← Chapters

သိချင်စိတ်မများရင် ပြဿနာတက်စရာမလိုဘူး

Vol. 1 Ch. 13

သိချင်စိတ်မများရင် ပြဿနာတက်စရာမလိုဘူး

Vol. 1 Ch. 13

“တာအိုခန္ဓာ အဋ္ဌမအဆင့် - သတ်မှတ်ချက် : တာအိုခန္ဓာ အဆင့် ၈ နှင့် အထက်ရှိ ပြိုင်ဘက်တစ်ယောက်အား အနိုင်ယူပါ ...။”

အဆင့်မြင့်တဲ့သူနဲ့ တိုက်ခိုက်ရမယ်တဲ့လား။

အန်လင်းက အနည်းငယ် တွေဝေသွားသည်။ ထိုကဲ့သို့ အဆင့် မြှင့်တင်ရမည့် သတ်မှတ်ချက်မျိုး မကြားဖူးခဲ့ပေ။

သို့ပေမဲ့လည်း ဒီသတ်မှတ်ချက်က မဖြစ်နိုင်သည့်ပုံ မပေါ်ချေ။

စိတ်ဝိညာဉ်ကျောက်တုံး ၁၀ ဘီလျံ စုပ်ယူခိုင်းမှာထက် အများကြီး ပိုကောင်းသေးသည်။

စာသင်ခန်းသို့ သွားသည့် တစ်လျှောက်တွင် အန်လင်းက မည်သို့ အဆင့် မြှင့်တင်ရမည်ကို စိတ်ပူလျက်ရှိသည်။

“ဘာဖြစ်နေတာလဲ ... နင်က တစ်ချိန်လုံးလည်း စကားမပြောဘူး ...”

စုရှောင်လန် မျက်လုံးထဲတွင်တော့ အန်လင်းသည် တစ်ခုခုကို ညည်းညူ မနေရလျှင် သေဆုံး သွားနိုင်သည့် လူတစ်ယောက် ဖြစ်သည်။  ထိုချောမောသည့် အမျိုးသားလေးသည် ရုတ်တရက်ကြီး တိတ်ဆိတ် သွားရခြင်းကို သူမမေးခွန်း မထုတ်ဘဲ မနေနိုင်အောင် ဖြစ်ရသည်။

“အင်း ... တာအိုခန္ဓာ အဆင့် ၇ ရှိတဲ့ လူတစ်ယောက်က တာအိုခန္ဓာ အဆင့် ၈ ရှိတဲ့သူကို အနိုင်တိုက်ဖို့ ခက်ခဲတာလား ...” အန်လင်းက ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် မေးလိုက်သည်။

“အဲလိုတော့လည်း မဟုတ်ဘူး ... ငါတာအိုခန္ဓာ အဆင့် ၆ မှာ ရှိနေတုန်းက ငါ့တို့မျိုးနွယ်က တာအိုခန္ဓာ အဆင့် ၈ မှာ ရှိနေတဲ့ ဝမ်းကွဲတစ်ယောက်ကို အနိုင်တိုက်ခဲ့တယ်လေ ...” စုရှောင်လန်က တည်ငြိမ်စွာ ပြောသည်။

“မိုက်လိုက်တာ ... နင်ဘယ်လိုများ လုပ်လိုက်တာလား ...” အန်လင်းက အံ့ဩတကြီး ရေရွတ်သည်။

စုရှောင်လန်က ပျော်ရွှင်အားရစွာ ပြုံးပြီးနောက် “ငါ့ရဲ့ သွေးမျိုးဆက်နဲ့ သန့်စင်တဲ့ စွမ်းအင်တွေက သူ့ကို ဖိနှိပ် ထားနိုင်ခဲ့တယ် ... ငါက  ငါ့မျိုးနွယ်ရဲ့ ကျင့်ကြံခြင်း နည်းစနစ်အပေါ် နားလည် သဘောပေါက်မှုကလည်း သူ့ကို ဖိနှိပ် ထားနိုင်ခဲ့တယ်လေ ... ရိုးရိုးလေးပါပဲ ...”

