← Chapters

အခန်း (၂၈၂)

Vol. 21 Ch. 282

အခန်း (၂၈၂)

Vol. 21 Ch. 282

ဘာမင်ဟမ်တက္ကသိုလ်၏ လက်တွေ့သုတေသနစမ်းသပ်ခန်းတွင် ခေါင်းတုံးပြောင်နှင့် လူကြီးတစ်ဦးက စမ်းသပ်သည့် ဖန်ပြွန်ကိုကိုင်ပြီး ဓာတ်ပြုမှုကိုစောင့်ကြည့်နေသည်။ သူ့ဘေးနားတွင် ကြွက်တစ်ကောင်က အစာအိမ်ကင်ဆာကြောင့် သေလုမျောပါးဖြစ်နေသည်။

ပါမောက္ခကိုးလ်မန်းသည် ကင်ဆာရောဂါကုသမှုတွင် နာမည်ကြီးတစ်ဦးဖြစ်သည်။ သူ့ကိုလူအများစုက အသက် ၆၀၊၇၀ ဟု အထင်မှားကြသော်လည်း သူ၏အသက်မှာ ၃၇နှစ်ပဲရှိသေးသည်။ သူသည် အသက် ၂၂အရွယ်တွင် ပါရဂူဘွဲ့ရပြီးသည်။ သူ့ဆရာက ဖိတ်ကြားမှုကြောင့် ထိုတက္ကသိုလ်တွင် ကင်ဆာရောဂါလေ့လာခြင်း အထူးပြုသော ဓာတ်ခွဲခန်းတစ်ခုကို တည်ထောင်ခဲ့သည်။

ငါးနှစ်အတွင်း အဆင့်မြင့်ဂျာနယ်များတွင် သုတေသနစာတမ်းများစွာ ရေးသားထုတ်ဝေနိုင်ခဲ့သည်။ အသက်၂၇ အရွယ်တွင် ဘာမင်ဟမ် တက္ကသိုလ်တွင် ပါမောက္ခတစ်ဦးဖြစ်လာခဲ့သည်။

ယခုအခါ ထူးချွန်ပညာရှင်ပေါင်းများစွာကို ဆက်လက်မွေးထုတ်ပေးနေပြီး Nature၊ Science နှင့် Cellတို့တွင် စာတမ်းတစ်စောင်စီရေးသားထုတ်ဝေပြီးဖြစ်သည်။

“ကဲ ပြီးပြီ။ ဒီတစ်ခါတော့ ဆေးစွမ်းပိုပြီးပြမယ်လို့ မျှော်လင့်ရတာပဲ”

ကိုးလ်မန်းက လက်ထဲကပစ္စည်းကိုချပြီး သေချာသိမ်းဆည်းထားလိုက်သည်။ နှစ်မီလီမီတာလောက်တောင် မရှိသော်လည်း စမ်းသပ်ဖန်ပြွန်အတွင်းရှိကုန်ကြမ်းပစ္စည်းက ဗြိတိန်ပေါင် သန်းပေါင်းများစွာ တန်ကြေးရှိသည်။

“ပါမောက္ခထံလိပ်မူပြီး emailတစ်စောင်ဝင်လာပါတယ်”

“ဟုတ်ပြီ ကယ်ဗင်။ ဆရာကြည့်လိုက်မယ်။ မနက်စာလေးပြင်ထားပေးလို့ရမလား”

ကိုးလ်မန်းက ကုတ်အကျီကိုချွတ်ပြီး လက်ကိုသေချာဆေးသည်။ထို့နောက် ခုံပေါ်ထိုင်ပြီး လက်ဖက်ရည်ကို ဇိမ်ကျကျ သုံးဆောင်သည်။

“Natureက စာတမ်းဆိုပါလား”

သူက ပေးပို့သူအမည်ကိုကြည့်လိုက်သည်။

“သူတို့က ငါ့ကို အယ်ဒီတာဘုတ်အဖွဲ့ဝင်လို့ ထင်နေပုံရတယ်”

ကိုးလ်မန်းက တစ်ချက်ပြုံးလိုက်သည်။ သူ၏ ဆေးပညာနှင့်ပတ်သက်သည့်ပညာအရည်အချင်းကို အသိအမှတ်ပြုသောကြောင့် ယခုလိုပေးပို့လာသည့်အပေါ် သူအလွန်ကျေနပ်အားရမိသည်။

“အင်း ဒါလေးဖတ်ရင်းနဲ့ မနက်စာစားလိုက်ပါဦးမယ်”

Nature ဘက်ကိုတင်သော စာတမ်းများက အရည်အသွေးမြင့်ကြပြီး ကမ္ဘာအနှံ့က ပညာရှင်များ၏ သုတေသနပြုလုပ်ချက်များကို လေ့လာခွင့်ရသည်။

