← Chapters

တလိပ်လိပ် ထနေသော တိမ်တိုက်များ

Vol. 133 Ch. 1711

တလိပ်လိပ် ထနေသော တိမ်တိုက်များ

Vol. 133 Ch. 1711

သခင်မယွမ်မု ထွက်ပြေးသွားသည်ကို မြင်သည်နှင့် လန်ယွီတျန်းက အနောက်မှ လိုက်သွားသည်။ သခင်မယွမ်မုသည် အပြင်းအထန် ဒဏ်ရာရထားသည်ဖြစ်၍ ဤအခွင့်အရေးက သူ့အတွက် ရခဲလေသည်။

လန်ယွီတျန်း၏ တိုက်ရည်ခိုက်ရည်သည် အခြားသူများနည်းတူ မမြင့်မားသော်လည်း ပြီးခဲ့သောနှစ်များအတွင်း ကောင်းကင်နတ်ဘုံနှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအကြားရှိ တိုက်ပွဲများကို ကြည့်ရှုလေ့လာခဲ့သည်။ စစ်မြေပြင်ရှိ နတ်ဘုရားမိစ္ဆာများ၏ တိုက်ကွက်များမှ များစွာ ပညာရခဲ့၏။

သူသည် အစကတည်းက ဉာဏ်ကောင်းသည့်အပြင် သင်လွယ်တတ်လွယ်သည်။ နှစ်ဖက်လုံးအား နှိုင်းယှဉ်အဖြေထုတ်ခြင်းဖြင့် အလွန်လျင်မြန်စွာ တိုးတက်ခဲ့လေသည်။

သူတို့နှစ်ယောက် ကောင်းကင်တွင် ဝင်တိုက်သွားသည်နှင့် သခင်မယွမ်မုနှင့် လန်ယွီတျန်းတို့၏ ကောင်းကင်နတ်သိုင်းများက ပေါက်ကွဲထွက်လာသည်။ သို့သော် ထိတွေ့မိသည်နှင့် ချက်ချင်း ခွဲထွက်သွားကြ၏။ လန်ယွီတျန်း၏ နှလုံးသားမှာ လေးပင်သွားသည်။ “ဒီခန္ဓာကိုယ်ထဲက ပုဂ္ဂိုလ်က ယွမ်မု မဟုတ်ဘူး…”

သူ ရန်သူနှင့် တိုက်ကွက်ချင်း ဖလှယ်ပြီးသည့်အချိန်မှာပင် သခင်မယွမ်မုမှာ ဒဏ်ရာများ ပြင်းထန်လွန်းသောကြောင့် ငြိမ်ကျသွားသည်ကို အာရုံခံလိုက်မိသည်။

ယခုတွင် ဤခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည့် ပုဂ္ဂိုလ်မှာ ကောင်းကင်နတ်ဧကရီ သို့မဟုတ် အဆုံးသတ်မြို့ပျက်နတ်ဘုရားမ ဖြစ်လိမ့်မည်။

“အစ်ကိုကြီး အဆုံးသတ်မြို့ပျက်နတ်ဘုရားမကို ချုပ်ထားဖို့ သုံးခဲ့တဲ့ ဘ၀ပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်းက သခင်ယွမ်မု ဒဏ်ရာရနေ‌တဲ့အချိန်မှာ အဆုံသတ်မြို့ပျက်နတ်ဘုရားမရဲ့ ချိုးဖျက်တာ ခံခဲ့ရတာပဲ…. ဒါ ကောင်းတယ်”

လန်ယွီတျန်းအနောက်တွင် ကောင်းကင်လက်နက် လန်ယွီတျန်းများက ကောင်းကင်နတ်ဧကရီအား တစ်ယောက်ပြီး တစ်ယောက် အဆက်မပြတ် တိုက်ခိုက်နေကြသည်။ သူက စိတ်ထဲမှ တွေးနေသည်။ “ဒီလိုဆို သူ့ခန္ဓာကိုယ်ထဲမှာ ငါ ထားခဲ့တဲ့ ကောင်းကင်နတ်သိုင်းကို အသက်သွင်းလို့ရပြီ”

ကောင်းကင်နတ်ဧကရီမှာ ရုတ်တရက် ညည်းညူလိုက်သည်။ သူမ၏ခန္ဓာကိုယ်ထဲရှိ အဆုံးသတ်မြို့ပျက်လမ်းစဉ်သည် ထူးဆန်းသော အားတစ်ရပ်ကြောင့် ပုံပျက်သွားပြီး မဟာတာအိုအစိတ်အပိုင်းတချို့က ထိုက်ယီတာအိုအဖြစ် ပြောင်းလဲသွား၏။

သူမအနေဖြင့် အငိုက်မိသွားခဲ့သောကြောင့် သူမ၏ ကောင်းကင်နတ်သိုင်း ချက်ချင်းပင် ၀ရုန်းသုန်းကား ဖြစ်သွားသည်။ ချက်ချင်းဆိုသလို သူမ၏ခန္ဓာကိုယ်သည် ကောင်းကင်လက်နက် လန်ယွီတျန်းတို့ကြောင့် အပြင်းအထန် ဒဏ်ရာရရသွားပြီး သွေးအန်လိုက်ရသဖြင့် လန်ယွီတျန်းအား‌ ရှောင်တိမ်းရန် ကောင်းကင်သို့ ပြေးတက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိချေ။

လန်ယွီတျန်း၏ အကြည့်များ ဖြတ်ပြေးသွားပြီး သူက ထပ်ကြပ်မကွာ လိုက်ပါလာသည်။

ရွှင်ပျော်ပျော်ကျေးရွာ၏ ထိုက်ချင်းကောင်းကင်ဘုံမှာတုန်းက လန်ယွီတျန်းသည် သခင်မယွမ်မု ဘ၀ပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်းကြောင့် သတိလွတ်နေသည့် အချိန်အား အခွင့်ကောင်းယူကာ သူမခန္ဓာကိုယ်ထဲသို့ ကောင်းကင်နတ်သိုင်း ထည့်သွင်းခဲ့သည်။

သူ လျှောက်လှမ်းသည့် လမ်းစဉ်က ချင်မူနှင့် မတူချေ။ ချင်မူက ကောင်းကင်ယင်သားတော်အား လေ့လာ၍ မပြီးပြည့်စုံသေးသည့် ဘ၀ပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်းအား ဆက်လက်တိုးတက်စေခဲ့သည်။ ထိုမှတစ်ဆင့် ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်းအား အသုံးပြု၍ သခင်မယွမ်၏ အသိစိတ်ကို ပြန်လည်ဖန်တီးကာ အဆုံးသတ်မြို့ပျက် နတ်ဘုရားမကို ချုပ်နှောင်ထားခဲ့၏။