အန်လင်း မျက်နှာမှာ မည်းမှောင်သွားပြီး “အဲဒါက ဘယ်လိုဖြစ်ပြီး သောက်ရမ်း လွယ်မှာတုန်း ...”

“သွေးမျိုးဆက် မရှိဘဲ လုံလောက်တဲ့ ကျင့်ကြံခြင်းစနစ်နဲ့ သန့်စင်တဲ့ စွမ်းအင်ရှိတဲ့ တာအိုခန္ဓာ အဆင့် ၇ အတွက်ကျတော့ကော ... အဲလိုလူမျိုးတွေ ကကော တာအိုခန္ဓာ အဆင့် ၈ ရောက်နေတဲ့သူကို အနိုင်ယူနိုင်လား ...”  အန်လင်းက အလျှော့မပေးဘဲ ဆက်မေးသည်။

“တာအိုခန္ဓာ အဆင့် ၈ ပဲရှိတဲ့ သူတွေက အရမ်းကို ထုံအလွန်းတယ် ...” စုရှောင်လန်က ငေါ့တော့တော့ ပြောသည်။

“အစ်မတော်ရေ ... အဲဒါက နာကျင်ရပါတယ် ခင်ဗျာ ...” အန်လင်းက ညည်းညူလိုက်သည်။

“အဲ ... အဲ ... အဲဒါက ဘာဖြစ်တာလား ... ငါပြောတာကို နားထောင်ပြီးတော့ နင်ကဘာလို့ အရမ်းဝမ်းနည်းတဲ့ပုံ ပေါက်နေရတာတုန်း ...”

ရုတ်တရက် ပြောင်းလဲသွားသည့် အန်လင်းအား ကြည့်လိုက်ပြီးနောက် စုရှောင်လန်မှာ တွေဝေသွားသည်။

“နင့်ကို အမှန်အတိုင်း ပြောရရင်တော့ ငါ့အဆင့်က တာအိုခန္ဓာ အဆင့် ၇ ကို ရောက်နေပြီဟ ... တခြား ငါထိန်းချုပ်လို့ မရတဲ့ အချက်တွေကြောင့် ငါ့ထက် အဆင့်မြင့်တဲ့သူ တစ်ယောက်ယောက်ကို အနိုင်ယူချင်နေတယ် ...” အန်လင်းက ညည်းတွားလိုက်သည်။

သူနားမလည် နိုင်လောက်အောင် နက်နဲသည့် အရာကို ကြားလိုက်ရသဖြင့် စုရှောင်လန်၏ မျက်ဝန်း တောက်တောက်လေးများသည် အံ့အား လွန်းသဖြင့် ပြူးကျယ်လာသည်။

“ဟူး ... လိမ်တယ်ဆိုတာ ကောင်းတဲ့အရာ မဟုတ်ဘူး ... နင့်ခန္ဓာကိုယ်ရဲ့ စွမ်းအင် ပြောင်းလဲမှုကို ငါမခံစားမိပေါင် ...”

စုရှောင်လန်က အံ့ဩရာမှနေ သတိပြန်ဝင်လာပြီးနောက် ချက်ချင်းပင် အမေး ထုတ်တော့သည်။

ထိုသည်ကို ကြားပြီးနောက် အန်လင်းက သူ့ခန္ဓာကိုယ်မှ စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး သူ့အငွေ့အသက်သည် တဖြည်းဖြည်းနှင့်ပင် အမြင့်သို့ တက်လာသည်။

စုရှောင်လန်က ထိုသည်ကို မျက်မြင်တွေ့ပြီးနောက် ထိတ်လန့်တကြီး အမူအရာဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။ “ဘုရားရေ ... တကယ်ကြီး တာအိုခန္ဓာ အဆင့် ၇ ဟ ...” ထိုသို့ပြောပြီး စူးစူးဝါးဝါး အော်လိုက်သည်။

“ဟဲ့ ... လေးလတောင် မကြာသေးဘူးလေ ... နင်က တာအိုခန္ဓာ ဗလာအဆင့်ကနေ အဆင့် ၇ ကို ရောက်လာတယ်တဲ့လား ... ဘယ်လိုတွေ လုပ်လိုက်တာတုန်း ...”