“ကင်ဆာကုထုံးများကို ဆေးယဉ်ပါးမှုကို ကုသခြင်း”

ခေါင်းစဉ်ကိုဖတ်လိုက်ရုံဖြင့် သူက စိတ်ဝင်စားလာသည်။ သူ့လက်ထဲပ ပစ္စည်းကို စားပွဲပေါ် တင်လိုက်သည်။

သူက ထိုနယ်ပယ်တွင် ကနဦးပညာရှင်တစ်ဦးဖြစ်တာမို့ အလွန်ပင် စိတ်ဝင်စားမိသည်။

ထိုဆေးက ကင်ဆာကုထုံးများတွင် ဆေးယဉ်ပါးမှုကို တိုက်ဖျက်ရန် တီထွင်ထားသည်။

ဆေးပညာအတွက် အားကိုးအားထားပြုရသော သုတေသနတစ်ခုဖြစ်သည်။

“ဆေးယဉ်ပါးမှုကို ၉၅%လျှော့ချနိုင်မယ်။ ဖြစ်နိုင်ပါ့မလား”

စာတမ်းငယ်အကျဉ်းချုပ်ကိုဖတ်လိုက်ပြီး ကိုးလ်မန်း က မယုံနိုင်အောင် အံ့အားသင့်သွားသည်။ ဆေးပညာမှာကျင်လည်ခဲ့သော သက်တမ်းတစ်လျှောက်မှာ ထိုဆေးယဉ်ပါးမှုကို ၉.၅%တောင်မှ မလျှော့ချနိုင်သေးပေ။

သူမှန်းသလောက်ဆို ထိုဆေးကို အောင်မြင်စွာဖော်ထုတ်နိုင်ပါက ကင်ဆာဆဲလ်၏ ဆေးယဉ်ပါးမှုကို ၁၅%ထိ အမြင့်ဆုံးလျှော့ချပေးနိုင်မည်။ထို့ကြောင့် စာတမ်းမှာဖော်ပြထားသော ပမာဏနှင့် လွန်စွာမှ ကွာဟချက် ကြီးမားနေသည်။

“မဟုတ်ပါဘူးကွာ။ Nature မှာ လာတင်ပြီး ခုလိုလက်လွတ်စပယ် ခန့်မှန်းမှုတွေ မလုပ်သင့်ပါဘူး”

“ဒေတာကိုကြည့်ရတာလည်း လုပ်ကြံထားတဲ့ပုံမပေါ်ဘူး”

ကိုးလ်မန်းက ဒေတာကို သေချာတွက်ချက်နေသည်။ ဆေးအသစ်တချို့နှင့်မရင်းနှီးသော်လည်း အများစုကိုတော့ နားလည်သည်။

ဆေးများ၏ ဖွဲ့စည်းမှုနှင့် တည်ဆောက်ပုံကို ကြည့်ပြီး ကင်ဆာဆဲလ်များ၏ ဆေးယဉ်ပါးမှုကို လျှော့ချရန် ဖော်စပ်ထားသည်ဆိုတာ သိနိုင်သည်။ အရေးကြီးဆုံးက ထိုဆေးကို မည်သို့မည်ပုံ ဖော်စပ်ထားတာလဲဆိုသော အရာဖြစ်သည်။

ဖန့်ကြွယ်ယွီ၏ စာတမ်းမှု ဆေးဖော်စပ်မှုနှင့် လက်တွေ့စမ်းသပ်မှုများကို ရေးသားဖော်ပြထားသည်။ ဒေတာအားလုံးမှန်ကန်ပါက ထူးခြားသည့် ရှာဖွေတွေ့ရှိမှုဆိုတာ အသေအချာပင်ဖြစ်၏။

ထိုဆေးယဉ်ပါးမှုတိုက်ဖျက်ရေးစွမ်းဆောင်မှုကို အဆင့်မြှင့်တင်နိုင်ပါက အစာအိမ်ကင်ဆာသည် လူသားတို့က အမြစ်ပျက်ပျောက်ကင်းအောင် ကုသနိုင်သော ကင်ဆာဖြစ်လာတော့မည်။

“ဒီလူဒီလောက်တော်တာ ငါဘာလို့ မသိနေတာပါလိမ့် ထူးဆန်းတယ်။ တရုတ်နိုင်ငံက ကျန်းနန်တက္ကသိုလ်မှာ ဒီအပိုင်းနဲ့လုပ်တဲ့ သုတေသီ သိပ်မရှိပါဘူး။ ဒီတစ်ယောက်က ကျောင်းသားလား သုတေသီလား”

“ထားလိုက်ပါ။ ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပါဘူးလေ။ ဓာတ်ခွဲခန်းစမ်းသပ်မှုကို အရင်ဆုံး စစ်ဆေးကြည့်ကြတာပေါ့”