ထိုအချိန်တုန်းက ချင်မူသည် အဆုံးသတ်မြို့ပျက်လမ်းစဉ်ကို မည်သို့ချိုးဖျက်ရမည်လဲ မသိခဲ့သောကြောင့် ချိပ်ပိတ်ထားရုံသာ တတ်နိုင်ခဲ့သည်။

အဆုံးသတ်မြို့ပျက်နတ်ဘုရားမသည် တာအိုရသွားပြီဖြစ်သောကြောင့် သူမကို ဖျက်ဆီး၍ ဖရိုဖရဲချီစွမ်းအင်အဖြစ် ပြောင်းလဲသွားအောင် လုပ်လိုက်လျှင်တောင်မှ သတ်နိုင်လိမ့်မည်မဟုတ်ပေ။ အသက်ပြန်ဝင်လာပေလိမ့်မည်။ ချင်မူလည်း အဆုံးသတ်မြို့ပျက်လမ်းစဉ်ကို လေ့လာထားသည်သာမက ဖရိုဖရဲကြာပန်းပွင့်များ တည်ဆောက်ထားသည်။ ထို့ကြောင့် အဆုံးသတ်မြို့ပျက်နတ်ဘုရားမအား ချေမှုန်း၍ မရနိုင်ကြောင်း သိထားလေသည်။

ထိုမျှသာမက ချင်မူ၏ ဘ၀ပြန်၀င်စားခြင်း ချိပ်တံဆိပ်မှာ ယာယီတားဆီးထားခြင်းသာ ဖြစ်သည်။ အဆုံးသတ်မြို့ပျက်နတ်ဘုရားမအား သခင်မယွမ်မု၏ အသိစိတ်အောက်တွင် ထာ၀ရ ဖိနှိပ်ထား၍ မရနိုင်ချေ။ အဆုံးသတ်မြို့ပျက်နတ်ဘုရားမသည် အနှေးနှင့်အမြန် ဘ၀ပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်းကို ချိုးဖျက်၍ သခင်မယွမ်မု၏ အသိစိတ်အား ဝါးမြိုသွားပေလိမ့်မည်။

လန်ယွီတျန်းက အဆုံးသတ်မြို့ပျက်တာအိုအား ‌ဖောက်ထွက်နိုင်ရန် နည်းလမ်းကို စဉ်းစားခဲ့ခြင်း ဖြစ်သည်။ အဆုံးသတ်မြို့ပျက်နတ်ဘုရားမကို သတ်ရမည့်အ‌တွေးကတော့ သူ၏နှလုံးသားထဲတွင် မရှိချေ။ သူသည် ထိုက်ငါးပါးဖြင့် စတင်၍ ချင်မူချန်ထားခဲ့သော ဘ၀ပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်းကို ငှားယူကာ အဆုံးသတ်မြို့ပျက်နတ်ဘုရားမ၏ ခန္ဓာကိုယ်ထဲတွင် ထိုက်ငါးပါးချိပ်တံဆိပ်အား ထည့်သွင်းခဲ့သည်။

သူ၏ ရည်ရွယ်ချက်က အလွန်တရာ ရိုးရှင်းသည်။ အဆုံးသတ်မြို့ပျက်နတ်ဘုရားမကား အရာအားလုံးကို ဝါးမြိုကာ ဖရိုဖရဲချီအဖြစ် ပြောင်းလဲနိုင်သည်။ သူမ၏ မှော်စွမ်းအင်ဆိုသည်မှာလည်း စစ်မြေပြင်အတွင်း၌ ပိုပို၍ သန်မာအားကောင်းလာနိုင်သည်။ သူမကို မသတ်နိုင်ပါက သူမ၏ ကျင့်စဉ်စွမ်းအင်သည် သူ့အား အနှေးနှင့်အမြန် ကျော်တက်သွားပေလိမ့်မည်။

သို့သော် ဖရိုဖရဲများက ထိုက်ငါးပါးကို မွေးထုတ်ပေးပြီး လန်ယွီတျန်း နေရာချထားသည့် ထိုက်ငါးပါးချိပ်တံဆိပ်က အဆုံးသတ်မြို့ပျက်နတ်ဘုရား၏ စွမ်းအားကို ခိုးယူရန် ဖြစ်သည်။ သူမ တိုက်ခိုက်သည့်အချိန်တွင် ဖရိုဖရဲချီတို့က ထိုက်ယီတာအိုအဖြစ် ပြောင်းလဲသွားပေမည်။ ယင်းမှတဆင့် ထိုက်ချူတာအိုနှင့် ထိုက်ငါးပါးတာအိုတို့အဖြစ် အဆင့်ဆင့် ပြောင်းလဲသွားမည်ဖြစ်ရာ သူမအနေဖြင့် စွမ်းအားအပြည့်အ၀ ထုတ်နိုင်လိမ့်မည် မဟုတ်ချေ။

ချင်မူက အဆုံးသတ်မြို့ပျက်နတ်ဘုရားမ၏ အသိစိတ်ကို ချိပ်ပိတ်ခဲ့ပြီး သူကတော့ မှော်စွမ်းအင်နှင့် မဟာတာအိုကို ချိပ်ပိတ်ခဲ့၏။

သို့သော် လန်ယွီတျန်းမှာ တစ်ယောက်တည်း၏ အစွမ်းအစဖြင့် ထိုသို့မလုပ်နိုင်သောကြောင့် ချင်မူ ထားခဲ့သည့် ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်းမှ စွမ်းအား ငှားယူခဲ့ရ‌လေသည်။

ကောင်းကင်နတ်ဧကရီမှာလည်း သူမ၏ခန္ဓာကိုယ် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိလာသည်။ သူမ၏ ကျင့်ကြံခြင်းအခြေခံနှင့် မှော်စွမ်းအင်တို့အား အသက်သွင်းလိုက်သည့်အချိန်၌ ခန္ဓာကိုယ်ထဲတွင် အမျိုးမျိုးသော မဟာတာအိုတို့ဖြင့် ပြည့်နှက်သွားသည်။ ထိုမဟာတာအိုအမျိုးမျိုးက သူမ၏ကျင့်ကြံခြင်းအား လျော့ကျ‌စေ၍ အတော်အလေး မသက်မသာ ခံစားရစေသည်။ သူမကျင့်ကြံခြင်းအခြေခံ၏ ငါးဆယ်ရာခိုင်နှုန်းအား အသုံးပြု၍ မရတော့ချေ။