စုရှောင်လန်က အရမ်းကို အံ့အားသင့်နေပြီး မတွေးတတ်လောက်အောင်ပင် ဖြစ်သည်။

“ငါက ဒိုက်ထိုးတာနဲ့ စိတ်ဝိညာဉ်ကျောက်တုံး တွေကို စုပ်ယူတာကနေ အခုလိုအဆင့် ရောက်လာတာလို့ ပြောမယ်ဆို နင်ယုံမလား ...” အန်လင်းက မေးသည်။

“သေလေ ... လာနောက်နေတယ် ...” စုရှောင်လန်က သူမမျက်လုံးများကို သူ့ဆီသို့ ကြည့်လိုက်ပြီးနာက် စူးစူးဝါးဝါး အသံဖြင့် “ဝန်ခံစမ်း ...”

အန်လင်းက သူ့ကိုသူ ကျေနပ်အားရ ဖြစ်နေပြီးနောက် ပြုံးကာ ဆံပင်ကို သပ်လိုက်သည်။ “နင့်ကို ပြောလိုက်လို့ ဘာပြဿနာမှ မရှိပါဘူးလေ ... အမှန်တရားကတော့ ငါ့ရဲ့ ပါရမီက အံ့အားသင့်ဖို့ ကောင်းလွန်းတယ်လေ ... ငါ့မှာ အံ့ဩဖို့ ကောင်းလောက်တဲ့ ပင်ကိုအရည်အချင်း ရှိပြီးသား ... ငါက နှစ်တစ်သောင်းမှာ တစ်ယောက်သာ ဖြစ်လာနိုင်တဲ့ ပါရမီရှင်လေ ...”

အန်လင်းက ဝင့်ကြွားစွာ ပြောပြီးနောက် စုရှောင်လန် သရော် လှောင်ပြောင်မည်ဟု မျှော်လင့်ထားသည်။

သူမက ခေါင်းညိတ်ကာ ထောက်ခံလိုက်သဖြင့် အံ့အားသင့်သွားသည်။ “အဲဒါက အမှန်ပဲ ... ငါပြောခဲ့တယ်လေ ... အမှိုက်ကောင်က အစစ်အမှန် နတ်ဘုရားတစ်ပါးရဲ့ ထောက်ခံစာကို ဘယ်လိုလုပ် ရနိုင်မှာလဲလို့ ... ထူးခြားစွမ်းအားတွေ သေချာပေါက် ရှိရမယ် ...”

“ဟေ့ ... ငါ့ရှေ့မှာ ‘အမှိုက်’ လို့ပြောပြီး ငါ့ခံစားချက်ကို နင် ထည့်မတွက်ဘူးလား ...” စုရှောင်လန်၏ စည်းမစောင့်သည့် ပါးစပ်ကြောင့် အန်လင်းမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုလို နာကျင်လာရသည်သာ။

“ငါ့စကားက နင်က အမှိုက်မဟုတ်ဘူးလို့ ပြောလိုက်တာ မဟုတ်ဘူးလား ...”

စုရှောင်လန်က အန်လင်းအား မျက်စိစောင်းကာ ကြည့်လိုက်ပြီးနောက် လှပစွာ ပြုံးပြလိုက်သည်။ သူမသည် အရမ်းကို ချစ်စရာ ကောင်းနေလေသည်။

စုရှောင်လန်၏ ပြုံးနေသည့် မျက်နှာကို မြင်လိုက်သည့်အခါ အန်လင်း၏ စိတ်မကြည်လင်မှုများသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

ဝမ်းနည်းနေလျက်နှင့်ပင် မကျေမနပ် ရေရွတ်မိသည်မှာ မိန်းမပျို  တစ်ယောက်၏ အပြုံးမျက်နှာသည် ပြဿနာအားလုံးကို ကျော်လွှား သွားနိုင်သည့် ရွှေရောင် လက်မှတ်တစ်စောင်သာ ဖြစ်သည်ဟု။

အဲ ... ဟုတ်သားပဲ ... သူငယ်ချင်းတစ်ယောက်ကို မေးမြန်းအကူအညီ တောင်းလိုက်မယ်ဆို ပိုလွယ်သွားမလားပဲ ...

