← Chapters

သူတို့ကို နားချလိုက်ပါ

Vol. 21 Ch. 280

သူတို့ကို နားချလိုက်ပါ

Vol. 21 Ch. 280

“ဟူး ဘဝကြီးကလည်း ပင်ပန်းလိုက်တာကွာ”

ဖန့်ကြွယ်ယွီက အိပ်ရာနိုးနိုးချင်း သူ့ရှေ့မှာ ချိတ်ဆွဲထားသော ဒါဗင်ချီ၏ ပန်းချီကားကို စိုက်ကြည့်နေသည်။ ကလေးမနှစ်ယောက် အိမ်ကိုရောက်ကတည်းက သူတစ်ယောက်ထဲ အိပ်ရသည်။

သူက ဖုန်းသံမြည်လာသောကြောင့် အိပ်ရာနိုးလာခြင်းဖြစ်သည်။

ဌာနမှူး ကျောရှန်ခယ့် ဆက်လာခြင်းဖြစ်၏။

“ပါမောက္ခ..တစ်ခုခုအကြောင်းထူးလို့လား။ ကျွန်တော့်ကိုပေးထားတဲ့ အဆင့်ကောင်းတွေကို ပြန်သိမ်းလို့မရတော့ဘူးနော်”

“ငါက အဲ့လိုလုပ်မယ်ထင်နေလား။ မင်းတို့အဆင့်တွေကို စက်ထဲတောင်သွင်းပြီးပြီ။ မင်းမယုံဘူးဆို စစ်ကြည့်လေ။ ငါက တခြားကိစ္စရှိလို့ ဖုန်းခေါ်ခဲ့တာ”

“ဘာများလဲ။ ပြိုင်ပွဲထပ်ရှိတာလား။ ပါမောက္ခ ခုတလော ကျွန်တော်နေလို့ သိပ်မကောင်းဘူး။ အရေးမကြီးဘူးဆို လုချောင်တို့ကိုခိုင်းပါဗျာ။ သူတို့ကို ကျွန်တော်သင်ထားပေးတာမို့ ချန်ပီယံဆုရဖို့က အေးဆေးဖြစ်သွားပြီ”

“ပြိုင်ပွဲအကြောင်းမဟုတ်ပါဘူး။ တစ်ခါတုန်းက မင်းပြောဖူးတဲ့ ဂုဏ်ထူးဆောင်ပါမောက္ခရွေးချယ်ပွဲပါ”

ဌာနမှူးတစ်ဦးဖြစ်သော ကျောရှန်ခယ့်က ဩဇာအာဏာရှိသည်ဆိုသော်ငြား အပြည့်အဝတော့ ထိန်းချုပ်နိုင်စွမ်းမရှိပေ။

ကျန်းနန်တက္ကသိုလ်တွင် ဌာနမှူးတစ်ဦးက နာမည်စာရင်းပေးပိုင်ခွင့်ပဲရှိသည်။ ဥက္ကဌက ထိုကိစ္စကိုသဘောတူလျှင်တောင်မှ ဌာနအသီးသီး၏ အကြီးအကဲများထံမှ သဘောတူချက်ရဖို့လိုသေးသည်။

မဲရလဒ်က သိသာသည်။ ဌာနအကြီးအကဲအသီးသီးက သူ့ကို ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ်ပေးရန် တညီတညွတ် ကန့်ကွက်ကြသည်။ ဖန့်ကြွယ်ယွီထံမှ သုတေသနရန်ပုံငွေကို ရရှိသဖြင့် သူတို့အားလုံးက ဖန့်ကြွယ်ယွီအား မဲပေးကြခြင်းဖြစ်သည်။

ထို့ပြင် အမျိုးအသားအဆင့်မျိုးရိုးဗီဇပြုပြင်ပြောင်းလဲခြင်းနည်းပညာကို ဖန့်ကြွယ်ယွီက စမ်းသပ်ဖော်ထုတ်ပေးခဲ့သည်ဟု အားလုံးသိကြသည်။ နိုဘယ်ဆုရွေးချယ်ရေးကော်မတီကိုတောင် ထိုဆုအတွက် တင်သွင်းထားပြီး ရလဒ်ကြေညာမည့်အချိန်ကို စောင့်နေကြသည်။