လန်ယွီတျန်းက သူမနောက်မှ ထပ်ကြပ်မကွာ လိုက်ဖမ်းနေသည်။ ကောင်းကင်နတ်ဧကရီမှာ ထွက်ပြေးရင်း တိုက်ခိုက်နေသော်လည်း သူ့အား မျက်ခြည်မဖြတ်နိုင်ချေ။

“ငါ သူ့ကို အန္တိဟင်လင်းပြင်ထဲ အတင်းပို့လိုက်ရင် သေချာပေါက် သေသွားလိမ့်မယ်…”

လန်ယွီတျန်း၏ မျက်လုံးများ တောက်ပသွားပြီး သူက စိတ်ထဲမှ တွေးလိုက်၏။ “ကောင်းကင်နတ်အရှင်ယွင်က မီလော့နန်းတော် သခင်လေးနှစ်ကို တိုက်ခိုက်ဖို့ ဒီနည်းလမ်းကို သုံးခဲ့တာ…. ကောင်းကင်နတ်ဧကရီ အန္တိမဟင်းလင်းပြင်ထဲ ရောက်သွားသရွေ့ သူ့ခန္ဓာကိုယ်ထဲက အဆုံးသတ်မြို့ပျက်တာအို တစ်စိတ်တစ်ပိုင်းက ထိုက်ငါးပါးတာအိုအဖြစ် ပြောင်းလဲသွားလိမ့်မယ်… ဒါဆို ပိုပြီးမြန်မြန် သေလိမ့်မယ်…”

သို့သော် ကောင်းကင်နတ်ဧကရီသည်လည်း အန္တိမဟင်းလင်းပြင်၏ အန္တရာယ်ကို ကောင်းကောင်းသိထား၏။ သူ့ကြောင့် အကြိမ်ကြိမ် ဒဏ်ရာရနေသော်လည်း အန္တိမဟင်းလင်းပြင်သို့ သွားမပုန်းပေ။

ဤအခိုက်အတန့်တွင် သူတို့ခေါင်းပေါ်ရှိ အန္တိမဟင်းလင်းပြင်မှာ ပေါက်ကွဲသွားသည်။ သူတို့နှစ်ယောက် အလောတကြီး မော့ကြည့်လိုက်ရာ တစ်၀က်ကျော်‌ ပေါင်းစည်းနေသည့် ထိုက်ချူမဟာခြုံလွှမ်းကောင်းကင်ဘုံမှာ တိမ်းစောင်းအက်ကွဲလာသည်ကို တွေ့မြင်လိုက်ရ၏။

ထိုက်ချူမဟာခြုံလွှမ်းကောင်းကင်ဘုံမှာ စုတ်ပြတ်လျက် အပေါက်ဗလပွ ထနေသည်။ ထိုမျှသာမက မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတို့၏ ပေါင်းစည်းမှုတို့က အပြည့်အ၀ မပြီးမြောက်သေးချေ။

အက်ကွဲနေသော မဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် တစ်၀က်ကျော် ပေါင်းစည်းပြီးဖြစ်သည့် တာအိုသစ်ပင်နှစ်ပင်မှာ မရဏလေပူဖြင့် ဖျက်ဆီးခံလိုက်ရပြီး မဲခြစ်နေသည့် သစ်ငုတ်တိုများသာ ကျန်ခဲ့သည်။ တာအိုသစ်ပင်များပေါ်ရှိ တာအိုပန်းပွင့်များ ဖျက်ဆီးခံလိုက်ရသလို တာအိုသစ်သီးသည်လည်း မီလော့နန်းတော် သခင်လေးနှစ်၏ ကမ္ဘာဦးဖရိုဖရဲကောင်းကင်နတ်သိုင်းကြောင့် ကွဲထွက်သွား၏။

အန္တိမဟင်းလင်းပြင်ဆီမှ ကျဆင်းလာနေသော မဟာခြုံလွှမ်းကောင်းကင်ဘုံထဲရှိ ကောင်းကင်နတ်အရှင်ယွင်နှင့် သခင်လေးနှစ်တို့၏ တိုက်ပွဲမှာ နောက်ဆုံးအခြေအနေသို့ ရောက်နေလေပြီ။

‌ကောင်းကင်နတ်ဧကရီနှင့် လန်ယွီတျန်းတို့ မော့ကြည့်လိုက်ရာ သခင်လေးနှစ်သည် ဟင်းလင်းပြင်တစ်ဖက်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်နတ်အရှင်ယွင်က ကျန်တစ်ဖက်၌ ရပ်နေပြီး အသေအကြေ တိုက်ခိုက်နေသည်။

ကောင်းကင်နတ်အရှင်ယွင်၏ ထိုက်ချူဧကရာဇ်ဓားက ထိုက်ချူတာအိုနှင့် ပေါင်းစည်းသွားသည်။ ယင်းက နောက်ဆုံးအလင်းရောင်တို့ကို ထုတ်လွှတ်လျက် သခင်လေးနှစ်၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်သွား၏။ တစ်ချိန်တည်းမှာပင် သခင်လေးနှစ်၏ လက်ဖဝါးကလည်း သူ၏ နဖူးပေါ်သို့ ကျရောက်သွားသည်။

မဟာခြုံလွှမ်းကောင်းကင်ဘုံက ပို၍ပြင်းထန်စွာ ပြိုလဲလာတော့သည်။

ဤအခိုက်အတန့်တွင် မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ သူတို့စွမ်းအားကြောင့် ပြိုလဲလာသည်နှင့်မတူပေ။ ယဇ်ပူဇော်အခမ်းအနားတစ်ခု၏ အလယ်ဗဟိုသို့ ရောက်နေသည့်အလားပင်။

လန်ယွီတျန်းမှာ အလွန်တရာ ဉာဏ်ရည်ထက်မြက်သူ မဟုတ်လော။ ဤသည်က သွေးယဇ်ပူဇော်ခြင်းဖြစ်ကြောင်း သူ ပြောနိုင်၏။ ကောင်းကင်နတ်ဧကရီမှာလည်း အင်မတန် ဗဟုသုတကြွယ်၀သောကြောင့် မဟာဧကရာဇ် ကျွမ်းကျင်သော ယဇ်ပူဇော်ခြင်းတာအိုဖြစ်မှန်း ချက်ချင်း သတိထားမိသွားသည်။