သူမနဲ့ပူးပေါင်းပြီး ပြိုင်ဘက် ဖြစ်ခိုင်းလိုက်မယ်လေ ...

ကောင်းလွန်းသည့် အတွေးတစ်စက အန်လင်း စိတ်ထဲသို့ ရုတ်ခြည်း ဝင်ရောက်လာပြီး ထိုတာဝန်ကို ပြီးမြောက်ဖို့ရာ နည်းလမ်း ရှာတွေ့ခဲ့ပြီ ဖြစ်သည်။

“ရှောင်လန် ... ငါ့ကို တစ်ခုလောက် ကူညီနိုင်မလား ...” အန်လင်း တလက်လက် တောက်ပသည့် မျက်လုံးများဖြင့် ပြောသည်။

“ဘာတုန်း ...”

အန်လင်း၏ အမူအရာကို ကြည့်ပြီး စုရှောင်လန်မှာ အချက်ပေး ခေါင်းလောင်းသံများ မြည်လာတော့သည်။

“ငါ့ပြိုင်ဘက်အဖြစ် ဟန်ဆောင်ပြီး ငါနဲ့ တိုက်ခိုက်ဖို့ပါ ... ငါ့ကို အနိုင်ပေးလေ ...”

အန်လင်းက အရိုးသားဆုံး ပြောလိုက်သည်။

စုရှောင်လန်က အန်လင်း ပြောခဲ့သည်ကို ပြန်စဉ်းစားလိုက်သည်။ သူထိန်းချုပ်မရသည့် အချို့အချက်များကြောင့် သူ့ထက် အဆင့်မြင့်သူကို အနိုင်ရ ချင်နေသည်ဟု ဆိုသည် မဟုတ်ပါလား။

“ကောင်းပြီ ... အဲတော့ နင်ကဘယ်လို တိုက်ခိုက်ချင်လို့လဲ ...” စုရှောင်လန် မေးသည်။ အန်လင်းအား ကူညီပေးရန်မှာ သူမအတွက် ပြဿနာမဟုတ်ပေ။

အန်လင်း၏ လုပ်ဆောင်ချက်များအပေါ် အခြေခံကြည့်လျှင် သူက သူမအတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ပေ။

အန်လင်းက ခေတ္တမျှ တွေးပြီးသည့်နောက် “ငါတို့က တစ်ယောက်နဲ့တစ်ယောက် အကြိမ်နည်းနည်းလောက် အားအပြည့်နဲ့ တိုက်ခိုက်ကြမယ်လေ ... ပြီးရင် နင်က လှဲချလိုက်ပြီး အရှုံးပေးပြီလို့ အကျယ်ကြီး ဝန်ခံလိုက် ...”

“ကောင်းတယ် ... လုပ်ကြစို့ ...” စုရှောင်လန်က ခေါင်းညိတ်သည်။

အန်လင်းက ခန္ဓာကိုယ်ရှိ အင်အား အကုန်လုံးကို အသုံးပြုကာ မြေကို ပြင်းထန်စွာ ဆောင့်နင်းလိုက်ပြီး စုရှောင်လန်ဆီသို့ ပြေးဝင်သွားသည်။

စုရှောင်လန်က သူမလက်ကို ဆန့်ထုတ်လိုက်ပြီးနောက် သူတို့ လက်ဖဝါးများ တိုက်မိကြသည်။ ပြင်းထန်သည့် လှိုင်းတစ်ခု ဖြစ်ပွားကာ လေထုထဲတွင် ပေါက်ကွဲသွားသည်။

