကင်ဆာဆဲလ်များဆေးယဉ်ပါးမှုကို တိုက်ဖျက်ခြင်း” က စာစောင်မှာဖော်ပြဖို့ အရွေးချယ်ခံရပြီး နောက်အပတ် ဂျာနယ်ထုတ်ဝေမှုမှာ မျက်နှာဖုံးနေရာကနေ ပါဝင်ပါ့မယ်။ ထပ်မံပြီး ပြောပါရစေ။ ဂုဏ်ယူပါတယ် မစ္စတာဖန့်”
“သို့ မစ္စတာဖန့်ကြွယ်ယွီ..ဂုဏ်ယူပါတယ်။ ငါတို့ဂျာနယ်ကို တင်သွင်းခဲ့တဲ့ မင်းရဲ့စာတမ်းဖြစ်တဲ့ “neutrino အလင်းထက်မြန်ဆန် ခြင်းကွဲလွဲမှုများ”က အရွေးချယ်ခံရပြီး နောက်တစ်ပတ်မှာ ထုတ်ဝေပါလိမ့်မယ်”
…
တနင်္လာနေ့မနက်တွင် ဖန့်ကြွယ်ယွီက သူတင်ထားခဲ့သော စာတမ်းများအခြေအနေကို သိရန် စာတမ်းတင်သွင်း ခဲ့သည့် စနစ်ကိုဖွင့်ကြည့်ခဲ့သည်။ Nature နှင့် Scienceကိုတင်သွင်းခဲ့သော သူ၏ စာတမ်းအစောင် ၂၀လုံးကို ဂျာနယ်တိုက်များက လက်ခံခဲ့သည်။
စာရေးသူတစ်ဦးတည်းက Nature နှင့် Science ဂျာနယ်တိုက်တစ်ခုစီတွင် စာတမ်း၁၀စောင်ကို တစ်ပြိုင်နက် ထုတ်ဝေနိုင်ခြင်းက ကြုံတောင့်ကြုံခဲကိစ္စဖြစ်သည်။ပိုပြီး အံ့အားသင့်ရသည်မှာ ထိုလူက တရုတ်နိုင်ငံမှ ဖြစ်နေသည်။
ဂျာနယ်နှစ်ခုလုံးက ဖန့်ကြွယ်ယွီ၏ စာတမ်း၁၀စောင်အတွက် သီးသန့်အခန်းတစ်ခုပါ ထပ်ဖြည့်ပေးရသည်။
“အင်း မဆိုးပါဘူး။ အဆင်ပြေသားပဲ”
ဖန့်ကြွယ်ယွီ၏ စာတမ်းများက အလွန်အဆင့်မြင့်သည်။ တချို့ပညာရှင်ကြီးများက သူ့စာတမ်းနှင့်ပတ်သက်ပြီး ချီးမွမ်းပြောဆိုကြသည်။သူတို့၏ ပညာရေးအနေအထားက ဖန့်ကြွယ်ယွီလောက်တောင် မရှိဘူးဟု ဝန်ခံကြသူများပင်ရှိသည်။
ဖန့်ကြွယ်ယွီက တူညီသော ပညာရပ်နယ်ပယ်တစ်ခုအတွက် စာတမ်း အစောင်၂၀ ရေးသားနိုင်ပါက ပိုပြီး လက်ခံနိုင်စွမ်းမြင့်ကြပေမည်။ပြီးတော့ လူတစ်ဦးက နယ်ပယ်တစ်ခုတွင် ကျွမ်းကျင်ပါက စာတမ်းရေးသားဖို့က သိပ်မခက်ခဲပေ။
သို့သော် သူ၏ စာစောင်များက နယ်ပယ်ကဏ္ဍအစုံဖြစ်သည်။ သူက အသက်၂၀ အရွယ်လေးနှင့် လုပ်ဆောင်နိုင် သောအရာများက ထိပ်သီးသိပ္ပံပညာရှင်များ နှစ်ပေါင်းရာနှင့်ချီပြီး မဖြေရှင်းနိုင်ခဲ့သောပုစ္ဆာများ ဖြစ်နေတာက ပိုပြီး အံ့အားသင့်စရာကောင်းပေသည်။
မွေးကတည်းကစပြီးလေ့လာခဲ့မှသာ ဤမျှလောက်ကျွမ်းကျင်နိုင်မည်။ သာမန်လူအဖို့ တစ်နှစ်ကို ပညာရပ်တစ်ခုကို လေ့လာရုံဖြင့် ကျွမ်းကျင်တတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
မဖြစ်နိုင်ဘူးဆိုသော်လည်း သူတို့ကိုယ်တိုင်မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရတာမို့ လက်ခံဖို့ပဲရှိတော့သည်။
..