ကောင်းကင်နတ်အရှင်ယွင်သည် မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံသာမက သူ၏ကျင့်စဉ်ကိုပါ အမွေလက်ခံရခဲ့ခြင်း ဖြစ်ကြောင်း သူတို့နှစ်ယောက်လုံး မသိကြပေ။ ယွင်သည် မဟာဧကရာဇ်၏ မပြည့်စုံသော ကျင့်စဉ်ကိုပင် ပြီးပြည့်စုံအောင် မွမ်းမံနိုင်ခဲ့သည်။

၎င်းတို့တွင် မီလော့နန်းတော်၏ ကမ္ဘာဦးတန်ခိုးရှင်ထံမှ မဟာဧကရာဇ် ရရှိခဲ့သော ယဇ်ပူဇော်နည်းလမ်းများလည်း ပါ၀င်၏။

မဟာဧကရာဇ် ရရှိခဲ့သည့် မပြည့်စုံသော ယဇ်ပူဇော်နည်းလမ်းများကို ကောင်းကင်နတ်အရှင်ယွင်က ပြည့်စုံအောင် လုပ်နိုင်ခဲ့သည်။

မဟာခြုံလွှမ်းကောင်းကင်ဘုံ အက်ကွဲသွားခြင်းကား ကောင်းကင်နတ်အရှင်ယွင် ယဇ်ပူဇော်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ သူက အက်ကွဲသွားသည့် မဟာခြုံလွှမ်းကောင်းကင်ဘုံအား ထိုက်ချူတာအိုအဖြစ် ဓားထဲ ၀င်ရောက်သွားစေလိုက်ရင်း သခင်လေးနှစ်၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်လိုက်၏။

သူ ယဇ်ပူဇော်ခဲ့သည်က မဟာဧကရာဇ်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ခုတည်းသာ မဟုတ်ဘဲ သူ့လက်ထဲရှိ ထိုက်ချူဓားလည်း ပါ၀င်သည်။

သူသည် စွမ်းအင်အမြောက်အများ သုံး၍ မီလော့နန်းတော် သခင်လေးနှစ်အား အန္တိမဟင်းလင်းပြင်ထဲသို့ ယဇ်ပူဇော်လိုက်သည်။

သခင်လေးနှစ်၏ ခန္ဓာကိုယ်မှာ ထိုထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားကြောင့် အန္တိမဟင်းလင်ပြင်တွင် တံဆိပ်ခတ်နှိပ်ခံလိုက်ရ၏။ ယဇ်ပူဇော်ခြင်းစွမ်းအားက သူမ၏ခန္ဓာကိုယ်ကို ရုတ်တရက် ပေါက်ကွဲလာစေပြီး ခန္ဓာကိုယ်ရော မဟာတာအိုပါ အန္တိမဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာစေသည်။

ချက်ချင်းပင် မရဏလေအေးတို့က နှိုင်းယှဉ်၍မရနိုင်အောင် ပြင်းထန်စွာ တိုက်ခတ်လာတော့သည်။ သခင်လေးနှစ်၏ အဆုံးသတ်မြို့ပျက်တာအို၊ သူမ၏ အသွေးအသား၊ မူလဝိညာဉ်နှင့် အရာအားလုံးတို့မှာ အလွန်လျင်မြန်စွာ အရည်ပျော်လာသည်။ မကြာမီ အရိုးဖြူများကို တွေ့မြင်လာရချေပြီ။

သူမ၏ခန္ဓာကိုယ်ထဲမှ နောက်ထပ်ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည်လည်း ဟင်းလင်းပြင်ထဲတွင် ရုန်းကန်နေရ၏။ ၎င်း၏ မျက်နှာက ပုံပျက်နေပြီး သခင်လေးနှစ်နှင့် ဆက်နွယ်နေခြင်း ပျောက်ကွယ်သွားအောင် အတင်းအကြပ် ကြိုးစားနေသည်။ ထိုသူက ကောင်းကင်နတ်ဧကရာဇ်ဟောင်မှလွဲ၍ အခြားသူမဟုတ်ပေ။

နားစည်ကွဲမတတ် စူးရှသော အော်သံများ ကျယ်လောင်နေသည်။ ၎င်းအသံများက မိန်းမအသံနှင့် ယောက်ျားအသံတို့ ရောယှက်နေသည့်အလားပင်။ ထိုအသံများ ထပ်နေခြင်းက ကောင်းကင်နတ်ဧကရီကို ကြက်သီးမွှေးညှင်းများ ထလာစေသည်။ သူမက ချာခနဲ လှည့်၍ အလျင်အမြန် ထွက်ခွာသွားတော့သည်။

လန်ယွီတျန်းက ကောင်းကင်နတ်ဧကရီကို လိုက်ဖမ်းချင်သော်လည်း ကောင်းကင်နတ်အရှင်ယွင် အန္တိမဟင်းလင်းပြင်မှ ဆင်းသက်လာသည်ကို မြင်လျှင် တုံ့ဆိုင်းနေမိသည်။

“နောင်တော်ယွီ၊ သွားလို့ရပါတယ်” ကောင်းကင်နတ်အရှင်ယွင်က ဘာမှမဖြစ်သည့်အလား သူ့ကို လက်ခါပြသည်။

“ကောင်းကင်နတ်အရှင်ယွင်၊ ကျွန်တော့်ကို လန်ယွီတျန်းလို့ပဲ ခေါ်ပါ… ကျွန်တော်က ကောင်းကင်နတ်အရှင်ယွီ မဟုတ်ပါဘူး… ခင်ဗျား အခြေအနေ မကောင်းဘူးနော်…”

လန်ယွီတျန်းက သူ့အနား လျှောက်သွားကာ စိတ်ပူနေသည်။ “သခင်လေးနှစ်ရဲ့ တိုက်ကွက်က ခင်ဗျားရဲ့ ခန္ဓာကိုယ်ပေါ်မှာ တံဆိပ်ခတ်နှိပ်သွားတာ… သိပ်ကို အန္တရာယ်များတယ်….”