ထိတ်လန့်ဖွယ် ကောင်းသည့် အားလှိုင်းများက အန်လင်းအား ဖိအားပေးနေသော်လည်း စုရှောင်လန်သည် မူလနေရာတွင်သာ တည်ငြိမ်စွာ ရပ်တန့်နေမြဲပင်။

“ထပ်လာခဲ့ ...” အန်လင်းက နောက်တစ်ကြိမ် ပြင်းထန်သည့် တိုက်ခိုက်မှု ထုတ်လွှတ်လိုက်ပြန်သည်။ သူ့လက်များသည် လှုပ်ရှားမှုကြောင့် ဝေဝါးလာပြီးနောက် စုရှောင်လန်ဆီသို့ ရိုက်ချက်များ ဆင့်ကာဆင့်ကာ ကျရောက်သွားသည်။

အန်လင်း၏ တိုက်ခိုက်မှုများကို ခံရပြီးသည့်နောက်တွင် စုရှောင်လန်သည် မြေပေါ်သို့ လဲမကျခင် အော်ဟစ်လိုက်သည်။

“အား ... အင်မော်တယ် အန်လင်းက အရမ်းသန်မာတာပဲ ... ကျွန်မ အရှုံးပေးပါပြီရှင် ...”

စုရှောင်လန်မှာ အန်လင်းအား သနားကရုဏာသက်စွာ ကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။

သူမ သရုပ်ဆောင်ချက်မှာ ကွက်တိကျသော်လည်း အန်လင်းသည်တော့ သူမအား အမှန်တကယ် အနိုင်ရ လိုက်သကဲ့သို့ ခံစားနေသည်။

ကမ္ဘာမြေပေါ်သာ သူမရောက်ခဲ့မည် ဆိုလျှင် ထိုသရုပ်ဆောင်ပုံမျိုးနှင့် အော်စကာဆုကိုပင် သေချာပေါက် ရရှိမည် ဖြစ်သည်။

အန်လင်းသည်လည်း စုရှောင်လန်၏ သရုပ်ဆောင်ချက်ကို လုံးဝ လေးစားမိသွားသည်။ အသိပြန်ဝင်လာပြီး နောက်တွင် စနစ်၏သွင်ပြင်ကို ကြည့်လိုက်သည်။

ဘာမှလည်း မပြောင်းဘူး ...

အဲတော့ ဒါက အလုပ်မဖြစ်ဘူးပေါ့ ... အန်လင်းက အတွေးထဲ နစ်မြောနေသည်။

သတ်မှတ်ချက်က အဆင့်တက်ဖို့အတွက်  တာအိုခန္ဓာ အဆင့် ၈ နှင့် အထက် ရှိတဲ့ ရန်သူကို အနိုင်ရယူရမှာလေ ...

ဒီစနစ်က တိုက်ပွဲကို နည်းနည်းလေးတောင် မှတ်မထားပါလား ... ‘ရန်သူ’ ဆိုတဲ့ သတ်မှတ်ချက် မပြည့်မီလို့များလား ... တကယ်လို့ ငါက ...

မြေပေါ်တွင် လဲကျနေဆဲ ဖြစ်သည့် စုရှောင်လန်အား ကြည့်ပြီးနောက် အန်လင်း မျက်လုံးထဲရှိ အမူအရာမှာ ပြောင်းလဲသွားသည်။

“မြန်မြန်ထစမ်း ... မြေပြင်မှာ လဲကျနေတဲ့ နင့်ကိုမြင်ရတာ အရမ်း ရုပ်ဆိုးလွန်းတယ် ... နင့်ကိုကြည့်တောင် မကြည့်ရဲတော့ဘူး ...” အန်လင်းက အေးစက်စွာ ပြောလိုက်သည်။

“နင်ဘာစကား ပြောတာလဲ ...” စုရှောင်လန်က ရေခဲတမျှ အေးစက်သည့် မျက်နှာထားဖြင့် မတ်တတ်ရပ်လိုက်သည်။