ကျန်းနန်တက္ကသိုလ်၏ ရုံးခန်းတွင် ပါမောက္ခ ဟဲကွမ်းဟွား ဆိုသူက Nature၏ နောက်ဆုံးထွက်စာစဉ်ကို ဖတ်ရန် ဖွင့်လိုက်သည်။ သူတို့သည် ငွေကြေးအရရော ဂုဏ်သိက္ခာပိုင်းဆိုင်ရာရော ပြည့်စုံသူများဖြစ်ကြသည်။
သို့သော် စာပေပညာရပ်တွင် ကျင်လည်သူများဖြစ်တာမို့ သုတေသနကိစ္စရပ်များကို အမြဲတစေစဉ်းစားတွေး ခေါ်ကြရသည်။ သူတို့၏ ပညာဝမ်းစာကို အမြဲလိုလိုဖြည့်တင်းဖို့ လိုအပ်သဖြင့် သုတေသနစာစောင်များကို အမြဲမပြတ်ဖတ်ရှုရသည်။
ဟဲကွမ်းဟွားက လစ်သီယမ်ဘတ်ထရီနှင့် ပတ်သက်သည့် သုတေသနအပိုင်းကို ဦးစားပေးလုပ်ဆောင်ပြီး အဆင့်မြင့်နာမည်ကြီးဂျာနယ်များတွင် သူ၏စာတမ်းများကို ရေးသားထုတ်ဝေခဲ့သည်။စိတ်မကောင်းစွာဖြင့်ပင် သူနှင့် သူ့အဖွဲ့ လုပ်သောသုတေသနများကို တစ်ခါမှ Nature နှင့် Science တွင် ရေးသားဖော်ပြခံရခြင်းမရှိပေ။
ထိုအခြေအနေမှာ သူဘာများတတ်နိုင်ပါဦးမလဲ။
“စွမ်းဆောင်ရည်မြင့် လစ်သီရမ်ဘတ်ထရီနည်းပညာ- ထုထည်ပိုင်းမှာ ၅၀% လျှော့ချပြီး စွမ်းဆောင်ရည်ပိုင်းမှာ ၇၅% မြှင့်တင်ပေးပြီး သက်တမ်းကို သုံးဆပိုမိုကြာရှည်ခံစေတယ်”ဟဲကွမ်းဟွားက အံ့ဩပြီး ပါးစပ် အဟောင်းသားဖြစ်သွားသည်။
ထိုအရည်အသွေးထဲမှ တစ်ခုကို ထုတ်လုပ်နိုင်လျှင်တောင် အလွန်ချီးကျူးဖွယ်ကောင်းပေသည်။ ထိုသို့ အရည်အချင်းများစွာပါဝင်သောအရာကို ဘယ်နိုင်ငံက သုတေသီကများ ထုတ်လုပ်နိုင်ခဲ့တာပါလိမ့်!