ကောင်းကင်နတ်အရှင်ယွင်က သူ့ကို လက်ရမ်းပြနေသည်။ “လာစရာမလိုပါဘူး… လုပ်စရာရှိတာသာ လုပ်ပါ…. ကောင်းကင်နတ်အရှင်မူနဲ့တွေ့ရင် သူ မလုပ်နိုင်တာကို ငါ လုပ်နိုင်ခဲ့ပြီလို့သာ ပြောပေး”

လန်ယွီတျန်း မှင်သက်သွားသည်။ သူက ကောင်းကင်နတ်အရှင်ယွီ‌ဆီ မသွားတော့ဘဲ ချာခနဲ ပြန်လှည့်၍ ကောင်းကင်နတ်ဧကရီအနောက်သို့ လိုက်ဖမ်းတော့သည်။

သူ၏ စိတ်ထဲတွင် ရှုပ်ထွေးကာ ဇဝေဇဝါဖြစ်နေသည်။ အန္တိမဟင်းလင်းပြင်ထဲ၌ နတ်ကောင်းကင်ခန်းမနှင့် ခရမ်းရောင်ကောင်းကင်ဘုံခန်းမတို့၏ ပုံရိပ်ယောင်များ ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းတို့က ပြင်းထန်စွာ တုန်ခါသွားကြပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ခန္ဓာကိုယ်သည် သခင်လေးနှစ်၏ ခန္ဓာကိုယ်ထဲမှ ခွဲထွက်သွားတော့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က သွေးတစ်လုပ်အန်ကာ သခင်လေးနှစ်၏ ခန္ဓာကိုယ်ထဲမှ ကမန်းကတန်း ထွက်သွား၏။ သူက အန္တိမဟင်းလင်းပြင်မှ ကောင်းကင်နတ်ဘုံ၏ စစ်တပ်ဆီသို့ ပျံသန်းသွားလေသည်။

ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်နတ်ဧကရာဇ်ဟောင်အား ပြုံးလျက် ကြည့်လိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ ငါ မင်းရဲ့ တာအိုနှလုံးသားမှာ ထင်ကျန်စေခဲ့တဲ့ အရိပ်ကို မင်း တစ်ဘ၀လုံး မေ့ဖျောက်လို့ရမှာ မဟုတ်ဘူး… ငါ ယွင်က မင်းဘဝတစ်လျှောက်လုံး သတိရနေအောင် လုပ်ပေးမယ်”

သူက ‌လွတ်လပ်ပေါ့ပါးစွာဖြင့် အဝေးသို့ မျောလွင့်ပျံသန်းသွားတော့သည်။

ကျန်ရှိသော ရွှင်ပျော်ပျော်ကျေးရွာ စစ်သည်တော်များမှာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ဆက်လက်ချီတက်နေကြလေသည်။ တန်ခိုးရှင်သစ်ခုတ်သမားနှင့် ခိုင်ဧကရာဇ်တိရီယွဲ့တို့က ရှေ့ဆုံးမှ ဦးဆောင်နေကြ၏။ လမ်းတလျှောက်တွင် ကောင်းကင်နတ်ဘုံ ရှေ့ပြေးတပ်များ၏ တိုက်ခိုက်မှုများကို တွေ့ကြုံရသောကြောင့် တောင်တန်းမြစ်ချောင်းများအား ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ခဲ့ကြရသည်။

ဤအခိုက်အတန့်တွင် တန်ခိုးရှင်သစ်ခုတ်သမားနှင့် ရွှင်ပျော်ပျော်ကျေးရွာ စစ်သည်တော်များစွာ မော့ကြည့်လိုက်ကြသည့်အခါ ကောင်းကင်နတ်အရှင်ယွင် သူတို့အပေါ်မှ ပျံသန်းသွားသည်ကို တွေ့လိုက်ရ၏။

“ကောင်းကင်နတ်အရှင်ယွင် နိုင်သွားတာလား…” စစ်သည်တော်တစ်ဦးက ရေရွတ်လိုက်သည်။

တန်ခိုးရှင်သစ်ခုတ်သမားမှာ မျက်နှာအမူအရာ ကင်းမဲ့နေပြီး မည်သည့်စကားမှ မပြောပေ။

ရွှင်ပျော်ပျော်ကျေးရွာ၏ ကျန်ရှိသောစစ်သည်တော်များက ဆက်လက်ချီတက်နေကြသည်။ စစ်သည်တော်တချို့က ကျန်ရှိသူများ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ အမြန်ဆုံးရောက်လာရန် ကျန်နေခဲ့ကြပြန်၏။

ကောင်းကင်နတ်အရှင်ယွဲ့နှင့် နတ်ဘုရင်လန်ဝူတို့မှာ ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့ကို တိုက်ခိုက်နေကြသည်။ ကောင်းကင်နတ်အရှင်ယွဲ့က ကောင်းကင်နယ်စားမင်း လွှဲရမ်းရိုက်ချလိုက်သော ကောင်းကင်နတ်မြစ်ကို ဖြတ်တောက်လိုက်၏။ ထိုစဉ် ကောင်းကင်နတ်အရှင်ယွင် စစ်မြေပြင်အား ဖြတ်သန်းသွားသည်ကို မြင်လျှင် လှမ်းခေါ်လိုက်သည်။

ကောင်းကင်နတ်အရှင်ယွင်က သူမ၏အသံကို ကြားလျှင် ပြုံး၍ လက်ပြနှုတ်ဆက်သည်။

လန်ဝူလည်း သူ့ကို တွေ့မြင်သွားသဖြင့် ကောင်းကင်နတ်အရှင်ယွင်က ဦးညွှတ်အရိုအသေပေးကာ ပျံသန်းထွက်ခွာသွားသည်။

ကောင်းကင်နယ်စားမင်းနှင့် အားချိုမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမြို့များကို ဦးဆောင်ကာ ကောင်းကင်နတ်ဘုံ၏ ရွှမ်တုစစ်တပ်အား ရွပ်ရွပ်ချွံချွံ ခုခံနေကြရင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားမြို့များမှ လူများကို ကာကွယ်ပေးနေကြ၏။

ကောင်းကင်နယ်စားမင်းက ကောင်းကင်တာအို အထွတ်အမြတ်ရတနာ ၅၀ ကို မြို့တစ်မြို့ချင်းစီ၏ ခုခံသူများဆီသို့ ဖြန့်ကျက်ပေးလိုက်သည်။ သူကိုယ်တိုင်ကတော့ အထွတ်အမြတ်ရတနာ နတ်ဘုရားဇီဝိန်ခြွေဓားသွားကို ကိုင်လျက် အားလုံးကို သတ်ဖြတ်နေသည်။

သို့ထိတိုင် ဤတိုက်ပွဲမှာ အလွန်တရာ ပြင်းထန်ပြီး အန္တရာယ်များလေသည်။

ကောင်းကင်နယ်စားမင်းက ကောင်းကင်နတ်အရှင်ယွင် ဖြတ်သွားသည်ကို မြင်လျှင် ချက်ချင်း အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ယွင်၊ မင်း နိုင်သွားတာလား… လာကူညီပါဦး”

အားချိုက ကောင်းကင်နတ်ဘုံ နဂါးစစ်သည်တော်တပ်ဖွဲ့၏ ၀င်္ကပါနှစ်ခုကို ရင်ဆိုင်တိုက်ခိုက်နေသည်။ ကောင်းကင်နတ်အရှင်ယွင်ကို မြင်လျှင် သူ၏နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားပြီး ခေါင်းခါရမ်းလိုက်မိသည်။ “နောင်တော် သူ့ကို သွားခွင့်ပေးလိုက်ပါ..”