အန်လင်းက သူ့လက်များကို ဖြန့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ဆိုသည်။ “နင့်ကို အမှန်အတိုင်း ပြောမယ် ... နင်နဲ့ စုချန်းရန်ရဲ့ ရုပ်ရည်သွင်ပြင် ကွာခြားချက်က ဘာနဲ့တူလဲ သိလား ... ဘဲရုပ်ဆိုးနဲ့ ငန်းမလေး အတိုင်းပဲ ... နင့်ကို ကြည့်လေလေ ပိုရုပ်ဆိုးလာတာ သိသာလေလေပဲ ...”

“အန် ... လင်း ...” စုရှောင်လန်က မျက်မုန်းကျိုးစွာ ကြည့်လိုက်ပြီးနောက် အန်လင်း အမည်ကို တစ်လုံးချင်း ခေါ်လိုက်သည်။

အန်လင်းက တိတ်တဆိတ် ရယ်မောလိုက်ပြီးနောက် “ဘာမှားလို့လဲ ... အမှန်တရားက နာကျင်ရတယ် ဟုတ် ... လာလေ ငါ့ကိုလာရိုက်စမ်းပါ ...”

ထိုသို့ ပြောပြီးသည်နှင့် စုရှောင်လန် ခန္ဓာကိုယ်မှ လွှမ်းမိုးသည့် အငွေ့အသက်များ ထုတ်လွှတ်ပြီး ခုန်အုပ်လာသည်။

အန်လင်း တစ်ကိုယ်လုံးကို အန္တရာယ်ရှိသည့် အရိပ်အယောင်များ လွှမ်းခြုံလာသည်။

အမှန်ပဲ ... ဒါပဲပေါ့ ... ရန်သူတွေဆိုတာ ဒီလိုခံစားချက်မျိုးကို ပေးရမှာ ...

ထိုသည်ကို မြင်ရသဖြင့် အန်လင်းမှာ အလွန်အမင်း ပျော်ရွှင်နေပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။ “စုရှောင်လန် ... နင်အခုလို ပြောင်းလဲသွားလို့ ငါအောင်မြင်တော့မယ်ဟေ့ ... ပြီးတာနဲ့ ငါ့ကို အရှုံးပေးလိုက်နော် ...”

စုရှောင်လန်မှာ အန်လင်း ဆီသလို့ လျှပ်တစ်ပြက် ရောက်ရှိလာပြီး သူမမျက်နှာတွင် ဒေါသနှင့် အထင်သေးမှုများသာ ရှိနေသည်။

“ဒါပဲရမယ် ခွေးကောင် ...” စုရှောင်လန် အော်လိုက်သည်။

ကျောက်စိမ်းနှင့် တူသည့် သူမ လက်ဖဝါးလေးသည် အကြင်နာမဲ့စွာဖြင့် အန်လင်း မျက်နှာဆီသို့ ကျရောက်လာခဲ့သည်။

သူမ လှုပ်ရှားမှုမှာ မယုံနိုင်လောက်အောင် မြန်လွန်းသဖြင့် အန်လင်းမှာ ရှောင်ချိန်ပင် မရလိုက်။

ဖြန်း ...

ထိုရိုက်ချက်က အန်လင်းအား လေထဲတွင် သုံးထောင့်ခြောက်ရာ ဒီဂရီလောက် လှည့်ပတ် သွားစေပြီး မြေပြင်ပေါ်သို့ မူးဝေစွာဖြင့် ကျလာသည်။

“အာ့ ...”

မြေပြင်ပေါ်တွင် လဲလျောင်းရင်း အန်လင်း ပါးစပ်မှနေ သွေးများ တစက်စက် စီးကျလာသည်။ သူ့မျက်လုံးများမှ ပြူးကျယ်လာပြီး နောင်တအပြည့်နှင့် ဖြစ်သည်။

သေလိုက်ပါတော့ ... ငါဘာတွေ လုပ်မိလိုက်တာလား။

***

All Chapters