ထိုအချိန်မှာ သူ့တပည့်က မနက်စာ ယူလာပေးသည်။ သို့သော် သူက မနက်စာစားဖို့ စိတ်မဝင်စားတော့ပေ။

“ကယ်ဗင် အားလုံးကို စုလိုက်။ မင်းတို့ကို ခိုင်းစရာတစ်ခုပေါ်လာပြီ။ ဒါက ဆေးအသစ် ဖော်စပ်တဲ့ ဖော်မြူလာပဲ။ ငါတို့ဆီမှာ စမ်းသပ်မှုလုပ်ဖို့ ပစ္စည်းတွေရှိနေတာဆိုတော့ ဓာတ်ခွဲခန်းစမ်းသပ်ဖို့ပဲ လိုတော့တယ်”

“ဆေးယဉ်ပါးမှုကို လုပ်နေတဲ့ စမ်းသပ်ခံကြွက်လေးတွေရှိတယ်မဟုတ်လား”

“ဟုတ်ကဲ့ ပရော်ဖက်ဆာ။ ဒါဆို ဒီဆေးအသစ်ကို အရင်ဆုံးစမ်းသပ်မှာတော့ မဟုတ်ပါဘူးနော် ဆရာ”

“အဲ့တာကိုထားလိုက်တော့။ ၉၅% ထိရောက်အောင် လျှော့နိုင်တဲ့ဆေးရှိနေတာဆိုတော့ ငါ့ရဲ့ ၁၅% က ဘာမှမဟုတ်တော့ဘူး။ လက်တွေ့စမ်းသပ်မှုလုပ်ဖို့ မင်းမှာအချိန်ငါးရက်ရမယ်။ စမ်းသပ်မှုတွေလုပ်ပြီး ရလဒ်တွေ ငါ့ကိုလာတင်ပြ။ ငါကိုယ်တိုင်လည်း လက်တွေ့စမ်းသပ်မှုလုပ်မယ်”

…..

တတိယမြောက်နေ့ ညနေခင်းတွင် စမ်းသပ်မှုရလဒ်များ ထွက်ပေါ်လာသည်။ ဆေးအာနိသင်က ပိုမိုကောင်းမွန်ပြီး ဖန့်ကြွယ်ယွီရလဒ်ထက် ၂.၅% တောင် ကျော်လွန်နေသေးသည်။ကိုးလ်မန်းက စမ်းသပ်မှုရလဒ်များကို ကြည့်ပြီး ကတုန်ကယင်ဖြစ်နေသည်။ ကင်ဆာသုတေသနတွင် နှစ်ပေါင်းများစွာ ကျပ်တည်းနေခဲ့သော ကိစ္စတစ်ခုက အောင်မြင်စွာပြေလည်သွားခဲ့သည်။ သူက ထိုသုတေသနကို ပြုလုပ်သူမဟုတ်သော်လည်း အောင်မြင်မှုအတွက် ဝမ်းသာပီတိဖြစ်ရသည်။

“ဖန့်ကြွယ်ယွီဆိုတဲ့ လူအကြောင်းကို သိချင်လိုက်တာ”

ကိုးလ်မန်းက ဖန့်ကြွယ်ယွီထံ တကူးတကဆက်သွယ်လာသည်။

“ပါမောက္ခဖန့်”

ထိုသို့ ကြီးကျယ်ခမ်းနားလှသည့် သုတေသနကို ပြုလုပ်နိုင်သူမှာ ပါမောက္ခအနေအထားလောက်ရှိမည်ဟု ယူဆပြီး ထိုကဲ့သို့ ခေါ်လိုက်ခြင်းဖြစ်သည်။

“ဘယ်သူလဲ မသိဘူးခင်ဗျာ”

“ဪ ပါမောက္ခဖန့်..ငါက ဘာမင်ဟမ်တက္ကသိုလ်က ပါမောက္ခကိုးလ်မန်းပါ။ မင်း ငါ့နာမည်ကို ကြားဖူးမယ်လို့ ထင်ပါတယ်”

“ငါ..မသိဘူးလို့ပြောပါရစေ”

ဖန့်ကြွယ်ယွီက အားနာနာနှင့် ထိုကဲ့သို့ ပြောလိုက်ရသည်။ သို့သော် ရှောင်းရီ၏ ကူညီပေးမှုအရ ထိုလူက သူတင်ထားသော စာတမ်းနှင့် တစ်နည်းတစ်ဖုံဆက်စပ်သည်ဆိုတာ သိလိုက်ရသည်။

“ရပါတယ် ငါ့ကို သိသိ မသိသိ ကိစ္စမရှိပါဘူး။ အခုငါတို့ အချင်းချင်းသိကြပြီဟုတ်”

“ငါ မေးချင်တာက ပါမောက္ခဖန့်က စာတမ်းကို ကိုယ့်ဘာသာလုပ်ခဲ့တာလား”