သူက စာရေးသူနာမည်ကို တစ်ချက်လှမ်းကြည့်သည်။
“ဖန့်ကြွယ်ယွီ ကျန်းနန်တက္ကသိုလ်”
မျက်မှောင်တစ်ချက်ကြုံ့ပြီး စဉ်းစားသည်။
“ငါတို့တက္ကသိုလ်မှာ ဖန့်ကြွယ်ယွီဆိုတဲ့ နာမည်နဲ့ ပါမောက္ခရှိလို့လား”
လွန်ခဲ့သည့် တစ်ပတ်တုန်းက ကျောင်းသားတစ်ဦးအား ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ခန့်အပ်ထားရန် သူတို့အားလုံး မဲပေးခဲ့ကြသေးသည်။ ထိုကျောင်းသားနာမည်က ဖန့်ကြွယ်ယွီဖြစ်ပြီး
အထူးပြုမေဂျာက ကွန်ပျူတာသိပ္ပံဖြစ်သည်။
ထိုကျောင်းသားလေးက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာလည်း သူ ကောင်းကောင်းကြီး မှတ်မိနေသည်။
သူကတောင်မှ စနောက်ပြီးပြောခဲ့သေးသည်။ ပြိုင်ပွဲတစ်ခုမှာချန်ပီယံဆုကို ရယူပေးရုံဖြင့် ပါမောက္ခရာထူးကို ပေးအပ်သည့်အရာမျိုး ဒီကမ္ဘာပေါ် မှာရှိလို့လားဟု နောက်ပြောင်ပြီး ပြောခဲ့သည်။
ဟဲကွမ်းဟွားသည် အသက်၂၈နှစ်တွင် Ph.Dဘွဲ့ကို ရရှိခဲ့ပြီး အသက် ၃၅နှစ်တွင် တွဲဖက်ပါမောက္ခရာထူးကို ရရှိခဲ့သည်။ထို့နောက် အသက် ၄၈ နှစ်တွင် ပါမောက္ခတစ်ဦးဖြစ်လာခဲ့သည်။ ပါမောက္ခတစ်ဦးဖြစ်ရန် လျှောက်လှမ်းရသည့် လမ်းက မည်မျှ မလွယ်ကူကြောင်း သူသိသည်။
သူ့လိုမျိုး စာတမ်းများရေးသားထုတ်ဝေထားခြင်းမရှိသော အသက်၂၁နှစ်အရွယ်ကောင်လေးက သူ့အသက် ၄၈မှ ရရှိခဲ့သော အရာကို ရဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ထို့ကြောင့် သူက နှစ်ခါမစဉ်းစားဘဲ ကန့်ကွက်မဲ ထည့်ခဲ့သည်။
“နာမည်တူ ဆရာများ ဖြစ်နေမလား”
သို့သော် သူက ပညာရေးနယ်ပယ်က ဆရာများကို နှံ့နှံ့စပ်စပ်သိသူမို့ ထိုနာမည်နှင့် တူသော ဆရာမရှိဘူးဆိုတာ သူ သေချာသိနေပြန်သည်။
လစ်သီယမ်ဘတ်ထရီအကြောင်း သုတေသနလုပ်နေတဲ့ တခြားဌာန ဆရာတစ်ယောက်များဖြစ်နေမလား!
သူက ကျောင်း၏ စာသင်ခန်းအထောက်အကူပြုစနစ်ကို ဖွင့်ကြည့်ပြီးရှာသောအခါ ထိုနာမည်နှင့် ဆရာဆိုတာ မရှိနေပေ။
“ဒါမမဟုတ် ပါရဂူဘွဲ့ သို့ မာစတာဘွဲ့သင်တန်းတက်နေတဲ့ ကျောင်းသားများ ဖြစ်နေမလား”
ဖြစ်နိုင်ချေက အလွန်နည်းပါးသော်လည်း လုံးဝမဖြစ်နိုင်တာတော့မဟုတ်ပေ။
“အကိုတင်း..ကျောင်းသားတွေထဲမှာ ဖန့်ကြွယ်ယွီဆိုတဲ့နာမည်နဲ့ ကျောင်းသားရှိမရှိ ကျောင်းသားရေးရာဌာနမှာ တစ်ချက်စစ်ကြည့်ပေးပါဦး”
ဟဲကွမ်းဟွားက ကျောင်း၏ မှတ်တမ်းဌာန ခေါင်းဆောင်ကို လှမ်းမေးသည်။
“အင်း ငါတို့ကျောင်းမှာ ဖန့်ကြွယ်ယွီဆိုတဲ့ နာမည်နဲ့ ကျောင်းသားက တစ်ယောက်ပဲရှိတယ်။ မင်းသိပါတယ်။ ကွန်ပျူတာသိပ္ပံမေဂျာက ကျောင်းသားလေ”
“ဪ သူကိုး”
ဟဲကွမ်းဟွားတစ်ယောက် အံ့အားသင့်ပြီး လက်ထဲက ဖုန်းပင် လွတ်ကျသည်။
သူ၏ ပညာအရည်အချင်းနှင့် သုတေသနစွမ်းဆောင်ရည်များကို မသိသောကြောင့် ကန့်ကွက်မဲ ပေးခဲ့ခြင်းဖြစ်သည်။
ယနေ့မှာ သူကန့်ကွက်မဲပေးခဲ့သောလူက သူ့ဘဝတစ်လျှောက်လုံးမှာ မရခဲ့ဖူးသော အခွင့်အရေးဖြစ်သည့် Natureမှာ စာတမ်းထုတ်ဝေနိုင်ခဲ့သည်။
“ခဏလေး”
ယနေ့ဂျာနယ်၏ အခင်းအကျင်းပုံစံက အရင်ကနှင့် မတူနေတာကို သတိထားမိသည်။ စာမျက်နှာအားလုံးမှာ အထူးပြုဖော်ပြထားသော စာလုံးများနှင့် အခင်းအကျင်းကတူနေသည်။
“ဖန့်ကြွယ်ယွီ..ဒါလည်း သူ့စာတမ်းပဲ”
“ဟမ် ဒါရောပဲလေ”
ဟဲကွမ်းဟွားလည်း အလွန်ပင်အံ့ဩမှင်သက်ဖြစ်ရသည်။ထိုဂျာနယ်၏ယခုတစ်ပတ်ထုတ်ဝေသော အတွဲတွင် သူရေးသားထားသော စာတမ်း ၁၀စောင်ပါဝင်သည်။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ!