ကောင်းကင်နယ်စားမင်း၏ ကျင့်ကြံခြင်းအခြေခံက အားချိုထက် များစွာနိမ့်ကျလေသည်။ ကောင်းကင်တာအို အထွတ်အမြတ်ရတနာ ၅၀ ကိုသာ အားကိုးနေရပြီး အားချိုကတော့ ယိုတုလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံအထိ ကျင့်ကြံပြီး ဖြစ်၏။ ထို့ကြောင့် ကောင်းကင်နတ်အရှင်ယွင်၏ အခြေအနေကို တွေ့မြင်နေရခြင်းပင်။

ကောင်းကင်နယ်စားမင်းမှာ နားမလည်နိုင်စွာဖြင့် ကောင်းကင်နတ်အရှင်ယွင်ကို ထွက်သွားခွင့်ပေးလိုက်သည်။

ကောင်းကင်နတ်အရှင်ယွင်က ကျယ်ပြောလှသော စစ်မြေပြင်ကြီးကို ဖြတ်သန်းလာပြီးနောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ အနောက်ခြမ်းရှိ နတ်ဘုရားမိစ္ဆာ ထောင်ပေါင်းများစွာ စောင့်ကြပ်နေကြသော မုခ်၀အရှေ့သို့ ရောက်လာသည်။ လမ်းတလျှောက်လုံးတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တပ်ဖွဲ့များသည် ရှေ့တန်းသို့ အပြေးသွား၍ ဒုက္ခသည်များအား ဘေးကင်းနေဆဲ ဖြစ်သော ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အနောက်နယ်မြေသို့ ခေါ်ဆောင်လာနေကြ၏။

ကောင်းကင်နတ်အရှင်ယွင်က လန်ဖုန်းတောင်ကြားသို့ ဝင်ရောက်လာပြီး နတ်ဘုရားမြို့များအားလုံး၌ အစောင့်အကြပ်များ တင်းကြပ်စွာ နေရာယူထားသည်ကို တွေ့လိုက်ရသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ဤနေရာအား ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အနောက်ဘက်သို့ခုခံကာကွယ်ရန် အရေးပါသောနေရာတစ်ခုအဖြစ် သတ်မှတ်ထားခဲ့၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ မျိုးဆက်သစ်၏ အထူးချွန်ဆုံးပုဂ္ဂိုလ်များသည် ဤနေရာတွင်တပ်စွဲထားကြပြီး အဆင့်အမြင့်ဆုံး လက်နက်များကိုလည်း သယ်ပို့ထားကြသည်။

ကောင်းကင်နတ်အရှင်ယွင်က နတ်ဘုရားမြို့အတွင်းသို့ ၀င်ရောက်လာသည်။ ထိုနေရာတွင် စောင့်ကြပ်နေသည့် တပ်မှူးမှာ ယန်ရှို့ချင်း ဖြစ်၏။ သူသည် အစက ကောင်းကင်နတ်ဘုံဘက်တော်သား ဖြစ်ကာ အသိစိတ်အလျဉ်အား ကျင့်ကြံခဲ့သည်။ နောက်ပိုင်းတွင် တာအိုရှာဖွေရန်အတွက် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာခဲ့လေသည်။

ယန်ရှို့ချင်းမှာ သူ့ကို မြင်လျှင် အံ့ဩမှင်သက်စွာဖြင့် အပြေးအလွှား လာရောက်ကြိုဆိုရန် ပြင်သော်လည်း ကောင်းကင်နတ်အရှင်ယွင်က လက်ကာပြ၍ မြို့ထဲရှိ စံအိမ်တစ်အိမ်ထဲသို့ ဝင်ရောက်သွားသည်။

ယွင်စံအိမ်

သခင်မယွင်ရှောင်က ယွင်မိသားစုဝင်များ၊ ယွင်ကျန်းလီနှင့် သူ၏ဇနီးသည်နှင့်အတူ ကောင်းကင်နတ်အရှင်ယွင်အား နှုတ်ဆက်ကြိုဆိုသည်။ သခင်မယွင်ရှောင်က သူ၏ လက်ကို မလွှတ်တမ်း ဆွဲကိုင်ထားရင်း တရှုံ့ရှုံ့ ငိုနေ၏။ “အရှင်မင်းကြီး အသက်ပြန်ဝင်လာကတည်းက တစ်ခါမှ မိသားစုကို လာတွေ့ခဲ့တာ မဟုတ်ပါဘူး… ဘာလို့ ဒီနေ့မှ လာခဲ့ရတာလဲ…”

သူမ၏စကားသည် နာကျင်စွာ မုန်းတီးနေသယောင် ထင်ရသော်လည်း ပျော်ရွှင်မှုက ပို၍သာလွန်နေသည်။

ကောင်းကင်နတ်အရှင်ယွင်က ပြုံးလိုက်သည်။ “ကိုယ် မင်းတို့ကို လာမတွေ့ရင် စိတ်အေးမှာ မဟုတ်ဘူးလေ”

ယွင်ကျန်းလီက ရှေ့သို့ တက်၍ ဦးညွှတ်အရိုအသေပေးသည်။ သူ၏မျက်လုံးများက နီရဲနေလေသည်။ “ဘိုးဘေးကြီးကို နှုတ်ဆက်ဂါ၀ရပြုပါတယ်ခင်ဗျာ”

ကောင်းကင်နတ်အရှင်ယွင်က သူ့ကို ခေါင်းအစ ခြေအဆုံး အကဲခတ်သည်။ “မင်းက တော်သားပဲ… ကောင်းကင်နတ်အရှင်မူက မင်းကို သိပ်အထင်ကြီးတယ်… သူ ထင်တာ မမှားပါဘူးလေ… ထာဝရငြိမ်းချမ်းရေးအင်ပါယာတိုက်ပွဲမှာ ယွင်မိသားစုလည်း တိုက်ခိုက်ရလိမ့်မယ်.. မင်းမှာ ကလေးတွေ ရှိလား”