ဖန့်ကြွယ်ယွီက ထိုနည်းပညာကို သူတစ်ဦးတည်း ဖော်ထုတ်ခဲ့တာလားဆိုတာတော့ မသဲကွဲပေ။ သို့သော် ဇီဝဗေဒဘာသာရပ်တွင် နိုဘယ်ဆုရပါက ဂုဏ်ယူစရာအတိဖြစ်သည်။

ဂုဏ်ထူးဆောင်ပါမောက္ခဆိုသောဘွဲ့က နိုဘယ်ဆုနှင့် ယှဉ်ပါက မပြောပတော့ပေ။ သို့သော် ထိုသတင်းသည် ပညာရေးအသိုင်းအဝိုင်းများကြားတွင် ပျံ့နှံ့ပြီးဖြစ်သဖြင့် ပါမောက္ခနှင့် တွဲဖက်ပါမောက္ခများက သိနှင့်ပြီး ဖြစ်ကြသည်။

ပါမောက္ခတစ်ဦးကို သူ၏ ပညာရေးစွမ်းဆောင်မှုနှင့်သာ အကဲဖြတ်ကြသည်။ ဖန့်ကြွယ်ယွီသည် ကျန်းနန် တက္ကသိုလ်အတွက်သာမက တရုတ်နိုင်ငံအတွက် တက္ကသိုလ်အဆင့်ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲတွင် ဆုတံဆိပ်ကို ရယူပေးခဲ့သည်။

သုတေသနအရည်အချင်းသာမက ကိုယ်ပိုင်အရည်အချင်းများနှင့် ပြည့်စုံသော ဖန့်ကြွယ်ယွီက ဂုဏ်ထူးဆောင် ပါမောက္ခဆိုသော ရာထူးနှင့် မထိုက်တန်ဘဲ မနေပေ။

တွဲဖက်ပါမောက္ခများနှင့် ပါမောက္ခများက အဆင့်မြင့်ရာထူးများရရန် နှစ်ရှည်လများ ကြိုးစားရုန်းကန်ခဲ့ကြသည်။

တက္ကသိုလ်အများစုမှာ ထိုရာထူးရရန် အနည်းဆုံး နိုင်ငံအဆင့်သုတေသနပရောဂျက်တစ်ခုပြုလုပ်ရန် လိုအပ်ပေသည်။

သို့သော် ဆရာအများစု ဒုက္ခတွေ့နေသည့်အချက်က သုတေသနရန်ပုံငွေလောက်ငှမှုမရှိခြင်းဖြစ်သည်။ ဆရာအနည်းစုကသာ သုတေသနရန်ပုံငွေရရှိသည်။

ထို့နောက် သူတို့သည် နိုင်ငံတကာအသိအမှတ်ပြု ဂျာနယ်တွင် သုတေသနများကို ရေးသားဖော်ပြကြရသည်။

ထိုအဆင့်ကိုမှာပင် ဆရာအများစုက ရှေ့ဆက်မတိုးနိုင်ဖြစ်နေကြသည်။

အသက်၃၅နှစ်မတိုင်ခင် တွဲဖက်ပါမောက္ခရာထူးကိုရပါက အံ့ဖွယ်အတိဖြစ်သည်။ အသက် ၃၀ မတိုင်ခင် တွဲဖက်ပါမောက္ခရာထူးရခြင်းက အလွန်ရှားပါးပေသည်။

ဖန့်ကြွယ်ယွီလို အသက် ၂၁နှစ်အရွယ်လေးနှင့် ပညာရေးဆိုင်ရာအဆင့်မြင့်ရာထူးကို ရဖို့က အလှမ်းဝေးလွန်းသည်ဟု ထင်ကြသူများလည်း ရှိနေသည်။