ပြီးတော့ စာတမ်းများက စွမ်းအင်၊ အာကာသ၊ ဆေးပညာ၊ ဇီဝ စသည့် နယ်ပယ်အစုံဖြစ်သည်။
“ကျောင်းနာမည်နဲ့ လူနာမည်များမှားနေတာလား”
ဒါလည်း မဖြစ်နိုင်ပေ။ ကမ္ဘာ့နာမည်ကြီး စာစောင်များက မထုတ်ဝေမီ အပြန်ပြန်အလှန်လှန် စစ်တာမို့ ထိုကဲ့သို့ အမှားမျိုးမရှိနိုင်ပေ။
“ဒီလောက် စာစောင်တွေအများကြီး သူတကယ်ပဲ ထုတ်ဝေခဲ့တာလား။ ဒါပေမဲ့ ကွန်ပျူတာသိပ္ပံအထူးပြု အသက် ၂၁နှစ်အရွယ် ကျောင်းသားက ဒီလိုမျိုး စာစောင်အများကြီးကို ဘယ်လိုလုပ်ပြီး ရေးသားနိုင်တာလဲ”
“မဖြစ်ဘူး ဒီကိစ္စကို ကျောင်းအုပ်ကြီးကိုပြောရမယ်။အရေးကြီးတယ်”
ဟဲကွမ်းဟွားက ကျောင်းအုပ်ကြီးရုံးခန်းကို ကပျာကယာပြေးထွက်သွားသည်။
ကျောင်း၏ တခြားဌာနများမှာလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ဂျာနယ်နှစ်စောင်ထွက်သည်နှင့် သတင်းက တမဟုတ်ချင်းပျံ့နှံ့သွားသည်။
တရုတ်တက္ကသိုလ်များက အချက်တစ်ချက်တည်းသိကြသည်။
ကျန်းနန်တက္ကသိုလ်က ဖန့်ကြွယ်ယွီဆိုတဲ့ ကျောင်းသားက Nature နဲ့ Scienceမှာ စာတမ်း၁၀စောင်ကို ပထမစာရေးသူအဖြစ်နှင့် ထုတ်ဝေခြင်းဟူသော အချက်ဖြစ်သည်။
ထိုသတင်းထွက်လာသောအခါ စာရေးသူဖန့်ကြွယ်ယွီမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖန့်ကြွယ်ယွီဆိုတာကိုပါ တစ်ခါတည်း အတည်ပြုပြီးထွက်လာသည်။
“ကောင်လေး..ဘာတွေဖြစ်ကုန်တာလဲ။ တကယ်ပဲ ဒီစာစောင်တွေအကုန် မင်းရေးခဲ့တာလား”
ကျောရှန်ခယ့်က သတင်းကြားကြားချင်း ဖန့်ကြွယ်ယွီအား ဖုန်းလှမ်းဆက်သည်။
“ဘယ်သူဖြစ်နိုင်ဦးမှာလဲ ဆရာရယ်။ သူများရေးထားတဲ့စာတမ်းကို ကျွန်တော့်နာမည်ပြောင်းပြီး တပ်လိုက်တယ်လို့ ထင်နေတာလား”
“မင်းတကယ့်ကိုအံ့ဩစရာကောင်းတာပဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရေးနိုင်ရတာလဲ။မင်းက ကွန်ပျူတာသိပ္ပံလေ့လာနေတာမဟုတ်ဘူးလား”
“ဟုတ်တယ် ပျင်းလာလို့ တခြားပရောဂျက်လေး ပြောင်းလုပ်ကြည့်တာ”