ယွင်ကျန်းလီ၏ ဇနီးသည်က ကလေးသုံးယောက်ကို ခေါ်လာ၍ ချက်ချင်းပင် ဒူးထောက် အရိုအသေပေးလိုက်ကြသည်။ ကောင်းကင်နတ်အရှင်ယွင်က ပြုံး၏။ “ကောင်းတယ်… သိပ်ကောင်းတယ်… ယွင်မိသားစုမှာ မျိုးဆက်ရှိပြီဆိုတော့ သွေးဆက်က မျိုးပြတ်မသွားတော့ဘူး.. ကျန်းလီ၊ တိုက်ပွဲထဲ ရောက်တဲ့အခါ ယွင်မိသားစုကို အရှက်မရစေနဲ့”

ယွင်ကျန်းလီက ခါးမတ်လိုက်ပြီး ကြည်လင်ပြတ်သားစွာ ကတိပေးသည်။ “ကျန်းလီက ကောင်းကင်နတ်ဧကရာဇ်ယွင်ရဲ့ မျိုးဆက်ပါ… ဘိုးဘေးတွေ ဘယ်တော့မှ အရှက်မရစေရဘူး…”

ကောင်းကင်နတ်အရှင်ယွင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ “မင်း အသက်ရှင်နိုင်ရင် ဒီလောကမှာ ကောင်းကင်နတ်ဧကရာဇ် သွေးဆက်ဆိုတာမျိုး မရှိဘူးဆိုတာ သတိရပါ… ငါဟာ လူသားတစ်ယောက်အဖြစ်ပဲ မွေးဖွားခဲ့တာ … တခြားသူတွေထက် မြင့်မြတ်နေတာလည်း မရှိသလို သာမန်လူ့အသိုက်အဝန်းတစ်ခုကနေပဲ စတင်ခဲ့တယ်… ယွင်မိသားစုမှာ ငါ့ထက် အောင်မြင်တဲ့သူ ရှိလား… ငါတောင်မှ ကောင်းကင်နတ်ဧကရာဇ်သွေးဆက်လို့ ကိုယ့်ကိုကိုယ် မခေါ်ရဲတာ… မင်းက ရာရာစစ ခေါ်ရဲတယ်ပေါ့…”

ယွင်ကျန်းလီမှာ ကြောက်ရွံ့တုန်လှုပ်သွားကာ ဘာမှမပြောရဲတော့ပေ။

သခင်မယွင်ရှောင်က သူ့ကို တွဲ၍ ပင်မခန်းမဆီသို့ လျှောက်သွားသည်။ သူမက ပြုံးရွှင်စွာ ပြောလေသည်။ “သိပ်ကို လေးနက်နေလိုက်တာရှင် …. လာပါ အမျိုးတွေ စုစုံလင်လင် ဂါဝရပြုပြီး လက်ဖက်ရည်ကြမ်းအတူ သောက်ကြတာပေါ့”

ကောင်းကင်နတ်အရှင်ယွင်က ခန်းမပလ္လင်တွင် ထိုင်လိုက်သည့်အခါ သခင်မယွင်ရှောင်က ဘေး၌ ရပ်နေသည်။ ကောင်းကင်နတ်အရှင်ယွင်သည် သူမကို ထိုင်စေပြီး ပြုံးနေ၏။ “လင်နဲ့ မယားဆိုတာ နှစ်လွှာပေါင်းမှ တစ်ရွက်လေကွယ် …ငါက ယွင်မိသားစုရဲ့ ဘိုးဘေး ဖြစ်သလို မင်းကလည်း ဘိုးဘေးပါပဲ… ထိုင်ပါ”

သခင်မယွင်ရှောင်လည်း ထိုင်လိုက်သည်။

ယွင်မိသားစုသည် မျိုးဆက်တစ်ဆက်ချင်းစီတွင် သားတစ်ယောက်စီသာရှိခဲ့သဖြင့် မုဆိုးမများသာ အများစု ကျန်ရစ်လေသည်။ သူတို့အားလုံးက လက်ဖက်ရည်ကြမ်းခွက်များ ကိုင်လျက် ထိုင်နေကြသည်။ ကောင်းကင်နတ်အရှင်ယွင်နှင့် သခင်မယွင်ရှောင်တို့က ခွက်များကို ယူကာ သောက်လိုက်ပြီး ပြန်ချထားလိုက်သည်။

ကောင်းကင်နတ်အရှင်ယွင်က အားလုံးကို ဝေ့ဝဲကြည့်ပြီးနောက် ပြုံးရွှင်စွာ မှာနေသည်။ “ယွင်မိသားစုရဲ့ ယောက်ျားသားအများစုက ငယ်ငယ်လေးနဲ့ သေဆုံးသွားခဲ့ကြတဲ့အတွက် မင်းတို့တွေ မုဆိုးမတွေ ဖြစ်ခဲ့ရတယ်… သူတို့က ငယ်ငယ်လေး သေသွားကြတာဆိုတော့ ဘာမှ မမှာနိုင်ခဲ့ကြဘူး… ယွင်မိသားစုရဲ့ ခေါင်းဆောင်အနေနဲ့ မင်းတို့အားလုံးကို ငါ အမိန့်ပေးချင်တယ်…. မင်းတို့အားလုံး တစ်အိုးတစ်အိမ် ထပ်ထူထောင်ပိုင်ခွင့် ရှိပါတယ် … မင်းတို့သဘောကျတဲ့ လူကောင်းတစ်ယောက်ကို တွေ့ရင် လက်ထပ်နိုင်ပါတယ်”

ခန်းမထဲတွင် ယွင်မိသားစု၏ မုဆိုးမများမှာ မှင်သက်သွားကြကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ကောင်းကင်နတ်အရှင်ယွင်က သခင်မယွင်ရှောင်ကို ကြည့်ကာ ပြော၏။ “ကိုယ် မင်းအပေါ် ကျေးဇူးကြွေး အများကြီးတင်ပါတယ်… မိန်းမ၊ မင်းလည်း နောင်ကျ ပြန်လက်ထပ်လို့ရတယ်နော် … ကိုယ့်အတွက် စိတ်မပူပါနဲ့”

သခင်မယွင်ရှောင်မှာ နှလုံးသားအား ဖြစ်ညစ်ဆုပ်ကိုင်လိုက်သကဲ့သို့ တုန်လှုပ်သွားပြီး ချက်ချင်းပင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