ဆန္ဒမဲပေးခြင်းက အမည်မဖော်ပဲ လုပ်ဆောင်ကြသည်။ ၈၀% သော တွဲဖက်ပါမောက္ခနှင့် အထက် ရာထူးများက သူ့ကို ထိုရာထူးပေးရန် ကန့်ကွက်ကြသည်။ စည်းမျဉ်းအရဆို ထိုရာထူးကို ပေးရန် တွဲဖက်ပါမောက္ခနှင့် အထက် ၇၀% က မဲပေးရန် လိုအပ်ပေသည်။

ဖန့်ကြွယ်ယွီကို သူ အာမခံပေးခဲ့သော ကိစ္စက ကမောက်ကမဖြစ်နေသဖြင့် ကျောရှန့်ခယ်က မျက်နှာပူနေမိသည်

“ဌာနမှူးကျော..သူတို့စိတ်ထဲမှာ ကျွန်တော်က ပါမောက္ခဖြစ်ဖို့ မထိုက်တန်ဘူးလို့ ထင်နေတာလား”

ဖန့်ကြွယ်ယွီက ထိုရာထူးကို မမက်မောပေ။ သူက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် နာမည်ကြီးပြီးသား ဖြစ်သည်။ ထိုရာထူးကိုရပါကလည်း သူ့အတွက် ဘာအကျိုးစီးပွါးမှ မရှိနိုင်ပေ။

“အဲ့လိုပဲဆိုပါတော့”

ကျောရှန်ခယ့် မတတ်သာပဲ ဖြေလိုက်ရသည်။

“ဟား ငါ့ရဲ့ သုတေသနအရည်အချင်းကို သံသယဖြစ်နေကြတာပေါ့လေ”

သူက ရှောင်းရီ၏ အကူအညီဖြင့် ထိုသုနေသနများကို လုပ်နိုင်သည်ဆိုသော်ငြား သူ့မှာ သုတေသနနှင့် ပတ်သက်သော အခြေခံနားလည်တတ်ကျွမ်းမှုတော့ ရှိပေသည်။

ထိုသုတေသနများကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်ရန် ဖန့်ကြွယ်ယွီသည် စွမ်းအားရှင်လမ်းစဉ်ကျင့်ကြံစဉ် အချိန်က ရလာခဲ့သော ပညာဗဟုသုတများကို လျစ်လျူရှုလို့မရပေ။

တစ်နှစ်အတွင်း သူရရှိခဲ့သော ပညာများက ဘာသာရပ်ပေါင်းစုံကို မလွှမ်းခြုံမိသော်လည်း ယခုလက်ရှိ ကမ္ဘာပေါ်တွင် သုံးနေသော နည်းပညာအမျိုးအစား ၂၀၊ ၃၀ ကျော်ကို လွှမ်းခြုံမိသည်။

ထို့ကြောင့် ပညာရပ်နယ်ပယ်တစ်ခုအတွင် သုတေသနစာစောင် တစ်စောင်စီထုတ်ပါက ပညာရေးလောကအသိုင်းအဝိုင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့မည်။

“ပါမောက္ခကျော..ဒီသတင်းကို ပညာရေးအသိုင်းအဝိုင်းကိုပြန်ဖြန့်ပေးပါ။ တစ်ပတ်အတွင်း ငါ့ရဲ့ ပညာရေး အဆင့်အတန်းကို ပြမယ်။ အဲ့အခါကျမှ ငါ့ရဲ့ သုတေသန စွမ်းဆောင်ရည်ကို ပြန်ပြီးအကဲခတ်ကြဖို့ အကြံပေးလိုက်ပါ”

ဂုဏ်ထူးဆောင်ပါမောက္ခဆိုသော ရာထူးက သူ့အတွက် မပြောပလောက်သော်ငြား သူ၏ ဂုဏ်သိက္ခာကို အထိပါး မခံနိုင်ပေ။ သူ့လို ဘွဲ့ကြိုကျောင်းသားတစ်ဦးက ပါမောက္ခရာထူးကို မရသင့်ဘူးဟု သူတို့ထင်နေကြသည်။