“ဟုတ်ပါတယ်ဗျာ။ ပြီးတော့ ငါ့ကို ပါမောက္ခဖန့်လို့ မခေါ်ပါနဲ့။ ငါက အခုမှ ဘွဲ့ရခါနီး ကျောင်းသားပဲရှိသေးတာ”

“မဖြစ်နိုင်တာ။ ဒီလောက်အရည်အချင်းရှိတဲ့သူကို ဘာရာထူးမှ မပေးထားတာ တကယ် နှမြောစရာပဲ”

“အင်း ခင်ဗျားပြောမှ သတိရတော့တယ်။ အရင်ပတ်က ငါ့ကို ပါမောက္ခရာထူးပေးဖို့ မဲပေးကြတာ တွဲဖက်ပါမောက္ခရာထူးနဲ့ အထက် ဆရာ၈၀% က ငါ့ကိုကန့်ကွက်ကြတယ်။ သူတို့ပြောတာတော့ ငါ့မှာ သုတေသနအရည်အချင်း မရှိဘူးဆိုပဲ”

“ဒီလူတွေရူးနေကြတာလား”

ကိုးလ်မန်းက စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။

ကိုးလ်မန်းကတော့ သူ့ကိုအထင်ကြီးလေးစားသည်။

ဒီလူတွေက သူဖော်စပ်ထားတဲ့ဆေးအသစ်ကို မသိကြလို့များလား!!

“မစ္စတာဖန့် ငါတို့ကျောင်းကိုလာခဲ့။ မင်းကို ချက်ချင်း ပါမောက္ခရာထူးပေးမယ်။ ငါခံစားနေရတဲ့ အကျိုးခံစားခွင့်ထက်လည်း မနိမ့်စေရဘူး”

“အားနာပါတယ် ပါမောက္ခကိုးလ်မန်း..ကျောင်းကိုစွန့်ခွါဖို့တော့ ငါအတွေးမရှိပါဘူး။ ငါက ကျန်းနန်တက္ကသိုလ်ကို သဘောကျပါတယ်”

“နှမြောစရာပဲ။ ဒါဆို တစ်ခုလောက်ထပ်မေးပါရစေ မစ္စတာဖန့်။ ဒီလောက်ကောင်းတဲ့ အိုင်ဒီယာကို ဘယ်လိုမျိုး ရခဲ့တာလဲ..ရုတ်တရက် တွေးမိတာလား”

“ဟုတ်တယ် မနက်ခင်းတစ်ခုမှာ နိုးလာပြီး အိမ်သာသွားတာ မရဘူး။ ဝမ်းချုပ်နေခဲ့တာ။ အိမ်သာထဲ အကြာကြီး ထိုင်နေခဲ့ရတာပေါ့။အဲ့အချိန်မှာ ငါ့ကိုယ်ထဲကို နတ်ဘုရားဝင်ပူးလိုက်သလိုပဲ ဒီ သုတေသနကို လုပ်ဖို့ အတွေးရသွားတာ”

“အင်း မိုက်တာပေါ့”

“မစ္စတာဖန့် ခင်ဗျားစာတမ်းနဲ့ပတ်သက်ပြီး ဘာမှပြင်စရာမရှိကြောင်း ဂျာနယ်ဘက်ကို အကြောင်းပြန်လိုက်မယ်။ စိတ်ချပါ တစ်ပတ်အတွင်း ခင်ဗျားစာစောင် ထွက်လာပါလိမ့်မယ်။ စိတ်ချလက်ချနေပါ။ ငါတို့ အဆက်အသွယ်တော့ အမြဲမပြတ်လုပ်ကြတာပေါ့”

“ဟုတ်ပါပြီဗျာ”

ကိုးလ်မန်းက ဖုန်းချလိုက်ပြီးနောက် အိမ်သာကို အကြာကြီးစိုက်ကြည့်နေသည်။

“ကယ်ဗင် ဒီကိုလာဦး”

“ဟုတ်ကဲ့ ပရော်ဖက်ဆာ ဘာများခိုင်းစရာရှိလို့ပါလဲ”

“နောက်ရက်ကျ ငါ့အခန်းထဲက အိမ်သာကိုဖယ်ပြီး တရုတ်အိမ်သာလိုမျိုး ပုံစံနဲ့ ပြောင်းပေးပါ”

“ဟမ်”

ကယ်ဗင်က ဘာပြန်ပြောရမှန်း မသိတော့ပေ။

“နောက်ခါ အဲ့အိမ်သာမျိုးသုံးမှ ငါ့အတွေးတွေကို ပိုပြီးညှစ်နိုင်မှာ”

ကိုးလ်မန်းက ရုံးခန်းအပြင်ဘက်ကိုလျှောက်သွားရင်း တိုးတိုးလေးရေရွတ်နေသည်။

All Chapters