“ရှင်နဲ့ ကျွန်မက ဇနီးမောင်နှံပါ… အတိတ်တုန်းက ရှင် တိုက်ပွဲမှာ သေဆုံးသွားခဲ့တဲ့အချိန် ဗိုက်ထဲက ကလေးကို ဂရုစိုက်ရမှာမလို့ ရှင့်နဲ့အတူ အဖော်ပြုပေးဖို့ လိုက်မလာနိုင်ခဲ့ဘူး… နောက်ပိုင်းမှာတော့ ကလေးကလည်း ငယ်ငယ်နဲ့ပဲ သေသွားခဲ့ရပြီး မြေးလေးတစ်ယောက် ထားခဲ့တယ်… ယွင်မိသားစုရဲ့ သွေးဆက်ကို ကာကွယ်နိုင်ဖို့ ကျွန်မ ဒီနေ့အချိန်အထိ အသက်ဆက်ခဲ့တယ်…”

သခင်မယွင်ရှောင်က သူ၏ လက်ကို တင်းကြပ်စွာ ဆုပ်လိုက်ရင်း မျက်နှာကို မော့ကြည့်လာသည်။ သူမက ပြုံးလျက် ပြောလေသည်။ “အခု ရှင် ပြန်ရောက်လာတဲ့အပြင် ယွင်မိသားစုမှာလည်း မျိုးဆက် ရှိနေပြီ… ရှင် ဘယ်ကိုပဲသွားသွား ကျွန်မလည်း လိုက်မယ်.. ဇနီးမောင်နှံဆိုတာ ဒီလိုမျိုးပဲ မဟုတ်လား”

ကောင်းကင်နတ်အရှင်ယွင်၏ နှလုံးသားမှာ စူးရှနာကျင်လာသည်။ သူက လက်ကို အတင်းပြန်ရုတ်လေသည်။ “ကိုယ် မင်းကို နှစ်ခြောက်သောင်းတောင် ပစ်ထားခဲ့တာ…. စိတ်ပျက်စေခဲ့မိတယ်… ဘယ်လိုစိတ်မျိုးနဲ့ ကိုယ်က… ကိုယ် သွားချင်တဲ့ခရီးက သိပ်ကို ဝေးလွန်းတယ်… မင်း သွားလို့ မဖြစ်ဘူး… ဒီမှာပဲ နေခဲ့ပါ”

သခင်မယွင်ရှောင်က သူ့လက်ကို ပြန်ဆွဲထားသည်။ “ရှင် ဘယ်ကို သွားသွား ကျွန်မလိုက်မယ်”

ကောင်းကင်နတ်အရှင်ယွင်မှာ သူမကို ကြည့်နေပြီးနောက် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်တော့သည်။

ယွင်ကျန်းလီက သူတို့နှစ်ဦးကို ငေးကြောင်စွာ ကြည့်နေသည်။ ကောင်းကင်နတ်အရှင်ယွင်နှင့် သခင်မယွင်ရှောင်က လက်တွဲလျက် ပင်မခန်းမအပြင်သို့ လျှောက်သွားကာ ယွင်စံအိမ်အပြင်၊ နတ်ဘုရားမြို့အပြင်သို့ ထွက်ခွာသွားချေပြီ။

ယွင်ကျန်းလီမှာ သူတို့နောက်မှ လိုက်လာသော်လည်း ပိုမိုဝေးကွာသွားသည်ကိုသာ မြင်နေရပြီး လိုက်မမှီနိုင်ချေ။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်နတ်အရှင်ယွင်က ရပ်ပြီး မြေပေါ် ဆင်းသက်လိုက်သည်။ သူတို့ ရောက်နေသော နေရာသည် မာန်ဟုန်မြစ်ကမ်းဘေးတွင် ဖြစ်၏။ မာန်ဟုန်မြစ်ရေတို့က အရှိန်အဟုန်ကောင်းစွာဖြင့် တဝေါဝေါ စီးဆင်းနေသည်။

မြစ်ကမ်းဘေးတွင် စွန့်ပစ်ခံထားရသော ရွာတစ်ရွာ ရှိ၏။ ထိုရွာထဲတွင် နေထိုင်သူ မရှိကြတော့ပေ။ ဇနီးမောင်နှံနှစ်ဦးက ရွာထဲသို့ ဝင်ကာ တဲအိမ်တစ်အိမ်ထဲ၌ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

“ဒီနေရာပဲ”

ကောင်းကင်နတ်အရှင်ယွင်က သခင်မယွင်ရှောင်၏ လက်ကို ဆုပ်ကိုင်ကာ ခေါင်းငုံ့လိုက်သည်။ သူ၏အရှိန်အဝါတို့က တဖြည်းဖြည်း ကျဆင်းလာပြီး သူ တိုးညှင်းစွာ မှာနေလေသည်။ “မိန်းမ၊ ကိုယ် ဒီမှာ သေသွားတာ ဘယ်သူမှ မသိပါစေနဲ့….”

မီလောနန်းတော်၏ သခင်လေးနှစ်ကြောင့် သူ၏ဝိညာဉ် ပျက်စီးသွားခဲ့သည်မှာ ကြာခဲ့လေပြီ။ သူ၏ခန္ဓာကိုယ်ကို နောက်ဆုံးစိတ်ဆန္ဒတစ်ခုကသာ ထိန်းချုပ်ထားခြင်း ဖြစ်၏။

ယခုတွင်တော့ ထိုစိတ်ဆန္ဒမှာလည်း ပြည့်ဝသွားသဖြင့် ပျောက်ကွယ်သွားခဲ့လေပြီ။

သခင်မယွင်ရှောင်၏ ချီစွမ်းအင်တို့က ပေါက်ကွဲထွက်လာပြီး စွန့်ပစ်ရွာတစ်ရွာလုံးအပေါ် ဖုံးအုပ်သွားသည်။

“ယွင်၊ ဝေးဝေးမသွားပါနဲ့…” သူမ၏အရှိန်အဝါကလည်း ဖြည်းဖြည်းချင်း ကျဆင်းလာပြီး နောက်ဆုံး ပျောက်ကွယ်သွားတော့သည်။

မာန်ဟုန်မြစ်ရေတို့က အဆုံးမရှိစွာဖြင့် တဝုန်းဝုန်း စီးဆင်းနေမြဲ

မြစ်အထက်ရှိ တိမ်တိုက်များမှာလည်း တလိပ်လိပ် မြောလွင့်နေဆဲ....။

All Chapters