သူ့ကို တစ်ကမ္ဘာလုံးက ထိုရာထူးနှင့် ထိုက်တန်သည်ဟု မဲပေးလာရန် ကြိုးပမ်းမည်။

သုတေသနစွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး အကဲဖြတ်ရန် သုတေသနရလဒ်များကို ရေးသားထုတ်ပြန်ခြင်းကိုသာ ကြည့်ကြသည်။ နာမည်ကြီး သုတေသနဂျာနယ်များတွင် ရေးသားခြင်းက မခက်သော်လည်း တစ်ပတ်အတွင်း အမှားပြန်လည်ပြင်ဆင်ခြင်းနှင့် ထုတ်ဝေခြင်းကိစ္စများကို လုပ်ဆောင်ရန် မလွယ်ကူပေ။

“ပါမောက္ခကျော..ကျွန်တော်ပြောသလိုပါပဲ နောက်တစ်ပတ်ဆို သူတို့အားလုံး မျက်ဝါးထင်ထင်တွေ့ကြပါ လိမ့်မယ်”

“ဟုတ်ပါပြီ အဲ့တာဆို သူတို့ကို ဒီတစ်ကြိမ်ထပ်ပြီး ဖျောင်းဖျကြည့်လိုက်ပါ့မယ်”

….

“အင်း ဘယ်လိုစာစောင်မျိုးထုတ်မလဲ”

ယခုလက်ရှိ အသုံးပြုနေသော နည်းပညာများကို ကျော်လွန်ပြီး စာပေအသိုင်းအဝိုင်းကို အံ့အားသင့်ဖို့အတွက် ရေးသားရသည်မှာ အနည်းငယ်တော့ ခဲယဉ်းပေသည်။

“Graphene- ကာဗွန်ကို စျေးအနိမ့်ဆုံးထုတ်လွှင့်ခြင်းနည်းပညာအကြောင်းရေးရမလား”

Graphene ဆိုသော ဒြပ်စင်က ယခုလက်ရှိနာမည်ကြီးနေသည်။ အနိမ့်ဆုံးစျေးတောင်မှ တစ်ဂရမ်ကို ယွမ် ၄၀၀ပေါက်စျေးရှိပြီး ရွှေထက် စျေးကြီးသည်။

သို့သော် ဖန့်ကြွယ်ယွီမှာ စျေးသက်သက်သာသာနှင့် ထုတ်လုပ်နိုင်သည့် နည်းပညာရှိနေသည်။

“ဒါဆို ကမ္ဘာ့မြေဆွဲငင်အားကို ဆန့်ကျင်တဲ့စနစ်လုပ်လိုက်ရမလား။ အင်း မဖြစ်ဘူး။ ဒါကျတော့လည်း အဆင့်မြင့်လွန်းတယ်။ နောက် တစ်မျိုးရွေးမယ်”

“ကင်ဆာအကျိတ်တွေကို ကုသမဲ့ဆေးထုတ်ရမလား။ ကုသနိုင်စွမ်းက အရမ်းမြင့်နေမှာ။ ဒါဆို စာတမ်းရေးသားတဲ့အချိန်ကျ နည်းနည်းလျှော့ရေးလိုက်ရမလား”

“ဝက်တွေကို သားဖောက်တဲ့နည်းလမ်းနဲ့ပတ်သက်ပြီး ရေးလိုက်ရမလား။ဝက်စျေးတွေတက်နေတော့ ဒီနည်းက အသုံးဝင်မှာပဲ။ ဒါဆိုရင် ဇီဝဗေဒ ထိပ်တန်းဂျာနယ်မှာ ရေးသားလို့ရမယ်။ နိုင်ငံခြားဝက်တွေက စျေးကြီးနေမလားပဲ”

All Chapters